အခန်း (၁၇၃၂-၁၇၃၄)
Vol. 116 Ch. 1732-1734
အခန်း(၁၇၃၂)
"အရှိန်မြှင့်ပြီး ဒီနေရာကနေ အမြန်ထွက်သွားကြမယ်"
ကျူးချင်းကလည်း သူ၏စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ကာ ဟင်းလင်းပြင်လှေကို လျင်မြန်စွာ မောင်းနှင်းရန် အမိန့်ပေးလိုက်သည်။
ဝေလငါး၏ ပိုင်ရှင်က မည်သူပင် ဖြစ်စေကာမူ သူတို့ ရင်ဆိုင်နိုင်သော ဖြစ်တည်မှုမဟုတ်ပေ။
ကျန်းချန်က ဝေလငါးကို သတ်ဖြတ်လိုက်ပြီ ဖြစ်သောကြောင့် သူတို့သည် ဤနေရာကနေ အမြန်ဆုံး ထွက်သွားရပေလိမ့်မည်။
သို့မဟုတ်လျှင် ဝေလငါး၏ သခင် ရောက်လာသည်နှင့် တစ်ပြိုင်နက် သူတို့လူစုသည် အန္တရာယ်ထဲသို့ ကျရောက်သွားလိမ့်မည် မဟုတ်ပါလား။
ကျူးချင်းထံမှ အမိန့်ကို ရရှိပြီးနောက်တွင် အနက်ရောင်လှေသည် တစ်ဖန်စတင်၍ ပျံသန်းခဲ့ပြီး အနက်ရောင်စီးကြောင်း အဖြစ်သို့ ပြောင်းလဲကာ ထာဝရဟင်းလင်းပြင်ထဲတွင် လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။
ကျန်းချန်တို့၏ ဟင်းလင်းပြင်လှေ ထွက်ခွာပြီးနောက်တွင် ဤထာဝရဟင်းလင်းပြင်သည် တိတ်ဆိတ်သော အခြေအနေသို့ တစ်ဖန် ပြန်လည် ကျရောက်သွားခဲ့သည်။
သို့သော်လည်း ထိုတိတ်ဆိတ်မှုသည် အမွှေးတိုင် တစ်တိုင်စာသာ ကြာမြင့်ခဲ့၏။
သိပ်မကြာခင်မှာပင် ဝေလငါး သေဆုံးသွားသော နေရာတွင် ရုတ်တရက် ပြင်းထန်သော လှိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏတွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုသည် ထိုနေရာတွင် ပေါ်လာခဲ့၏။
ပတ်ဝန်းကျင်နေရာလွတ်ထဲတွင် ပျောက်ကွယ်သွားခြင်းမရှိသေးသော ဝေလငါး၏ သွေးနံ့ကို ခံစားမိလျှင် သူ့ထံကနေ သတ်ဖြတ်လိုသော ဆန္ဒတစ်ခုသည် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့၏။
သူ၏ အေးစက်စက် ကြုံးဝါးလိုက်သော စကားသံသည် ထာဝရဟင်းလင်းပြင် ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
"ကောင်းတယ် သိပ်ကောင်းတယ်.. ငါ့ရဲ့ ဝေလငါးကို သတ်ရဲမှတော့ မင်းဘာသာ ဘယ်သူပဲဖြစ်ဖြစ် ကြီးလေးတဲ့ အဖိုးအခကို ပေးဆပ်စေရမယ်"
ထိုစကားကို ပြောပြီးနောက်တွင် အနက်ရောင်ဝတ်စုံဝတ် ပုံရိပ်သည် ဆန်းကြယ်သော လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။
မကြာခင်မှာပင် ပတ်ဝန်းကျင် နေရာလွတ်သည် တုန်ခါလာခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော သွေးတချို့သည် ထိုလူ၏ရှေ့တွင် စုဝေးကာ လက်ဖဝါးအရွယ်အစားရှိ သွေးရောင်တောက်ပနေသော ငှက်တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုငှက်၏ လမ်းညွှန်မှုအောက်တွင် ထိုလူသည် မြောက်ဘက်အရပ်ဆီသို့ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
---------------------
ဟင်းလင်းပြင်လှေ တစ်ဖန် စတင် ထွက်ခွာပြီးနောက်တွင် ကျန်းချန်သည် သူ၏အခန်းသို့ ပြန်လာခဲ့ပြီး တံခါးပိတ်၍ ကျင့်ကြံနေခဲ့သည်။
အစောပိုင်းက တိုက်ပွဲတွင် ဝေလငါးထံကနေ စွမ်းအင်သလင်းကျောက်ကို ရရှိခဲ့သော်လည်း စွမ်းအင်သလင်းကျောက်ထံမှ ဝိညာဥ်စွမ်းအား၏ရုတ်တရက် တိုက်ခိုက်မှုကြောင့် ကျန်းချန်၏ဝိညာဥ်သည် အနည်းငယ် ထိခိုက်ခဲ့ရသည်။
အချိန်အတော်ကြာ ကျင့်ကြံပြီးနောက်တွင် ကျန်းချန်သည် အဆုံသတ်၌ သူ၏ ထိခိုက်ဒဏ်ရာရရှိခဲ့သော ဝိညာဥ်ကို ပြန်လည် သက်သာအောင် လုပ်ဆောင်နိုင်ခဲ့ပြီး သူ၏ဖြူဖျော့နေသော မျက်နှာသည်လည်း တစ်ဖန် သွေးရောင် လွှမ်းလာခဲ့သည်။
"ဝေလငါးရဲ့ ခန္ဓာကိုယ်ထဲမှာ ချန်ထားရစ်ခဲ့တဲ့ ဝိညာဥ်အမှတ်အသားက ငါ့ရဲ့ဝိညာဥ်ကိုတောင် ဒဏ်ရာရစေခဲ့တယ်.. ဒီဝေလငါးရဲ့ သခင်က တကယ်ကို ကြောက်စရာပဲ.. သာမန်မဟုတ်လောက်ဘူး"
ကျန်းချန်က မျက်လုံးကို ဖွင့်လိုက်ပြီးနောက်တွင် ပါးစပ်ကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ဝေလငါး၏သခင် ချန်ထားရစ်ခဲ့သော ဝိညာဥ် အမှတ်အသားသည် သူ၏ဝိညာဥ်ကို ထိခိုက်အောင်ပင် လုပ်နိုင်ခဲ့သဖြင့် ဝေလငါး သခင်၏ စွမ်းရည်သည် နားမလည်နိုင်လောက်အောင် နက်ရှိုင်းလွန်းသည်မှာ ထင်ရှားသည်။
သူ၏ခန့်မှန်းချက်သာ မမှားလျှင် ဝေလငါး၏သခင်သည် နယ်မြေနတ်ဘုရားအဆင့် မဟုတ်လျှင်ပင် ဝိညာဥ်လမ်းစဥ်ကို အထူးပြုသော ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်နိုင်လောက်၏။
