ဝိညာဉ်လဲလှယ်ခြင်း
Vol. 29 Ch. 394
ဟုန်လျန် (ဟူလိ) ပေါင်ပေါင်းထံသို့ ပြေးဝင်သွားသည့် အကြောင်းရင်းမှာ ရိုးရှင်းလှ၏။ သူ၏အမြင်၌ ပေါင်ပေါင်းသည် သူ အလွယ်တကူပင် ဖြေရှင်းနိုင်မည့်သူတစ်ယောက် ဖြစ်သည်။ လက်ရှိအချိန်တွင် အရေးအကြီးဆုံးအရာမှာ သူ၏ခန္ဓာကိုယ်ကို ပုံမှန်ပြန်ဖြစ်အောင် ပြုလုပ်ရန်ဖြစ်ပြီး အကောင်းဆုံးနည်းလမ်းမှာ ဓားစာခံတစ်ဦးကို ဖမ်းဆီး၍ အခြားသူများကို ခြိမ်းခြောက်ရန် ဖြစ်သည်။ ရဲယင်နှင့်ကား ယခင်က တိုက်ခိုက်ဖူးသည့်အတွက် ရဲယင်ကို ဖမ်းဆီးရန်မှာ အချိန်တိုအတွင်း မဖြစ်နိုင်ကြောင်းကို သူသိထား၏။ ထို့အပြင် သူ၏လက်ရှိခန္ဓာကိုယ်မှာ ဟုန်လျန်၏ ခန္ဓာကိုယ် ဖြစ်နေသေးသည်။
…
ဟုန်လျန် (ဟူလိ) က သူမထံ ပြေးဝင်လာသည်ကို မြင်သောအခါ ပေါင်ပေါင်းက တည်ငြိမ်စွာပင် သူမ၏ လက်တွင် ကြေးလက်သီးစွပ်ကို စွပ်လိုက်သည်။
ဘေးမှ ကြည့်နေသော ရဲယင်မှာမူ ဆက်မကြည့်ရက်တော့ချေ။
မည်သို့ပင်ဖြစ်စေ ပြေးဝင်လာသူ၏ ပုံပန်းသဏ္ဌာန်မှာ အဝတ်အစား ကောင်းကောင်းမကပ်သည့် မိန်းကလေးတစ်ယောက် ဖြစ်နေသည်။ အတွင်းဝိညာဉ်က ယောက်ျားတစ်ယောက် ဖြစ်နေသော်လည်း သူ အသံတိတ် ခြေနှစ်လှမ်းခန့် နောက်ဆုတ်၍ အကြည့်လွှဲလိုက်မိ၏။
ဘုန်း…။
ပေါင်ပေါင်းက ဟုန်လျန် (ဟူလိ) ကို လက်သီးဖြင့် ထိုးလွှတ်လိုက်သည်။ သူသည် လေထဲတွင် သွေးတစ်လုပ် အန်ကျလာပြီး ထိုအားပြင်းသော လက်သီးချက်ကြောင့် သူ၏ ခန္ဓာကိုယ်မှ အရိုးအများစုမှာလည်း ကြေမွသွားသည်။
ဟူလိ (ဟုန်လျန်) က ဤမြင်ကွင်းကို မြင်လျှင် သူမ၏ မျက်လုံးထောင့်များမှာ တွန့်ခနဲ ဖြစ်သွား၏။
“ချီးပဲ… အဲဒါ ငါ့ခန္ဓာကိုယ်ဟ… ခွေးကောင် ဟူလိ…”
ကျိန်ဆဲနေရင်းနှင့် ဟူလိ (ဟုန်လျန်) က သူမ၏ ခန္ဓာကိုယ် အခြေအနေကို ကြည့်ရှုရန်အတွက် ခန္ဓာကိုယ်ရှိရာသို့ ပျံသန်းသွားသည်။ အကယ်၍ ဤလက်သီးချက်ကြောင့် သူမ၏ ခန္ဓာကိုယ်မှာ ပြန်လည်ပြုပြင်၍ မရနိုင်လောက်အောင် ပျက်စီးသွားပါက… သူမအဖို့ ခြေထောက်ကလော်တတ်သည့် ယောက်ျားကြီးတစ်ယောက်၏ ခန္ဓာကိုယ်ဖြင့် တစ်သက်လုံး နေထိုင်သွားရပေတော့မည်။
သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက်တွင်မူ အရိုးအများစု ကျိုးသွားခြင်းသာဖြစ်ပြီး အသက်အန္တရာယ် မရှိကြောင်း တွေ့လိုက်ရသဖြင့် သူမ သက်ပြင်းချနိုင်သွား၏။
