← Chapters

ကွဲပြားခြားနားသော မြင်ကွင်းတစ်ခု

Vol. 29 Ch. 396

ကွဲပြားခြားနားသော မြင်ကွင်းတစ်ခု

Vol. 29 Ch. 396

တော်ဝင်မြို့တော် အလယ်ဗဟိုရှိ အခန်းတစ်ခုအတွင်း၌ ဖြစ်၏။

အားရိမှာ အဖြူအနက် အစေခံဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးထံမှ ကိုယ်ဟန်အမူအရာပိုင်းဆိုင်ရာ ကျင့်ဝတ်များကို သင်ကြားနေသည်။

“အပြင်မှာ ဘာဖြစ်နေတာလဲ… ညီမလေး အားမြောင်…”

အားရိက ပြတင်းပေါက်မှ အပြင်သို့ ကြည့်၍ အနည်းငယ် စိတ်ရှုပ်ထွေးသော အမူအရာဖြင့် မေးလိုက်၏။

ခုလေးတင်ကပင် ထောင်ထျဲ့ ပက်ဖျန်းလိုက်သည့် မီတာတစ်ရာခန့် မြင့်သော မစင်လှိုင်းလုံးကြီး၏ အသံမှာ တော်ဝင်မြို့တော် တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားခဲ့သည်။ ကံကောင်းသည်မှာ ထိုအခြေအနေကို မြို့လယ်သို့ မရောက်မီ ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်၏။

အားရိ၏ စကားကို ကြားသောအခါ အားမြောင်က ခေါင်းခါ၍ ပြောလိုက်သည်။ “ကျွန်မလည်း မသိဘူး… ကျူးကျော်ဝင်ရောက်လာတဲ့သူတွေ ဖြစ်နိုင်တယ်…”

ထိုစကားကို ကြားသည့်အခိုက်၌ အားရိမှာ သခင်လေးကို ချက်ချင်း သတိရသွားသည်။

‘ကျူးကျော်ဝင်ရောက်လာတဲ့သူတွေက သခင်လေးရဲယင်နဲ့ သခင်လေးရဲရှင်းဟွေ့များ ဖြစ်နေမလား…’

“ကဲပါလေ… အပြင်က ကိစ္စတွေကို စိတ်ပူမနေနဲ့တော့… အခု မင်းအတွက် အရေးအကြီးဆုံးက ကိုယ်ဟန်အမူအရာပိုင်းဆိုင်ရာ ကျင့်ဝတ်တွေကို သင်ယူဖို့ပဲ…”

စကားပြောနေစဉ်တွင် အားမြောင်က အားရိ၏ တင်ပါးကို ပေတံဖြင့် ပုတ်၍ ဆို၏။ “မင်းတင်ပါးကို နောက်ပြန်ဆုတ်ထားစမ်း… လမ်းလျှောက်ရင် ရှေ့ကို တည့်တည့်ကြည့်… ဟိုကြည့်ဒီကြည့် မလုပ်နဲ့…”

“သိပါတယ်… သိပါတယ်…”

အမှန်စင်စစ်တွင် အဘယ်ကြောင့် ဤအရာများကို သင်ယူရသနည်းဟု အားရိ မေးမြန်းလိုပါ၏။ သို့သော်လည်း နူးညံ့သိမ်မွေ့ပုံ ပေါက်သော်လည်း အမှန်တကယ်တွင် လူကို မညှာမတာ ရိုက်တတ်သည့် အားမြောင့်လက်ချက်ဖြင့် သူမ၏ တင်ပါးမှာ အကြိမ်အနည်းငယ် အရိုက်ခံရပြီးနောက်တွင် စကားတစ်ခွန်းမှ မဟရဲတော့ချေ။

…

တစ်ဖက်တွင်မူ…

တက်ဘလက်တစ်လုံးကို ကိုင်ဆောင်ထားသော ရဲယင်မှာ အလွန်ပင် စိတ်ဓာတ်ကျနေသည်။

အကြောင်းရင်းမှာ တော်ဝင်မြို့တော် တစ်ခုလုံးကို ရိုက်ကူးမှတ်တမ်းတင်ရန် ကောင်းကင်ယံ၌ ဆိုင်းထားသော ဒရုန်းမှာ ခုလေးတင်ကပင် ပျက်စီးသွားသောကြောင့် ဖြစ်၏။ ထိုဒရုန်းကို ဖျက်ဆီးလိုက်သည့်အရာမှာ မီတာရာချီ မြင့်တက်သွားသော မစင်လှိုင်းလုံးကြီး ဖြစ်သည်။