မည်သို့ပင်ဖြစ်စေကာမူ သူ၏ လက်ရှိစွမ်းရည်ဖြင့် ဆိုလျှင် ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား အများစုသည် သူ့ကို ခြိမ်းခြောက်မှု သိပ်မဖြစ်စေနိုင်ပေ။
မဟာမြေရိုင်းနယ်မြေကဲ့သို့ အထွတ်အထိပ် နယ်မြေတွင် မွေးဖွားလာသော ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားများသာလျှင် သူ့ဆီသို့ အန္တရာယ်များ ယူဆောင်လာနိုင်မည်ဖြစ်သည်။
"ကြိုတင်ပြင်ဆင်မှုတချို့ လုပ်ဖို့ လိုအပ်မယ် ထင်တယ်"
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တောက်ပသွားခဲ့သည်။
ဝေလငါး၏ပိုင်ရှင်က နယ်မြေနတ်ဘုရား ဖြစ်သည်ဖြစ်စေ သို့မဟုတ် ဝိညာဥ်လမ်းစဥ်ဥပဒေသကို အထူးပြုသော ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားဖြစ်စေ၊ ထိုကဲ့သို့သော ကျင့်ကြံသူများ၏ နည်းလမ်းများသည် ထူးဆန်းပြီး ခန့်မှန်းရခက်ခဲသည်။
ထိုလူက သူ့ကို ခြေရာခံမိသည်နှင့် တစ်ပြိုင်နက် အခြေအနေများသည် အလွန်ပင် ဆိုးဆိုးရွားရွား ဖြစ်လာနိုင်၏။
အခန်းထဲမှ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် ကျူးရှင်းယွီတို့နှင့် တွေ့ဆုံခဲ့ပြီး လက်ရှိအခြေအနေကို မေးမြန်းခဲ့သည်။
သူက နောက်ထပ် နယ်မြေတစ်ခုသို့ မည်သည့်အချိန်တွင်ရောက်ရှိနိုင်မလဲ ဆိုသည်ကို သိချင်နေခဲ့၏။
"အစ်ကိုကျန်းချန်.. မဟာမြေရိုင်းနယ်မြေကို ရောက်ရှိဖို့အတွက် နယ်မြေတွေကို ဖြတ်သန်းဖို့ မလိုတော့ဘူး.. ကျွန်မတို့ရဲ့ လက်ရှိ အရှိန်အဟုန်နဲ့ ဆိုရင် နှစ်ဝက်အတွင်း မဟာမြေရိုင်းနယ်မြေကို ရောက်ရှိနိုင်ပါတယ်"
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျူးရှင်းယွီသည် သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ကာ လျှို့ဝှက်ဆန်းကြယ်သော စာလိပ် တစ်လိပ်ကို ထုတ်ယူလိုက်သည်။
ထို့နောက် သူမက စာလိပ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ ကြီးမားသော မြေပုံတစ်ခုသည် ကျန်းချန်၏ မြင်ကွင်းတွင် ထွက်ပေါ်လာခဲ့သည်။
"ဒါက နတ်ဘုရားနယ်မြေရဲ့ မြေပုံလား"
ကျန်းချန်က အံ့အားသင့်သွားခဲ့သည်။
"ကျွန်မတို့ ကျူးမိသားစုမှာ နတ်ဘုရားနယ်မြေရဲ့ ပြီးပြည့်စုံတဲ့မြေပုံကို ရယူနိုင်တဲ့စွမ်းရည် မရှိသေးပါဘူး.. ပြောရရင် ဒီမြေပုံက မြေပုံအကြမ်းလောက်ပါပဲ"
ကျူးရှင်းယွီက ခေါင်းခါရမ်းလိုက်ကာ ပြုံး၍ ပြောလိုက်သည်။
"ဒါပေမဲ့ လူအများစု အတွက်တော့ ဒီမြေပုံက လုံလောက်မှုရှိပါတယ်"
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
သိထားရမည့်အချက်မှာ နတ်ဘုရားနယ်မြေ၏ နယ်မြေများကို ဖြတ်ကျော်ရန်မှာ လွယ်ကူသောအလုပ် မဟုတ်ပေ။
နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူများသာလျှင် ဖြတ်ကျော်ရန် အရည်အချင်း ပြည့်မီကြသည်။
ပျမ်းမျှအားဖြင့် ကောင်းကင်နတ်ဘုရားတစ်ပါးသည် သူ၏ တစ်သက်တာလုံးတွင် နတ်ဘုရားနယ်မြေ၏ နယ်မြေများစွာကို ခရီးထွက်နေမည် မဟုတ်ပေ။
ထို့အပြင် မဟာမြေရိုင်းနယ်မြေ အနီးတွင် နယ်မြေများ ဒါဇင်ချီ ရှိသည်။
ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့်ကျင့်ကြံသူပင်လျှင် ထိုနယ်မြေအားလုံးကို အလွယ်တကူ ခရီးထွက်နိုင်မည် မဟုတ်ချေ။
ကျန်းချန်က မြေပုံကို အသေးစိတ် အကဲခတ်လိုက်ရာ ရှေးဟောင်းနဂါးကုန်းမြေနှင့်သွေးလမင်းကုန်းမြေတို့ တည်ရှိသည့်နေရာကို မကြာမီမှာပင် ရှာဖွေ တွေ့ရှိသွားခဲ့သည်။
မြေပုံကနေတစ်ဆင့် ကျန်းချန်သည် မဟာမြေရိုင်းနယ်မြေ တစ်ခုလုံးကို အကြမ်းဖျင်းအားဖြင့် လျင်မြန်စွာ နားလည်သွားခဲ့၏။
သူတို့ ယခု ရောက်ရှိနေသောနေရာသည် တောင်ပိုင်းကောင်းကင်နယ်မြေနှင့် မဟာမြေရိုင်းနယ်မြေတို့ကြားရှိ အလွန်တရာ ကြီးမားကျယ်ပြန့်သော ထာဝရဟင်းလင်းပြင်နေရာ ဖြစ်သည်။
ဤထာဝရဟင်းလင်းပြင်သည် သူတို့ပထမဆုံး ကျော်ဖြတ်လာသည့် ထာဝရဟင်းလင်းပြင်ထက် အဆပေါင်းများစွာ ပို၍ ကြီးမားသည်။
"ဒါက ဘယ်နေရာလဲ"
ကျန်းချန်က သူ၏ရှေ့မှ မြေပုံကို ကြည့်ရင်း ရုတ်တရက် တစ်နေရာသို့ လက်ညှိုး ညွှန်ပြလိုက်သည်။
သူ၏မျက်ဝန်းထဲတွင်လည်း အံ့အားသင့်သော အရိပ်အယောင် တစ်ခု ဖျတ်ခနဲ လက်သွားခဲ့၏။
