အခန်း (၁၇၂၆-၁၇၂၈)
Vol. 116 Ch. 1726-1728
အဆတစ်ရာစနစ် စာစဥ်(၁၁၆)
အခန်း(၁၇၂၆)
နာရီ၀က်ခန့် ကြာပြီးနောက်တွင် လူတိုင်းနီးပါးသည် အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားကြသည်။
ကျန်းချန်က အချိန်မဖြုန်းတော့ဘဲ လူအုပ်စုကို ဦးဆောင်ကာ မိုးကြိုးမြစ် ရှိရာသို့ တိုက်ရိုက်ပင် ဦးတည်သွားခဲ့သည်။
မိုင်ထောင်ပေါင်းများစွာ အကွာအဝေးသည် ကျန်းချန်တို့အဖွဲ့အတွက် ဘာမှမဟုတ်ပေ။
တစ်ခဏအတွင်းမှာပင် ကျန်းချန်တို့သည် မိုးကြိုးမြစ်နှင့် မိုင်၁၀၀လောက်သာ ဝေးတော့သည့် နေရာသို့ ရောက်ရှိလာခဲ့သည်။
မိုးကြိုးမြစ်သည် အလွန်ပင် ကျယ်၀န်းပြီး ခမ်းနားထည်ဝါသော ရေစီးကြောင်းများ ရှိသည်။
လှိုင်းလုံးများသည်လည်း ကမ်းစပ်သို့ ရိုက်ခတ်နေခဲ့ပြီး အသက်ရှူကြပ်စေလောက်သည် အထိ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများကို ထုတ်လွှတ်နေခဲ့၏။
မြစ်အထက်ရှိ ကောင်းကင်ယံ တစ်ခုလုံးကို ခပ်ဖျော့ဖျော့ခရမ်းရောင်မိုးကြိုးများက ဖုံးလွှမ်းထား၍ တစ်ဖက်ကမ်းမှ အခြေအနေကို မြင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
ခရမ်းရောင်မိုးကြိုးသည် သာမန်ဟုသာ ထင်ရသော်လည်း အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော ဖျတ်ဆီးနိုင်စွမ်းများ ကိန်းအောင်းနေခဲ့သည်။
ကျန်းချန်၏ လက်ရှိစွမ်းရည်ဖြင့်ပင် ထိုခရမ်းရောင်မိုးကြိုး၏ စွမ်းအားကို ခံစားမိလျှင် တုန်လှုပ်သော ခံစားချက်ကို မခံစားမိဘဲ မနေနိုင်ခဲ့ပေ။
နတ်ဘုရားနယ်မြေရှိ နယ်မြေနတ်ဘုရားများပင် မိုးကြိုးမြစ်ကို မဖြတ်ကူးနိုင်သည်မှာ အံ့ဩစရာ မရှိတော့ပေ။
"ဒီမိုးကြိုးမြစ်ပေါ်က မိုးကြိုးစွမ်းအားက တကယ်ကို ကြောက်စရာကောင်းတာပဲ"
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ၏ စိတ်ထဲမှ ထိတ်လန့်မှုကို ထိန်းချုပ်လိုက်သည်။
ထို့နောက်တွင် သူ၏ အကြည့်သည် မိုးကြိုးမြစ်၏ ကမ်းစပ်တွင် တည်ဆောက်ထားသော အဆောက်အအုံပေါ်သို့ ကျရောက်သွားခဲ့သည်။
ထိုအဆောက်အအုံသည် မိုးကြိုးမြစ်ပေါ်တွင် တည်ဆောက်ထားသော ခံတပ်တစ်ခု ဖြစ်ပြီး ပေ၁၀၀၀ခန့် အရွယ်အစားရှိသည်။
ခံတပ်၏ နောက်ကွယ်ရှိ ခရမ်းရောင်မိုးကြိုးမြစ်ပေါ်တွင် ခရမ်းရောင်မိုးကြိုးများ ဖုံးလွှမ်းမနေသော အထူးဧရိယာတစ်ခု ရှိနေခဲ့၏။
ထိုဧရိယာသည် မိုးကြိုးမြစ်ကို လုံခြုံစွာ ဖြတ်ကူးနိုင်သောလမ်းကြောင်းမှန်း ကျန်းချန် သိလိုက်သည်။
သို့သော် ထိုလမ်းကြောင်းပေါ်တွင် ခံတပ်တစ်ခုသည် လုံး၀ကို ပိတ်ဆို့နေခဲ့၏။
ကျန်းချန်တို့လူစုက သူတို့ရှေ့မှ အခြေအနေကို အကဲခတ်နေစဉ်မှာပင် ခံတပ်ထဲမှ လူများသည် ကျန်းချန် တို့ကို အလျင်အမြန်ပင် သတိပြုမိသွားကြသည်။
အားကောင်းသော အရှိန်အ၀ါများရှိသည့် ကျင့်ကြံသူ တစ်စုသည် ခံတပ်ထဲကနေ ချက်ချင်းဆိုသလို ပျံသန်း၍ ထွက်လာခဲ့ကြသည်။
ထိုလူစုကို ဦးဆောင်လာသူ နှစ်ဦးမှာ ကျီရှောင်နိုင်ငံ၏ ဧကရာဇ် လဲ့ကျင်းရှောင်နှင့် ကျီယွင်ဂိုဏ်းမှ အကြီးအကဲ ယန်စန်းကြွယ်တို့ဖြစ်သည်။
"ချင်းယဲ့နယ်မြေက ကျူးမိသားစုရဲ့ သခင်မလေး ကျူးရှင်းယွီနဲ့ကျူးချင်း.. ဒီဧကရာဇ်က မင်းတို့ကို စောင့်နေတာ အချိန်အတော်တောင် ကြာခဲ့ပြီ"
လဲ့ကျင်းရှောင်က သူ၏ အရှေ့မှ ကျန်းချန်တို့အဖွဲ့ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"စတုတ္ထအဆင့် ကောင်းကင်နတ်ဘုရား နှစ်ပါးတောင်ပါလား"
ကျူးချင်း၏ အကြည့်က ယန်စန်းကြွယ်၏ ကိုယ်ပေါ်သို့ ကျရောက်သွားပြီးနောက်တွင် ကျူးချင်းသည် အံ့အားသင့်သွားခဲ့သည်။
သူသိထားသလောက် ဆိုလျှင် ကျီရှောင်နိုင်ငံတွင် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူမှာ ကျီရှောင်နိုင်ငံ၏ ဧကရာဇ် တစ်ပါးသာ ရှိ၏။
ယခု ဧကရာဇ် လဲ့ကျင်းရှောင်၏ နံဘေးတွင် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦး ထပ်မံ ရှိနေခဲ့သည်။
ထိုကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူသည် ကျီယွင်ဂိုဏ်းမှ စေလွှတ်ထားသော အကြီးအကဲ ဖြစ်နိုင်ဖွယ်ရှိမှန်း စဉ်းစားစရာမလိုလောက်အောင်ပင် ကျူးချင်းသည် ချက်ချင်း ဆိုသလို သိလိုက်သည်။
သူတို့၏ ပြိုင်ဘက်ဖြစ်သည့် ယဲ့မိသားစုသည် ဟင်းလင်းပြင်ဓားပြများကို ငှားရမ်းကာ သူတို့ကို သတ်ဖြတ်ရန်အတွက် ထာ၀ရ ဟင်းလင်းပြင်တွင် ကြိုးစားခဲ့သည်။
