အခန်း (၁၇၃၈-၁၇၄၀)
Vol. 116 Ch. 1738-1740
အခန်း(၁၇၃၈)
သို့သော်လည်း ကျန်းချန်သည် ဖြစ်နိုင်ခြေများကို သိပ်ဂရုမစိုက်ခဲ့ပေ။
တိုက်ခိုက်ရေးကွင်းတွင် ဆက်တိုက် အောင်ပွဲ ရရှိမှုသည် ဂုဏ်ပြုဆုလာဘ်များနှင့် အခွင့်အရေးများအပြင် အကျိုးကျေးဇူးများကို ခံစားနိုင်မည် ဖြစ်သည်။
၁၀ပွဲဆက်တိုက် အောင်ပွဲ ရရှိပြီး နယ်မြေနတ်ဘုရားအဆင့်အင်အားစုမှ မဟုတ်လျှင် စိန်ခေါ်သူသည် ထာဝရဘုရားကျောင်းသို့ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီနိုင်မည် ဖြစ်သည်။
ထာဝရဘုရားကျောင်းသည် ဆက်တိုက်အောင်ပွဲ ရရှိမှုကို ဟန့်တားရန်အတွက် အစွမ်းထက် ကျင့်ကြံသူများကို လျှို့ဝှက်စွာ စေလွှတ်လေ့ရှိသည်။
သို့ရာတွင် ထာဝရဘုရားကျောင်းသည် စည်းမျဥ်းများအရ ကောင်းကင်နတ်ဘုရား တတိယအဆင့်ကိုသာ စေလွှတ်နိုင်၍ ကျန်းချန်အတွက် ပြဿနာ ကြီးကြီးမားမား ရှိမည်မဟုတ်ချေ။
ကျန်းချန်သည် ပါရမီရှင်အမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရဖူးသော်လည်း အမြဲတစေ အနိုင်ရခဲ့ပြီး အဆင့်ကျော် တိုက်ခိုက်ခြင်းများကိုပင် ပြုလုပ်ခဲ့သည်။
ဆိုရလျှင် ကျန်းချန်သည် အဆင့်တူအတွင်း မည်သူ့ကိုမှ ကြောက်ရွံ့နေမည် မဟုတ်ပေ။
"နောက်ထပ် ၁၀ပွဲဆက်တိုက် အောင်ပွဲ အတွက် စိန်ခေါ်သူအသစ် ကျန်းချန်ကို ကြိုဆိုလိုက်ရအောင်"
ကျယ်လောင်သော ကြေညာသံသည် ကွင်းပြင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။
"ဒီနေ့ ၁၀ပွဲဆက်တိုက် အောင်ပွဲ အတွက် စိန်ခေါ်သူ ထပ်ရှိနေတယ်လား"
ထိုင်ခုံတွင် ထိုင်နေကြသော နယ်မြေအသီးသီးမှ အစွမ်းထက်ကျင့်ကြံသူများသည် အံ့အားသင့်သွားကြသည်။
တိုက်ခိုက်ရေးကွင်းတွင် ၁၀ပွဲဆက်တိုက် အနိုင်ရရှိရန် စိန်ခေါ်ခြင်းသည် နယ်မြေနတ်ဘုရားအဆင့် အင်အားစုမှ ထိပ်တန်းပါရမီရှင်များ အတွက်ပင် လွယ်ကူသောအလုပ် မဟုတ်ပေ။
ထို့ကြောင့် တိုက်ခိုက်ရေးကွင်းတွင် ၁၀ပွဲဆက်တိုက် အောင်ပွဲကို စိန်ခေါ်သူ အရေအတွက်သည် အလွန်တရာ နည်းပါးပြီး တစ်ခါတစ်ရံတွင် တစ်လတွင် တစ်ကြိမ်ခန့်သာ ရှိသည်။
ယနေ့ ရီရွှေယွင် ပြီးနောက်တွင် တိုက်ခိုက်ရေးကွင်း၌ ၁၀ပွဲဆက်တိုက် အောင်ပွဲ စိန်ခေါ်သူအသစ် ပေါ်လာမည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။
အကဲဖြတ်ဒိုင်လူကြီးက ကျန်းချန်၏ စိန်ခေါ်ပွဲကို ကြေညာပြီးသည်နှင့် ထာဝရဘုရားကျောင်း၏ တရားဝင်ဝန်ထမ်းများသည် လောင်းကြေးများကို စတင် ဖွင့်လှစ်ခဲ့ကြသည်။
သို့သော်လည်း လူအများစုအတွက် ကျန်းချန် ဟူသောနာမည်သည် အစိမ်းသက်သက် ဖြစ်နေ၍ အလွယ်တကူ မလောင်းဝံ့ကြပေ။
အများစုက ဤတစ်ပွဲတွင် အလောင်းအစား မလုပ်ဘဲ လက်ရှောင်၍သာ နေခဲ့ကြသည်။
ကျန်းချန်က မည်သူမည်ဝါဖြစ်သည်ကို သူတို့က သိချင်နေခဲ့ကြ၏။
ကျန်းချန်က အကဲဖြတ်ဒိုင်လူကြီး၏ အသံကို ကြားသော်လည်း တိုက်ခိုက်ရေးကွင်း ဆီသို့ မသွားသေးဘဲ ထာဝရဘုရားကျောင်းမှ ဖွင့်ထားသော လောင်းကစားဒိုင်ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
"အဆင့်နိမ့် နတ်ခရစ္စတယ် ၁၀သန်းကို ဆယ်ပွဲဆက်တိုက် အောင်ပွဲအတွက် ငါ့ကိုယ်ငါ လောင်းမယ်"
ကျန်းချန်က သိုလှောင်လက်စွပ်ထဲကနေ အဆင့်နိမ့် နတ်ခရစ္စတယ် ၁၀သန်းကို ထုတ်ယူကာ ပြောလိုက်သည်။
ကျန်းချန်၏ စကားကိုကြားလျှင် ကွင်းပြင်တစ်ခုလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်ကာ ဆူညံသွားခဲ့သည်။
ယခုလေးတင် အကဲဖြတ်ဒိုင်လူကြီးက စိန်ခေါ်ပွဲ စတင်တော့မည်ဟု ကြေညာခဲ့သည်။
ထို့ကြောင့် ကွင်းပြင်တစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်နေခဲ့ပြီး စိန်ခေါ်သူအသစ် ထွက်ပေါ်လာမည်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
သို့သော်လည်း စိန်ခေါ်သူ ကျန်းချန်သည် အဆင့်နိမ့် နတ်ခရစ္စတယ် ၁၀သန်းကို သူ့ကိုယ်သူ လောင်းကြေးထပ်နေခဲ့၏။
ဤကဲ့သို့သော လုပ်ရပ်သည် လူတိုင်း၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။
"လခွမ်း ဒီကလေးက ဘယ်သူလဲ.. ၁၀ပွဲဆက်တိုက် အောင်ပွဲ အတွက် အဆင့်နိမ့်နတ်ခရစ္စတယ် ၁၀သန်းကိုတောင် လောင်းလိုက်တယ်လား"
"ခုနက သူ့ကိုယ်သူ လောင်းတယ်လို့ ပြောတာ မင်းမကြားဘူးလား"
"ဒါဆို ဒီကလေးက ၁၀ပွဲဆက်တိုက် အောင်ပွဲ အတွက် စိန်ခေါ်သူအသစ်လား"
"........."
