← Chapters

အရှက်မရှိတဲ့ ဝိညာဉ်သားရဲဘုရင်

Vol. 29 Ch. 400

အရှက်မရှိတဲ့ ဝိညာဉ်သားရဲဘုရင်

Vol. 29 Ch. 400

ပေါင်ပေါင်းနှင့် ရဲရှင်းဟွေ့တို့က ထိုကဲ့သို့ ခက်ထန်သည့် သဘောထားကို ပြသသည်ကို မြင်သောအခါ ဝိညာဉ်သားရဲဘုရင်နှင့် ရှားသျောက်တို့မှာ အကျပ်ရိုက်သွားကြ၏။

ဝိညာဉ်သားရဲဘုရင်က အကျိုးအပြစ်များကို ရှင်းလင်းစွာ ရှင်းပြခဲ့ပြီး ဖြစ်သော်လည်း ဤလူသား နှစ်ယောက်မှာ ဤကဲ့သို့ ဆက်လက် ပြုမူနေဆဲ ဖြစ်ရာ ဝိညာဉ်သားရဲဘုရင်မှာ သူ၏ အစွမ်းကို ထုတ်သုံးရန် ပြင်ဆင်လိုက်သည်။

ထိုသို့ တွေးလိုက်ပြီးနောက် ဝိညာဉ်သားရဲဘုရင်က သူ၏ ရှေ့တွင် ယပ်တောင် တစ်ချောင်းကို ဖွင့်လိုက်ပြီး သူ၏ ခံစားချက်များကို စတင် ပျိုးထောင်လိုက်၏။

သူ ယပ်တောင်ကို ပြန်သိမ်းလိုက်သည့်အခါ သူ၏ မျက်လုံးများမှ မျက်ရည်များက တစ်ခဏချင်းမှာပင် ပေါက်ကွဲကျလာသည်။

“လူသား သခင်… ကျွန်တော်တို့ ဝိညာဉ်သားရဲအင်ပါယာကို သနားပါဦး… ဒုတိယမျိုးဆက် နယ်မြေသခင်ရဲ့ အကာအကွယ်သာ မရှိရင် ကျွန်တော်တို့ ဝိညာဉ်သားရဲအင်ပါယာကြီးက သေချာပေါက် ပျက်စီးသွားမှာပါ…”

ဝိညာဉ်သားရဲဘုရင်က သူ့ကိုယ်သူ အလွန်အမင်း သနားစရာ ကောင်းသည့်ဟန်ဖြင့် ပြုမူနေသော်လည်း ရဲရှင်းဟွေ့နှင့် ပေါင်ပေါင်းတို့မှာ မည်သို့မျှ ဂရုစိုက်သည့်ပုံ မပြကြချေ။ အဘယ်ကြောင့်ဆိုသော် အစောပိုင်းက သက်ရှိအားလုံးကို ပုရွက်ဆိတ်များကဲ့သို့ သဘောထားခဲ့သည့် သူ၏ အမူအရာမှာ သူတို့၏ စိတ်ထဲတွင် စွဲထင်နေသေးသောကြောင့် ဖြစ်သည်။

ဆန့်ကျင်ဘက်အားဖြင့် အားရိမှာမူ စိတ်ခံစားချက် မရှိဟု ထင်ရသော သူ၏ ဖခင်ဖြစ်သူ အလွန်အမင်း ဝမ်းနည်းစွာ ငိုကြွေးနေသည်ကို မြင်သောအခါ စိတ်အနည်းငယ် ပျော့သွား၏။

ရဲယင်မှာမူ သူ၏ စိတ်ထဲမှ ထိုအဘိုးကြီး၏ မိကျောင်းမျက်ရည်များကိုသာ ကျိန်ဆဲနေမိသည်။

အမှန်တကယ်တွင် ကိုယ့်နိုင်ငံအတွက် သမီးဖြစ်သူကို လက်ထပ်ပေးလိုက်ရခြင်းက မည်သို့မျှ မပြောပလောက်ချေ။ အလွန်ဆုံး ဖြစ်လှလျှင် အနည်းငယ် အရှက်ရရုံသာ ရှိသည်။