ယခုတစ်ခါတွင်လည်း ကျီယွင်ဂိုဏ်းကဲ့သို့ နယ်မြေနတ်ဘုရားအင်အားစုကို ဌားယမ်းရန် တွန့်ဆုတ်မနေခဲ့ပေ။
ဤတစ်ကြိမ်တွင် ယဲ့မိသားစုသည် ကျူးရှင်းယွီကို ဟန့်တားရန် အတွက် အစွမ်းကုန်ကြိုးစားနေကြပုံ ရ၏။
ကျူးချင်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျီရှောင်နိုင်ငံ၏ ဧကရာဇ်ကို စူးစိုက်ကြည့်လိုက်သည်။
"ကျီရှောင်ဧကရာဇ်.. ကျီယွင်နယ်မြေရဲ့ ယဲ့မိသားစုက ခင်ဗျားကို ဘယ်လို အကျိုးအမြတ်တွေနဲ့ ကမ်းလှမ်းခဲ့သလဲတော့ ငါမသိဘူး.. ငါတို့ရဲ့ အသက်က အတော်လေး တန်ဖိုးရှိနေလို့လား"
"ဒါတွေ မင်းသိစရာမလိုဘူး"
ကျီရှောင်ဧကရာဇ်က အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"ဒီနေ့မင်းတို့တွေ ကျီရှောင်နယ်မြေကနေ ထွက်သွားဖို့ ကံကြမ္မာ ပါမလာခဲ့ဘူးလို့ပဲ မှတ်လိုက်ပါ.. မင်း အခြေအနေကို နားလည်တယ်ဆိုရင် ဒီဧကရာဇ်ဆီမှာ အညံ့ခံလိုက်"
ထိုစကားကို ကြားလျှင် ကျူးချင်းက အေးစက်စက်လေသံဖြင့် ခနဲ့လိုက်သည်။
"ငါက အညံ့မခံတော့ရော မင်းဘာလုပ်ချင်လို့လဲ"
ယနေ့တွင် သူတစ်ယောက်တည်းသာ ရှိမည်ဆိုလျှင် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူနှစ်ဦးကို ရင်ဆိုင်ရန် မည်သို့မှ အခွင့်အရေး မရှိနိုင်ပေ။
သို့သော်လည်း ယခုအခါတွင် သူ၏ နံဘေး၌ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ကို အလွယ်တကူ သတ်ဖြတ်နိုင်သော ကျန်းချန် တစ်ယောက်လုံး ရှိနေခဲ့သည်။
သူက တစ်ယောက်ကို တာ၀န်ယူကာ ကျန်းချန်က ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူ နောက်တစ်ယောက်ကို အချိန်တိုအတွင်း သတ်ဖြတ်နိုင်သရွေ့ သူတို့အနေဖြင့် ဤနေရာကနေ ပြဿနာ အနည်းငယ်မျှမရှိဘဲ ဖြတ်သန်းနိုင်လိမ့်မည် မဟုတ်ပါလော။
"လဲ့ကျင်းရှောင်.. အပိုစကားတွေ ပြောမနေဘဲ သူတို့ကို ချက်ချင်းဖမ်းလိုက်တော့"
ယန်စန်းကြွယ်၏ မျက်နှာထက်တွင် စိတ်မရှည်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"ကောင်းပါပြီ အကြီးအကဲယန်"
လဲ့ကျင်းရှောင်က ယန်စန်းကြွယ်ကို ပြန်ဖြေလိုက်ပြီးနောက်တွင် တွေဝေခြင်း မရှိတော့ဘဲ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ချို့ကို ဦးဆောင်ကာ ကျန်းချန်တို့ လူစုကို စတင် တိုက်ခိုက်လိုက်သည်။
ကျူးချင်းက သူ၏ စွမ်းအားအလုံးစုံကို ထုတ်ဖော်ကာ ကျီရှောင်နိုင်ငံ၏ ဧကရာဇ် လဲ့ကျင်းရှောင်ကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။
ကျီရှောင်နိုင်ငံမှ ကောင်းကင်နတ်ဘုရား ၄ဦးသည် တတိယအဆင့် ကောင်းကင်နတ်ဘုရားတစ်ပါး ဦးဆောင်မှုဖြင့် ကျန်းချန် ဆီသို့ လျင်မြန်စွာ ပြေး၀င်လာကြသည်။
"ထွက်သွားစမ်း"
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး သူ၏လက်ဖဝါးကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ ဖျက်ဆီးခြင်းမုန်တိုင်းသည် နေရာလွတ်ကနေ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
ကျီရှောင်နိုင်ငံ၏ ကောင်းကင်နတ်ဘုရား၄ပါးသည် တုန့်ပြန်ရန်ပင် မမီလိုက်ဘဲ ဖျတ်ဆီးခြင်းမုန်တိုင်း၏ ရိုက်ခတ်မှုအောက်တွင် ပေ၁၀၀ အကွာအဝေးထိ နောက်ဆုတ်သွားခဲ့ရသည်။
"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
တစ်ကွက်ထဲဖြင့် သူတို့၄ယောက်ကို နောက်ဆုတ်စေခဲ့သော အနက်ရောင်၀တ်စုံ၀တ် လူငယ်ကို ကြည့်ရင်း ကောင်းကင်နတ်ဘုရား၄ပါး၏ မျက်၀န်းထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူတို့ရှေ့မှ အနက်ရောင်၀တ်စုံ၀တ် လူငယ်သည် ဤမျှကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
"ဒီကောင်လေးက ပေါ့သေးသေး မဟုတ်ဘူး.. ကျီယွင်ဂိုဏ်းက ထိပ်တန်းပါရမီရှင်တွေနဲ့ ယှဉ်ရင်တောင် ဒီကောင်လေးက လုံး၀ အားမနည်းနေဘူးပဲ"
တိုက်ပွဲကို ကြည့်ရှုနေသော ယန်စန်းကြွယ်က တိတ်တဆိတ် သုံးသပ်လိုက်သည်။
ထိုကောင်လေးက ကောင်ကင်နတ်ဘုရား တတိယအဆင့်သာ ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ ကောင်ကင်နတ်ဘုရား စတုတ္ထအဆင့်ထက်ပင် မနိမ့်ကျပေ။
"ကျူးမိသားစုမှာ ဒီလို နတ်ဆိုးတစ်ကောင် ရှိနေတာကို ယဲ့မိသားစုက ဘာလို့ မပြောခဲ့ရတာလဲ"
ယန်စန်းကြွယ်သည် စိတ်ထဲကနေ ရုတ်တရက် ယဲ့မိသားစုကို ကျိန်ဆဲလိုက်သည်။