လူတိုင်းက ကျန်းချန်ကိုကြည့်ကာ အံ့အားသင့်နေကြသည်။
စိန်ခေါ်ပွဲ မစသေးခင်ကပင် သူ့ကိုယ်သူ လောင်းကြေးထပ်နေသည်မှာ သာမန်ယုံကြည်မှုမျိုး မဟုတ်ပေ။
သူတို့က တိုက်ခိုက်ရေးကွင်းတွင် ၁၀ပွဲဆက်တိုက် အောင်ပွဲအတွက် စိန်ခေါ်သူ များစွာကို ကြည့်ရှုဖူးခဲ့သော်လည်း ဤမျှလောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသော စိန်ခေါ်သူကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။
"မင်း...မင်း ခုနက ဘာပြောလိုက်တာလဲ"
လောင်းကစားအတွက် တာဝန်ယူထားသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျန်းချန်၏ စကားကြောင့် မှင်တက်သွားခဲ့ပြီး နားကြားမှားသလားဟုပင် သူ့ကိုယ်သူ သံသယဝင်နေခဲ့သည်။
ကျန်းချန်က တည်ငြိမ်စွာပင် ထပ်ပြောလိုက်၏။
"ငါ အဆင့်နိမ့် နတ်ခရစ္စတယ်၁၀သန်းကို ၁၀ပွဲဆက်တိုက် အောင်ပွဲ အတွက် လောင်းကြေးထပ်မယ်.. ပြဿနာရှိလား"
"မရှိပါဘူး"
လူလတ်ပိုင်းအရွယ် အမျိုးသားက သတိပြန်ဝင်လာပြီးနောက်တွင် ပြုံး၍ ပြန်ဖြေလိုက်သည်။
သူ့ရှေ့မှ ကောင်လေးသည် တိုက်ခိုက်ရေးကွင်းပေါ်သို့ မတက်ရသေးသော်လည်း ၁၀ပွဲဆက်တိုက် အောင်ပွဲ အတွက် အဆင့်နိမ့်ခရစ္စတယ်၁၀သန်းကို လောင်းကြေးထပ်နေသည်မှာ အမှန်တကယ်ပင် စိတ်လှုပ်ရှားဖွယ်ကောင်းနေခဲ့၏။
သို့သော်လည်း တိုက်ခိုက်ရေးကွင်းတွင် ၁၀ပွဲဆက်တိုက် အောင်ပွဲ ရရှိမှန်မှာ လွယ်ကူသောအလုပ် မဟုတ်ပေ။
ထာဝရဘုရားကျောင်းက အစွမ်းထက် ကျင့်ကြံသူများကို စေလွှတ်နေသရွေ့ နယ်မြေနတ်ဘုရား အင်အားစုများရှိ ထိပ်တန်းပါရမီရှင်များပင် ၁၀ပွဲဆက်တိုက် အောင်ပွဲကို ရရန် လွယ်ကူမည် မဟုတ်ပေ။
ဤလူက သူ့ကိုယ်သူ ၁၀ပွဲဆက်တိုက် အောင်ပွဲ ရရှိမည်ဟု လောင်းကြေးထပ်နေခြင်းသည် ငွေများကို ထာဝရဘုရားကျောင်းထံ အလှူလာလုပ်နေခြင်းနှင့် မခြားနားပေ။
"ငါလည်း အဆင့်နိမ့် နတ်ခရစ္စတယ် ၁သန်းကို ၁၀ပွဲဆက်တိုက် အောင်ပွဲအတွက် လောင်းကြေးထပ်မယ်"
"ငါလည်း အဆင့်နိမ့်နတ်ခရစ္စတယ် ၁သန်းကို ၁၀ပွဲဆက်တိုက်အောင်ပွဲအတွက် လောင်းကြေးထပ်မယ်"
"..............."
ကျန်းချန် လောင်းကြေးထပ်ပြီးနောက်တွင် ကျူးချင်းတို့ လူစုကလည်း ၁၀ပွဲဆက်တိုက်အောင်ပွဲ အတွက် လောင်းကြေးထပ်ခဲ့ကြသည်။
ကျူးချင်းတို့ လူစုသည် ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ရှင်းရှင်းလင်းလင်း သိထားခဲ့ကြသည်။
ထာဝရဘုရားကျောင်းက ကောင်းကင်နတ်ဘုရား တတိယအဆင့် အစွမ်းထက်ကျင့်ကြံသူများကို စေလွှတ်လျှင်ပင် ကျန်းချန်၏ ပြိုင်ဘက် မည်သူမှ ဖြစ်နိုင်မည် မဟုတ်ပေ။
စိန်ခေါ်ပွဲက မစတင်သေးသော်လည်း သူတို့သည် ကျန်းချန်၏ ၁၀ပွဲဆက်တိုက် အောင်ပွဲကို လောင်းကြေးထပ်ခဲ့ကြသည်။
အကြောင်းရင်းမှာ ကျန်းချန်၏ အနိုင်ရရှိရန် ဖြစ်နိုင်ခြေသည် အမြင့်ဆုံးအဆင့် ဖြစ်သည့် ၁၀၀ရာခိုင်နှုန်းကိုပင် ရောက်ရှိနိုင်သောကြောင့်ပင်။
နတ်ခရစ္စတယ်များကို ဤမျှအလွယ်တကူ ရရှိနိုင်မည့် အခွင့်အရေး ရှိပါလျက် သူတို့က အဘယ်ကြောင့် လွဲချော်နိုင်ပါမည်နည်း။
"ဒီလူငယ်ရဲ့ အဖော်တွေက သူ့ဘက်ကနေ လောင်းကြေးထပ်ကြတာဆိုတော့ သူ့ကိုအတော်လေး ယုံကြည်မှုရှိနေပုံပဲ.. ငါတို့ရော နည်းနည်းပါးပါးလောက် လောင်းကြေး ထပ်လိုက်ကြရင် ကောင်းမလား"
ပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများသည် ထိုမြင်ကွင်းကို မြင်လျှင် ကျန်းချန်ဘက်ကနေ လောင်းကြေးထပ်ရန် အနည်းငယ်စိတ်ပါလာကြသည်။
"အလျင်မလိုပါနဲ့ဦး.. ပထမပွဲကို အရင်ကြည့်လိုက်ရအောင် အလောင်းအစားက အလောတကြီးလုပ်လို့ မဖြစ်ဘူး.. အခြေအနေကို သေချာချိန်ဆပြီးမှ လောင်းတာ အကောင်းဆုံးပဲ"
သတိကြီးသော လူတချို့က တည်ငြိမ်စွာဖြင့် ခွဲခြမ်းစိတ်ဖြာခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ကျန်းချန်သည် စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။
လောင်းကြေးထပ်ပြီးနောက်တွင် သူက တိုက်ခိုက်ရေးကွင်းဆီသို့ အေးအေးလူလူပင် တက်သွားခဲ့သည်။
"ကောင်းကင်နတ်ဘုရား တတိယအဆင့် စိန်ခေါ်သူ ကျန်းချန်ရဲ့ ပထမဆုံးစိန်ခေါ်ပွဲ အတွက် ကောင်းကင်နတ်ဘုရားတတိယအဆင့် ရှိတဲ့ မည်သူမဆို စင်ပေါ်တက်ပြီး စိန်ခေါ်နိုင်ပါတယ်"
အကဲဖြတ်ဒိုင်လူကြီးက ကျန်းချန်ကိုကြည့်ကာ တိုက်ရိုက်ပင် ကြေညာလိုက်သည်။
