မရဏဂိုဏ်းက တမန်တော်များများ၏ ကြောက်မက်ဖွယ်ဒဏ္ဍာရီ
Vol. 84 Ch. 1252
အန်းကော်မြို့ဝန်သည် တစ်စုံတစ်ခုကို သတိရသွားသောကြောင့် ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။ လူတိုင်း၏ အကြည့်များ အန်းကော်မြို့ဝန်ဆီ ရောက်ရှိလာသည်။ သူသည် အသက်ပြင်းပြင်းရှူ၍ ပြောလိုက်သည်။
"မရဏဂိုဏ်းက နတ်ဆိုးဂိုဏ်းတစ်ခုပဲ၊ ဝေ့တိုင်းပြည်ရဲ့ တစ်စိတ်တစ်ပိုင်းမဟုတ်ဘူး ဒီတော့ သူတို့အကြောင်းကို ခင်ဗျားတို့ မသိကြတာ သာမာန်ပဲ။ မရဏဂိုဏ်းက မြောက်ဘက်က ကျင်ကျန်းဟန်တိုင်းပြည်မှာ အခြေစိုက်ထားတဲ့ ဂိုဏ်းတစ်ခုပဲ"
လူအများစုသည် မှင်သက်နေကြသည်။ မရဏဂိုဏ်းနှင့် ကျင်ကျန်းဟန်တိုင်းပြည်ဟူသည်ကား မည်သည်ဖြစ်သည်ကို ၎င်းတို့ မသိကြပေ။ ကုန်းပုယီနှင့် အခြားလူများ၏ အမူအရာများသာ ပြောင်းလဲသွားကြသည်။ ၎င်းတို့သည် ကျင်ကျန်းဟန်တိုင်းပြည်နှင့်ပတ်သက်၍ အနည်းငယ် သိရှိထားကြသည်။ လူအများ၏ ပါးစပ်ရာဇဝင်များမှ သိထားခြင်းဖြစ်သော်လည်း လုံလောက်ပေသည်။
လူအများစုသည် ၎င်းတို့၏ဘဝတစ်လျှောက်လုံး ကြီးမြတ်သော ဝေ့တိုင်းပြည်ကို ဘယ်သောအခါမှ စွန့်ခွာသွားကြမည်မဟုတ်ပေ။ ၎င်းတို့သည် ဝေ့တိုင်းပြည်ကို ကြီးကျယ်ခမ်းနားသည့် ကမ္ဘာကြီးတစ်ခုဟုသာ ထင်မှတ်ကြပေလိမ့်မည်။ သို့သော် ဤအဆင့်အတန်းမြင့် ပုဂ္ဂိုလ်များသည် ကြီးမြတ်သော ဝေ့တိုင်းပြည်ကား ကမ္ဘာ၏တစ်ထောင့်တစ်စွန်းမျှသာဖြစ်ကြောင်း သိထားကြသည်။
မြောက်ဘက်အရပ်တွင် ကျင်ကျန်းဟန်တိုင်းပြည်ဟုခေါ်သည့် အလွန်အင်အားကြီးမားသော တိုင်းပြည်တစ်ခုတည်ရှိသည်။ ဤသည်မှာ မြောက်ဘက်အရပ်ရှိ လူမျိုးများ တည်ထောင်ထားသော အင်အားကြီးတိုင်းပြည်ဖြစ်ပေသည်။ ကြီးမြတ်သော ဝေ့တိုင်းပြည်ကြီး တည်ထောင်ခါစတွင် ၎င်းတို့သည် ကျင်ကျန်းဟန်တိုင်းပြည်နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်။ ထိုအချိန်တွင် ၎င်းတို့သည် ကျင်ကျန်းဟန်တိုင်းပြည်၏ အနွယ်ဝင်မိသားစုပေါင်း သောင်းထောင်ကျော်ဖြင့်သာ ရင်ဆိုင်ခဲ့ရသော်လည်း အသစ်တည်ထောင်ထားသော ဝေ့တိုင်းပြည်သည် မုန်းတီးမှုများနှင့် ပြည့်နှက်ကာ ပျက်စီးလုနီးပါးဖြစ်ခဲ့ရသည်။