သို့သော်… ဝိညာဉ်သားရဲဘုရင်က အားရိ၏ အသက်ရှင်ခြင်း၊ သေဆုံးခြင်းကို မည်သည့်အခါကမျှ ဂရုမစိုက်ခဲ့ပေ။ အကယ်၍ လေလံပွဲ၌ ရဲယင်နှင့် ရဲရှင်းဟွေ့တို့က လုံလောက်အောင် ကြွယ်ဝခြင်း မရှိခဲ့ပါက အားရိမှာ တစ်ယောက်ယောက်ထံ လေလံတင် ရောင်းချခံလိုက်ရမည် ဖြစ်သည်။

သူမ၏ နိဂုံးလား။ ပြောနေရန်ပင် မလိုတော့ချေ။ သူမ၏ ဘဝမှာ အလွန် ဆိုးရွားစွာ အဆုံးသတ်သွားမည် ဖြစ်သည်။

အားရိ၏ အပြင်လောကမှ ဘဝမှာ မည်မျှပင် ဆိုးရွားနေစေကာမူ ဝိညာဉ်သားရဲဘုရင်က လျစ်လျူရှုခဲ့၏။ အားရိ၏ ကိုယ်ဝန်ဆောင်မိခင် သေဆုံးသွားသည့်အခါ၌ပင် သူက လှည့်၍ပင် မကြည့်ခဲ့ချေ။

သို့သော် ထိုနယ်မြေသခင်နှင့် လက်ဆက်ရန် တစ်စုံတစ်ယောက် လိုအပ်သောကြောင့် သူက အပြင်လောက၌ လှည့်လည် နေထိုင်နေရသော အားရိကို ပြန်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ မည်သို့သော ဖခင်မျိုး ဖြစ်သနည်း။ သူက မိကျောင်းမျက်ရည်မှလွဲ၍ အခြား မည်သည့် မျက်ရည်မျိုးကို ကျနိုင်ဦးမည်နည်း။

…

ရဲယင်က ဤအဖြစ်အပျက်မှာ သူ ကမ္ဘာမြေပေါ်တွင် ရှိစဉ်က တွေ့ခဲ့ရသည့် သတင်းများစွာနှင့် အနည်းငယ် ဆင်တူသည်ဟု ခံစားလိုက်ရသည်။

သူ၏ သားကို စွန့်ပစ်၍ နောက်အိမ်ထောင်ပြုကာ သားတစ်ယောက် ထပ်မွေးခဲ့သော ကိုယ်ဝန်ဆောင်ဖခင်မှာ မည်သို့သော ဖခင်မျိုး ဖြစ်သနည်း။

သားဖြစ်သူ ဆယ်နှစ်ကျော်ကြာ မမြင်ခဲ့ရသည့် ဖခင်ဖြစ်သူက ရုတ်တရက် သူ့ကို ရှာတွေ့ခဲ့သည်မှာ သွေးကင်ဆာ ရောဂါ ခံစားနေရသော သူ၏ ညီဖြစ်သူကို ရိုးတွင်းခြင်ဆီ လှူဒါန်းပေးစေလိုသောကြောင့် ဖြစ်သည်။

ဤဇာတ်လမ်းက အဓိပ္ပာယ် မရှိဟု ထင်ရသလော။ အဓိပ္ပာယ် မရှိသည် မဟုတ်ချေ။ ထို့ထက် ပို၍ အဓိပ္ပာယ် မရှိသည်မှာ သက်ရှိ ဗောဓိသတ္တများကဲ့သို့ ပြုမူကြသော ကီးဘုတ် သူရဲကောင်းများ ဖြစ်ကြပြီး သူစိမ်းတစ်ယောက်၏ အသက်ကို ကယ်တင်ခြင်းမှာ ခုနစ်ထပ်စေတီ တည်ခြင်းထက် သာလွန်သည်ဟု အော်ဟစ်နေကြခြင်း ဖြစ်ကာ ဖအေတူ မအေကွဲ ညီအစ်ကိုကို ကယ်တင်ခြင်းမှာ ပြောစရာပင် မလိုတော့ချေ။

အားရိ ယခု ကြုံတွေ့နေရသော အခြေအနေမှာ ထိုအဖြစ်အပျက်နှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။

…..