ကျန်းချန် ညွှန်ပြခဲ့သော နေရာတွင် အနီရောင်မျဥ်းများဖြင့်ဆွဲထားသော နန်းတော်တစ်ခု ရှိနေခဲ့သည်။
ထိုနန်းတော်သည် မကြီးမားသော်လည်း အနီရောင်မျဥ်းများဖြင့် မှတ်သားထားသောကြောင့် မြေပုံပေါ်တွင် အလွန်တရာထင်ရှားနေခဲ့၏။
ထာဝရဟင်းလင်းပြင်ထဲတွင် ထိုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သည့် နန်းတော်တစ်ခု တည်ရှိနေခြင်းသည် သူ့ကို အံ့အားသင့်စေခဲ့သည်။
"ဒီနန်းတော်က ထာဝရဟင်းလင်းပြင်မှာ တည်ရှိတဲ့ ထာဝရဘုရားကျောင်းပဲ"
ကျန်းချန်၏ မေးခွန်းကိုကြားလျှင် ကျူးရှင်းယွီ၏ အမူအရာသည် ပိုမို၍ လေးနက်သွားခဲ့သည်။
"ထာဝရဘုရားကျောင်းက နတ်ဘုရားနယ်မြေမှာ ရှိတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုတစ်ခု ဖြစ်ပြီး ထာဝရဟင်းလင်းပြင်ပေါ်မှာ တည်ဆောက်ထားတဲ့ နတ်ဘုရားနယ်မြေရဲ့ တစ်ခုတည်းသော အင်အားစုပဲ"
"ထာဝရဟင်းလင်းပြင်မှာ ထာဝရဘုရားကျောင်းက တည်ထောင်ထားတဲ့ ထာဝရဘုရားကျောင်းခွဲတွေ တစ်ခုစီ ရှိတယ်လို့ ဆိုကြတယ်.. ထာဝရဘုရားကျောင်းတော်ရဲ့အင်အားက နားမလည်နိုင်လောက်အောင် နက်ရှိုင်းပြီး နတ်ဘုရင်အဆင့် အင်အားစုတွေတောင် အလွယ်တကူ မထိပါးဝံ့ကြဘူး"
ကျန်းချန်က မြေပုံပေါ်ရှိ အနီရောင်နန်းတော်ကို စိုက်ကြည့်နေခဲ့သည်။
သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်နေသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။
နတ်ဘုရင်အဆင့် အင်အားစုများပင်လျှင် အလွယ်တကူ မထိဝံ့၍ ထိုထာဝရဘုရားကျောင်းသည် အနည်းဆုံး နတ်ဘုရင်အဆင့် အင်အားစုများနှင့် နှိုင်းယှဥ်နိုင်သည့် ကြောက်မက်ဖွယ်ရာကောင်းသော အင်အားစု ဖြစ်သည်မှာ ထင်ရှား၏။
သို့သော်လည်း ထာဝရဟင်းလင်းပြင်ထဲရှိ စွမ်းအင်သည် အလွန်တရာ ပါးလွှာပြီး အရင်းအမြစ်များ အတော်လေးချို့တဲ့သည်။
ထာဝရဘုရားကျောင်းတော်သည် နတ်ဘုရင်အဆင့် အင်အားစုပင် မထိပါးဝံ့သည့် ကြောက်မက်ဖွယ်ရာကောင်းသော အင်အားစု ဖြစ်ရာ အထွတ်အထိပ် နယ်မြေကြီး တစ်ခုကို ထိန်းချုပ်လျှင်ပင် ပြဿနာ မရှိလောက်ပေ။
ဤထာဝရဘုရားကျောင်းတော်သည် အဘယ်ကြောင့် ထာဝရဟင်းလင်းပြင်ထဲတွင် တည်ဆောက်ရန် ရွေးချယ်ခဲ့သည်ကို ကျန်းချန် အမှန်တကယ် နားမလည်နိုင်တော့ပေ။
အခန်း(၁၇၃၂)ပြီး၏။
အခန်း(၁၇၃၃)
"ဒီထာဝရဘုရားကျောင်းရဲ့ ဇစ်မြစ်က ဘာလဲ.. ဘာကြောင့် ထာဝရဟင်းလင်းပြင်မှာ တည်ဆောက်ထားရတာလဲ"
ကျန်းချန်က စိတ်ဝင်တစား မေးလိုက်သည်။
"အဲဒါတော့ ငါလည်း မသိဘူး"
ကျူးချင်းက ခေါင်းခါရမ်းလိုက်၏။
"ထာဝရဘုရားကျောင်းက အရမ်းကို လျှို့ဝှက်ဆန်းကြယ်တယ်.. ထာဝရဘုရားကျောင်းတော်နဲ့ မူလဇစ်မြစ်နဲ့ပတ်သက်ပြီး နတ်ဘုရားနယ်မြေမှာ သိတဲ့သူ အနည်းငယ်လောက်ပဲ ရှိလောက်တယ်"
ကျူးချင်းက ဖုံးကွယ်ထားခြင်းမရှိဘဲ သူသိထားသည့်ထာဝရဘုရားကျောင်းတော်နှင့် ပတ်သက်သည့် အချက်အလက်အားလုံးကို ကျန်းချန်အား ပြောပြခဲ့သည်။
ထာဝရဘုရားကျောင်းသည် ထာဝရ ဟင်းလင်းပြင်များတွင် တည်ဆောက်ထားသော အင်အားစု ဖြစ်သည်။
ထာဝရဟင်းလင်းပြင်တွင် ခရီးသွားလာသော ကျင့်ကြံသူအများစု အတွက် ထာဝရဘုရားကျောင်းသည် ရိက္ခာများကုန်သွယ်ရာနေရာတစ်ခုလည်းဖြစ်သည်။
ဆိုရလျှင် ထာဝရဟင်းလင်းပြင်သည် အဆုံးမဲ့ ကြီးမားကျယ်ပြန့်ပြီး ပိုမိုကြီးမားသည့် ထာဝရဟင်းလင်းပြင် တချို့ကို ဖြတ်ကျော်လျှင် ၁နှစ် သို့မဟုတ် ၂နှစ်ခန့် ကြာမြင့်ပြီးမှသာ အနီးအနားရှိ နယ်မြေသို့ ရောက်ရှိနိုင်သည်။
အထူးသဖြင့် နတ်ဘုရားနယ်မြေ၏ အလယ်ဗဟိုတွင် တည်ရှိသော နယ်မြေတချို့ကို ခရီးသွားလျှင် နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်များစွာ အထိ ကြာမြင့်နိုင်သည်။
ထာဝရဟင်းလင်းပြင်တွင် ဤမျှလောက် အချိန်ကြာမြင့်စွာ ခရီးထွက်ခြင်းသည် အပြောင်းအလဲ များစွာကို ဖြစ်ပေါ်စေနိုင်သည်။
ဥပမာပြရလျှင် အရင်းအမြစ် ပြတ်လပ်မှု နှင့် ဟင်းလင်းပြင်လှေ ပျက်စီးမှုတို့ ဖြစ်သည်။
ထို့ကြောင့် ထာဝရဟင်းလင်းပြင်တွင် တည်ဆောက်ထားသော ထာဝရဘုရားကျောင်းသည် ထာဝရ ဟင်းလင်းပြင်တွင် ခရီးသွားလာသော သူများအတွက် အဆင်ပြေစေခဲ့သည်။
ယင်းအပြင် ထာဝရဘုရားကျောင်းသည် ထာဝရဟင်းလင်းပြင်တွင် ခရီသွားလာသောသူများအတွက် ကုန်သွယ်ရေး တစ်မျိုးတည်းကိုသာ လုပ်ဆောင်နေခြင်းမဟုတ်ပေ။