"ကောင်လေး မင်းက စင်ပေါ်မတက်ခင် လောင်းကြေးအနေနဲ့ နတ်ခရစ္စတယ် ၁၀သန်းတောင် လောင်းရဲတယ် ဆိုတော့ ကိုယ့်ကိုယ်ကိုယ် အတော်လေး ယုံကြည်မှုရှိတဲ့ပုံပဲ.. ဒီလိုဆိုမှတော့ ပထမပွဲအတွက် ငါမင်းနဲ့ ယှဥ်ပြိုင်မယ်"
လူလတ်ပိုင်းအရွယ် ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူတစ်ဦးက စင်ပေါ်သို့ တက်လာပြီးနောက်တွင် လက်သီးဆုပ်ကာ ဂါဝရပြု၍ ပြောလိုက်သည်။
"တိုက်လို့ရပြီ"
ထိုမြင်ကွင်းကိုမြင်လျှင် အကဲဖြတ်ဒိုင်လူကြီးသည် သူ၏ လက်ကိုဝှေ့ယမ်းကာ တိုက်ပွဲစတင်ကြောင်း ကြေညာခဲ့သည်။
"ဟားဟား.. ကောင်လေး ငါ့ရဲ့တိုက်ကွက် တစ်ကွက်လောက်ကို မြည်းကြည့်လိုက်စမ်း"
လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ရယ်မောလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။
တစ်ခဏအတွင်းမှာပင် ပတ်ဝန်းကျင်၌ မိုးခြိမ်းသံနှင့် လေမုန်တိုင်းများ တရကြမ်း တိုက်ခိုက်လာခဲ့သည်။
ထို့နောက်တွင် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ကျန်းချန်ကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ထိုလက်သီးချက်သည် တိုက်ခိုက်ရေးကွင်း၏ ပြင်ပတွင်သာဆိုလျှင် မိုင်၁၀၀ ပတ်ဝန်းကျင်ရှိ နေရာလွတ်ကိုပင် ချိုးဖျက်ပစ်ရန် လုံလောက်၏။
သို့သော်လည်း တိုက်ခိုက်ရေးကွင်းသည် နယ်မြေနတ်ဘုရားအဆင့်မှ ဖန်တီးထားသော နေရာလွတ် ဖြစ်သည်။
ထို့ကြောင့် ကွင်းအတွင်း တိုက်ပွဲဝင်နေသော ကျင့်ကြံသူများသည် ၎င်းတို့၏ စွမ်းအားများကို အတိုင်းအတာ တစ်ခုအထိ ဖိနှိပ်ခံထားရသည်။
ထို့ကြောင့်ပင် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ ကြောက်မက်ဖွယ်ရာကောင်းသော လက်သီးချက်သည် တိုက်ခိုက်ရေးကွင်းထဲတွင် မီတာ၁၀၀ အတိုင်းအတာအထိသာ သက်ရောက်နိုင်ခဲ့သည်။
ကျန်းချန်က လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ လျင်မြန်သောလက်သီးချက်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်။
ထို့နောက်တွင် သူက ဆန်းကြယ်သော လက်ဟန်များကိုပြုလုပ်၍ ကျူးရှန်းစည်းတံဆိပ်ကို ထုတ်ဖော်လိုက်ရာ လေထုထဲကနေ ကျူးရှန်းစည်းတံဆိပ်က ကျဆင်းလာခဲ့ပြီး လူလတ်ပိုင်းအရွယ်ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။
ဤသို့ဖြင့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပြီး တိုက်ခိုက်ရေးကွင်းပြင်ကနေ လွင့်စင်သွားခဲ့သည်။
"ဝုန်း.."
လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့ပြီးနောက်တွင် ပါးစပ်ကနေ သွေးတစ်ပွက်ကိုအန်ထုတ်လိုက်ရသည်။
ဤမြင်ကွင်းကိုမြင်လျှင် ပတ်ဝန်းကျင် တစ်ခုလုံးသည် ချက်ချင်းဆိုသလို တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းက လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာရပ်နေသော ကျန်းချန်ကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်ကာ မှင်တက်နေခဲ့ကြပြီး ပြန်လည်သတိဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် ထိုကောင်လေး၏ တိုက်ကွက် တစ်ကွက်တည်းဖြင့်ပင် ရှုံးနိမ့်သွားခဲ့ရ၏။
သူတို့ရှေ့မှ ၁၀ပွဲဆက်တိုက် အောင်ပွဲအတွက် စိန်ခေါ်သူသည် အမှန်တကယ်ပင် ထူးခြားသောစွမ်းရည် ရှိနေခဲ့သည်။
အခန်း(၁၇၃၈)ပြီး၏။
အခန်း(၁၇၃၉)
"တစ်ကွက်တည်းနဲ့ အဆင့်တူ ပြိုင်ဘက်ကို အနိုင်ယူနိုင်တယ်ဆိုတော့ ဒီကောင်လေးက တကယ်ကို ကြောက်စရာပဲ"
"ဒီအသက်အရွယ်နဲ့ ကောင်းကင်နတ်ဘုရား တတိယအဆင့်ကို ရောက်နေမှတော့ သာမန်လူတစ်ယောက် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
"ဒီကောင်လေးရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အဆင့်တူတွေထက် အများကြီး သာလွန်နေတယ်.. ဆက်တိုက်၆ပွဲ၊၇ပွဲလောက် အနိုင်ရဖို့အတွက် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး"
"..........."
ကွင်းပြင်အတွင်းရှိ လူတိုင်းသည် သတိပြန်ဝင်လာခဲ့ကြပြီး သူတို့၏ စိတ်နှလုံးထဲတွင် ကျန်းချန်နှင့် ပတ်သက်၍ စတင်ယုံကြည်လာကြသည်။
"အဆင့်နိမ့် နတ်ခရစ္စတယ် ၅သိန်းကို ကျန်းချန် ၁၀ပွဲဆက်တိုက် အောင်ပွဲရမယ်လို့ လောင်းတယ်"
"အဆင့်နိမ့် နတ်ခရစ္စတယ် ၁၀သန်းကို ကျန်းချန် ၆ပွဲဆက်တိုက် အောင်ပွဲရမယ်လို့ လောင်းတယ်"
"..........."