အားရိမှာ ထိုအချိန်တွင် စိတ်ပျော့နေသော်လည်း စကားတစ်ခွန်းမျှ မပြောခဲ့ချေ။ သူမက သူမ၏ ဘေးတွင် ထိုင်နေသော ရဲယင်ကိုသာ ကြည့်လိုက်သည်။

ရဲယင်က မည်သည့် ထင်မြင်ချက်ကိုမျှ မပေးသည်ကို မြင်သောအခါ သူမ၏ စိတ်ထဲတွင် အနည်းငယ် ပျော်ရွှင်သွား၏။

သူမ၏ စိတ်ထဲတွင် ထိုကဲ့သို့ ကြင်နာတတ်သော သခင်လေး ရဲယင်က စကားမပြောခြင်းမှာ သူ၏ စိတ်ထဲတွင် သူမအတွက် နေရာတစ်ခု ရှိနေသောကြောင့် ဖြစ်သည်ဟု တွေးလိုက်မိသည်။

…….

ဝိညာဉ်သားရဲဘုရင်က သူ၏ ဉာဏ်နီဉာဏ်နက်မှာ အသုံးမဝင်ကြောင်း မြင်သောအခါ သူက ခံစားချက်များကို အသုံးချ၍ အကျိုးသင့်အကြောင်းသင့် ရှင်းပြလာသည်။

“နောက်ပြီး… မင်းတို့က အားရိက မင်းတို့ရဲ့ သူငယ်ချင်းလို့ ပြောတယ်လေ… အကယ်၍… အကယ်၍ အားရိက ဒုတိယမျိုးဆက် နယ်မြေသခင်နဲ့ တကယ် လက်ထပ်ဖြစ်ခဲ့ရင်တောင်မှ သူမက မင်းတို့ရဲ့ သူငယ်ချင်းအဖြစ် ရှိနေဦးမှာပဲ… အဲဒီအချိန်ကစပြီး မင်းတို့ကလည်း ငါတို့ ဝိညာဉ်သားရဲအင်ပါယာရဲ့ ထာဝရ မိတ်ဆွေတွေ ဖြစ်လာမှာပေါ့…”

ရဲရှင်းဟွေ့က ထိုစကားကို ကြားသောအခါ ရဲယင်ကို ကြည့်လိုက်၏။

ရဲရှင်းဟွေ့က အဓိကအားဖြင့် ရဲယင်၏ အားရိအပေါ် ထားရှိသည့် ခံစားချက်ကို သိလိုခြင်း ဖြစ်သည်။

ရဲယင်က မောင်းမဆောင် လမ်းစဉ်ကို လိုက်နေကြောင်း သူ သိထားသော်လည်း သူက မကြာခဏ နောက်ပြောင်လေ့ ရှိသဖြင့် ရဲယင်နှင့် အားရိကြားမှ စစ်မှန်သော ခံစားချက်ကိုမူ သူ မသေချာခဲ့ချေ။

အမှန်တကယ်တွင် ထိုနှစ်ယောက်ကြားတွင် မည်သည့် ခံစားချက်မျှ မရှိလျှင်ပင် အလွန်အမင်း စပ်စုတတ်သော ရဲရှင်းဟွေ့မှာ သူ၏ သူငယ်ချင်းများကို ထိုကဲ့သို့သော မီးကျင်းထဲသို့ ခြေချခွင့် ပေးလိမ့်မည် မဟုတ်ပေ။

ဝိညာဉ်သားရဲအင်ပါယာကို အိုတာကုများအတွက် ပရဒိသုဘုံအဖြစ် ဖန်တီးရန် စီစဉ်နေသော ဒုတိယမျိုးဆက် နယ်မြေသခင်မှာ သေချာပေါက် နှာဘူးတစ်ယောက် ဖြစ်ရမည်။