၎င်းတို့က ထာဝရဟင်းလင်းပြင်တွင် ခရီးသွားလာကြသည့် ကျင့်ကြံသူများထဲမှ ပါရမီရှင် တချို့ကို ထာဝရဘုရားကျောင်း၏ အဖွဲ့ဝင်အဖြစ် သိမ်းသွင်းလေ့ ရှိကြသည်။
အင်အားစုများတွင် မပါဝင်ရသေးသော ကျင့်ကြံသူတချို့သည် ထာဝရဘုရားကျောင်းတော်၏ အဖွဲ့ဝင်များ ဖြစ်လာနိုင်၏။
ထို့အပြင် ထာဝရဘုရားကျောင်းတော်များတွင် ယေဘုယျအားဖြင့် အနီးအနားရှိ နယ်မြေကို တည်နေရာ ရွှေ့ပြောင်းနိုင်သည့် တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင် တစ်ခုစီ ရှိကြသည်။
ကျန်းချန်တို့ သွားရောက်ချင်သော နယ်မြေသည် နတ်ဘုရင်အဆင့်အင်အားစု ရှိသည့် မဟာမြေရိုင်းနယ်မြေ ဖြစ်သည်။
တစ်နည်းအားဖြင့် အချိန်ကုန်သက်သာချင်သည် ဆိုလျှင် ထာဝရဘုရားကျောင်း၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုကာ သူတို့သည် မဟာမြေရိုင်းနယ်မြေသို့ တည်နေရာ ရွှေ့ပြောင်းနိုင်မည် ဖြစ်၏။
သို့သော်လည်း ထာဝရဘုရားကျောင်းတွင် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုသည့် ကုန်ကျစရိတ်သည် အလွန်ပင် မြင့်မား၍ လူအများစုသည် မတတ်နိုင်ကြပေ။
မည်သို့ပင်ဖြစ်စေကာမူ ထာဝရဟင်းလင်းပြင်ကို ဖြတ်ကျော်နိုင်သည့် ဤကဲ့သို့ နယ်မြေ ဖြတ်ကျော်သည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို သာမန် နယ်မြေနတ်ဘုရားအဆင့် အင်အားစုများပင် မတည်ဆောက်နိုင်ကြပေ။
ဤတစ်ချက်တည်းနှင့်ပင် ထာဝရဘုရားကျောင်း၏ စွမ်းအားသည် မည်မျှပင် နားမလည်နိုင်လောက်အောင် နက်ရှိုင်းမှန်း မြင်နိုင်ရန် လုံလောက်နေပြီ ဖြစ်၏။
"ဒီထာဝရဘုရားကျောင်းရဲ့ တည်နေရာက ကျွန်တော်တို့နဲ့ သိပ်မဝေးလောက်ဘူး ထင်တယ်.. ဒီလိုဆိုမှတော့ ထာဝရဘုရားကျောင်းကို အရင်ဆုံးသွားကြရအောင်"
ကျန်းချန်က မြေပုံပေါ်ရှိ အနီရောင် အမှတ်အသားကို စိုက်ကြည့်လိုက်ပြီးနောက်တွင် သိပ်မကြာခင်မှာပင် ဆုံးဖြတ်ချက်ချလိုက်သည်။
ထာဝရဟင်းလင်းပြင်တွင် တည်ဆောက်ထားသည့် ဤလျှို့ဝှက်ဆန်းကြယ်သော အင်အားစု အကြောင်းကို ကျန်းချန်သည် အလွန်တရာ စိတ်ဝင်စားနေခဲ့၍ သွားကြည့်ချင်ခဲ့သည်။
ထို့အပြင် ဝေလငါးကို သတ်ဖြတ်လိုက်သည့် အတွက် အခက်အခဲတစ်ခုသည် သူနှင့် နီးကပ်လာပြီဟု ကျန်းချန်သည် ပင်ကိုသိစိတ်ကနေ ခံစားခဲ့ရသည်။
သူ၏ခန့်မှန်းချက်သာ မမှားခဲ့လျှင် ဝေလငါး၏ ပိုင်ရှင်သည် လျှို့ဝှက်နည်းစနစ် တစ်ခုကို အသုံးပြုကာ သူ၏နောက်သို့ ခြေရာခံ၍ လိုက်လာခြင်းသာ ဖြစ်ရပေမည်။
ဤပြဿနာကို ဖြေရှင်းရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ထာဝရဘုရားကျောင်းကို တတ်နိုင်သမျှ အမြန်ဆုံးရောက်ရှိရန်သာ ဖြစ်၏။
ဆိုရလျှင် ထာဝရဘုရားကျောင်းသည် ထာဝရဟင်းလင်းပြင်၏ အရှင်သခင် ဆိုလည်း မမှားပေ။
နတ်ဘုရင်အဆင့် အင်အားစုများပင် ထာဝရဘုရားကျောင်းကို မထိပါးဝံ့ချေ။
သူသာ ထာဝရဘုရားကျောင်းကို ရောက်ရှိသွားမည် ဆိုလျှင် ဝေလငါး၏ သခင်သည် နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်နေလျှင်ပင် ထာဝရဘုရားကျောင်းထဲတွင် သူ့ကို သတ်ဖြတ်ရန် လုပ်ဆောင်ရဲလောက်မည် မဟုတ်ပေ။
ထို့အပြင် ထာဝရဘုရားကျောင်းတွင် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ရှိ၍ သူ့အနေဖြင့် မဟာမြေရိုင်းနယ်မြေသို့ တည်နေရာ ရွှေ့ပြောင်းနိုင်မည် ဖြစ်သည်။
"ကောင်းပြီ.. အကြာဆုံး လဝက်အတွင်း ငါတို့တွေ ထာဝရဘုရားကျောင်းကို ရောက်ရှိနိုင်လောက်ပါတယ်"
ကျုးချင်းက ခေါင်းညိတ်ကာ ပြုံးရွှင်စွာ ပြောလိုက်သည်။
တကယ်တမ်းတွင် ကျန်းချန်က အဆိုမပြုခဲ့လျှင်ပင် သူက ကျန်းချန်ကို ထာဝရဘုရားကျောင်းသို့ သွားရန် အကြံပြုဖို့ ရည်ရွယ်ထားခဲ့သည်။
ဤအနက်ရောင် ဟင်းလင်းပြင်လှေသည် အဆင့်မမြင့်မားပေ။
ထို့ကြောင့် ထာဝရဟင်းလင်းပြင်တွင် အချိန်ကြာမြင့်စွာ ခရီးသွားပြီးနောက်တွင် နေရာအချို့၌ ပျက်စီးလာခဲ့ရာ တတ်နိုင်သမျှ အမြန်ဆုံး ပြုပြင်ရတော့မည် ဖြစ်သည်။
ထာဝရဘုရားကျောင်းသည် ဟင်းလင်းပြင်လှေကို တည်ဆောက် ပြုပြင်ရန်အတွက် အကောင်းဆုံးနေရာလည်းဖြစ်၏။
ကျူးချင်းသည်လည်း သူတို့၏ ပျက်စီးနေသောဟင်းလင်းပြင်လှေ အပါအဝင် မတော်တဆ ဖြစ်ရပ်များကို ကာကွယ်ရန်အတွက် ထာဝရဘုရားကျောင်းကို သွားရောက်ရန် ရည်ရွယ်ထားခဲ့သည်။