ကျန်းချန်ဘက်ကနေ လောင်းကြေး ထပ်ခဲ့ကြသော်လည်း လူအများစုသည် ၇ပွဲဆက်တိုက် အောင်ပွဲထပ် နည်း၍သာ လောင်းခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ၇ပွဲဆက်တိုက် အောင်ပွဲရပြီးနောက်တွင် ပေါ်ထွက်လာသော ပြိုင်ဘက်များသည် ယေဘုယျအားဖြင့် ထာဝရဘုရားကျောင်းမှ စေလွှတ်သော ပါရမီရှင်များ ဖြစ်ကြသောကြောင့်ပင်။
ထိုလူငယ်က အစွမ်းထက်သော်လည်း ၇ပွဲဆက်တိုက် အောင်ပွဲရပြီးနောက်တွင် ထာဝရဘုရားကျောင်းမှ စေလွှတ်သော ကောင်းကင်နတ်ဘုရား တတိယအဆင့် ပါရမီရှင်ကို အနိုင်ယူရန် ခက်ခဲမည် ဖြစ်သည်။
ကျန်းချန်က ၁၀ပွဲဆက်တိုက် အောင်ပွဲအတွက် အဆင့်နိမ့် နတ်ခရစ္စတယ် ၁၀သန်းကို ယုံကြည်မှုအပြည့်ဖြင့် လောင်းကြေးထပ်ခဲ့သော်လည်း ၁၀ပွဲဆက်တိုက် အောင်ပွဲအထိ ကျန်းချန် အောင်မြင်စွာ စိန်ခေါ်နိုင်မည်ဟု မည်သူကမှ ယခုထိ မယုံကြည်နိုင်ကြပေ။
"ပထမဆုံးပြိုင်ပွဲမှာ ကျန်းချန် အနိုင်ရတယ်"
တိုက်ခိုက်ရေးကွင်းပေါ်ရှိ အကဲဖြတ်ဒိုင်လူကြီးက ရလဒ်နှင့်ပတ်သက်၍ ကြေညာလိုက်သည်။
"ဒုတိယမြောက်ပြိုင်ပွဲ အတွက် ဘယ်သူ စိန်ခေါ်ချင်ပါသလဲ"
အကဲဖြတ် ဒိုင်လူကြီး၏ စကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ပိန်ပိန်ပါးပါး လူတစ်ဦးသည် တိုက်ခိုက်ရေးကွင်း ပေါ်သို့ ပျံသန်း၍ ရောက်ရှိလာခဲ့သည်။
ထိုလူက ပိန်ပါးပါး ခန္ဓာကိုယ်သာ ရှိသော်လည်း အလောင်းတောင်ပေါ်ရှိ သွေးပင်လယ်ကနေ ထွက်လာသကဲ့သို့ ခန္ဓာကိုယ် တစ်ခုလုံးကနေ သွေးသတ်ဖြတ်ခြင်း အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။
ကောင်းကင်နတ်ဘုရား တတိယအဆင့် အစောပိုင်း ကျင့်ကြံသူဖြစ်သည့် ဤပိန်ပါးပါး လူငယ်သည် ပထမပွဲတွင် ကျန်းချန် ရင်ဆိုင်ခဲ့ရသော လူလတ်ပိုင်းအရွယ် အမျိုးသားထက် သိသိသာသာပင် ပိုမို သန်မာနေခဲ့သည်။
"ပျက်စီးခြင်း၈ပါး သွေးသောက်ဓားကွက်"
ပိန်ပါးပါးလူသည် ကြောက်မက်ဖွယ်ရာကောင်းသောအရှိန်အဝါကို ထုတ်လွှတ်နေသည့် အနက်ရောင် ဓားရှည်တစ်လက်ကို ကိုင်စွဲထားသည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ ကောင်းကင်နတ်ဘုရားတတိယအဆင့်၏ ကမ္ဘာ့စွမ်းအား ၃မျိုးသည် ချက်ချင်းဆိုသလို အဆုံးစွန်အထိ ပေါက်ကွဲထွက်လာခဲ့ပြီး သူ၏ အနက်ရောင်ဓားရှည်သည် သွေးသောက်ဓားအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကျန်းချန်ကို ခုတ်ချလိုက်သည်။
ပျက်စီးခြင်း၈ပါး သွေးသောက်ဓားကွက်သည် ကမ္ဘာ့စွမ်းအား ၃မျိုးကို ပေါင်းစပ်ကာ တီထွင်ထားသော အစွမ်းထက် တိုက်ကွက်တစ်ကွက် ဖြစ်သည်။
အဆင့်တူပြိုင်ဘက်ကို စက္ကန့်ပိုင်းအတွင်း အနိုင်ယူနိုင်စွမ်းရှိသည့် ကျန်းချန်နှင့် ရင်ဆိုင်ရသောအခါတွင် ပိန်ပါးပါးလူသည် သူ၏ စွမ်းအားအပြည့်အဝကို အကုန်အစင် ထုတ်ဖော်ခဲ့သည်။
"ဒီလောက်နဲ့တော့ မင်းငါ့ကို အနိုင်ရနိုင်မှာမဟုတ်ဘူး"
ကျန်းချန်က နေရာမှာသာ ရှိနေခဲ့သည်။
သူ၏ အသွင်အပြင်က အနည်းငယ်မျှပင် ရှောင်ရှားရန် ရည်ရွယ်ထားပုံ မရပေ။
သူက လက်တစ်ဖက်ကို မြှောက်၍ ဓားစွမ်းအားဖြင့် ပစ်ခတ်လိုက်ရာ ပိန်ပါးပါးလူ၏ ဓားကွက်ကို ချက်ချင်းဆိုသလိုပင် ချေဖျက်သွားခဲ့ပြီး ပိန်ပါးပါးလူ၏ ရင်ဘတ်ကို ထိမှန်သွားခဲ့သည်။
"ဝုန်း.."
ပိန်ပါးပါးလူက ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း တိုက်ခိုက်ရေးကွင်းထဲကနေ လွင့်စင်သွားခဲ့သည်။
ကွင်းပြင်ရှိလူများသည် နောက်ထပ် တစ်ကြိမ် မအံ့သြဘဲ မနေနိုင်တော့ပေ။
ရိုးရှင်းသော တိုက်ကွက်တစ်ကွက်ဖြင့်ပင် အဆင့်တူအတွင်းမှ ပြိုင်ဘက်ကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိသော စွမ်းရည်သည် သံသယဖြစ်ဖွယ်ရာမရှိ ပရိသတ်များကို ပိုမိုထိတ်လန့်စေခဲ့သည်။
ဒုတိယမြောက် တိုက်ပွဲကို အနိုင်ယူပြီးနောက်တွင် ကျန်းချန်သည် တတိယမြောက်တိုက်ပွဲကို ကြိုဆိုခဲ့သည်။
"ဝုန်း.."
ကျန်းချန်က ပြိုင်ဘက်ကို စက္ကန့်ပိုင်းအတွင်းမှာပင် အလွယ်တကူ အနိုင်ယူခဲ့သည်။
၃ပွဲဆက်တိုက်အောင်ပွဲ.. ၄ပွဲဆက်တိုက်အောင်ပွဲ.. ၅ပွဲဆက်တိုက်အောင်ပွဲ.. တိုက်ပွဲအားလုံးကို ကျန်းချန်က အနိုင်ယူခဲ့၏။
သို့သော် ထိုတိုက်ပွဲ ၅ပွဲတွင် မည်သူ့ကိုမှ တိုက်ကွက်၂ကွက်ထိ မတိုက်ခိုက်ခဲ့ရပေ။
သူရင်ဆိုင်ခဲ့သော ကောင်းကင်နတ်ဘုရား တတိယအဆင့် ပြိုင်ဘက်၅ဦးထဲမှ အများစုသည် ကောင်းကင်နတ်ဘုရားတတိယအဆင့် ကျင့်ကြံသူများထက်ပင် အနည်းငယ် ပိုမို အစွမ်းထက်သော ကျင့်ကြံသူများ ဖြစ်ကြသည်။
ပဉ္စမမြောက် တိုက်ပွဲတွင် သူရင်ဆိုင်ခဲ့သော ပြိုင်ဘက်ဆိုလျှင် သွေးလမင်းကုန်းမြေမှ ရွှယ်ယင်ထက်ပင် နိမ့်ကျနေခဲ့သည်။