ထိုအချိန်တွင် ဝေ့တိုင်းပြည်သည် ကပ်ဘေးကို ချေမှုန်းရန်အတွက် တိုင်းပြည်တစ်ခုလုံး၏ ခွန်အားကို အသုံးပြုခဲ့သည်။ ထိုမှတစ်ဆင့် ကျင်ကျန်းဟန်တိုင်းပြည်သည် လူသိရှင်ကြား ပေါ်မလာကြတော့ပေ။ ထို့ကြောင့် လူအများစုသည် ထိုအချိန်က ဖြစ်ပျက်ခဲ့သမျှကို လုံးလုံးလျားလျား မေ့လျော့သွားကြသည်။ ထို့အပြင် အချိန်များစွာ ကုန်လွန်သွားပြီဖြစ်သောကြောင့် သမိုင်းကြောင်း အထူးပြုသူ မဟုတ်ပါက၊ ၎င်းအကြောင်းအရာကို မှတ်မိကြမည် မဟုတ်ပေ။
သို့သော် ဤနေရာရှိ ပုဂ္ဂိုလ်တချို့သည် ကွဲပြားခြားနားကြသည်။ ဝေ့တိုင်းပြည်၏ လက်ရွေးစင် အထက်တန်းလွှာများအနေဖြင့် သာမန်လူများ မသိထားသည့် အကြောင်းအရာများစွာကို သဘာဝကျကျ သိရှိကြသည်။ ကျင်ကျန်းဟန်တိုင်းပြည်နှင့် ပတ်သက်သည့်ကိစ္စသည်လည်း ၎င်းတို့သိထားသည့် အကြောင်းအရာများအနက် တစ်ခုဖြစ်သည်။ အန်းကော်မြို့ဝန်သည် စစ်ရေးအာဏာ၏ အစိတ်အပိုင်းတစ်ခုကို ကိုင်ဆောင်ထားသည့်အတွက် ကြီးမြတ်သော ဝေ့တိုင်းပြည်၏ မြောက်ဘက်ရှိ ထိုသို့သော အင်အားကြီးတိုင်းပြည်၏ ဖြစ်တည်မှုကို သဘာဝကျကျ သိရှိခဲ့သည်။
မရဏဂိုဏ်းသည် ကျင်ကျန်းဟန်တိုင်းပြည်ရှိ အင်အားကြီးဂိုဏ်းတစ်ခုဖြစ်သည်။ ကြီးမြတ်သော ဝေ့တိုင်းပြည်ရှိ သာမာန်လူများသည် ၎င်းတို့နှင့်ပတ်သက်၍ မသိခဲ့ကြပေ။ သို့သော် ဝမ်ဟွမ်သည် ကွဲပြားခြားနားသည်။ သူ၏အမွေခံဓားစံအိမ်သည် နယ်စပ်အနီး တည်ဆောက်ထားသောကြောင့် ဝမ်ဟွမ်သည် သာမန်လူများထက် ပို၍ ကြားသိထားသည်။ ထို့အတွက်ကြောင့် ထိုလူနှစ်ဦးကို မြင်သောအခါ သူ၏အမူအရာ ပြောင်းလဲသွားခြင်းဖြစ်သည်။
ကြီးမြတ်သော ဝေ့တိုင်းပြည်၏ နယ်နိမိတ်တွင် မကြာခဏ တိုက်ပွဲများဖြစ်ပွားလေ့ရှိသော်လည်း ဝေ့တိုင်းပြည်ရှိ လွှတ်တော်ရုံး၏ အကာအကွယ်ကြောင့် အတော်လေး တည်ငြိမ်နေဆဲဖြစ်သည်။ သို့ရာတွင်၊ ပြင်ပနယ်မြေများနှင့် နီးစပ်သော ဂိုဏ်းများသည် မရဏဂိုဏ်းရှိ အဖြူနှင့် အမည်းတမန်တော်များ၏ တန်ခိုးအာဏာကို ကြားသိထားကြသည်။ တမန်တော်များသည် အခြားသော ဂိုဏ်းခွဲများကို မကြာခဏ သတ်ဖြတ်လေ့ရှိသည်။ ၎င်းတို့ကို နာခံသူများသည် ကြီးပွားချမ်းသာကြ၍ ၎င်းတို့ကို ဆန့်ကျင်သူများသည် ပျက်သုဉ်းကြကုန်၏။ ၎င်းတို့နောက်ကွယ်တွင် မရဏဂိုဏ်းကဲ့သို့ အင်အားစုကြီးရှိနေသောကြောင့် ၎င်းတို့ကို မည်သူမျှ မခုခံဝံ့ကြပေ။