-----------------
လဝက်ခန့်ဟူသော အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်းမှာပင် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ကျန်းချန်တို့လူစုသည် အဆုံးသတ်တွင် ထာဝရဟင်းလင်းပြင်တည်ရှိသည့် ဧရိယာ၏ အနီးသို့ ရောက်ရှိလာခဲ့ကြ၏။
ကျန်းချန်၊ ကျူးချင်းနှင့် တခြားသူများသည် ဟင်းလင်းပြင်လှေ၏ ထိပ်တွင် ရပ်နေခဲ့ကြသည်။
ထာဝရဘုရားကျောင်းနှင့် နီးကပ်လာသည်နှင့်အမျှ သူတို့ကို ပိုမို၍ သတိထားခဲ့ကြသည်။
အကြောင်းအရင်းမှာ ထာဝရဘုရားကျောင်းနှင့် အနီးအနားတွင် အစွမ်းထက် ကျင့်ကြံသူများနှင့် ဟင်းလင်းပြင်လှေများစွာကို တွေ့ရှိရသောကြောင့် ဖြစ်၏။
ထာဝရဘုရားကျောင်း၏ အနီးကို ရောက်လာကြသော ထိုအဖွဲ့များသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်ဆောင်ကြကာ တိုက်ခိုက်မှုများပင် ဖြစ်ပေါ်နေခဲ့ကြသည်။
သို့သော်လည်း ကျန်းချန်တို့ အဖွဲ့တွင် ကောင်းကင်နတ်ဘုရား၆ပါး ရှိသည်။
ထိုအထဲတွင် ကျူးချင်းသည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ရှိ၍ မည်သူကမှ သူတို့အဖွဲ့ကို ပြဿနာရှာရန် မကြိုးစားရဲကြပေ။
"အစ်ကိုကျန်းချန်.. ထာဝရဘုရားကျောင်းက ရှေ့မှာပဲ"
ကျူးရှင်းယွီက ရှေ့မှ နေရာတစ်ခုကို ညွှန်ပြလိုက်ပြီး ကျန်းချန်ကို ပြောလိုက်သည်။
ကျန်းချန်က အကဲခတ်လိုက်ရာ ငွေရောင် အလင်းများကို ထုတ်လွှတ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် အလင်းအစုအဝေး တစ်ခုကို မြင်လိုက်ရ၏။
ကျန်းချန်တို့လူစု အနီးသို့ ရောက်ရှိလာသည်နှင့်အမျှ ထိုငွေရောင်အလင်း အစုအဝေးကို ထင်ထင်ရှားရှား မြင်တွေ့လာရသည်။
သိပ်မကြာခင်မှာပင် သူတို့လူစုသည် ငွေရောင်အလင်းအစုအဝေးနှင့် မိုင်၁၀၀အောက် နီးပါး အကွာအဝေးသို့ ရောက်ရှိလာခဲ့ကြသည်။
ထိုအခါ ငွေရောင်အလင်း အစုအဝေးထဲတွင် ပေ၁၀၀၀ခန့်အရွယ်အစားရှိသော နန်းတော်တစ်ခု၏ ပုံရိပ်သည် ကျန်းချန်နှင့် တခြားသူများ၏ မြင်ကွင်းထဲတွင် ရှင်းရှင်းလင်းလင်းပေါ်ထွက်လာခဲ့သည်။
"ဒါက ထာဝရဘုရားကျောင်းလား"
ငွေရောင်အလင်း အစုအဝေးဖြင့် ထာဝရ ဟင်းလင်းပြင်ကနေ ခွဲထွက်နေသော သီးခြားကမ္ဘာကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့သြသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
ထိုအချိန်မှာပင် အနီးအနားရှိ လူများစွာသည် ငွေရောင်အလင်း အစုအဝေးထဲရှိ နန်းတော်နှင့်ဆင်တူသော ပုံရိပ်ထဲကို ပျံသန်း ဝင်ရောက်သွားခဲ့ကြသည်။
ကျန်းချန်တို့ လူစုကလည်း တုံ့ဆိုင်းမနေတော့ဘဲ ထာဝရဘုရားကျောင်း၏ အပြင်ဘက်ကနေ ငွေရောင်အလင်းအစုအဝေးကို လျင်မြန်စွာ ဖြတ်သန်းခဲ့ကြသည်။
ငွေရောင်အလင်း အစုအဝေးကို ဖြတ်သန်းပြီးနောက်တွင် ကောင်းကင်နှင့် မြေကြီး၏ သိပ်သည်းသော စွမ်းအားများသည် သူတို့ဆီသို့ လျင်မြန်စွာ ရိုက်ခတ်လာခဲ့၏။
ကျန်းချန်က သူ၏ရှေ့မှ မြင်ကွင်းကို မြင်လျှင် ချက်ချင်းဆိုသလို မှင်တက်သွားခဲ့၏။
အပြင်ဘက်ကနေ ကြည့်လျှင် ပေ၁၀၀၀ အရွယ်အစားခန့်သာ ရှိသည်ဟု မူလက ထင်ရသော နန်းတော်သည် တကယ်တမ်းတွင် ကြီးမားသော မြို့ကြီးတစ်မြို့ ဖြစ်နေခဲ့သည်။
နန်းတော်ဟု ထင်ရခြင်းမှာ ထိုမြို့၏ နံရံများကို နန်းတော်နံရံကဲ့သို့ တည်ဆောက်ထားသောကြောင့်ပင်။
ထိုမြို့ကြီးသည် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အခမ်းနားဆုံးဖြစ်သည့် ရှန်လုံမြို့ထက်ပင် ပိုမို ခမ်းနားနေခဲ့သည်။
မြို့၏ ဂိတ်ဝအထက်တွင် တောက်ပသော ငွေရောင်အလင်းများကို ထုတ်လွှတ်နေသည့် ထာဝရဘုရားကျောင်း ဟူသောစာလုံးများ ရှိနေခဲ့ပြီး ထိုစာလုံးကနေ စိတ်ဝိညာဥ်ကိုပင် ရပ်တန့်စေလောက်သည့် အရှိန်အဝါများ ထုတ်လွှတ်နေခဲ့၏။
ကျန်းချန်၏ လက်ရှိစွမ်းအားဖြင့်ပင် ထိုစာလုံးများကို စိုက်ကြည့်မိလိုက်သောအခါ သူ၏ စိတ်ဝိညာဥ်ကို တိုက်ရိုက်ဖောက်ဝင်သွားသည့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားခဲ့ရသည်။
"ဒီလောက် ကြောက်ဖို့ကောင်းတဲ့ စာလုံးကို သာမန် နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူက ရေးနိုင်မှာ မဟုတ်ဘူး"
ကျန်းချန်က စိတ်ထဲကနေ ထာဝရဘုရားကျောင်းကို လေးစားသွားခဲ့သည်။