သူ၏ လက်ရှိစွမ်းရည်ဖြင့်ဆိုလျှင် ထိုကဲ့သို့ ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူသည် သူ့ကို မည်ကဲ့သို့ ခြိမ်းခြောက်နိုင်ပါမည်နည်း။
"တကယ်ကို အစွမ်းထက်လွန်းတာပဲ"
ကွင်းပြင်မှ ကြည့်ရှုနေသော ပရိသတ်များသည် တိုက်ခိုက်ရေးကွင်းထဲရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကိုကြည့်ကာ ထိတ်လန့် တုန်လှုပ်နေခဲ့ကြသည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်နှင့် ဆက်တိုက်ဆိုသလို ယှဥ်ပြိုင်ခဲ့သော ကောင်းကင်နတ်ဘုရားတတိယအဆင့် ကျင့်ကြံသူ ၅ဦးတွင် မည်သူကမှ ဒုတိယမြောက်တိုက်ကွက် အထိ ရင်မဆိုင်နိုင်ခဲ့ကြပေ။
"ဒီကောင်လေးက အဆင့်တူအတွင်းမှာ ဆိုရင် လုံးဝ ပြိုင်ဘက်ကင်းပဲ"
ဤအချိန်တွင် သူတို့သည် ကျန်းချန်က တိုက်ခိုက်ရေးကွင်းဆီသို့ တက်မလာခင်မှာပင် ၁၀ပွဲဆက်တိုက် အောင်ပွဲအတွက် အဆင့်နိမ့်ခရစ္စတယ် ၁၀သန်းကို အဘယ်ကြောင့် ယုံယုံကြည်ကြည် လောင်းကြေးထပ်ခဲ့မှန်း အဆုံးသတ်တွင် နားလည်သွားခဲ့သည်။
သူတို့ရှေ့မှ လူငယ်၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်တရာပင် ထူးခြားပြီး ကြက်သတ်သကဲ့သို့ပင် အဆင့်တူအတွင်းရှိ ကျင့်ကြံသူများကို သတ်ဖြတ်နိုင်စွမ်း ရှိနေခဲ့သည်။
ထိုကဲ့သို့ အစွမ်းထက်သူကို ထာဝရဘုရားကျောင်းမှ စေလွှတ်သော တတိယအဆင့် ပါရမီရှင်ပင်လျှင် ရင်ဆိုင်ဖို့ လွယ်ကူလိမ့်မည် မဟုတ်ချေ။
ထိုကောင်လေးက တိုက်ခိုက်ရေးကွင်းထဲတွင် ၁၀ပွဲ ဆက်တိုက်အောင်ပွဲကို အမှန်တကယ် ရယူနိုင်သော စွမ်းရည် ရှိနိုင်လောက်၏။
လူတချို့သည် ခဏမျှ စဥ်းစားပြီးနောက်တွင် ပြတ်ပြတ်သားသား ဆုံးဖြတ်ကာ ကျန်းချန် ၁၀ပွဲဆက်တိုက် အောင်ပွဲရမည့်ဘက်ကို လောင်းကြေးထပ်ခဲ့ကြသည်။
ကျန်းချန်က ၅ပွဲဆက်တိုက် အောင်ပွဲရရှိခဲ့သောကြောင့် ၁၀ပွဲဆက်တိုက် အောင်ပွဲအတွက် ယခုမှ လောင်းကြေးထပ်မည် ဆိုလျှင် လျော်ကြေးများစွာ ကျဆင်းသွားမည် ဖြစ်သော်လည်း ၂၀ဆ အထိ ရရှိနိုင်ဦးမည် ဖြစ်သည်။
ထို့ကြောင့် လောင်းကြေးသာ အနိုင်ရမည်ဆိုလျှင် သူတို့သည် စည်းစိမ်ဥစ္စာများကို ဆက်လက် ရရှိနိုင်ပါသေး၏။
ကျန်းချန်က ၁၀ပွဲဆက်တိုက် အောင်ပွဲအတွက် စိန်ခေါ်နေစဥ်တွင် ထာဝရဘုရားကျောင်း၏ ဗဟိုခန်းမတွင် နက်ရှိုင်းသော အရှိန်အဝါ ရှိသည့် ကျင့်ကြံသူ နှစ်ဦး၏ မျက်ဝန်းများသည် အရာအားလုံးကို ထိုးဖောက်ကာ တိုက်ခိုက်ရေးကွင်းထဲရှိ အခြေအနေကို အာရုံစိုက်၍ ကြည့်နေခဲ့ကြသည်။
"ဒီကောင်လေးမှာ ထူးခြားတဲ့ ပါရမီရှိတယ်.. သိပ်မကြာခင်မှာ ၁၀ပွဲဆက်တိုက် အောင်ပွဲ ရတော့မဲ့ ပါရမီရှင် တစ်ယောက် ထွက်ပေါ်တော့မယ် ထင်တယ်"
ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ခန့်ညားချောမောသော အမျိုးသားက တိုက်ခိုက်ရေးကွင်းထဲရှိ အခြေအနေကို ကြည့်ကာ ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
ငွေရောင်ဝတ်စုံဝတ် အမျိုးသားသည် အလွန်တရာခန့်ညားချောမော၍ ခန္ဓာကိုယ်တွင်လည်း လျှို့ဝှက်ဆန်းကြယ်သော အလင်းလွှာတစ်လွှာ စီးဆင်းနေခဲ့သည်။
ယင်းက လူအများကို လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်အား ပေးစွမ်းနိုင်၏။
"ခန်းမသခင်က ဒီကောင်လေးကို ဒီလောက်တောင် အကောင်းမြင်နေတာလား"
သူ့နံဘေးမှ ရွှေရောင်ဝတ်စုံဝတ် ကျင့်ကြံသူက ထိုစကားကိုကြားလျှင် ငွေရောင်ဝတ်စုံဝတ် အမျိုးသားကို တအံ့တသြဖြင့် ကြည့်ကာ ပြောလိုက်သည်။
မကြာမီမှာပင် သူ၏အကြည့်သည် တိုက်ခိုက်ရေးကွင်းတွင် ဝင့်ကြွားစွာရပ်နေသော ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
"ဒီကလေးရဲ့ပါရမီက အားနည်းချက် လုံးဝမရှိဘူး.. ထာဝရဘုရားကျောင်းသာ ဝင်ရောက်စွက်ဖက်ခြင်း မပြုဘူးဆိုရင် သူက ၁၀ပွဲဆက်တိုက် အောင်ပွဲကို ရရှိမှာ အသေအချာပဲ"
"မဟုတ်ဘူး"
ငွေရောင်ဝတ်စုံဝတ် အမျိုးသားက ခေါင်းခါရမ်းလိုက်သည်။
သူ၏မျက်ဝန်းတွင် ဆန်းကြယ်သော အလင်းရောင်တစ်ခု ဖျတ်ခနဲ လက်သွားခဲ့၏။
"ငါ့ရဲ့ခန့်မှန်းချက်အရ ရန်ဖုန်းကို တားဆီးဖို့ စေလွှတ်လိုက်ရင်တောင်မှ သူ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး"
"ရန်ဖုန်းတောင် ဒီကောင်လေးရဲ့ ပြိုင်ဘက် မဟုတ်ဘူးလို့ ခန်းမသခင်က ဆိုလိုချင်တာလား"
ရွှေရောင်ဝတ်ရုံဝတ် ကျင့်ကြံသူက ရုတ်တရက် မယုံကြည်နိုင်စွာ ပြောလိုက်သည်။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ရန်ဖုန်းသည် သူတို့ ထာဝရဘုရားကျောင်း၏ ထိပ်တန်းပါရမီရှင် ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည်သည် ထာဝရဘုရားကျောင်း၏ တတိယအဆင့် ကောင်းကင်နတ်ဘုရားများထဲတွင် အကောင်းဆုံးထဲမှ တစ်ယောက် ဖြစ်သည်။