ယဲ့မိသားစု သူတို့ကို ပေးခဲ့သော သတင်းအရ မဟာမြေရိုင်းနယ်မြေသို့ သွားသော ကျူးမိသားစုအဖွဲ့တွင် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် တစ်ဦး နှင့် ကောင်းကင်နတ်ဘုရားပထမအဆင့် ကျင့်ကြံသူ တစ်ချို့သာ ပါ၀င်သည်။
သို့သော်လည်း ကျီယွင်ဂိုဏ်းသည် သူတစ်ယောက်တည်းကိုသာ ကျီရှောင်နိုင်ငံသို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။
သူနှင့် ကျီရှောင်နိုင်ငံ၏ ဧကရာဇ်လဲ့ကျင်းရှောင်တို့ နှစ်ယောက်သည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ဖြစ်ရာ မြို့ကို ဖြတ်သန်းမည့် ကျူးမိသားစုအဖွဲ့ကို ဟန့်တားရာတွင် လုံး၀ပြဿနာမရှိဟု တွက်ဆထားခဲ့သည်။
သို့သော်လည်း ကျူးမိသားစု၏ အဖွဲ့တွင် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်နှင့် ယှဉ်နိုင်သော နတ်ဆိုးဆန်သည့် ပါရမီရှင်တစ်ဦး ရှိနေလိမ့်မည်ဟု ယန်စန်းကြွယ် တစ်ခါမှ မတွေးမိခဲ့ပေ။
ထိုကဲ့သို့သော ပါရမီရှင်ကို သူပင်လျှင် အလွယ်တကူ ယှဉ်နိုင်ရန် မသေချာပေ။
ကျူးမိသားစုအဖွဲ့တွင် ထိုကဲ့သို့ ပါရမီရှင်တစ်ဦး ရှိနေသည်ကိုသာ သိခဲ့လျှင် ကျီယွင်ဂိုဏ်းသည် သူတစ်ယောက်တည်းကို စေလွှတ်လိမ့်မည် မဟုတ်ချေ။
"ငါဒီနေ့ မိုးကြိုးမြစ်ကို ဖြတ်ကျော်မယ်.. ဘယ်သူငါ့ကို ဟန့်တားရဲလဲ.. ဟန့်တားရဲတဲ့သူမှန်သမျှ အသတ်ခံရမယ်"
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေခဲ့သည်။
သူက အေးစက်သော မျက်၀န်းများဖြင့် ကောင်းကင်နတ်ဘုရား၄ပါးကို စူးစိုက်၍ ကြည့်လိုက်သည်။
သူ၏ မောက်မာသော စကားသံသည် ပတ်၀န်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
"လေလုံးထွားတဲ့ကောင်လေး.. သေစမ်း"
ထိုအချိန်မှာပင် ကောင်းကင်နတ်ဘုရားတတိယအဆင့်ကျင့်ကြံသူသည် ဒေါသအိုး ပေါက်ကွဲသွားခဲ့ပြီး ကမ္ဘာ့စွမ်းအား ၃မျိုးကို ထုတ်ဖော်ကာ ချက်ချင်းဆိုသလို ခရမ်းရောင်မိုးကြိုးဓား အဖြစ်သို့ ပြောင်းလဲလိုက်ပြီး ကျန်းချန်ကို ခုတ်ချလိုက်သည်။
"သေစမ်း"
ထိုမြင်ကွင်းကို မြင်လျှင် ကျန်းချန်၏မျက်နှာက အေးစက်သွားခဲ့သည်။
သူက လက်တစ်ဖက်ကို အသာအယာ ဆန့်ထုတ်၍ ဓားအလင်းတစ်ခုကို ကောင်းကင်နတ်ဘုရား တတိယအဆင့်ကျင့်ကြံသူ ဆီသို့ လွှတ်လိုက်သည်။
ထိုဓားအလင်း ဖြတ်သန်းသွားရာ ပတ်၀န်းကျင်တွင် နေရာလွတ်များသည် အေးခဲသွားခဲ့ပြီး လေထုသည်ပင် တုန်ခါကာ လေထု အက်ကွဲကြောင်းများပင် ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက်တွင် ခရမ်းရောင်မိုးကြိုးလျှပ်စီးဓားသည် ကျန်းချန်၏ ဓားအလင်းအောက်တွင် ချက်ချင်းဆိုသလို ဖျက်ဆီးခံလိုက်ရ၏။
ယင်းနောက်တွင် ဓားအလင်း၏ အရှိန်အဟုန်က မလျော့ကျသေးဘဲ ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူ လုံး၀ တုံ့ပြန်နိုင်ခြင်း မရှိသေးခင်မှာပင် ခန္ဓာကိုယ်တစ်ခုလုံး ဆီသို့ သက်ရောက်သွားခဲ့သည်။
ဤသို့ဖြင့် မမြင်နိုင်သော ဓားအလင်းအောက်တွင် ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ရုတ်တရက် ကွဲထွက်သွားခဲ့ပြီး နှစ်ပိုင်း ဖြတ်တောက်ခံလိုက်ရသည်။
အခန်း(၁၇၂၆)ပြီး၏။
အခန်း(၁၇၂၇)
ကျန်းချန်က ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူကို ဓားကွက်တစ်ကွက်ထဲဖြင့် သတ်ပစ်လိုက်သည်။
ထို့နောက်တွင် တုံ့ဆိုင်းမနေဘဲ မမြင်နိုင်သော ဓားအလင်း၃ခုကို ကျန်ရှိနေသေးသော ကောင်းကင်နတ်ဘုရား ၃ပါးဆီသို့ ထပ်မံ ပစ်ခတ်လိုက်သည်။
ထို၃ယောက်သည် ကောင်းကင်နတ်ဘုရား ပထမအဆင့်သာ ရှိရာ ကျန်းချန်၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်နတ်ဘုရား ၃ပါး၏ ခန္ဓာကိုယ်များကို ကျန်းချန်၏ ဓားအလင်းက ထိုးဖောက်သွားခဲ့ပြီး လေထုထဲတွင် ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်ဖြင့် ဆိုလျှင် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်အောက်မှ ကောင်းကင်နတ်ဘုရားများကို သတ်ဖြတ်သည်မှာ ကြက်သတ်သကဲ့သို့ပင် လွယ်ကူနေခဲ့သည်။
"ကောင်လေး.. မင်းငါ့လူတွေကို သတ်ရဲတယ်လား"
ကျန်းချန်က ကျီရှောင်နိုင်ငံမှ ကောင်းကင်နတ်ဘုရား လေးပါးအား ပေါ့ပေါ့ပါးပါးပင် သတ်ဖြတ်လိုက်သည်ကို မြင်လျှင် ကျူးချင်းနှင့် တိုက်ခိုက်နေသည့် လဲ့ကျင်းရှောင်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ကျီရှောင်နိုင်ငံသည် ကျီယွင်ဂိုဏ်း၏ နယ်မြေထဲမှ နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူစုစုပေါင်း ၈ဦးသာ ရှိသည်။