မိန်းကလေးတစ်ယောက်က ထိုကဲ့သို့သော နှာဘူးတစ်ယောက်၏ လက်ထဲသို့ ကျရောက်သွားပါက မည်သို့ ဖြစ်သွားမည်ကို ပြောနေရန်ပင် မလိုအပ်ချေ။

…

သူ့ဦးလေးက သူ့ကို ကြည့်နေသည်ကို မြင်သောအခါ ရဲယင်က မတ်တပ်ထရပ်၍ ပြောလိုက်သည်။ “ခင်ဗျား ဘာပဲပြောပြော… ကျွန်တော် အားရိကို ခင်ဗျားဆီ ပေးမှာ မဟုတ်ဘူး…”

“ဒါ့အပြင်… ခင်ဗျားက လက်ထပ်ထိမ်းမြားခြင်းက လုံလောက်တယ်လို့ တကယ် ထင်နေတာလား… ဒုတိယမျိုးဆက် နယ်မြေသခင်က ဘယ်လိုလူစားမျိုးလဲဆိုတာ ခင်ဗျား သိလို့လား… အကယ်၍ သူက တကယ်တမ်း ယောက်ျားလေးအချင်းချင်း ကြိုက်တဲ့သူတစ်ယောက် ဖြစ်နေပြီး ခင်ဗျားက သူ့ဆီ မိန်းကလေးတွေ ပို့ပေးလိုက်လို့ ဒေါသထွက်သွားရင် ဘယ်လိုလုပ်မလဲ…”

ထိုအခိုက်တွင် ယခုအချိန်ထိ တိတ်ဆိတ်နေခဲ့သော ရှားသျောက်က သူ၏ လက်ကို မြှောက်၍ မေးလိုက်၏။ “ယောက်ျားလေးအချင်းချင်း ကြိုက်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ…”

“ယောက်ျားလေးအချင်းချင်း ကြိုက်တာကို ပြောတာ…” ရဲယင်က ရှင်းပြလိုက်သည်။

ဝိညာဉ်သားရဲဘုရင်နှင့် ရှားသျောက်တို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့ နှစ်ယောက်စလုံးက ထိုသို့သော ဖြစ်နိုင်ခြေကို မတွေးခဲ့မိကြချေ။

ယခု သူတို့ စဉ်းစားကြည့်သောအခါ သူတို့မှာ နယ်မြေသခင်ကို လုံးဝ နားမလည်ကြောင်း သိလိုက်ရသည်။

“ဒါဆိုရင် ငါတို့ ဝိညာဉ်သားရဲအင်ပါယာက ဘယ်လို လုပ်သင့်တယ်လို့ မင်း ထင်လဲ…”

“အရမ်း လွယ်ပါတယ်… ငါတို့ ကြယ်တာရာဂိုဏ်းရဲ့ လက်အောက်ခံနိုင်ငံ ဖြစ်လာဖို့ပဲ…” ရဲယင် ဘာတွေးနေသည်ကို သိနှင့်ပြီးဖြစ်သော ရဲရှင်းဟွေ့က ပြောလိုက်သည်။ “မင်းတို့ရဲ့ ဝိညာဉ်သားရဲအင်ပါယာကို ငါတို့က ကာကွယ်ပေးမယ်… ငါ့ကို အထင်မသေးနဲ့… ဝံပုလွေခုနစ်ကောင်ခါးပတ်နဲ့ဆိုရင် ငါက အဲဒီ ဒုတိယမျိုးဆက် နယ်မြေသခင်ကို အနိုင်တိုက်နိုင်တယ်…”

“ဝံပုလွေခုနစ်ကောင်ခါးပတ်လား… အဲဒါက ဘယ်လို အစွမ်းထက်လက်နက်မျိုးလဲ…”

သူ့တွင် သံသယ အချို့ ရှိနေသော်လည်း သူ လုပ်သင့်သည့် အရာအားလုံးကို လုပ်ပြီးသား ဖြစ်သည်။