ထိုအချိန်မှာပင် ထာဝရဘုရားကျောင်းကို ရောက်ရှိလာသော လူများစွာသည် မြို့၏ ဂိတ်တံခါးတွင် ရှိနေသည့် အစောင့်များကို သူတို့၏ တံဆိပ်ပြားများကို ပြသကာ ထာဝရဘုရားကျောင်းထဲသို့ ဝင်ရောက်သွားခဲ့ကြသည်။
ထာဝရဘုရားကျောင်း၏ မြို့ဂိတ်တွင် စုစုပေါင်း အစောင့်၄ဦးရှိနေခဲ့၏။
ထို၄ဦး၏ အရှိန်အဝါအရ အနည်းဆုံး ကောင်းကင်နတ်ဘုရား တတိယအဆင့်တွင် ရှိလောက်၏။
အထူးသဖြင့် ခေါင်းဆောင်လုပ်သူ၏ အရှိန်အဝါသည် ကျူးချင်းထက် များစွာ ပိုအားကောင်း၍ ကောင်းကင်နတ်ဘုရားပဉ္စမအဆင့်သို့ပင် ရောက်ရှိနေလောက်သည်။
"ဒီထာဝရဘုရားကျောင်းရဲ့ အင်အားက တကယ်ကို သာမန်မဟုတ်ဘူးပဲ"
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် အသက်ရှူကြပ်လာသလိုပင် ခံစားလိုက်ရ၏။
သူတို့ရှေ့မှ ကောင်းကင်နတ်ဘုရား ၄ပါးသည် ရှေးဟောင်းနဂါးကုန်းမြေတွင်သာ ဆိုလျှင် အထွတ်အထိပ်၌ ရပ်တည်ရန် လုံလောက်သော အဆင့်အတန်းမျိုး ဖြစ်သည်။
သို့သော်လည်း ထိုကဲ့သို့သော ကျင့်ကြံသူပင်လျှင် ဤထာဝရဘုရားကျောင်းတွင် ဂိတ်စောင့်အဆင့်သာ ရှိနေခဲ့၏။
ထို့အပြင် ဤထာဝရဘုရားကျောင်းသည် နတ်ဘုရားနယ်မြေ၏ အစွန်အဖျားတွင် ရှိသည့် ဌာနခွဲ တစ်ခုသာဖြစ်သည်။
နတ်ဘုရားနယ်မြေ၏ အလယ်ဗဟိုတွင် ရှိသည့် ထာဝရဘုရားကျောင်း၏ အင်အားသာ ဆိုလျှင် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းမည်ကို ကျန်းချန်သည် တွေးပင်မတွေးရဲတော့ပေ။
အခန်း(၁၇၃၃)ပြီး၏။
အခန်း(၁၇၃၄)
"အကြီးအကဲကျူး.. ထာဝရဘုရားကျောင်းထဲကို ဝင်ဖို့ တံဆိပ်ပြား လိုအပ်သေးတာလား"
သူ့ရှေ့မှ အခြေအနေကို မြင်လျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဒါက ထာဝရတံဆိပ်ပြားပဲ.. နတ်ဘုရားနယ်မြေရဲ့ ထာဝရဟင်းလင်းပြင်မှာရှိတဲ့ ထာဝရဘုရားကျောင်းထဲကို ဝင်ဖို့ဆိုရင် ထာဝရတံဆိပ်ပြားကို လိုအပ်တယ်"
ကျူးချင်းက လူအများ တန်းစီနေသည့် နေရာကို ညွှန်ပြကာ ပြောလိုက်သည်။
"ဒါက ထာဝရတံဆိပ်ပြားကို လျှောက်ထားတဲ့နေရာပဲ.. ထာဝရတံဆိပ်ပြား တစ်ခု ရှိပြီးတာနဲ့ နတ်ဘုရားနယ်မြေမှာ ရှိတဲ့ ထာဝရဘုရားကျောင်းတိုင်းမှာ အသုံးပြုနိုင်တယ်"
ကျန်းချန်က ဟင်းလင်းပြင်လှေကို သိမ်းလိုက်ပြီးနောက်တွင် ကျူးချင်းတို့နှင့် အတူ တန်းစီ စောင့်ဆိုင်းနေခဲ့သည်။
ခဏအကြာတွင် ကျန်းချန်၏ အလှည့်သို့ ရောက်ရှိလာခဲ့၏။
"ထာဝရတံဆိပ်ပြားတစ်ခုကို အဆင့်မြင့်ခရစ္စတယ် ၁၀၀ လိုအပ်တယ်.. ထာဝရဘုရားကျောင်းမှာ တစ်ရက်နေထိုင်မယ်ဆိုရင်တော့ အဆင့်မြင့် ခရစ်စတယ် တစ်ခု ကုန်ကျလိမ့်မယ်"
ထာဝရတံဆိပ်ပြားကို ထုတ်ပေးရန် တာဝန်ယူထားသည့် ငွေရောင်ဝတ်စုံဝတ် အကြီးအကဲက ကျန်းချန်ကို ပြောလိုက်သည်။
"ဒီလောက်တောင် စျေးကြီးတယ်လား"
ငွေရောင်ဝတ်စုံဝတ် အဘိုးအို၏ စကားကိုကြားလျှင် ကျန်းချန်သည် မအံ့သြဘဲ မနေနိုင်တော့ပေ။
ထာဝရဘုရားကျောင်းထဲကို ဝင်ရောက်ရန် ကန့်သတ်ချက် မရှိသော်လည်း သုံးစွဲရမည့် ပမာဏက အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းနေခဲ့သည်။
သိထားရမည့်အချက်မှာ နတ်ဘုရားနယ်မြေ၏ နယ်မြေအများစုတွင် ငွေကြေးအဖြစ် အဆင့်နိမ့် နတ်ခရစ္စတယ်ကိုသာ အသုံးပြုကြသည်။
ဆိုရလျှင် အဆင့်မြင့် နတ်ခရစ္စတယ်တစ်ခုသည် အလယ်အလတ် နတ်ခရစ္စတယ် ၁၀၀နှင့် အဆင့်နိမ့် နတ်ခရစ္စတယ် ၁၀၀၀၀နှင့် ညီမျှသည်။
ထို့ကြောင့် ထာဝရတံဆိပ်ပြားသည် အဆင့်နိမ့် နတ်ခရစ္စတယ် ၁၀၀၀၀နှင့် ညီမျှ၏။
ထာဝရဘုရားကျောင်းတွင် ၁ရက် နေထိုင်လိုလျှင်မူ အဆင့်နိမ့်နတ်ခရစ္စတယ် ၁၀၀၀၀ ကုန်ကျမည် ဖြစ်သည်။
ဤကဲ့သို့သော ပမာဏသည် ကောင်းကင်နတ်ဘုရားအဆင့်ကျင့်ကြံသူများသာ တတ်နိုင်လောက်သည့် ပမာဏ ဖြစ်သည်။
ဆိုရလျှင် ဤထာဝရဘုရားကျောင်းသည် သာမန်ကျင့်ကြံသူများ နေနိုင်သည့်နေရာ လုံးဝမဟုတ်ပေ။
"ကောင်လေး ထာဝရဘုရားကျောင်းကို ထာဝရဟင်းလင်းပြင်မှာ ဖွင့်လှစ်ထားတဲ့အတွက် နေ့စဥ် ထိန်းသိမ်းမဲ့ ကုန်ကျစရိတ်အနေနဲ့ နတ်ခရစ္စတယ် အများအပြား လိုအပ်တယ်.. ထာဝရဟင်းလင်းပြင်လို နေရာမှာ ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအင်တွေ အပြည့်အဝရှိတဲ့ ဒီလိုကမ္ဘာမျိုးကို တည်ဆောက်ဖို့လွယ်ကူတယ်လို့များ မင်းထင်နေလား.. အရမ်းစျေးကြီးတယ်လို့ ထင်နေရင် ထွက်သွားလို့ရတယ်"