ဤမတိုင်ခင် တောင်ဘက်မြို့ဂိတ်ကို စောင့်ကြပ်နေသော လဲ့ရှန်းက အသတ်ခံခဲ့ရသည်။
ယခုတစ်ခေါက်တွင်လည်း အနက်ရောင်၀တ်စုံ၀တ် လူငယ်သည် ကောင်းကင်နတ်ဘုရား၄ပါးကို သတ်ဖြတ်လိုက်၏။
ဆိုရလျှင် ရက်အနည်းငယ် အတွင်းမှာပင် ကျီရှောင်နိုင်ငံသည် ကောင်းကင်နတ်ဘုရား၅ပါးကို ဆုံးရှုံးခဲ့ရသည်။
ဤသည်က ကျီရှောင်နိုင်ငံအတွက် ပြင်းထန်သောထိုးနှက်ချက် ဖြစ်လာခဲ့၏။
ကောင်းကင်နတ်ဘုရား ၅ပါးကို ဆုံးရှုံးလိုက်ရပြီဖြစ်ရာ မြောက်ဘက်နယ်မြေမှ ထျန်းလင်နိုင်ငံသာ တိုက်ခိုက်လာခဲ့လျှင် သူ့အနေဖြင့် မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။
လဲ့ကျင်းရှောင်က ဒေါသအိုး ပေါက်ကွဲနေသော်လည်း လက်ရှိအချိန်တွင် ကျူးချင်းနှင့် ရင်ဆိုင်နေရသဖြင့် ကျန်းချန်ကို တိုက်ခိုက်ရန် မဖြစ်နိုင်ခဲ့ပေ။
ထို့ကြောင့် သူက နံဘေးမှ ယန်စန်းကြွယ်ကို အော်ဟစ်ကာ ပြောလိုက်သည်။
"အကြီးအကဲယန်.. အဲဒီကောင်လေးကို အမြန်သတ်ပေးပါ"
ယန်စန်းကြွယ်က ကျန်းချန်ကို ခဏမျှ စူးစိုက်ကြည့်ပြီးနောက်တွင် လေးနက်စွာ ပြောလိုက်သည်။
"ငါခန့်မှန်းတာ မမှားဘူးဆိုရင် မင်းက ကျူးမိသားစု၀င် မဟုတ်ဘူး မဟုတ်လား"
ချင်းယဲ့နယ်မြေသည် ကျီလင်နယ်မြေထက်ပင် အားနည်းသော နယ်မြေတစ်ခု ဖြစ်သည်။
ချင်းယဲ့နယ်မြေမှ ကျူးမိသားစုသည် နယ်မြေနတ်ဘုရားအင်အားစုတစ်ခု ဖြစ်သော်လည်း ဤကဲ့သို့ နတ်ဆိုးဆန်သည့် ပါရမီရှင်တစ်ဦးကို မွေးထုတ်ရန်မှာမူ မလွယ်ကူလောက်ပေ။
ထို့အပြင် ချင်းယဲ့နယ်မြေမှ ယဲ့မိသားစုသည် ကျူးမိသားစုနှင့်ပတ်သက်၍ အချက်အလက်များ ပေးပို့ရာတွင် ထိုကောင်လေး၏ အချက်အလက်များ ပါ၀င်မနေခဲ့ပေ။
ထို့ကြောင့် ထိုကောင်လေးသည် ကျူးမိသားစု၀င် မဟုတ်လောက်ဘဲ မတော်တဆ အတူရှိနေခြင်း ဖြစ်နိုင်လောက်၏။
ကျန်းချန်က ယန်စန်းကြွယ်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
"ကျူးမိသာစု၀င် ဟုတ်ဟုတ် မဟုတ်ဟုတ် ခင်ဗျားနဲ့ ဘာမှမသက်ဆိုင်ဘူး ထင်တယ်"
"မင်းက ကျူးမိသားစုရဲ့ အဖွဲ့၀င် မဟုတ်ဘူးဆိုရင် ကျူးမိသားစုရဲ့ ကိစ္စတွေကို ၀င်မစွက်ဖက်သရွေ့ မိုးကြိုးမြစ်ကို အချိန်မရွေး ဖြတ်သန်းနိုင်တယ်.. ဘယ်လိုအတားအဆီးမှ မရှိစေရဘူးလို့ ငါကတိပေးတယ်"
ယန်စန်းကြွယ်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ကျန်းချန်ကို လေးနက်စွာ ပြောလိုက်သည်။
ဤကောင်လေး၏ စွမ်းရည်သည် အလွန်တရာ နက်နဲပြီး သူကိုယ်တိုင်ပင် ရင်ဆိုင်နိုင်ရန် သေချာမှု မရှိပေ။
ထို့ပြင် ဤကောင်လေးသည် သူတို့၏ပစ်မှတ်လည်း မဟုတ်ချေ။
ယင်းအတွက်ကြောင့် ထိုကောင်လေးကို သွားခွင့်ပေးလိုက်ခြင်းသည် မလိုလားအပ်သည့် ဒုက္ခကို လျော့ချနိုင်လိမ့်မည် ဖြစ်၏။
"မင်းရဲ့ကမ်းလှမ်းချက်ကို လက်မခံနိုင်တာ စိတ်မကောင်းပါဘူး.. ငါက ကျူးမိသားစုက မဟုတ်ပေမဲ့လည်း ငါက အခု သူတို့နဲ့ အတူရှိနေတဲ့ အတွက် သူတို့က ငါ့ရဲ့ မိတ်ဆွေတွေပဲ"
ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။
"ငါရဲ့မိတ်ဆွေကို ဘယ်သူမှ လာထိတာ ငါသဘောမကျဘူး"
"ကောင်းပြီလေ ကောင်လေး.. မင်းကို အခွင့်အရေးပေးခဲ့ပြီးပြီ.. ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့တော့"
ယန်စန်းကြွယ်က ဒေါသတကြီး ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူ၏ မျက်၀န်းကနေ ရေခဲမီးလျှံကဲ့သို့ အလင်းရောင်တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
ထိုအလင်းရောင်တွင် ကမ္ဘာ့စွမ်းအား ပါ၀င်နေပြီး ချက်ချင်းဆိုသလိုပင် ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့သည်။
ကျန်းချန်ကလည်း ထိုက်စုအထွတ်ထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ထုတ်ဖော်လိုက်ပြီး သိုင်းစွမ်းအားပုံရိပ်ဖြင့် ပြန်လည် ရင်ဆိုင်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ယန်စန်းကြွယ်၏ ကမ္ဘာ့စွမ်းအားသည် ဖိနှိပ်ခံလိုက်ရသည်။
ယန်စန်းကြွယ်၏ ပုံရိပ်က တုန်ခါသွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ပေရာပေါင်းများစွာ အထိ လွင့်စင်သွားခဲ့သည်။
"ဒါ ဒါက ဘယ်လိုကျင့်ကြံခြင်း နည်းစနစ်များလဲ.. ဘာလို့ ဒီလောက်တောင် အားကောင်းနေရတာလဲ"