တိုက်ခိုက်ရေးကွင်းထဲရှိ ကျန်းချန်သည် ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူ ၅ဦးကို စက္ကန့်ပိုင်းအတွင်း အနိုင်ယူခဲ့ပြီး အားကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ပြသခဲ့သည်။
သို့သော်လည်း ထိုကျင့်ကြံသူ ၅ဦးထဲတွင် အဆင့်ကျော်တိုက်ခိုက်နိုင်သော ပါရမီရှင်မျိုး မပါဝင်ခဲ့ပေ။
ရန်ဖုန်းကမူ ကောင်းကင်နတ်ဘုရားတတိယအဆင့်သာရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်သည် ကောင်းကင်နတ်ဘုရားစတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူနှင့်ပင် မခြားနားပေ။
ရန်ဖုန်းကို အနိုင်ယူလိုလျှင် ထိုကောင်လေးသည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်နှင့် နှိုင်းယှဥ်နိုင်သည့် အားကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။
ရွှေရောင်ဝတ်စုံဝတ် ကျင့်ကြံသူက ကျန်းချန်ကို အဆင့်၂ဆင့် ဖြတ်ကျော်ကာ တိုက်ခိုက်နိုင်လောက်သည့် အားကောင်းသော စွမ်းရည်ကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မထင်ထားပေ။
"ဒီကမ္ဘာကြီးမှာ မဖြစ်နိုင်ဘူးဆိုတဲ့ အရာမရှိဘူး.. ရန်ဖုန်းကို ဒီနေရာမှာ အစွမ်းထက် ပါရမီရှင်လို့ သတ်မှတ်နိုင်ပေမဲ့ မဟာမြေရိုင်းနယ်မြေမှာ ဆိုရင်တော့ ရန်ဖုန်းက သာမန်လောက်ပါပဲ"
ငွေရောင်ဝတ်စုံဝတ် အမျိုးသားက ခေါင်းခါရမ်းကာ ပြောလိုက်သည်။
"မင်းမယုံကြည်ရင် ၇ပွဲမြောက်မှာ ရန်ဖုန်းကို စေလွှတ်လိုက်ပါ"
"ဒီကောင်လေးက ခန်းမသခင် မျှော်လင့်ထားသလို အစွမ်းထက်မထက် ကျွန်တော် ကြည့်ချင်သေးတယ်"
ထို့နောက်တွင် ရွှေရောင်ဝတ်စုံဝတ် ကျင့်ကြံသူသည် သတင်းစကားတစ်ခုကို လျင်မြန်စွာပင် ပေးပို့လိုက်တော့သည်။
အခန်း(၁၇၃၉)ပြီး၏။
အခန်း(၁၇၄၀)
တိုက်ခိုက်ရေးကွင်းထဲတွင် ကျန်းချန်၏ ၁၀ပွဲဆက်တိုက်အောင်ပွဲအတွက် စိန်ခေါ်မှုသည် ဆက်လက် ဖြစ်ပေါ်နေခဲ့သည်။
မကြာမီမှာပင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် တိုက်ခိုက်ရေးကွင်း ပေါ်သို့ ပျံသန်း၍ တက်လာခဲ့ပြီး ကျန်းချန်ကို လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။
"ငါက မဟာမြေရိုင်းနယ်မြေက ထျန်းယွမ်ဂိုဏ်းရဲ့တပည့် မင်လွေ့ပါ.. သင်ပြပေးဖို့ တောင်းဆိုပါတယ်"
ဤအဖြူရောင်ဝတ်စုံဝတ် လူငယ်သည် ၆ပွဲမြောက်တွင် ကျန်းချန် ရင်ဆိုင်ရမည့် ပြိုင်ဘက် ဖြစ်သည်။
"ဒီလူငယ်က မဟာမြေရိုင်းနယ်မြေက ထျန်းယွမ်ဂိုဏ်းရဲ့ပါရမီရှင်လား.. ငါသိသလောက်တော့ ထျန်းယွမ်ဂိုဏ်းက မဟာမြေရိုင်းနယ်မြေမှာ နာမည်ကျော်ကြားတဲ့ နယ်မြေနတ်ဘုရားအဆင့်အင်အားစု ဖြစ်ပြီး အရမ်းကို အစွမ်းထက်တယ်"
"မဟာမြေရိုင်းနယ်မြေက နယ်မြေနတ်ဘုရားအဆင့် အင်အားစုရဲ့ ပါရမီရှင်တစ်ဦးနဲ့ ရင်ဆိုင်ရမှာဆိုတော့ ဒီကောင်လေး အတွက် မလွယ်လောက်ဘူး"
"..............."
ကြည့်ရှုသူ ပရိသတ်များစွာသည် တအံ့တသြ ရေရွတ်လိုက်ကြသည်။
ကျန်းချန်က သူ့ရှေ့မှ အဖြူရောင်ဝတ်စုံဝတ် လူငယ်ကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။
"စတိုက်ပါ"
"ကောင်းပြီ"
စကားဆုံးသည်နှင့် မင်လွေ့က သူ၏ ညာဘက်လက်ကို လေထဲတွင် လှုပ်ရှားလိုက်ရာ အနက်ရောင်ကျားစေ့ တစ်စေ့သည် သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။
မကြာမီမှာပင် မင်လွေ့သည် သူ၏ လက်ချောင်းမှ အနက်ရောင်ကျားစေ့ကို ကျန်းချန်ဆီသို့ ပစ်လွှတ်လိုက်သည်။
ထိုအနက်ရောင်ကျားစေ့တွင် ကြောက်မက်ဖွယ်ရာကောင်းသော မိုးကြိုးစွမ်းအားနှင့် အဖျက်စွမ်းအားကြီးမားသော လေစွမ်းအားများ ပါဝင်နေခဲ့၏။
"မဟာမြေရိုင်းနယ်မြေရဲ့ ပါရမီရှင်တွေက တကယ်ကို တခြားနယ်မြေတွေရဲ့ ပါရမီရှင်တွေထက် အများကြီး ပိုအစွမ်းထက်တာပဲ"
မင်လွေ့၏ တိုက်ခိုက်မှုကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
မင်လွေ့၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်ဘုရားတတိယအဆင့် အစောပိုင်းတွင် ရှိပြီး သူနှင့်ရင်ဆိုင်ဖူးသည့် ရွှယ်ယင်နှင့် အတူတူလောက်ပင် ဖြစ်သည်။
သို့သော်လည်း တိုက်ခိုက်ရေးစွမ်းရည်တွင်မူ မင်လွေ့သည် ရွှယ်ယင်ထက် သိသိသာသာပင် အဆင့်တစ်ဆင့် ပိုမို မြင့်မားနေခဲ့၏။
"ပျက်စီးစမ်း"
ကျန်းချန်က စဥ်းစားခန်းဝင်နေသော်လည်း သူ၏ လက်ကမူ လှုပ်ရှားမှု မရပ်တန့်ခဲ့ပေ။
သူက လက်တစ်ဖက်ကို မြှောက်၍ ဓားစွမ်းအင်ကို ထုတ်ဖော်လိုက်ရာ အနက်ရောင်ကျားစေ့သည် လေထုထဲမှာပင် ပေါက်ကွဲထွက်ကာ အမှုန့် ဖြစ်သွားခဲ့သည်။
"မင်းက စစ်တုရင်လမ်းစဥ်ကို နားလည်ထားတယ် ဆိုတော့ တကယ်ကို စိတ်ဝင်စားစရာပဲ"
မင်လွေ့၏ တိုက်ခိုက်မှုကို ချေဖျက်လိုက်ပြီးနောက်တွင် ကျန်းချန်သည် မင်လွေ့ကို ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။