ဝမ်ဟွမ်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ တမန်တော်များ၏ ကောလာဟလများအကြောင်း လူတိုင်းထံ ပြောပြလိုက်ခြင်းသည် တမန်တော်များ၏ ပစ်မှတ်က မည်သူဖြစ်သည်ကို မသိသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ချူးမိသားစု သို့မဟုတ် ချူးယွင်ဖန်းကို ပစ်မှတ်ထားနေပုံရသည်။ သို့သော် ထိုနတ်ဆိုးအိုကြီးနှစ်ဦး၏ ဒေါသအရ ၎င်းတို့သည် မိမိကိုလည်း သတ်ဖြတ်လာနိုင်သည်။ ဤလူအိုကြီးနှစ်ဦး၏ စရိုက်လက္ခဏာအရ ဤသည်မှာ အလွန်ဖြစ်နိုင်ခြေရှိသည်။
ဝမ်ဟွမ်တွင် အခြားရွေးချယ်စရာမရှိပေ။ အခြားလူများသာဖြစ်ပါက၊ သူသည် ဘေးမှ စောင့်ကြည့်နေနိုင်သေးသော်လည်း သူ့အရှေ့ရှိ ဤအဘိုးအိုနှစ်ဦးဖြစ်ခဲ့လျှင် အခြေအနေများ ကွဲပြားသွားပေလိမ့်မည်။ ဝမ်ဟွမ်သည် ဒေါသကြီးသူဖြစ်ကြောင်း လူသိများသော်လည်း သူသည် ကျိုးကြောင်းဆီလျော်သူဖြစ်ဆဲဖြစ်သည်။ သို့သော် ဤအဘိုးအိုနှစ်ဦးသည် ယုတ္တိကျကျ လုပ်ဆောင်သူများ မဟုတ်ကြပေ။ ၎င်းတို့သည် စိတ်မပျော်ရွှင်ပါက၊ လူပေါင်းများစွာကို သတ်ဖြတ်လေ့ရှိသည်။ ၎င်းတို့သည် ဂိုဏ်းတစ်ခုလုံးကိုပင် အလွယ်တကူ အမြစ်ဖြတ်သုတ်သင်နိုင်ကြသည်။ ကြက်များ ခွေးများကိုပင် အရှင်မထားတတ်ကြပေ။
ထိုအချိန်တွင် လူတိုင်းသည် ချွေးစေးများဖြင့် ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ တိုက်ခိုက်လာသူများသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုများဖြစ်ကြသည်။ ၎င်းတို့သည် ပြပွဲကဲ့သို့ ကြည့်ရှုရန်ပင် စိတ်ကူးမရှိတော့ပေ။ ဝမ်ဟွမ်၏ စကားအရဆိုလျှင် အဆိုပါ အဘိုးအိုနှစ်ဦး၏ စရိုက်လက္ခဏာအရ၊ ယနေ့တွင် မည်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
"ကြီးမြတ်တဲ့ ဝေ့တိုင်းပြည်မှာ ကျုပ်တို့နှစ်ယောက်ကို ဒီလောက်ကောင်းကောင်းသိထားတဲ့ လူတစ်ယောက်ရှိနေလိမ့်မယ်လို့ တကယ် မထင်ထားဘူး" အနက်ရောင် ၀တ်စုံနှင့် အဘိုးအိုက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"ဒါကြောင့် ခင်ဗျားကို မြန်မြန်သေခွင့်ပြုလိုက်မယ်။ ဘယ်လိုလဲ ဝမ်ဟွမ်"