ထိုအခိုက်အတန့်တွင် ဝိညာဉ်သားရဲအင်ပါယာအတွင်းသို့ ခိုးဝင်လာသော သည်လူသားများက သူတို့ ထင်ထားသကဲ့သို့ မရိုးရှင်းကြောင်းကို သူမ သိရှိသွားသည်။
သူမနှင့် ဟူလိ၏ ဝိညာဉ်ကို လဲလှယ်ပစ်သည့် ထူးဆန်းသော စွမ်းရည်ပိုင်ရှင်ကို ထည့်မတွက်လျှင်ပင်၊ သူမ၏ ခန္ဓာကိုယ်ဖြင့် ဟူလိကို ဤမျှအခြေအနေဆိုးအောင် ထိုးနှက်နိုင်သည့် အမျိုးသမီးတစ်ဦးတည်းကပင် သူမရော ဟူလိတို့ရော ရင်ဆိုင်နိုင်သည့်သူ မဟုတ်ချေ။
ထိုလက်သီးချက်… သာမန် မသေမျိုးဧကရာဇ်တစ်ပါး ခံနိုင်ရည်ရှိမည့်အရာ မဟုတ်တာ သေချာလှ၏။
…
ထိုအချိန်တွင် ရဲယင်နှင့် ပေါင်ပေါင်းတို့က သူတို့နှစ်ယောက်ထံသို့ ရောက်လာသည်။
ရဲယင်က ရှေ့သို့တက်၍ သူတို့နှစ်ယောက်ကို ကြည့်ကာ မေးလိုက်၏။ “မင်းတို့ကို ငါမေးမယ်… အသက်ရှင်ချင်လား… သေချင်လား…”
ဟူလိ (ဟုန်လျန်) က ရဲယင်ကို လျစ်လျူရှု၍ ပေါင်ပေါင်းကို ကြည့်လိုက်သည်။
“မင်း ဘာလိုချင်တာလဲ…”
“အများကြီး မဟုတ်ပါဘူး… ငါမေးချင်တာက မင်းတို့ အားရိကို ဘယ်မှာ ဖမ်းထားတာလဲ…” ပေါင်ပေါင်းက ဟူလိ (ဟုန်လျန်) ကို ကြည့်၍ တည်ငြိမ်စွာ မေးလိုက်သည်။
အားရိဟူသော အမည်ကို ကြားသောအခါ ဟုန်လျန်မှာ ဤလူသားများ၏ နောက်ကြောင်းကို ချက်ချင်း သိရှိသွား၏။
“အားရိက ငါတို့ ဝိညာဉ်သားရဲအင်ပါယာရဲ့ မင်းသမီးပဲ… အရင်က မင်းတို့နဲ့ မင်းသမီးကြားမှာ ဘယ်လိုဆက်ဆံရေးပဲ ရှိခဲ့ရှိခဲ့… အခုတော့ ဘာမှမဆိုင်တော့ဘူး…” ဟူလိ (ဟုန်လျန်) က ခပ်တင်းတင်း ဆိုလိုက်သည်။
“ဆိုင်တာ မဆိုင်တာ မင်းဆုံးဖြတ်ရမှာ မဟုတ်ဘူး… မင်းလုပ်ရမှာက အားရိ ဘယ်မှာရှိလဲဆိုတာ ငါတို့ကို ပြောဖို့ပဲ…”
ဟူလိ (ဟုန်လျန်) က ခေါင်းခါ၍ ပြောလိုက်သည်။
“ငါမင်းတို့ကို မပြောဘူး… သတ်ချင်သတ်လိုက်… အဲဒါမှ ကောင်းဦးမယ်… ငါ့ကို ဒီခန္ဓာကိုယ်နဲ့ အသက်ရှင်ခိုင်းနေမဲ့အတူတူ သေခိုင်းလိုက်တာကမှ ပိုကောင်းဦးမယ်…”
သူမက မခုခံချင်၍ မဟုတ်ဘဲ အမှန်တကယ် မခုခံနိုင်ခြင်း ဖြစ်သည်။ အကယ်၍ သူမသာ သူမ၏ ကိုယ်ပိုင်ခန္ဓာကိုယ်ကို သုံးနိုင်လျှင် မနိုင်ရင်တောင် ထွက်ပြေးနိုင်သေး၏။ သို့သော် အသုံးမကျွမ်းသည့် ခန္ဓာကိုယ်တစ်ခုနှင့်မူ သေခြင်းကို စောင့်ဆိုင်းနေရုံသာ တတ်နိုင်တော့သည်။