မင်လွေ့ကလည်း ပြုံး၍ တုံ့ပြန်ပြောဆိုလိုက်သည်။
"ငါတို့ ထျန်းယွမ်ဂိုဏ်းရဲ့ အထူးပြုတဲ့ လမ်းစဥ်က စစ်တုရင်လမ်းစဥ်ပဲ"
ကမ္ဘာလောကကြီးတွင် အရာဝတ္ထုအားလုံး၏ မည်သည့်စွမ်းအားကို မဆို နားလည်နိုင်လျှင် အတိုင်းအတာ တစ်ခုအထိ ကိုယ်ခံပညာ အဖြစ်သို့ ပြောင်းလဲနိုင်သည်။
ကောင်းကင်နတ်ဘုရား ဆဋ္ဌမ အဆင့်၌ ကိုယ်ခံပညာဥပဒေသ ၆မျိုးတွင် ၁မျိုးကိုသာ အထူးပြုကာ ကိုယ်ခံပညာ ဥပဒေသလမ်းစဥ် ၆မျိုးကို ပေါင်းစပ်နိုင်မှသာ နယ်မြေနတ်ဘုရား ဖြစ်လာနိုင်ပေမည်။
မဟာမြေရိုင်း နယ်မြေတွင် ထျန်းယွမ်ဂိုဏ်းသည် စစ်တုရင်လမ်းစဥ် ဥပဒေသကို အထူးပြုသော နယ်မြေနတ်ဘုရားအင်အားစု ဖြစ်သည်။
သူတို့ဂိုဏ်း၏ ဆောင်ပုဒ်မှာ စစ်တုရင်ဖြင့် လောကကို ပြောင်းလဲရန် ဖြစ်သည်။
ထို့ကြောင့် ထျန်းယွမ်ဂိုဏ်းတွင် စစ်တုရင်လမ်းစဥ် ဥပဒေသကို အထူးပြုသော ကောင်းကင် နတ်ဘုရားများ မွေးဖွားလာခဲ့၏။
ကျန်းချန်က သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။
"အချိန်မဖြုန်းနဲ့တော့.. မင်းရဲ့စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်ပါ"
"မင်းဆန္ဒပြည့်မြောက်စေရမယ်"
ထိုစကားကို ပြောပြီးသည်နှင့် မင်လွေ့၏ ခန္ဓာကိုယ်ကနေ ဆန်းကြယ်သော နတ်အလင်းများသည် ပေါက်ကွဲထွက်လာခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် ဧရာမ ထိုက်ကျိ ကားချပ်သည် လေထဲတွင် ထွက်ပေါ်လာခဲ့ပြီး အဖြူနှင့်အနက် စစ်တုရင်ကျားစေ့များသည် ထိုက်ကျိ ကားချပ်ထဲတွင် ရှိနေခဲ့သည်။
ထိုက်ကျိကားချပ်သည် ကြောက်မက်ဖွယ်စွမ်းအားကိုသယ်ဆောင်ကာ ကျန်းချန်ကို ဖိနှိပ်ရန် ရောက်ရှိလာခဲ့၏။
ကျန်းချန်က လက်ဖဝါးကို ဝှေ့ယမ်းကာ ၇ရောင်ခြယ် မီးလျှံကို ထုတ်ဖော်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သော အလင်းများထုတ်လွှတ်နေသော ထိုက်ကျိကားချပ်ကို ဘာမှမကျန်ရှိတော့သည်အထိ လောင်ကျွမ်းသွားစေခဲ့သည်။
သူ၏ တိုက်ခိုက်မှုကို ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ချေဖျက်လိုက်သည်ကို မြင်လျှင် မင်လွေ့၏ မျက်ဝန်းများသည် ချက်ချင်းဆိုသလိုပင် ပိုမို ပြင်းထန်လာခဲ့သည်။
"မိုးမြေစစ်တုရင်ခုံတိုက်ကွက်"
မင်လွေ့က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လက်ဟန်များကို အဆက်မပြတ် ပြုလုပ်လိုက်ရာ လေထုထဲတွင် ဆန်းကြယ်သော မျဥ်းကြောင်းများ လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့သည်။
အဆုံးသတ်တွင် ထိုမျဥ်းကြောင်းများသည် ဧရာမ အပြာရောင်စစ်တုရင်ခုံ အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ခဏအကြာတွင် အနက်ရောင် ကျားစေ့တစ်စေ့သည် အပြာရောင်စစ်တုရင်ခုံကနေ ကျန်းချန်ဆီ လွင့်ထွက်လာခဲ့ပြီး ကျန်းချန်၏ ပတ်ဝန်းကျင်ကို အနက်ရောင်ထောင် အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်ကို ထိန်းချုပ်လိုက်သည်။
"မဟာမြေရိုင်းနယ်မြေရဲ့ ပါရမီရှင်လို့ မပြောရဘူး.. တကယ်ကို အံ့သြလောက်စရာပဲ"
လူတိုင်းက တိုက်ခိုက်ရေးကွင်းထဲရှိ အခြေအနေကို ကြည့်ကာ တအံ့တသြ ရေရွတ်လိုက်ကြသည်။
အစောပိုင်းက ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူ ၅ဦးသည် ကျန်းချန်၏ တိုက်ကွက်တစ်ကွက်တည်းဖြင့်ပင် အနိုင်ယူခြင်း ခံခဲ့ရသည်။
သို့သော်လည်း ယခုအခါတွင် မင်လွေ့သည် ကျန်းချန်၏ တိုက်ကွက်တစ်ကွက်တည်းဖြင့် ပြိုင်ဘက်ကို အနိုင်ယူနိုင်သည့် စံချိန်အား ချိုးဖျက်လိုက်ရုံသာမက ကျန်းချန်ကိုပင် အသာစီးကနေ တိုက်ခိုက်နေခဲ့၏။
မဟာမြေရိုင်းနယ်မြေ၏ ပါရမီရှင်ကို တခြားသောနယ်မြေများ၏ ပါရမီရှင်များနှင့် အမှန်တကယ်ပင် သွားယှဥ်၍ မရပေ။
"မင်းရဲ့ တိုက်ကွက်က တကယ်ကို စိတ်ဝင်စားစရာ ကောင်းသားပဲ..ဒါပေမဲ့ ဒီလောက်နဲ့ ငါ့ကို ရင်ဆိုင်ဖို့တော့ မလုံလောက်သေးဘူး.. ငါမင်းနဲ့မကစားချင်တော့ဘူး...ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်"
ကျန်းချန်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။
ထို့နောက်တွင် သူ၏ခန္ဓာကိုယ်ကနေ ၇ရောင်ခြယ် ဓားအလင်း ထောင်ပေါင်း များစွာသည် ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့၏။
"မကောင်းတော့ဘူး"
ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသော ၇ရောင်ခြယ်ဓားအလင်း ထောင်ပေါင်းများစွာကို ခံစားမိလျှင် မင်လွေ့၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
မကြာခင်မှာပင် ဓားအလင်း ထောင်ပေါင်းများစွာ၏ အောက်တွင် မင်လွေ့ ထုတ်ဖော်ထားသော စစ်တုရင်ခုံနှင့် စစ်တုရင်ကျားစေ့ အားလုံးသည် ပျက်စီးသွားခဲ့သည်။