ဒရုန်းက အားရိ၏ တည်နေရာကို ရှာဖွေတွေ့ရှိခဲ့သော်လည်း တော်ဝင်မြို့တော် အဆောက်အအုံများအားလုံးကို အပြည့်အစုံ ရိုက်ကူးမှတ်တမ်းတင်နိုင်ခြင်း မရှိခဲ့ပေ။

တစ်နည်းအားဖြင့်ဆိုသော် သူက အားရိ မည်သည့်နေရာတွင် ရှိသည်ကိုသာ သိရှိပြီး သူမကို ရှာရန်အတွက် တစ်ထပ်ပြီးတစ်ထပ် ရှာဖွေရန် လိုအပ်နေသေး၏။

မူလက ရဲယင်မှာ သူ၏ အာရုံခံစွမ်းအင်ကို အသုံးပြု၍ ရှာဖွေရန် စဉ်းစားခဲ့သည်။ သို့သော်လည်း ရဲတိုက်အတွင်းသို့ ဝင်ရောက်ပြီးနောက် ဤနေရာရှိ စွမ်းအင်အမျိုးမျိုးမှာ ပိတ်ဆို့ခံထားရပုံရပြီး တစ်ခုတည်းသော အသုံးပြုနိုင်သည့်အရာမှာ ကာယစွမ်းအား ဖြစ်ကြောင်း သူ တွေ့ရှိလိုက်ရသည်။

သို့သော်လည်း ရဲယင်မှာ အလျင်မလိုပေ။ သူ၏ ဦးလေးရှိနေသဖြင့် မည်သည့် ပြဿနာမျှ ရှိလိမ့်မည် မဟုတ်သည်မှာ သေချာ၏။

ရဲတိုက်အတွင်း လှည့်လည်သွားလာနေစဉ် သူ အလွန် အံ့ဩဖွယ်ကောင်းသော အရာတစ်ခုကို တွေ့ရှိခဲ့သည်။

ဤနေရာမှ မြင်ကွင်းများ၏ ပုံစံမှာ အပြင်ဘက်နှင့် များစွာ ကွဲပြားခြားနား၏။

သူ သွားခဲ့ဖူးသော ဝိညာဉ်နက်ဂိုဏ်း၊ နတ်ဘုရားလက်သီးတောင်ကြား၊ ဝိညာဉ်ဓားဂိုဏ်း အစရှိသည့် နေရာအားလုံးမှာ အရှေ့တိုင်း စိတ်ကူးယဉ်ပုံစံများ ဖြစ်ကြသည်။

သို့သော် ဤနေရာ၌မူ အရာအားလုံးက လုံးဝကို အနောက်တိုင်း စိတ်ကူးယဉ်ပုံစံ ဖြစ်နေ၏။

ရဲတိုက်ထဲတွင် အစေခံဝတ်စုံများ ဝတ်ဆင်ထားသော မိန်းကလေးများ ပြည့်နှက်နေပြီး သူတို့၏ ပုံစံမှာ နှစ်ဘက်မြင် အန်နီမေးရှင်းများထဲမှ မိန်းကလေးများနှင့် အလွန် ဆင်တူကြသည်။ ကင်းလှည့်နေသော အစောင့်များကလည်း အနောက်တိုင်းပုံစံ သံချပ်ကာများကို ဝတ်ဆင်ထားကြပြီး ရဲတိုက်အတွင်းမှ မီးအလှဆင်ပစ္စည်းများမှာလည်း မီးပန်းဆိုင်းကြီးများ ဖြစ်ကြ၏။

ရဲယင်ကို အရှုပ်ထွေးဆုံး ဖြစ်စေသည့်အရာမှာ ဤနေရာ၌ မှော်ဆရာဝတ်ရုံများ ဝတ်ဆင်ထားသူများ ရှိနေခြင်းပင်… သူတို့ မှော်ပညာ သုံးသည်ကို သူ မမြင်ခဲ့ရသော်လည်း… သူတို့၏ ပုံပန်းသဏ္ဌာန်အရ သူတို့မှာ မှော်ဆရာများ ဖြစ်ရမည်မှာ သေချာသည်။