တမန်တော်များသည် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်တွင်သာရှိနေသည်ဟု ကောလဟာလများ ထွက်ပေါ်နေသော်လည်း အဆိုပါ အဘိုးအိုနှစ်ဦးသည် သူ့ထက် အနည်းဆုံး နှစ်တစ်ရာမျှ ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်သို့ ဦးစွာ ဝင်ရောက်ခဲ့ကြသည်။ ရွှေအမတေအဆင့်သို့ အဘယ်ကြောင့် မတက်လှမ်းနိုင်ခဲ့သည်ကို သူ သေချာ မသိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ စုစည်းလာသည့် ၎င်းတို့၏ခွန်အားသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ သာမန်ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကျွမ်းကျင်သူများသည် ၎င်းတို့နှင့်တွေ့ဆုံခဲ့ပါက၊ သင်္ဂြိုလ်ရန် မြေမရှိဘဲ သေဆုံးရပေလိမ့်မည်။
ထိုအပြင် ၎င်းတို့လက်ချက်ဖြင့် သေဆုံးသွားသော ကျွမ်းကျင်သူများသည် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကျွမ်းကျင်သူများဖြစ်ကြောင်း သူ သိနေသည်။ ၎င်းတို့နှစ်ဦးသည် ရွှေအမတေအဆင့်ကျွမ်းကျင်သူများ၏လက်မှ လွတ်မြောက်ခဲ့သည့် မှတ်တမ်းများပင် ရှိခဲ့ဖူးသည်။ ရွှေအမတေအဆင့်ကျွမ်းကျင်သူတစ်ဦးသည် ၎င်းတို့အနောက်သို့ အစွမ်းကုန် လိုက်လံသတ်ဖြတ်ခဲ့သော်လည်း အချည်းနှီး သေဆုံးသွားလေသည်။ ဤအဘိုးအိုနှစ်ဦးသည် အပြင်လောက၌ နာမည်ဆိုးဖြင့် မည်မျှကျော်ကြားကြသည်ကို တွေးကြည့်၍ပင် သိနိုင်သည်။
"တမန်တော်တို့ ဒီကိစ္စက ကျုပ်နဲ့ဘာမှမဆိုင်ဘူးလေ။ ကျုပ်ကို ဆွဲမထည့်ကြနဲ့။ ကျုပ် အခုချက်ချင်း ပြန်ဆုတ်ခွာပေးမယ်" ဝမ်ဟွမ်သည် သီလသမာဓိဟူ၍ လုံးလုံးလျားလျား မရှိဘဲ အနောက်လှည့်ကာ ထွက်ပြေးချင်နေသည်။
လူတိုင်း စိုးရိမ်စပြုလာသည်။ ထိုနတ်ဆိုးအိုကြီးနှစ်ဦးသည် ဤမျှ ပြင်းထန်သော ဂုဏ်သတင်းမျိုးကို ပိုင်ဆိုင်ထားကြသည်။ ၎င်းတို့တွင် အနိုင်ရရန်ပင် အခွင့်အလမ်းမရှိပေ။ ဝမ်ဟွမ်သည် ခုန်းလုံမြို့၏ အခြားကျွမ်းကျင်သူများ ပံ့ပိုးကူညီလာသည့်တိုင် ထိုနှစ်ဦးကို ခုခံပေးနိုင်မည်ဟု မူလက မျှော်လင့်ထားနေသည်။ ဝမ်ဟွမ်တွင် ထိုသို့ပြုလုပ်ရန် ရည်ရွယ်ချက်မျိုးမရှိမည်ဟု မည်သူသိမည်နည်း။ ဝမ်ဟွမ်သည် ၎င်းတို့ကို ရောင်းစား၍ ထွက်ပြေးရန် ကြံစည်နေခဲ့သည်။