ငွေရောင်ဝတ်ရုံဝတ် အဘိုးအိုက စိတ်မရှည်သော အမူအရာဖြင့် ပြောလိုက်သည်။
ကျန်းချန်က အပိုစကားများ မပြောတော့ဘဲ အဆင့်နိမ့်နတ်ခရစ္စတယ် ၂သန်းကို ထုတ်ယူလိုက်သည်။
သူက ၁သန်းကို ထာဝရတံဆိပ်ပြား ဝယ်ယူရန် အသုံးပြုခဲ့ပြီး ကျန်၁သန်းကိုမူ ထာဝရဘုရားကျောင်းတွင် နေထိုင်ရန်အတွက် အသုံးပြုခဲ့သည်။
သူ့အတွက် ကံကောင်းသွားသည်မှာ နှင်းနတ်ဘုရားနန်းတော်ကို ဖျက်ဆီးခဲ့ပြီးနောက်တွင် နှင်းနတ်ဘုရားနန်းတော်ကနေ နတ်ခရစ္စတယ် အများအပြားကို ရရှိခဲ့ခြင်းပင်။
သို့မဟုတ်လျှင် ဤမျှ များပြားသည့် နတ်ခရစ္စတယ် ပမာဏကို သူ့အနေဖြင့် အကုန်အကျခံနိုင်မည် မဟုတ်ပေ။
ရှေးဟောင်းနဂါး မျိုးနွယ်စုတွင် ဤနှစ်တွေအတွင်း ကျန်းချန်သည် သူ၏ စွမ်းအားကို အရူးအမူး တိုးတက်အောင် လုပ်ဆောင်နေခဲ့ပြီး နတ်ခရစ္စတယ်နှင့် ပတ်သက်၍ အာရုံသိပ်စိုက်ခဲ့ခြင်း မရှိခဲ့ပေ။
အထူးသဖြင့် ကောင်းကင်နတ်ဘုရားအဆင့်ကို အောင်မြင်စွာ ထိုးဖောက်ပြီးနောက်တွင် အဆင့်နိမ့် နတ်ခရစ္စတယ်သည် ကောင်းကင်နတ်ဘုရားအဆင့် အတွက် အကျိုးသက်ရောက်မှုနည်းပါးသွားချေပြီ။
ထို့ကြောင့် ကျန်းချန်သည် နတ်ခရစ္စတယ်ကို လျစ်လျူရှုလုနီးပါး ဖြစ်ခဲ့ပြီး သူ၏ ကိုယ်ပေါ်တွင် နတ်ခရစ္စတယ်များ မရှိခဲ့ပေ။
ကံကောင်းစွာဖြင့် နှင်းနတ်ဘုရားနန်းတော်ကို ဖျက်ဆီးပြီးနောက်တွင် ကျန်းချန်သည် နှင်းနတ်ဘုရား နန်းတော်၏ အရင်းအမြစ် အားလုံးကို သိမ်းဆည်းခဲ့သည်။
ယခုအခါတွင် ကျန်းချန်သည် အဆင့်နိမ့် နတ်ခရစ္စတယ် သန်းတစ်ရာကျော်ကို ပိုင်ဆိုင်ထား၍ အဆင့်နိမ့် နတ်ခရစ္စတယ် ၁သန်း သို့မဟုတ် ၂သန်း ဟူသော ပမာဏသည် သူ့အတွက် မှုလောက်စရာ ပမာဏ မဟုတ်တော့ပေ။
ကျူးချင်းတို့ လူစုအတွက်မူ ထာဝရဘုရားကျောင်းထဲကို ဝင်ရောက်ဖူးသောကြောင့် ထာဝရတံဆိပ်ပြားကို ထပ်မံ ဝယ်ယူရန် မလိုအပ်တော့ပေ။
ပထမအဆုံးအကြိမ် ဖြစ်သည့် ကျူးရှင်းယွီ တစ်ဦးတည်းသာလျှင် ထာဝရတံဆိပ်ပြားကို ဝယ်ယူရန်အတွက် အဆင့်နိမ့်နတ်ခရစ္စတယ် ၁သန်းကို သုံးစွဲခဲ့ရသည်။
နယ်မြေနတ်ဘုရားအဆင့် အင်အားစုမှ ဆင်းသက်လာသော ကျူးရှင်းယွီ အတွက် ထိုပမာဏသည် မှုလောက်စရာ ပမာဏမဟုတ်ချေ။
သူတို့နှစ်ယောက်စလုံးက ထာဝရတံဆိပ်ပြားကို ဝယ်ယူပြီးနောက်တွင် သွေးစက်ချကာ အတည်ပြုလိုက်သည်။
ထို့နောက်တွင် ကျန်းချန်၏ ထာဝရတံဆိပ်ပြားတွင် ၁၀၀ ဟူသော ဂဏန်းတစ်ခု ပေါ်လာခဲ့သည်။
ထိုအမှတ်အသားက သူ့အနေဖြင့် ထာဝရဘုရားကျောင်းထဲတွင် နေထိုင်နိုင်သည့် ရက်အရေအတွက်ကို ကိုယ်စားပြုမှန်း ကျန်းချန် နားလည်ခဲ့၏။
တံဆိပ်ပြားပေါ်ရှိ ဂဏန်းက သုည ဖြစ်သွားသောအချိန်တွင် အချိန်ကို ထပ်မံ မဝယ်ယူပါက သူ့ကို ထာဝရဘုရားကျောင်းကနေ နှင်ထုတ်လိမ့်မည် ဖြစ်၏။
တံဆိပ်ပြားကို လက်ဝယ်ရရှိပြီးနောက်တွင် သူတို့လူစုသည် ထာဝရဘုရားကျောင်း၏ ဂိတ်ဝကို ဖြတ်သန်းကာ အတွင်း ဆီသို့ ဦးတည်ခဲ့ကြသည်။
ဤသို့ဖြင့် အလွန်စည်းကားသော ကမ္ဘာတစ်ခုသည် ကျန်းချန်၏ မြင်ကွင်းတွင် ပေါ်လာခဲ့သည်။
ထာဝရဘုရားကျောင်းထဲကို ဝင်ရောက်ပြီးနောက်တွင် ကျန်းချန်သည် ထာဝရဘုရားကျောင်း၏ နေရာလွတ်က သူထင်ထားသည်ထက်ပင် ပိုမိုကြီးမားသည်ကို တွေ့ရှိခဲ့ရသည်။
သူ့ရှေ့မှမြို့၏ အကျယ်အဝန်းသည် ရှန်လုံမြို့ ၂မြို့၊ ၃မြို့စာခန့် ရှိ၏။
မြို့တော်ထဲတွင် လူပေါင်းများစွာ သွားလာနေကြပြီး ထိုအထဲမှအများစု၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်ဘုရားအဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
မြို့ထဲတွင် လမ်းလျှောက်ရင်း ကျန်းချန်သည် ကျူးချင်းထက် မနိမ့်ကျသည့် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူ များစွာကို တွေ့ရှိခဲ့ရသည်။
"ဒီထာဝရဘုရားကျောင်းထဲမှာ အစွမ်းထက် ကျင့်ကြံသူတွေ အများကြီးပါလား"
သူ၏ ပတ်ဝန်းကျင်မှ အခြေအနေကိုမြင်လျှင် ကျန်းချန်သည် မအံ့သြဘဲ မနေနိုင်တော့ပေ။