ပေါင်ပေါင်းက သူတို့နှစ်ယောက်ကို အမှန်တကယ်ပင် သတ်လိုက်ရမလားဟု စဉ်းစားနေစဉ်မှာပင် ရဲရှင်းဟွေ့က တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲမှ ပြန်ထွက်လာသည်။
ရဲရှင်းဟွေ့ကို မြင်လိုက်သောအခါ သေဖို့အသင့်ဖြစ်နေပြီဖြစ်သော ဟူလိ (ဟုန်လျန်) ရုတ်တရက် စိတ်လှုပ်ရှားလာသည်။
“မင်း… ယုတ်မာတဲ့ လူသား… ငါ့ကို အမြန်ပြန်လဲပေးစမ်း…”
ရဲရှင်းဟွေ့က ဤနှစ်ယောက် သူတို့ကို ဤမျှ လျင်မြန်စွာ ရှာတွေ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ဪ….ပြန်လဲချင်တယ်မလား… ရတာပေါ့… ဒါပေမဲ့ အားရိ ဘယ်မှာလဲဆိုတာ အရင်ပြော…”
ဟူလိ (ဟုန်လျန်) က ထိုစကားကို ကြားသောအခါ စကားဆက်မပြောတော့ပေ။ ဝိညာဉ်သားရဲအင်ပါယာကို သစ္စာဖောက်ရန်မှာ သူမအဖို့ မဖြစ်နိုင်ချေ။
ဟူလိ (ဟုန်လျန်) စကားမပြောတော့သည်ကို မြင်သောအခါ ရဲရှင်းဟွေ့က ဒရုန်းကို ထုတ်၍ တက်ဘလက်ဖြင့် လေထဲသို့ ပျံတက်သွားစေရန် ထိန်းချုပ်လိုက်သည်။
မကြာမီပင် ဒရုန်းက အနီးအနားမှ တောအုပ်ကို စကန်ဖတ်ခဲ့ပြီး အားရိကိုကား မတွေ့ရှိခဲ့ချေ။ ထိုအစား ရေတံခွန်၏ နောက်ကွယ်မှ ဂူပေါက်တစ်ခုကို တွေ့ရှိခဲ့သည်။
“ဒါက ဝိညာဉ်သားရဲအင်ပါယာ အစစ် မဟုတ်သေးတဲ့ပုံပဲ…” ရဲယင်က တက်ဘလက်ပေါ်မှ စကန်ရလဒ်များကို ကြည့်၍ ကောက်ချက်ချလိုက်၏။ “ဝင်ပေါက်က ဒီရေတံခွန်ရဲ့ အနောက်မှာ ရှိနေတယ်…”
“ဟုတ်တယ်…” ရဲရှင်းဟွေ့က ခေါင်းညိတ်၍ ဒရုန်းကို ပြန်သိမ်းလိုက်သည်။
သူတို့နှစ်ယောက်၏ စကားပြောသံကို ကြားသောအခါ ဟူလိ (ဟုန်လျန်)မှာ ရုတ်ခြည်း တုန်လှုပ်သွားသည်။ ရဲရှင်းဟွေ့က ဝိညာဉ်သားရဲအင်ပါယာ၏ ဝင်ပေါက်ကို ဤမျှ အလွယ်တကူ ရှာဖွေနိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
…
ထိုသို့နှင့်ပင် သူတို့သုံးယောက်မှာ ဝိညာဉ်သားရဲ စစ်ဗိုလ်ချုပ်နှစ်ယောက်ကို လျစ်လျူရှုကာ ရေတံခွန်ဆီသို့ လျှောက်သွားကြ၏။
အားရိမှာ ဝိညာဉ်သားရဲအင်ပါယာ၏ မင်းသမီးဖြစ်ကြောင်း သိလိုက်ရပြီးသည့်နောက် ရဲရှင်းဟွေ့တို့မှာ ရှိရှိသမျှ ဝိညာဉ်သားရဲများကို သတ်ဖြတ်ရန် အကြံအစည် မရှိတော့ပေ။
သူတို့သုံးယောက်က ရေတံခွန်ကို လျင်မြန်စွာ ဖြတ်ကျော်၍ အနောက်မှ ဂူအတွင်းသို့ ဝင်ရောက်သွားကြသည်။