ရဲယင်မှာ လက်ရှိတွင် အခြားကမ္ဘာမှ မိန်းကလေးများကို ရှုစားနေ၏… အဟမ်း… သူက အခြားကမ္ဘာမှ မြင်ကွင်းများနှင့် အဆောက်အအုံများကို ရှုစားရင်း အားရိ၏ တည်နေရာကို ရှာဖွေနေသည်။

လမ်းတစ်လျှောက်တွင် သူ လူများစွာကိုလည်း တွေ့ဆုံခဲ့သည်။ သို့သော် ရဲယင်က သူ့ကို ဝိညာဉ်သားရဲဘုရင်မှ ဖိတ်ကြားထားကြောင်း ပြောလိုက်ပြီးနောက် မည်သူမျှ သူ့ကို အနှောင့်အယှက် မပေးတော့ချေ။ ထိုအစား အစေခံမလေးများနှင့် အမျိုးသမီး အများအပြားက သူ့ကို လမ်းညွှန်ပေးရန် အလွန်ပင် စိတ်အားထက်သန်နေပုံရသည်။

အမှန်တကယ်တွင် ဤနေရာမှ လူများမှာ ထိုမျှ အယုံလွယ်ကြသည် မဟုတ်ပေ။ သို့သော် ဝိညာဉ်သားရဲအင်ပါယာ တစ်ခုလုံးတွင် မည်သူမျှ ဝိညာဉ်သားရဲဘုရင်၏ ဧည့်သည်အဖြစ် ဟန်ဆောင်ရန် သတ္တိမရှိသကဲ့သို့ မည်သူမျှလည်း ဤကဲ့သို့ တော်ဝင်မြို့တော်အတွင်းသို့ ချိုးဖောက်ဝင်ရောက်၍ သေလမ်းရှာဝံ့မည် မဟုတ်ချေ။

ဤနေရာက ရဲယင်ကို သူ အမှန်တကယ်ပင် အခြားကမ္ဘာတစ်ခုသို့ ခရီးသွားခဲ့ရသည်ဟု ခံစားရစေသည်။

ကမ္ဘာမြေပေါ်တွင် ရဲယင်က အခြားကမ္ဘာသို့ ကူးပြောင်းခြင်းအကြောင်း ရေးသားထားသော အန်နီမေးရှင်းနှင့် ဝတ္ထုများစွာကို ဖတ်ရှုခဲ့ဖူးသည်။ ဤနေရာကမူ… ထိုစိတ်ကူးယဉ်မှုထဲတွင် နစ်မျောခွင့်ပေး၏။

…

ရဲယင်မှာ အပေါ်ဆုံးထပ်သို့ ရောက်သည့်တိုင် လမ်းတစ်လျှောက် လှည့်ပတ်ကြည့်ရှုခဲ့ပြီးနောက် နောက်ဆုံးတွင် အားရိရှိသော အခန်းကို တွေ့ရှိသွားသည်။

“သောက်ကျိုးနည်း… ဒီလိုမှန်းသိရင် အပေါ်ဆုံးထပ်ကို တန်းတက်လာပါတယ်…”

ညည်းညူပြီးနောက် ရဲယင်က တံခါးကို ခေါက်လိုက်၏။

သူ တံခါးကို ခေါက်ရန် ရွေးချယ်ရသည့် အကြောင်းရင်းမှာ… ရဲယင်က သူသာ တံခါးကို ကန်ဖွင့်၍ ဝင်သွားပါက မိန်းကလေး အဝတ်လဲနေသည်ကို မြင်တွေ့ရမည် သို့မဟုတ် ထိုကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

“ချီး..ငါ ဘာလို့ ဒီလောက်တောင် တွေးနေရတာလဲ…”

ထိုအခိုက်၌ တံခါး ပွင့်သွားသည်။ အစေခံဝတ်စုံ ဝတ်ဆင်ထားသော အားမြောင်မှာ တံခါးဝတွင် ရပ်လျက် ရဲယင်ကို ကြည့်ကာ မေးလိုက်၏။ “မင်း ဘယ်သူလဲ…”