"ထာဝရဟင်းလင်းပြင်ကို အစွမ်းထက် ကျင့်ကြံသူတွေပဲ ဖြတ်သန်းလေ့ရှိကြတယ်.. ထာဝရဘုရားကျောင်းက ထာဝရဟင်းလင်းပြင်မှာ တည်ဆောက်ထားတာဆိုတော့ အစွမ်းထက်ကျင့်ကြံသူတွေ စုဝေးနေတာ သဘာဝပါပဲ.. ထာဝရဘုရားကျောင်းရဲ့စွမ်းအားက အားမနည်းဘူး.. ထာဝရဟင်းလင်းပြင်မှာရှိတဲ့ ထာဝရဘုရားကျောင်းတိုင်းမှာ အနည်းဆုံးနယ်မြေနတ်ဘုရားတစ်ပါးစီ ရှိတယ်လို့ ဆိုကြတယ်.. ထာဝရဘုရားကျောင်းမှာ ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုတွေကို တားမြစ်ထားတယ်.. နယ်မြေနတ်ဘုရားတောင် ထာဝရဘုရားကျောင်းထဲမှာ စိတ်လွတ်ကိုယ်လွတ် မပြုမူရဲဘူး.. ဒါကြောင့် ဝေလငါးသခင်နဲ့ ပတ်သက်ပြီး အရမ်းကြီး စိုးရိမ်နေစရာ မလိုအပ်တော့ဘူး"
ကျူးချင်းက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ထာဝရဘုရားကျောင်းကို ဆက်လက် ကြည့်ရှုနေခဲ့သည်။
ထာဝရဘုရားကျောင်းက အလွန်အမင်း ကြီးမားပြီး ခန်းမများနှင့် နန်းတော်များစွာ ရှိသည့်အပြင် ထိုနေရာများကို ထာဝရဘုရားကျောင်း၏ အစောင့်များက စောင့်ကြပ်ထားကြသည်။
ထို့အပြင် ထာဝရဘုရားကျောင်းရှိ လမ်းတစ်ဖက် တစ်ချက်တွင် အရွယ်အစားအမျိုးမျိုး ရှိသော စျေးဆိုင်များကိုလည်း တွေ့ရ၏။
"မိတ်ဆွေလေးကျန်းချန်.. ထာဝရဘုရားကျောင်းတော်ရဲ့အဆောက်အအုံတွေကို အဓိကအားဖြင့် အမျိုးအစားနှစ်မျိုးခွဲခြားထားတယ်.. တစ်မျိုးက အစောင့်တွေ စောင့်ကြပ်နေတဲ့ အဆောက်အအုံတွေ ဖြစ်ပြီး ဒီလို အဆောက်အအုံတွေ အားလုံးက ထာဝရဘုရားကျောင်းနဲ့ သက်ဆိုင်တယ်.. အများစုကတော့ ကုန်သွယ်ရေး အဆောက်အအုံတွေပဲ.. ဥပမာပြောရရင် ကိုယ်ခံပညာရပ်တွေ၊ မှော်ဆေးဝါးတွေ၊ ဟင်းလင်းပြင်လှေပြုပြင်ခြင်း၊ သက်တော်စောင့်လုပ်ငန်းနဲ့ အခြား ဝန်ဆောင်မှု လုပ်ငန်းတွေပဲ"
" ကျန်ရှိတဲ့ အမျိုးအစားကတော့ ပုဂ္ဂလိက အဆောက်အအုံအမျိုးအစားပဲ.. နယ်မြေနတ်ဘုရားအဆင့် အင်အားစုတွေက သူတို့ရဲ့ အဖွဲ့ဝင်တွေကို ထာဝရဘုရားကျောင်းမှာ အေးအေးဆေးဆေး နားခိုနိုင်ဖို့အတွက် ထာဝရဘုရားကျောင်းနဲ့ မဟာမိတ်ဖွဲ့ပြီး တည်ဆောက်ထားကြတယ်"
"............."
ကျူးချင်းက ထာဝရဘုရားကျောင်း၏ အခြေအနေကို ကျန်းချန်အား ဆက်လက်ရှင်းပြခဲ့သည်။
နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်လာခဲ့သည့် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူအနေဖြင့် ကျူးချင်းသည် ထာဝရဟင်းလင်းပြင်တွင် အကြိမ်ပေါင်းများစွာ ခရီးထွက်ခဲ့ဖူးပြီး ထာဝရဘုရားကျောင်းတွင်လည်း အကြိမ်ပေါင်းများစွာ နေထိုင်ခဲ့ဖူး၍ ထာဝရဘုရားကျောင်းနှင့် ပတ်သက်၍ များစွာ သိရှိထားသည်မှာ သဘာဝပင်။
သူမသိသည့် တစ်ခုတည်းသောအချက်မှာ ထာဝရဘုရားကျောင်း၏ မူလဇစ်မြစ်ပင် ဖြစ်သည်။
"ကျွန်တော်တို့ ဟင်းလင်းပြင်လှေကို ပြုပြင်တဲ့နေရာဆီ အရင်ဆုံးသွားကြရအောင်"
ကျန်းချန်က ကျုးချင်းကို ပြောလိုက်သည်။
မည်သို့ပင်ဖြစ်စေကာမူ ကျန်းချန်သည် ဟင်းလင်းပြင်လှေကို အရင်ဦးဆုံး ပြုပြင်ရန် ဆုံးဖြတ်ခဲ့သည်။
ကျူးချင်းက ခေါင်းညိတ်လိုက်ပြီးနောက်တွင် ကျန်းချန်ကို ခန်းမတစ်ခု ဆီသို့ ဦးဆောင်ကာ ခေါ်သွားခဲ့သည်။
ကျန်းချန်တို့လူစု ထာဝရဘုရားကျောင်းထဲသို့ ဝင်ရောက်ပြီး မကြာမီမှာပင် ထာဝရဘုရားကျောင်းနှင့် မိုင်၁၀၀ အကွာအဝေး၌ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် အနက်ရောင်ပုံရိပ် တစ်ခုသည် ထွက်ပေါ်လာခဲ့သည်။
အနီးအနားရှိ သာမန် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ တချို့သည် ထိုအနက်ရောင်ပုံရိပ်၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားမိလျှင် တုန်လှုပ်သွားခဲ့၏။
"ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ အရှိန်အဝါလဲ.. ဒါက အနည်းဆုံး ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့်ကျင့်ကြံသူရဲ့ အရှိန်အဝါ ဖြစ်လောက်တယ်"
လူတိုင်းက အနက်ရောင်ဝတ်စုံဝတ်လူကို မြင်လျှင် ချက်ချင်းဆိုသလို တုန်လှုပ်သွားကြပြီး လျင်မြန်စွာပင် အနက်ရောင်ဝတ်စုံဝတ် လူအတွက် လမ်းဖယ်ပေးလိုက်ကြသည်။
"ငါ့ရဲ့သားရဲကို သတ်ဖြတ်ရဲမှတော့ မင်းဘယ်လောက်ပဲထွက်ပြေးနေပါစေ.. ငါမင်းကို အမိဖမ်းပြီး သတ်ပစ်မယ်"
အနက်ရောင်ပုံရိပ်က သူ့ရှေ့မှ ထာဝရဘုရားကျောင်းကို စူးစိုက်၍ ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
ထို့နောက်တွင် သူ၏ပုံရိပ်သည် ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး ထာဝရဘုရားကျောင်းထဲကို တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့၏။
အခန်း(၁၇၃၄)ပြီး၏။