သူ၏ ဆန့်ကျင်ဘက်မှ အနက်၀တ်စုံ၀တ် လူငယ်ကို ကြည့်ကာ ယန်စန်းကြွယ်၏ မျက်၀န်းထဲတွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ကျီယွင်ဂိုဏ်း၏ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် အကြီးအကဲတစ်ပါး ဖြစ်၍ ယန်စန်းကြွယ်၏ ကျီယွင်ဂိုဏ်းရှိ အဆင့်အတန်းသည် မနိမ့်ကျပေ။
ထို့အပြင် သူသည် ကျီယွင်ဂိုဏ်း၏ အလွန်တရာ အစွမ်းထက်သည့် နယ်မြေနတ်ဘုရား အဆင့် နည်းစနစ်ကို ကျင့်ကြံထားခဲ့သည်။
သို့သော်လည်း သူဖော်ထုတ်လိုက်သည့် သိုင်းစွမ်းအားပုံရိပ်သည် ထိုကောင်လေး ဖော်ထုတ်လိုက်သည့် သိုင်းစွမ်းအားပုံရိပ်ကို လုံး၀ မယှဉ်နိုင်ခဲ့ပေ။
ထိုကောင်လေး၏ ကျင့်ကြံခြင်း နည်းစနစ်သည် ဒဏ္ဍာရီလာ နတ်ဘုရင်အဆင့် နည်းစနစ်များ ဖြစ်နိုင်ပါမည်လော။
"သိုင်းစွမ်းအားပုံရိပ် ဒုတိယမြောက်တိုက်ကွက်"
ယန်စန်းကြွယ် ထိတ်လန့်နေသော အချိန်မှာပင် ကျန်းချန်၏ အေးစက်စက်အသံသည် တစ်ဖန် ပဲ့တင်ထပ်လာခဲ့သည်။
ယန်စန်းကြွယ်က ရုတ်တရက် မော့ကြည့်လိုက်ရာ ပိုမိုကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုသည် ကျန်းချန်၏ ဦးခေါင်းအထက်တွင် စုစည်းသွားသည်ကို တွေ့လိုက်ရသည်။
ကျန်းချန်၏ မျက်၀န်းများက အေးစက်နေခဲ့သည်။
သူက ယန်စန်းကြွယ်ကို အသက်ရှူဖို့ပင် အခွင့်အရေးပေးရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
သိုင်းစွမ်းအားပုံရိပ်၏ ဒုတိယတိုက်ကွက်သည် ယန်စန်းကြွယ်ကို ထပ်မံ ဖိနှိပ်လိုက်သည်။
ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားရလျှင် ယန်စန်းကြွယ်၏ စိတ်နှလုံးသည် ဖော်ပြ၍မရနိုင်လောက်အောင် အေးစက်မှုကို ခံစားလိုက်ရသည်။
သူက တုံ့ဆိုင်းမနေတော့ဘဲ ကမ္ဘာ့စွမ်းအား ၄မျိုးကို ထုတ်ဖော်ကာ ကောင်းကင်နတ်ဘုရား ကမ္ဘာအဖြစ် စုစည်းလိုက်ပြီး ကျန်းချန်၏ သိုင်းစွမ်းအားပုံရိပ်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
"ဝုန်း.."
ကြောက်မက်ဖွယ်စွမ်းအားနှစ်ခုသည် ကောင်းကင်ယံတွင် ထိပ်တိုက် တွေ့ဆုံသွားကြ၏။
ချက်ချင်းဆိုသလိုပင် လေဟာနယ် တစ်ခုလုံးက တုန်ခါလာခဲ့ပြီး နေနှင့်လပင် ဗြောင်းဆန်သွားခဲ့သည်။
ယန်စန်းကြွယ်၏ ကောင်းကင်နတ်ဘုရား ကမ္ဘာသည် သိုင်းစွမ်းအားပုံရိပ်၏ ဖိနှိပ်မှုအောက်တွင် တွန့်လိမ်သွားခဲ့ပြီး အဆက်မပြတ် တုန်ခါလာခဲ့သည်။
တစ်ခဏအတွင်းမှာပင် ယန်စန်းကြွယ်၏ ကောင်းကင်နတ်ဘုရားကမ္ဘာသည် လေထုထဲတွင် ကွဲထွက်သွားခဲ့၏။
ကောင်းကင်နတ်ဘုရားကမ္ဘာ ကွဲထွက်သည်နှင့် တစ်ပြိုင်နက် ယန်စန်းကြွယ်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် သိုင်းစွမ်းအားပုံရိပ်၏ ဖိနှိပ်မှုအောက်တွင် မြေပြင်ထက်သို့ ရိုက်ချခံလိုက်ရသည်။
"ဝုန်း.."
မြေပြင်တစ်ခုလုံးက တုန်ခါသွားခဲ့ပြီး မြေမှုန်များပင် ပျံတက်လာခဲ့သည်။
မြေပြင်ထက်တွင်လည်း ပေ၁၀၀၀ ခန့်ရှည်လျားသော အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး နက်ရှိုင်းသော ချောက်နက်တစ်ခုလိုပင် ဖြစ်နေခဲ့၏။
"အကြီးအကဲယန်တောင် ရှုံးနိမ့်သွားရပါလား.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ယန်စန်းကြွယ်ကို ကျန်းချန်က မြေပြင်ထက်သို့ အမှောက်သိပ်လိုက်သည်ကို မြင်လျှင် ကျူးချင်းနှင့် တိုက်ခိုက်နေသော လဲ့ကျင်းရှောင်သည် အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။
သိထားရမည့်အချက်မှာ ယန်စန်းကြွယ်သည် ကျီယွင်ဂိုဏ်း၏ အကြီးအကဲတစ်ယောက် ဖြစ်သည်။
ယန်စန်းကြွယ်နှင့် သူက ကျင့်ကြံခြင်းအဆင့် အတူတူလောက်သာ ဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းရည်တွင်မူ ယန်စန်းကြွယ်သည် သူထက် ပိုမိုမြင့်မား၏။
ယန်စန်းကြွယ်၏ စွမ်းအားဖြင့်ပင် ထိုကောင်လေးကို ဤမျှအထိ အလွယ်တကူ ရှူံးနိမ့်သွားခဲ့ရသည်။
လဲ့ကျင်းရှောင်သည် ထိုအနက်ရောင်၀တ်စုံ၀တ် လူငယ်လေး၏ တိုက်ခိုက်ရေးစွမ်းရည်က ဤမျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည်ဟု တစ်ခါမှ မတွေးမိခဲ့ပေ။
ယခုအခါတွင် လဲ့ကျင်းရှောင်သည် စိတ်နှလုံးထဲကနေ အလွန်အမင်း ကြောက်လန့်လာခဲ့သည်။
ယန်စန်းကြွယ်သာ ရှုံးနိမ့်သွားမည် ဆိုလျှင် ကျီရှောင်နိုင်ငံသည် ယနေ့တွင် အဆုံးသတ်သွားနိုင်ပေသည်။
"ဝုန်း.."