ဂူကို ဖြတ်သန်းပြီးနောက် သူတို့သုံးယောက် ဝိညာဉ်သားရဲအင်ပါယာ အစစ်သို့ ရောက်ရှိလာခဲ့ပြီ။
“ဒါက တကယ်ကို ဂူထဲက ဂူပဲကိုး…”
ရဲရှင်းဟွေ့က ညည်းတွားလိုက်ပြီးနောက် စကန်ဖတ်၍ ခြေရာခံရန်အတွက် ဒရုန်းကို နောက်တစ်ကြိမ် ထုတ်ယူလိုက်သည်။
ပတ်ဝန်းကျင်မှ လူအသွင်ပြောင်း ဝိညာဉ်သားရဲများမှာ ရဲရှင်းဟွေ့တို့ကို စိုက်ကြည့်နေကြပြီး အများစု၏ အကြည့်များတွင် ရန်လိုသည့် အရိပ်အယောင်များ ပါဝင်နေ၏။
သို့သော်လည်း ရဲရှင်းဟွေ့က လျစ်လျူရှု၍ ဒရုန်းကို လေထဲသို့ ပျံသန်းစေကာ အားရိ၏ တည်နေရာကို စတင်ရှာဖွေလိုက်သည်။
မိနစ်အနည်းငယ်အတွင်းမှာပင် ဒရုန်းက အားရိ၏ တည်နေရာကို ရှာဖွေတွေ့ရှိသွားပြီး သူမက အဝေးမှ မြင်နေရသည့် ရဲတိုက်ထဲတွင် ရှိနေ၏။
ထိုအခိုက်တွင် လက်နက်နှင့် သံချပ်ကာများ ဆင်မြန်းထားသော စစ်သားတစ်စုက သူတို့သုံးယောက်ထံသို့ ရောက်လာသည်။ စစ်သားခေါင်းဆောင်က သတိကြီးစွာဖြင့် မေးလိုက်၏။ “မင်းတို့… မင်းတို့က လူသားတွေလား… ဒီထဲကို ဘယ်လို ရောက်လာတာလဲ… ပြီးတော့ အပြင်ဘက်က အတားအဆီး လှုပ်ခတ်သွားအောင် လုပ်တာလည်း မင်းတို့ပဲ မဟုတ်လား…”
ထိုသို့ပြောပြီးနောက် စစ်သားများက သူတို့၏ လက်နက်များကို မြှောက်၍ ရဲရှင်းဟွေ့တို့ထံ ချိန်ရွယ်လိုက်ကြသည်။
သို့သော်လည်း ရဲရှင်းဟွေ့၌ သူတို့နှင့် တိုက်ခိုက်ရန် အကြံအစည် မရှိချေ။
ရဲရှင်းဟွေ့က အဝေးမှ ရဲတိုက်ကို ကြည့်လိုက်ပြီးနောက် သူ၏ရှေ့တွင် မီးလျှံဝင်ပေါက်တစ်ခုကို ဆွဲလိုက်ကာ စကားတစ်ခွန်းမျှ မဆိုဘဲ ရဲယင်နှင့် ပေါင်ပေါင်းကို ဝင်ပေါက်ထဲသို့ ဆွဲခေါ်သွားသည်။
သူတို့သုံးယောက် ပြန်ပေါ်လာသောအခါ ရဲတိုက်၏ အမြင့်ဆုံး အမိုးပေါ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
သူတို့သုံးယောက် ပေါ်ပေါက်လာမှုကြောင့် ရဲတိုက်အတွင်းမှ စွမ်းအားရှင်များက ချက်ချင်း သတိပြုမိသွားကြ၏။
“ဘယ်သူက တော်ဝင်မြို့တော်ထဲကို ကျူးကျော်ဝင်ရောက်ရဲတာလဲ…”
ဩဇာအပြည့်နှင့် အသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ဟူလိထက်ပင် ပို၍ ခန့်ညားပြီး အားကောင်းဟန်တူသော ပုံရိပ်တစ်ခုက လေထဲတွင် ပေါ်လာကာ ရဲရှင်းဟွေ့တို့ကို စိုက်ကြည့်လာသည်။