ယင်းမှာ ဝိညာဉ်သားရဲဘုရင်က ရဲရှင်းဟွေ့၏ ခွန်အားကို ယုံကြည်သောကြောင့် မဟုတ်ဘဲ ရဲယင်၏ စကားများက သူ့ကို အရာရာကို မိမိထင်မြင်ချက်အတိုင်း ယူဆခဲ့မိကြောင်း သတိပေးလိုက်သောကြောင့် ဖြစ်သည်။

နယ်မြေသခင်ကဲ့သို့သော ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ စရိုက်ကို မည်သူမျှ မသိနိုင်ချေ။ အကယ်၍ သူက ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ချမှတ်ပြီး မိန်းကလေးများကို သူ့ထံ ပို့လိုက်ပါက… အမှန်တကယ်ပင် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ဖြစ်သွားနိုင်၏။

ယခုလောလောဆယ်တွင် စောင့်ဆိုင်းပြီး နယ်မြေသခင် သူတို့ထံ လာရောက်သည်အထိ စောင့်ဆိုင်းခြင်းက ပိုကောင်းသည်။

သို့မဟုတ် သူ၏ ဝိညာဉ်သားရဲအင်ပါယာက နယ်မြေသခင်ကို ရှာဖွေရန် လူများ စေလွှတ်နိုင်သည်။

…

“ကောင်းပြီလေ… ငါ သဘောပေါက်ပြီ…” ဝိညာဉ်သားရဲဘုရင်က ခေါင်းညိတ်၍ ပြောလိုက်သည်။ “ငါတို့ အားရိကို ဝိညာဉ်သားရဲအင်ပါယာကို ကယ်တင်ဖို့အတွက် အလဲအလှယ်လုပ်စရာ ပစ္စည်းတစ်ခုအဖြစ် သဘောထားတော့မှာ မဟုတ်ဘူး… အကယ်၍… အကယ်၍ အကျပ်အတည်းက တကယ်ပဲ ရောက်လာခဲ့မယ်ဆိုရင်… အားရိ့ကို ထောက်ထားပြီးတော့ မင်းတို့က ငါတို့ ဝိညာဉ်သားရဲအင်ပါယာနဲ့ တစ်သဘောတည်း ရပ်တည်ပေးလိမ့်မယ်လို့ ငါ မျှော်လင့်တယ်…”

ပထမစကားများမှာ အဆင်ပြေသော်လည်း ဝိညာဉ်သားရဲဘုရင်၏ နောက်ဆုံးစကားများကမူ ထိုနေရာတွင် ရှိနေသော လူတိုင်းကို ဤလူမှာ အရှက်မရှိသည့် လူတစ်ယောက် ဖြစ်သည်ဟု ခံစားသွားစေသည်။

ပညာရှိ စစ်သူကြီးဟူသော ဘွဲ့ကို ဆောင်ထားသည့် ဝန်ကြီးချုပ် ရှားသျောက်ပင်လျှင် သူ့ကို မျက်နှာ မကြည့်ဝံ့တော့ချေ။

ဤလူမှာ အနည်းငယ် အရှက်မရှိဟု ခံစားမိသော်လည်း ရဲရှင်းဟွေ့မှာ သဘောတူလိုက်၏။

မည်သို့ပင် ဆိုစေကာမူ သူ့အတွက် နယ်မြေသခင်ရော၊ မြင့်မြတ်နယ်မြေ နန်းတော်ပါ ရန်သူများ ဖြစ်ကြသည်။

သူ၏ ဝံပုလွေခုနစ်ကောင်ခါးပတ်မှာ ဆာလောင်မွတ်သိပ်၍ နေလောက်ပြီ ဖြစ်သည်။

…….