"ဟားဟားဟား။ ဖြစ်နိုင်တယ်လို့ ခင်ဗျား ထင်နေတာလား ဝမ်ဟွမ်။ ခင်ဗျား ကျုပ်ကို သိထားကတည်းက ကျုပ်ရဲ့နည်းလမ်းတွေကို ခင်ဗျား သိလောက်ပါတယ်" အနက်ရောင်ဝတ်ရုံနှင့် အဖိုးအိုသည် ကျယ်လောင်စွာ ရယ်မော၍ ဝမ်ဟွမ်ကို အေးစက်စွာ စိုက်ကြည့်နေလေသည်။
"ကြီးမြတ်တဲ့ ဝေ့တိုင်းပြည်က လူတစ်ယောက်က ကျုပ်တပည့်ကို အတင့်ရဲပြီး သတ်ဖြတ်ခဲ့တယ်၊ ဒီနေ့ ကျုပ် သူ့အတွက် လက်စားချေရမယ်။ ခင်ဗျားတို့တွေ တစ်ယောက်မှ ဒီနေရာက ထွက်သွားလို့ရမယ် မထင်နဲ့။ ကျုပ် ဒီမွေးနေ့ပွဲကို စျာပနပွဲအဖြစ် ပြောင်းပစ်မယ်။ ခင်ဗျားတို့အားလုံး သေကို သေရမယ်"
တမန်တော်များသည် လက်စားချေရန် ရောက်ရှိလာကြကြောင်း လူတိုင်း နားလည်သွားကြသည်။ အထူးသဖြင့် သူ၏တပည့်ကို တစ်စုံတစ်ယောက်က သတ်ဖြတ်ခဲ့သည်ဟု အနက်ရောင်တမန်တော်က ပြောကြားခဲ့သည်။ ကြီးမြတ်သော ဝေ့တိုင်းပြည်ထဲသို့ စွန့်စွန့်စားစား ဝင်ရောက်၍ တိုက်ခိုက်လာခြင်းသည် အံ့သြစရာမဟုတ်ပေ။ ဤနေ့တွင် ထွက်ပြေးရာ လမ်းကြောင်းမရှိတော့မည်ကို ၎င်းတို့ ကြောက်ရွံ့လာမိသည်။
"ခင်ဗျား တပည့်ကို သတ်ခဲ့တာ ကျုပ်မှ မဟုတ်တာ၊ ဘာကိစ္စ ခင်ဗျားက ကျုပ်ကို သတ်ဖို့ကြိုးစားနေရတာလဲ" တစ်စုံတစ်ယောက်သည် ပြင်းထန်သောဖိအားကို မခံနိုင်ဘဲ ချက်ချင်းဆိုသလိုပင် အော်ငေါက်လိုက်လေသည်။
"ဟုတ်တယ်၊ ကျုပ်တပည့်ကို သတ်တာ ခင်ဗျား မဟုတ်ဘူး၊ ဒါပေမယ့် လူသတ်သမားက ခင်ဗျားတို့ထဲမှာရှိနေတယ်" အနက်ရောင် တမန်တော်က ရယ်မောလျက် ကြမ်းကြုတ်စွာ ပြောလိုက်သည်။
"သူ့နာမည်က ချူးယွင်ဖန်းပဲ"
"ချူးယွင်ဖန်း၊ ခင်ဗျားက ကျုပ်တပည့်ကို သတ်ရဲမှတော့ ခင်ဗျားက သေလူပဲ"
"ချူးယွင်ဖန်း ကျုပ်တို့ ကစားပွဲတစ်ခုလုပ်ကြရင် ဘယ်လိုလဲ။ ခင်ဗျား ကိုယ့်ကိုယ်ကို သတ်သေလိုက်ရင် ဒီလူတွေထဲက ဆယ်ပုံတစ်ပုံကို ကျုပ် လွှတ်ပေးလိုက်မယ်။ ဘယ်လိုလဲ"
အနက်ရောင် တမန်တော်က ချူးယွင်ဖန်းကို ရွှတ်နောက်နောက် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။ သူ၏အမူအရာသည် အနည်းငယ် မြူးပျော်နေပုံပေါ်သည်။ သူသည် ချူးယွင်ဖန်းကို သေလူတစ်ဦးကဲ့သို့ စိုက်ကြည့်နေသည်။