လဲ့ကျင်းရှောင် ထိတ်လန့်နေသော အချိန်မှာပင် အစောပိုင်းက ဖြစ်တည်လာခဲ့သော ချောက်နက်၏ အောက်ခြေကနေ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
မကြာခင်မှာပင် ခရမ်းရောင်အလင်းများ ဝန်းရံနေသော ပုံရိပ်တစ်ခုသည် ချောက်နက်ထဲကနေ ကောင်းကင်ယံသို့ တက်လာခဲ့သည်။
ထိုလူက တခြားလူ မဟုတ်ပေ၊ ယန်စန်းကြွယ်ပင် ဖြစ်၏။
ဤအချိန်တွင် ယန်စန်းကြွယ်သည် မျက်နှာတစ်ခုလုံး ဖြူဖျော့နေခဲ့ပြီး သွေးအလိမ်းလိမ်း ဖြစ်နေခဲ့သည်။
သူက ကျန်းချန်ကို ဒေါသတကြီး စိုက်ကြည့်ကာ ပြောလိုက်သည်။
"ကောင်လေး မင်းတကယ်ပဲ ငါ့တို့ကျီယွင်ဂိုဏ်းကို ဆန့်ကျင်တော့မှာလား.. ငါက ကျီယွင်ဂိုဏ်းရဲ့အကြီးအကဲပဲ..မင်းငါ့ကို သတ်ရဲရင် ကျီယွင်ဂိုဏ်းက မင်းကို လုံး၀ အလွှတ်ပေးမှာ မဟုတ်ဘူး"
"ဟားဟား ကျီယွင်ဂိုဏ်းက ဘာမို့လို့လဲ"
ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
"ပြောရရင် မင်းတို့ ကျီယွင်ဂိုဏ်းက လူကို ငါမသတ်ဖူးတာလဲ မဟုတ်ဘူး"
အခန်း(၁၇၂၇)ပြီး၏။
အခန်း(၁၇၂၈)
"မင်း.. မင်း ဘယ်သူလဲ "
ကျန်းချန်၏စကားကို ကြားလျှင် ယန်စန်းကြွယ်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ဤကောင်လေးသည် ကျီယွင်ဂိုဏ်းမှ လူကို သတ်ဖြတ်ခဲ့သည်ဆိုလျှင် ကျီယွင်ဂိုဏ်းနှင့် ပြဿနာ ရှိမည်မှာ သေချာ၏။
ကောင်းကင်နတ်ဘုရား တတိယအဆင့်ဖြင့် စတုတ္ထအဆင့်ကောင်းနတ်ဘုရားကို အလွယ်တကူ ဖိနှိပ်နိုင်သော ပါရမီရှင်သည် ကျီလင်နယ်မြေမှာပင် အလွန်ရှားပါးသော ပါရမီရှင် ဖြစ်သည်။
သို့သော်လည်း ထိုသို့သော ပါရမီရှင်နှင့် သူတို့ ကျီယွင်ဂိုဏ်းသည် မည်သည့်အချိန်က ပဋိပက္ခ ဖြစ်ပွားခဲ့သည်ကို ယန်စန်းကြွယ် အမှန်တကယ် မသိခဲ့ပေ။
ကျန်းချန်က ထီမထင်ဟန်ဖြင့် ပြောလိုက်သည်။
"မကြာသေးခင်က လုရှင်းယွီ လို့ခေါ်တဲ့ ကျီယွင်ဂိုဏ်းက တပည့်တစ်ဦးနဲ့ ငါရင်ဆိုင်ခဲ့ရပြီး ငါ သူ့ကို သတ်ပစ်လိုက်တယ်"
"မင်းက ရှေးဟောင်းနဂါးကုန်းမြေကလား"
ယန်းစန်းကြွယ်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
မကြာသေးမီက ကျီယွင်ဂိုဏ်းသည် သွေးလမင်းကုန်းမြေနှင့် ပူးပေါင်းရန်အတွက် ကျီယွင်ဂိုဏ်းမှ ပါရမီရှင်တပည့် ဖြစ်သော လုရှင်းယွီကို ရှေးဟောင်းနဂါးကုန်းမြေသို့ စေလွှတ်ခဲ့သည်။
ကျီယွင်ဂိုဏ်း၏ အကြီးအကဲတစ်ဦး အနေဖြင့် ထိုကိစ္စကို ယန်စန်းကြွယ်သည် ကောင်းစွာ သိထားခဲ့၏။
လုရှင်းယွီသည် နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကိုပါ ယူဆောင်၍ သွေးလမင်းကုန်းမြေကို အကူအညီပေးရန်အတွက် ရှေးဟောင်းနဂါးကုန်းမြေ ဆီသို့ သွားရောက်ခဲ့သည်။
သို့သော်လည်းရှေးဟောင်းနဂါးကုန်းမြေသို့ သွားရောက်ပြီး မကြာမီမှာပင် လုရှင်းယွီ ကျဆုံးသွားပြီ ဟူသော သတင်း ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သူ၏ရှေ့မှ အနက်ရောင်၀တ်စုံ၀တ် လူငယ်သည် ရှေးဟောင်းနဂါးကုန်းမြေတွင် လုရှင်းယွီကို သတ်ဖြတ်ခဲ့သူဖြစ်နေလိမ့်မည်ဟု ယန်စန်းကြွယ် မထင်ခဲ့ချေ။
လုရှင်းယွီသည် ကျီယွင်ဂိုဏ်း၏ ခေါင်းဆောင် အရှင်ကျီယွင်၏ တပည့် ဖြစ်ပြီး ကျီယွင်ဂိုဏ်း၏ နာမည်ကျော် ပါရမီရှင် ၃ဦးထဲမှ တစ်ဦး ဖြစ်သည်။
ထို့ကြောင့် လုရှင်းယွီ၏ စွမ်းအားကို ယန်စန်းကြွယ်သည် အလွန်ပင် ရှင်းရှင်းလင်းလင်း သိထားခဲ့၏။
လုရှင်းယွီက ကောင်းကင်နတ်ဘုရား တတိယအဆင့်သာ ဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ စတုတ္ထအဆင့်ကောင်းကင် နတ်ဘုရားများနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေခဲ့သည်။
ဤအနက်၀တ်စုံ၀တ် လူငယ်က လုရှင်းယွီကိုပင် သတ်ဖြတ်နိုင်သည်ဆိုလျှင် ထိုလူငယ်၏ တိုက်ခိုက်ရေးစွမ်းရည်သည် လုရှင်းယွီထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေလိမ့်မည် မဟုတ်ပါလား။
သူ၏စွမ်းအားဖြင့် ထိုကောင်လေး၏ ပြိုင်ဘက် မဖြစ်နိုင်မှန်း ယခုအခါတွင် ယန်စန်းကြွယ် နားလည်သွားခဲ့သည်။
ကျန်းချန်က ယန်စန်းကြွယ်ကို အေးစက်စက် စိုက်ကြည့်လိုက်၏။
"နောက်ဆုံးအနေနဲ့ ငါမင်းကို အသက်ငါးရှိုက်စာ အချိန်အတွင်း ငါ့ရှေ့ကနေ ထွက်သွားဖို့ အခွင့်အရေးပေးမယ်.. မဟုတ်ရင် လုရှင်းယွီဆီ ပို့ပေးဖို့ ငါ၀န်လေးနေမှာ မဟုတ်ဘူး"
"ဟမ့်.. လုရှင်းယွီက အရှင်ကျီယွင်ရဲ့ အချစ်ဆုံးတပည့်ပဲ.. မင်းက အရှင်ကျီယွင်ရဲ့ တပည့်ကို သတ်ပြီး ကျီယွင်ဂိုဏ်းရဲ့ နယ်မြေကနေ လုံလုံခြုံခြုံ ထွက်သွားချင်သေးတယ်လား"
ယန်စန်းကြွယ်က အေးစက်စက် ပြုံးလိုက်သည်။
သူက ထွက်သွားရန် ရည်ရွယ်ချက် လုံး၀မရှိခဲ့ပေ။
ကျီယွင်ဂိုဏ်း၏ အကြီးအကဲတစ်ဦးအနေဖြင့် ယန်စန်းကြွယ်သည် ကောင်လေးတစ်ဦးကြောင့် အဘယ်ကဲ့သို့ ထိတ်လန့်နိုင်ပါအံ့နည်း။
သူ့၏ရှေ့မှကောင်လေးသည် အလွန်တရာ အစွမ်းထက်သော်လည်း သူ၏စွမ်းရည်ဖြင့် ဆိုလျှင် ထိုကောင်လေးကိုခဏမျှ ထိန်းထားရန်မှာ ပြဿနာကြီးကြီးမားမား ရှိမည်မဟုတ်ပေ။