ရဲယင်က ချက်ချင်း မဖြေဘဲ သူ၏ ဦးခေါင်းကို ဆန့်တန်း၍ အခန်းအတွင်းသို့ ကြည့်လိုက်သည်။

သူမ၏ လက်များကို ချည်နှောင်ခံထားရပြီး ကျပ်သော ဝတ်စုံကို ဝတ်ဆင်ထားသည့် အားရိကို မြင်လိုက်သောအခါ သူ၏ မျက်ဆံများမှာ တစ်ခဏအတွင်း ကျုံ့သွား၏။

“အဟမ်း… တောင်းပန်ပါတယ်… ကျွန်တော် အချိန်အခါမဟုတ် ရောက်လာမိပြီထင်တယ်… ပြောရရင်… ခင်ဗျားတို့ တော်တော်လေး ပွင့်လင်းတာပဲ… အနောက်တိုင်း စိတ်ကူးယဉ်ပုံစံနဲ့ တကယ် ထိုက်တန်ပါတယ်…”

အခန်းအတွင်း ကြိုးတန်းလန်းနှင့် ဖြစ်နေသော အားရိမှာ ရင်းနှီးသော အသံကို ကြားလိုက်ရပြီးနောက် ချက်ချင်းပင် လှည့်ကြည့်လိုက်သည်။

“သခင်လေး ရဲယင်…”

အားမြောင်က အားရိ၏ ခေါ်သံကို ကြားသောအခါ မျက်မှောင်ကြုတ်သွား၏။ သူမက ရဲယင်ကို ကြည့်၍ မေးလိုက်သည်။ “မင်းက ကျူးကျော်ဝင်ရောက်လာတဲ့သူလား…”

“မဟုတ်ပါဘူး… ကျွန်တော့်ကို ခင်ဗျားတို့ရဲ့ ဘုရင်က ဧည့်သည်အဖြစ် ဖိတ်ခေါ်ထားတာပါ…” ဟု ရဲယင်က အလိုအလျောက်ပင် ပြန်ဖြေလိုက်၏။

သို့သော်လည်း အားမြောင်မှာ အပြင်ဘက်မှ လူများနှင့် ကွဲပြားခြားနားသည်။ အကြောင်းမှာ သူမက ရဲယင်ဆိုသော အမည်ကို အားရိ၏ နှုတ်ဖျားမှ ရှစ်ကြိမ်ထက်မနည်း ကြားဖူးထားသောကြောင့် ဖြစ်၏။

ထိုအချိန်၌ ရဲယင်က ကြိုးတန်းလန်းနှင့် ရှိနေသေးသော အားရိကို လက်ညှိုးထိုး၍ မေးလိုက်၏။ “ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ… S&M ကစားနည်းများ ဆော့နေကြတာလား… ဒါပေမဲ့ အဲဒီပုံစံလည်း မပေါက်ပါဘူး…”

ရဲယင် စကားဆုံးသည်နှင့် အားမြောင်မှာ လှုပ်ရှားလိုက်တော့သည်။

သူမ၏ မူလ နူးညံ့သိမ်မွေ့သော လက်များမှာ ချက်ချင်းပင် မာကျောသွားပြီး သူမ၏ လက်သည်းများမှာ ချွန်ထက် မာကျောလာသည်။ ချွန်ထက်သော လက်သည်းများက ရဲယင်၏ လည်ပင်းဆီသို့ လွှဲပစ်လိုက်၏။

ထိုမြင်ကွင်းကို မြင်သော် အခန်းထဲမှ အားရိမှာ အလိုအလျောက်ပင် မျက်လုံးများ မှိတ်လိုက်သည်။

သို့သော် ရဲယင်က တည်ငြိမ်စွာပင် သူ၏ လက်မောင်းကို မြှောက်၍ အားမြောင်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ရန် ကြံရွယ်လိုက်၏။

ရဲယင်၏ လက်က အားမြောင်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည့် တစ်ခဏတွင် သူမက သူမ၏ လက်သည်းများကို လက်သီးအဖြစ် ပြောင်းလဲ၍ ရဲယင်၏ ရင်ဘတ်ကို ထိုးချလိုက်သည်။