ထိုသန်မာသော ယောက်ျားကြီး ပေါ်လာပြီးနောက် သူနှင့် စွမ်းအား မနိမ့်မမြင့်ဖြစ်သော အခြား ပုံရိပ်အချို့မှာလည်း လေထဲတွင် ပေါ်လာ၍ ရဲရှင်းဟွေ့တို့အုပ်စုကို ဝိုင်းရံလိုက်ကြ၏။
“ဦးလေး… အခု ဘယ်လိုလုပ်မလဲ… ကျွန်တော်တို့ ဘာလုပ်ကြမလဲ…” ရဲယင်က ပတ်ပတ်လည်မှ ရန်လိုစွာ ကြည့်နေသူများကို ကြည့်၍ မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ရဲရှင်းဟွေ့က သူ၏လက်ထဲမှ တက်ဘလက်ကို ရဲယင်ထံ ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။ “မင်း အားရိကို သွားရှာ… ဒီနေရာကို ငါနဲ့ ပေါင်ပေါင်း တာဝန်ယူထားမယ်…”
ရဲယင်က တက်ဘလက်ကို ယူ၍ ခေါင်းညိတ်ကာ တက်ဘလက်ပေါ်မှ တည်နေရာသို့ ပျံသန်းသွား၏။
…
“ဟမ်… မင်းတို့ လူသားတွေ ဒီလိုအခြေအနေ ရောက်နေတာတောင် ထွက်ပြေးရဲသေးတယ်…”
စကားပြောနေစဉ်မှာပင် အစောဆုံး ပေါ်လာသော ယောက်ျားကြီးက ပါးစပ်ဟ၍ ရဲယင်၏ ကျောပြင်ဘက်သို့ ပြင်းထန်စွာ လေရှူသွင်းလိုက်သည်။
၎င်းမှာ သာမန် လေရှိုက်လိုက်သကဲ့သို့ ထင်ရသော်လည်း ရဲယင်အနီးမှ ပန်းများ၊ ငှက်များ၊ ငါးများနှင့် အင်းဆက်များ၊ ရဲတိုက်ပေါ်မှ အုတ်ခဲအကျိုးအပဲ့ အချို့ပင်လျှင် ထိုယောက်ျားကြီး၏ ပါးစပ်ဆီသို့ ပျံသန်းသွားကြသည်။
ရဲယင်မှာလည်း လေထဲတွင် အထိန်းအကွပ်မရှိဘဲ စုပ်ယူခံလိုက်ရ၏။
ရဲယင် သူ၏စွမ်းအားကို ထုတ်သုံးတော့မည် ပြင်လိုက်စဉ်မှာပင် ရဲရှင်းဟွေ့က သူနှင့် ထိုယောက်ျားကြီး၏ ကြားတွင် ပေါ်လာသည်။ သူ၏ လက်ကို ဝှေ့ယမ်းလိုက်သောအခါ နံပါတ်များ ရေးထားသည့် အိုးကြီးများက ထိုယောက်ျားကြီး၏ ပါးစပ်ထဲသို့ ပျံသန်းသွားသည်။
အိုးကြီးများမှာ ယောက်ျားကြီးနှင့် ဆယ်မီတာအကွာသို့ ရောက်သော် ကျုံ့ဝင်သွားကြပြီး သူ၏ ပါးစပ်နားသို့ ရောက်သည့်အချိန်တွင်မူ ယောက်ျားကြီး တစ်လုပ်တည်း မျိုချနိုင်သည့် အရွယ်အစားအထိ သေးငယ်သွားသည်။
ရဲရှင်းဟွေ့က ထိုယောက်ျားကြီးကို တားဆီးပေးသည်ကို မြင်သောအခါ ရဲယင်မှာ စကားတစ်ခွန်းမျှ ထပ်မဆိုတော့ချေ။
ခရမ်းရွှေရောင် ကြယ်တာရာစွမ်းအင်များ သူ၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်လာပြီး တစ်ခဏအတွင်း ပျောက်ကွယ်သွားတော့၏။