အစောပိုင်းက သူသည် ကျီယွင်ဂိုဏ်း ဆီသို့ သတင်းပို့ခဲ့ပြီးပြီ ဖြစ်ရာ အရှင်ကျီယွင်သည် အမွှေးတိုင် တစ်တိုင်စာ အချိန်အတွင်း ထိုသတင်းကို ရရှိနိုင်မည် ဖြစ်သည်။
နယ်မြေနတ်ဘုရားများ၏ ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့်ဆိုလျှင် ကျီယွင်ဂိုဏ်းကနေ မိုးကြိုးမြစ် ဆီသို့ ရောက်ရှိရန်မှ တစ်ခဏမျှသာ ကြာမြင့်မည် ဖြစ်၏။
ထိုကြောင့် သူ့အနေဖြင့် ထိုကောင်လေးကို အမွှေးတိုင်တစ်တိုင်စာ အချိန်ခန့် ထိန်းထားနိုင်ခဲ့လျှင် အရှင်ကျီယွင်ရောက်လာသည်နှင့် ပြဿနာအားလုံးကို ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မည် မဟုတ်ပါလော။
"မိတ်ဆွေလေးကျန်းချန် သူနဲ့ အချိန်မဖြုန်းနဲ့တော့.. ကျီယွင်ဂိုဏ်းက အစွမ်းထက် ကျင့်ကြံသူ ရောက်လာတာနဲ့ ငါတို့ လုံးဝ ဒုက္ခရောက်သွားလိမ့်မယ် "
ထိုအချိန်မှာပင် ကျီရှောင်ဧကရာဇ်နဲ့ တိုက်ခိုက်နေသော ကျူးချင်းက စိုးရိမ်တကြီး လှမ်းပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့.. သူ့မှာ ငါ့ကို အချိန်ဆွဲဖို့ အခွင့်အရေးမရှိပါဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
သူ၏မျက်၀န်းထဲကနေ ထက်ရှသော အအေးဓာတ်တစ်ခု ပေါက်ကွဲထွက်လာခဲ့၏။
ကျူးချင်းက သူ့ကို သတိမပေးလျှင်ပင် ကျန်းချန်သည် ယန်စန်းကြွယ်၏ အကြံအစည်ကို ကောင်းစွာ ရိပ်စားမိခဲ့သည်။
မည်သို့ပင် ဖြစ်စေကာမူ နယ်မြေနတ်ဘုရား အဆင့်ကို ဖန်းချင်းယွမ် ထိုးဖောက်သွားချိန်တွင် ကျန်းချန်သည် နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူများ၏ စွမ်းအားကို မျက်မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။
နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူ၏ လေထဲကနေ ပျံသန်းလာသော အရှိန်အဟုန်သည် အလွန်တရာပင် မြန်ဆန်လွန်း၏။
ဖန်းချင်းယွမ်သည် ရှေးဟောင်းနဂါး မျိုးနွယ်စုကနေ အရှေ့ဘက်ဒေသရှိ ဖန်းလုံခံတပ်သို့ ရောက်ရှိရန် တခဏမျှသာ ကြာမြင့်ခဲ့သည်။
ကျန်းချန်က လုံး၀ တုံ့ဆိုင်းမနေတော့ဘဲ သူ၏ ခန္ဓာကိုယ်ပေါ်မှ စွမ်းအားများကို အမြင့်ဆုံးထိ လှုံ့ဆော်လိုက်ပြီး ကောင်းကင်နတ်ဘုရား ကမ္ဘာကို ထုတ်ဖော်ကာ ယန်စန်းကြွယ်ကို ဖိနှိပ်လိုက်သည်။
ထိုမြင်ကွင်းကို မြင်လျှင် ယန်စန်းကြွယ်က မျက်မှောင်ကြုတ်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် သူသည်လည်း ကောင်ကင်းနတ်ဘုရား ကမ္ဘာကို လျင်မြန်စွာ ထုတ်ဖော်၍ ကျန်းချန်၏ ကောင်းကင်နတ်ဘုရား ကမ္ဘာကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။
"ဝုန်း..."
ထိတ်လန့်ဖွယ်ရာ ပေါက်ကွဲသံသည် ကောင်းကင်ယံ တစ်လျှောက်လုံးတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။
ယန်စန်းကြွယ်၏ ကောင်းကင်နတ်ဘုရား ကမ္ဘာသည် ကျန်းချန်၏ ကောင်းကင်နတ်ဘုရားကမ္ဘာ၏ ဖိနှိပ်မှုအောက်တွင် မျက်စိတစ်မှိတ်အတွင်း ပြိုကျသွားခဲ့သည်။
ယန်စန်းကြယ်က နာကျင်စွာ အော်ဟစ်လိုက်ရပြီး ပါးစပ်ကနေလည်း သွေးများစမ်းရေကဲ့သို့ ပန်းထွက်ကာ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လွင့်စင်သွားခဲ့သည်။
ယန်စန်းကြွယ်သည် သူ့ကိုယ်သူ အထင်ကြီးကာ ကျန်းချန်၏ စွမ်းရည်ကို လျှော့တွက်ထားသည်မှာ ထင်ရှားနေ၏။
ကျန်းချန်သည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်တွင်ရှိစဉ်ကပင် အင်အားအပြည့်အ၀ ထုတ်ဖော်ခဲ့လျှင် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူနှင့်ပင် ယှဉ်ပြိုင်နိုင်သော စွမ်းရည် ရှိခဲ့သည်။
ယခု သူက ကောင်းကင်နတ်ဘုရား တတိယအဆင့်ကို ထိုးဖောက်ပြီးပြီ ဖြစ်သည့်အပြင် ကိုယ်ခံပညာ ဥပဒေသ လမ်းစဉ်များ၏ မူလစွမ်းအားတွင်လည်း များစွာ တိုးတက်လာခဲ့သည်။
အထူးသဖြင့် လေလမ်းစဉ် ဥပဒေသ၏ မူလစွမ်းအားသည် ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။
အားအနည်းဆုံး ဖြစ်သည့် အသက်စွမ်းအင်ပင်လျှင် အသက်သစ်ကိုင်း၏ စွမ်းအားကြောင့် ဆက်လက် တိုးတက်လျက် ရှိပြီး ၅၀ ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီ ဖြစ်သည်။
သူ၏ လက်ရှိစွမ်းရည်ဖြင့် ဆိုလျှင် မဟာမြေရိုင်းနယ်မြေ၏ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူလျှင်ပင်သူ၏ ပြိုင်ဘက် မဖြစ်နိုင်ရာ သေးငယ်သော နယ်မြေလေးမှ သာမန် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
"သေစမ်း"
ကျန်းချန်က ကောင်းကင်နတ်ဘုရား ကမ္ဘာကို ထုတ်ဖော်၍ ယန်စန်းကြွယ်ကို တိုက်ခိုက်လိုက်ပြီးနောက်တွင် အသက်ရှူရန်အခွင့်အရေးပင် မပေးခဲ့ပေ။
သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ရောင်စုံ နတ်မိုးကြိုးတစ်စင်းသည် သူ၏ ကောင်းကင်နတ်ဘုရားကမ္ဘာကနေ ဆင်းသက်လာခဲ့သည်။
"ဝုန်း.."