ဤလက်သီးချက်၏ အားမှာ အလွန် ပြင်းထန်၏။ အားမြောင်က ရုန်းထွက်လိုက်ပြီးနောက် သူမ၏ လက်သီးချက်ကြောင့် ရဲယင်မှာ မီတာအနည်းငယ်အထိ လွင့်ထွက်သွားသည်။

လွင့်ထွက်သွားသော ရဲယင်မှာ နံရံနှင့် ပြင်းထန်စွာ ဆောင့်မိပြီး နံရံတွင် အက်ရာများစွာ ဖြစ်ပေါ်စေသည်။

ထိုမျှ နုနယ်ပုံရသော မိန်းကလေးမှာ ဤမျှလောက် အားကောင်းလိမ့်မည်ဟု ရဲယင်လည်း မျှော်လင့်မထားခဲ့ပေ။ သူက သူ၏ ရင်ဘတ်ကို ပွတ်သပ်ရင်း မတ်တပ်ထရပ်လိုက်၏။

“မင်း တော်တော်လေး အရိုက်ခံနိုင်တာပဲ… ဒါပေမဲ့ အသုံးမဝင်ပါဘူး… ဒီရဲတိုက်ထဲမှာ ဘယ်လို စွမ်းအင်မျိုးကိုမှ အသုံးမပြုနိုင်ဘူး… မင်း ကာယစွမ်းအားနဲ့ပဲ တိုက်ခိုက်လို့ရမယ်…”

ရဲယင် မတ်တပ်ရပ်သည်ကို မြင်သောအခါ အားမြောင်က သူမ၏ လက်သည်းဖြင့် ရဲယင်ကို ထပ်မံ တိုက်ခိုက်လိုက်သည်။

“မင်း လူသားတွေကို အထင်သေးလွန်းနေပြီ…”

စကားပြောနေစဉ်တွင် ရဲယင်က လှည့်၍ အလှဆင်ပစ္စည်းအဖြစ် ထားရှိသော သူရဲကောင်းဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။

“ထိုက်ချီဓားသိုင်း…”

ရဲယင်က သူရဲကောင်းဓားကို ဖြည်းညင်းစွာ ဝှေ့ယမ်းလိုက်၏။

ထိုမြင်ကွင်းကို မြင်သောအခါ အားမြောင်မှာ ဂရုမစိုက်ခဲ့ပေ။ ဤမျှ နှေးကွေးသော ဓားဖြင့် သူမကို ထိမှန်ရန်မှာ မဖြစ်နိုင်ချေ။

အားမြောင်က ရဲယင်ထံ ချဉ်းကပ်သွား၍ သူမ၏ လက်သည်းများကို ဆန့်ထုတ်လိုက်သည်။ ပစ်မှတ်မှာ ရဲယင်၏ အားနည်းသော လည်မျိုပင် ဖြစ်၏။

ရဲယင်၏ လက်ထဲမှ သူရဲကောင်းဓားမှာ သူ၏ ရှေ့တွင် တည်ငြိမ်စွာ ကာထားသည်။

ဓားနှင့် လက်သည်းတို့ ထိခတ်မိရာ မီးပွားများ ထွက်ပေါ်လာပြီး ထိုတစ်ချိန်တည်းတွင် သတ္တုချင်း ရိုက်ခတ်သံများ ထွက်ပေါ်လာ၏။

မူလက အားမြောင်မှာ သူမက ခွန်အားဖြင့် လွှမ်းမိုး၍ ရဲယင်၏ ခုခံမှုကို ချိုးဖျက်ကာ ရဲယင်ကို တိုက်ရိုက် သတ်ပစ်နိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် သူမ မျှော်လင့်မထားသည်မှာ ရဲယင်၏ လက်ထဲမှ ဓားမှာ သူမ၏ လက်သည်းများနှင့် ခဏမျှသာ ထိခတ်မိပြီးနောက် သူမ၏ ခွန်အားအားလုံးမှာ လမ်းကြောင်းလွှဲဖယ်ခြင်း ခံလိုက်ရခြင်း ဖြစ်၏။

အားမြောင် နောက်ဆုံးတွင် သတိပြန်ဝင်လာသောအခါ သူရဲကောင်းဓား၏ ဓားသွားမှာ သူမ၏ လည်ပင်းပေါ်သို့ ရောက်နေပြီ ဖြစ်သည်။

All Chapters