"ဘယ်လိုလဲ ငါနဲ့ ထပ်ပြီး တိုက်ခိုက်ဦးမှာလား"
ကျန်းချန်က လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ မင်လွေ့ကို တည်ငြိမ်စွာ ကြည့်၍ မေးလိုက်သည်။
မင်လွေ့သည် အစွမ်းထက်ရုံတင်မက လျှို့ဝှက်ဆန်းကြယ်သော စစ်တုရင်လမ်းစဥ်ကိုလည်း နားလည်ထားခဲ့သည်။
ဆိုရလျှင် မင်လွေ့၏ တိုက်ခိုက်ရေးစွမ်းရည်သည် ရွှယ်ယင်ထက်များစွာ ပို၍ အစွမ်းထက်၏။
သို့သော်လည်း သူ၏ လက်ရှိတိုက်ခိုက်ရေးစွမ်းရည်ဖြင့် ဆိုလျှင် ထိုကဲ့သို့သော စွမ်းရည်လောက်သည် သူ့ကို ခြိမ်းခြောက်ရန် မဖြစ်နိုင်တော့ပေ။
"မတိုက်ခိုက်တော့ဘူး...မင်းက ငါ့ထက်ပိုပြီးတော့ အစွမ်းထက်တယ်.. ငါကျေကျေနပ်နပ် အရှုံးပေးပါတယ်"
မင်လွေ့က ခေါင်းခါရမ်းလိုက်ပြီး မချိပြုံး ပြုံးကာ ပြောလိုက်သည်။
အစောပိုင်းက တိုက်ကွက်သည် သူ၏ အစွမ်းအထက်ဆုံး တိုက်ကွက် ဖြစ်သည်။
ထိုတိုက်ကွက်ကပင် ကျန်းချန်၏ ဆံချည်တစ်မျှင်ကို ထိခိုက်အောင် မလုပ်နိုင်သည် ဖြစ်ရာ ဆက်လက်တိုက်ခိုက်နေလျှင်လည်း အဓိပ္ပါယ်ရှိတော့မည် မဟုတ်ပေ။
သူ့တွင် မထုတ်ဖော်ရသေးသည့် ဝှက်ဖဲတချို့ ရှိနေသော်လည်း ဤတိုက်ပွဲသည် သေခြင်း၊ရှင်ခြင်း တိုက်ပွဲမျိုးမဟုတ်၍ ထုတ်သုံးလိုခြင်း မရှိခဲ့ချေ။
ဆိုရလျှင် ကျန်းချန်နှင့် ရင်ဆိုင်ရသော အခိုက်တွင် မင်လွေ့သည် သူတို့ ထျန်းယွမ်ဂိုဏ်း၏ နံပါတ်(၁) ပါရမီရှင်နှင့် ရင်ဆိုင်နေရသကဲ့သို့ပင် ခံစားမိခဲ့သည်။
ထို့ကြောင့် မင်လွေ့သည် ယနေ့တွင် သူ၏ ဝှက်ဖဲအားလုံးကို ထုတ်သုံးလျှင်ပင် ကျန်းချန်ကို အနည်းငယ်မျှပင် ထိခိုက်အောင် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ဟု ခံစားမိခဲ့၏။
"ငါတော့ လောင်းကြေးရှုံးပြီ.. ဒီမင်လွေ့ ဆိုတဲ့ကောင်က ဘာလို့လက်လျှော့လိုက်တာလဲ မသိဘူး"
"ကျန်းချန်က ၆ပွဲဆက်တိုက်တောင် အနိုင်ရရှိသွားခဲ့ပြီ"
"ဒီမင်လွေ့ဆိုတဲ့ ကောင်က အသာစီးရနေပြီးတော့ ဘာလို့ ဆက်မတိုက်ရတာလဲ မသိဘူး"
".........."
မင်လွေ့က ကျေကျေနပ်နပ် အရှုံးပေးလိုက်သည်ကို မြင်လျှင် ပတ်ဝန်းကျင်မှ လူများသည် နားမလည်နိုင်စွာ ရေရွတ်လိုက်ကြသည်။
သို့သော်လည်း ထူးခြားသော မြင်နိုင်စွမ်းရှိသည့် လူတချို့ကမူ သူတို့၏ ပတ်ဝန်းကျင်မှ ဆွေးနွေးမှုများကို ကြားလျှင် တိတ်တဆိတ် ခေါင်းခါရမ်းလိုက်ကြ၏။
ဤတိုက်ပွဲတွင် မင်လွေ့သည် အစွမ်းအထက်ဆုံး တိုက်ကွက်ကိုပင် အသုံးပြုခဲ့သော်လည်း ကျန်းချန်၏ ခပ်လွယ်လွယ် ချေဖျက်ခြင်းကို ခံခဲ့ရသည်။
မင်လွေ့က အားနည်းချက်မရှိဟု ထင်ရသော်လည်း တကယ်တမ်းတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို လုံးဝ ယှဥ်နိုင်စွမ်း မရှိခဲ့ပေ။
ဆက်လက် တိုက်ခိုက်နေလျှင်လည်း မင်လွေ့သည် ရှုံးနိမ့်မည်မှာ သေချာသလောက်ပင်။
"ကျန်းချန်က ၆ပွဲဆက်တိုက် အောင်ပွဲရရှိသွားခဲ့ပြီ.. ၇ပွဲမြောက်အတွက် ဘယ်သူ စိန်ခေါ်မှာလဲ"
အကဲဖြတ်ဒိုင်လူကြီးက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ကာ ဆက်လက် ကြေညာလိုက်သည်။
ထိုလူငယ်သည် မဟာမြေရိုင်းနယ်မြေမှ ထျန်းယွမ်ဂိုဏ်း၏ တပည့်ကိုပင် အလွယ်တကူ အနိုင်ယူခဲ့သည် ဖြစ်ရာ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းနေခဲ့၏။
ယနေ့တွင် ထာဝရဘုရားကျောင်းသည် ၁၀ပွဲ ဆက်တိုက် အောင်ပွဲကို အနိုင်ရရှိသည့် ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ရန် ဖြစ်ကောင်း ဖြစ်နိုင်လောက်၏။
ဒိုင်လူကြီးက ၇ပွဲမြောက်အတွက် စတင်ကြေညာလိုက်သည်နှင့် တိုက်ခိုက်ရေးကွင်းပြင်သည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့ပြီး မည်သူမှ ကျန်းချန်ကို စိန်ခေါ်ရန် တိုက်ခိုက်ရေးကွင်းပေါ်သို့ တက်မလာတော့ပေ။
မည်သို့ပင်ဖြစ်စေကာမူ ကျန်းချန်သည် မဟာမြေရိုင်းနယ်မြေမှ ထျန်းယွမ်ဂိုဏ်း၏ ပါရမီရှင် မင်လွေ့ကိုပင် အနိုင်ယူခဲ့သူဖြစ်သည်။
လက်ရှိတွင် တတိယအဆင့် ကောင်းကင်နတ်ဘုရားများစွာရှိသော်လည်း ၎င်းတို့ထဲမှ အများစုသည် မင်လွေ့ထက်ပင် အားနည်းနေကြ၍ စင်ပေါ်မှ ကျန်းချန်ကို စိန်ခေါ်ရန် မည်ကဲ့သို့ သတ္တိရှိနိုင်ပါအံ့နည်း။
"စိန်ခေါ်ဖို့ ဘယ်သူမှ သတ္တိမရှိဘူးဆိုမှတော့ ငါပဲ တက်သွားလိုက်တော့မယ်"
လူအုပ်ထဲကနေ တည်ငြိမ်စွာ ရေရွတ်လိုက်သော အသံတစ်သံသည် တိုက်ခိုက်ရေးကွင်းပြင်၏ တိတ်ဆိတ်မှုကို ရုတ်တရက် ချိုးဖျက်လိုက်သည်။
နောက်ထပ် တစ်ခဏမှာပင် ငွေရောင်ဆံပင်နှင့် ငွေရောင်မျက်လုံးများကို ပိုင်ဆိုင်ထားသော လူငယ်တစ်ဦးသည် တိုက်ခိုက်ရေးကွင်းထဲသို့ ပျံသန်း၍ တက်သွားသည်ကို အားလုံးက တွေ့လိုက်ရသည်။
အခန်း(၁၇၄၀)ပြီး၏။