ကျန်းချန်၏ အစောပိုင်းက တိုက်ခိုက်မှုကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိထားသော ယန်စန်းကြွယ်သည် မည်သည့်တုံ့ပြန်မှုမှ မပြုလုပ်နိုင်ခဲ့ဘဲ လေထုထဲကနေ ကျဆင်းလာသော ရောင်စုံနတ်မိုးကြိုး၏ သက်ရောက်မှုကို ခံလိုက်ရသည်။
"မ.."
ယန်စန်းကြွယ်က အထိတ်တလန့်ဖြင့် ရေရွတ်လိုက်သည်။
သိုသော်လည်း သူ၏စကားကို အဆုံးထိ မပြောနိုင်ခဲ့ပေ။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရောင်စုံနတ်မိုးကြိုး၏ တိုက်ခိုက်မှုအောက်တွင် ပေါက်ကွဲထွက်သွားခဲ့သည်။
ယန်စန်းကြွယ်ကို သတ်ဖြတ်လိုက်ပြီးနောက်တွင် ကျန်းချန်၏ပုံရိပ်သည် ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး ကျူးချင်းနှင့်ကျီရှောင်ဧကရာဇ်တို့ တိုက်ပွဲရှိရာသို့ ရောက်ရှိသွားခဲ့သည်။
"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
သူ့ဆီသို့ လှမ်းလာနေသော ကျန်းချန်၏ အရှိန်အဝါကို ခံစားမိလျှင် ကျီရှောင်ဧကရာဇ်သည် ချက်ချင်းဆိုသလို အလွန်အမင်း ထိတ်လန့်သွားခဲ့၏။
ကျီရှောင်ဧကရာဇ် လဲ့ကျင်းရှောင်သည် ယန်စန်းကြွယ် ကျဆုံးသွားလိမ့်မည်ဟု လုံး၀ မမျှော်လင့်ထားခဲ့ပေ။
ကျီယွင်ဂိုဏ်း၏ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် အကြီးအကဲသည် အနက်ရောင်၀တ်စုံ၀တ်လူငယ်၏ လက်ချက်ဖြင့် ဤမျှလောက် အလွယ်တကူ အသတ်ခံရလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
ထိုကောင်လေးက ယန်စန်းကြွယ်ကိုပင် သတ်ဖြတ်နိုင်သည် ဆိုလျှင် သူ၏ စွမ်းအားက ယန်စန်းကြွယ်ထက်ပင် အားနည်းသည် ဖြစ်ရာ ထိုကောင်လေး၏ ပြိုင်ဘက် မည်ကဲ့သို့ ဖြစ်နိုင်ပါအံ့နည်း။
ထို့အပြင် သူ၏ရှေ့တွင် သူနှင့် လက်ရည်မကွာသော ကျင့်ကြံသူ တစ်ဦးလည်း ရှိနေသေး၏။
သူသာ ဤနေရာတွင် ဆက်လက် ရှိနေမည်ဆိုလျှင် သူ့ရှေ့မှနှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး သူ၏ တစ်ခုတည်းသော ရလဒ်မှာ ဤနေရာတွင် ကျဆုံးရန်သာ ဖြစ်ဖို့များ၏။
ထိုသို့ တွေးမိလျှင် လဲ့ကျင်းရှောင်သည် အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး သူ၏ စွမ်းအားများကို အစွမ်းကုန်ထုတ်သုံးကာ ကောင်းကင်နတ်ဘုရားကမ္ဘာကို ထုတ်ဖော်လိုက်သည်။
ထို့နောက် သူ၏ရှေ့မှ ကျူးချင်းကို နောက်ဆုတ်အောင် တိုက်ခိုက်လိုက်ပြီးနောက်တွင် မိုးကြိုးအလင်း အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲကာ အဝေးရှိကောင်းကင်ယံ ဆီသို့ ထွက်ပြေးသွားခဲ့သည်။
"သူ့ကို ဂရုမစိုက်နဲ့တော့.. ကျွန်တော်တို့ ခံတပ်ထဲကို ၀င်ပြီး မိုးကြိုးမြစ်ကို ဖြတ်ကျော်ကြစို့"
ကျန်းချန်က ကျီရှောင်ဧကရာဇ်ကို တစ်ချက်ပင် လှည့်မကြည့်ဘဲ ရွှေရောင်၀တ်စုံ၀တ် အဘိုးအိုကို ပြောလိုက်သည်။
ယန်စန်းကြွယ်သည် ဤနေရာမှ အခြေအနေကို ကျီယွင်ဂိုဏ်းဆီ သတင်းပို့ပြီးသား ဖြစ်နိုင်ဖွယ် ရှိသည်။
ထို့ကြောင့် ကျီယွင်ဂိုဏ်း၏ နယ်မြေနတ်ဘုရားသည် သိပ်မကြာခင် ရောက်လာလိမ့်မည်ဟု သူစိုးရိမ်နေခဲ့၏။
ကျီယွင်ဂိုဏ်းမှ နယ်မြေနတ်ဘုရားသာ ရောက်ရှိလာလျှင် သူတို့အနေဖြင့် ထွက်သွားရန် အခွင့်အရေး လုံး၀ ရှိမည်မဟုတ်တော့ပေ။
ထို့ကြောင့် ကျန်းချန်သည် ကျီရှောင်ဧကရာဇ် အသက်ဖြင့် အချိန်ဖြုန်းနေရန် ဆန္ဒမရှိတော့ပေ။
သူ့တို့အတွက် ယခု အရေးကြီးဆုံးအရာမှာ မိုးကြိုးမြစ်ကို ဖြတ်ကျော်ကာ ချီလင်ဂိုဏ်း စိုးမိုးသည့် နယ်မြေထဲသို့ အလျင်အမြန် ၀င်ရောက်ရန်ပင် ဖြစ်သည်။
ချီလင်ဂိုဏ်း၏ နယ်မြေထဲသို့ ၀င်ရောက်နိုင်သရွေ့ ကျီယွင်ဂိုဏ်း၏ နတ်မြေနတ်ဘုရားသည် ချီလင်ဂိုဏ်း၏ နယ်မြေကို အလွယ်တကူ ခြေချရဲမည် မဟုတ်တော့ပေ။
အခန်း(၁၇၂၈)ပြီး၏။