ရဲရှင်းဟွေ့ သဟဇာတဖြစ်စွာ ညှိနှိုင်းဆွေးနွေးနေစဉ်တွင်…

ရဲတိုက်၏ ဝင်ပေါက်၌ ထောင်ထျဲ့မှာ သူ၏ ရှေ့မှ အပိုင်းအစများကို ဆက်စပ်နေရဆဲ ဖြစ်၏။

“မင်းသိလား… ထောင်ထျဲ့… အဆင်မပြေရင် မင်း ဆက်မလုပ်တော့လည်း ရတယ်… ငါတို့ ရှားသျောက်လာတဲ့အထိ စောင့်ပြီး သူ့ကို လုပ်ခိုင်းလို့ ရတယ်…”

မြေပြင်ပေါ်တွင် ထောင်ထျဲ့ မည်မျှကြာအောင် ဆက်စပ်ခဲ့သည်မသိသော ဦးခေါင်းတစ်ခုက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။

အသေအချာ ကြည့်မည်ဆိုလျှင် ထိုဦးခေါင်း၏ ပါးစပ်နှင့် မျက်လုံးများမှာ ပြောင်းပြန် ဖြစ်နေပြီး နှာခေါင်းမှာလည်း ဦးခေါင်း၏ နောက်ကျောဘက်တွင် ရောက်ရှိနေသည်။

ထို့အပြင် မြေပြင်ပေါ်တွင် ထူးဆန်းသော အစိတ်အပိုင်းများစွာ ရှိနေသေး၏။

ဥပမာအားဖြင့် မူလက ပုံမှန် လက်မောင်းတစ်ချောင်းမှာ အပိုင်းနှစ်ပိုင်း ပိုထွက်လာသည်။

သို့မဟုတ် ခြေထောက်များမှာ တင်ပါးဆုံရိုးများနှင့် မဆက်ဘဲ ခါးနှင့် တိုက်ရိုက် ဆက်ထားသည်။

ထောင်ထျဲ့မှာ သူ၏ အဖော်ပြောသည့် စကားကို အလေးမထားခဲ့ချေ။ သူက သူ သေချာပေါက် ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်၏။

ပထမ အနည်းငယ်မှာ အမှားအယွင်း အချို့သာ ဖြစ်သည်။

ထောင်ထျဲ့က လက်မလျှော့လိုသည်ကို မြင်သောအခါ ထူးဆန်းစွာ ဆက်စပ်ခံထားရသော အနည်းငယ်မှာ ဆူညံစွာ အော်ဟစ်လာကြသည်။

“ထောင်ထျဲ့… ငါ မင်းကို တောင်းပန်ပါတယ်… ကျေးဇူးပြုပြီး ဒီလိုတွေ မလုပ်ပါနဲ့တော့…”

“သူဌေးထောင်ထျဲ့… ငါ မင်းကို သူဌေးအဖြစ် သတ်မှတ်ပေးဖို့ ဆန္ဒရှိပါတယ်… ဒါကြောင့် ကျေးဇူးပြုပြီး မကမောက်ကမတွေ မလုပ်ပါနဲ့တော့… ကောင်းပြီလား… ငါတို့ တော်တော်လေး လန့်နေပြီ…”

“ထောင်ထျဲ့… မင်း ငါ့ရဲ့ တန်ဖိုးထားရတဲ့ အရက်ကို မသောက်ချင်ဘူးလား… ဒီလောက် ကြိုးစားမနေနဲ့တော့… ငါ နောက်ကျရင် မင်းကို ပေးပါ့မယ်…”

အရက်ရှိသည်ဟု ကြားသောအခါ ထောင်ထျဲ့၏ မျက်လုံးများမှာ အရောင်တောက်သွားပြီး စကားပြောလိုက်သော ပါးစပ်ကို ချက်ချင်း ရှာဖွေ၍ ပြုံးကာ ပြောလိုက်သည်။ “ဒီလိုဆိုရင်တော့… ကျေးဇူးဆပ်တဲ့အနေနဲ့ ငါ မင်းကို အရင်ဆုံး ဆက်စပ်ပေးမယ်… မင်းပြောတဲ့ အရက်ကိုတော့ မမေ့နဲ့နော်…”

အရင်က စကားပြောခဲ့သောသူမှာ ထောင်ထျဲ့ ပြောသည်ကို ကြားပြီးနောက် ချက်ချင်း စိတ်မကောင်း ဖြစ်သွားတော့သည်။

ထောင်ထျဲ့က လူ၏ အစိတ်အပိုင်းများကို ဆက်စပ်သည့် သူ၏ လုပ်ရပ်များကို ဆက်လက် လုပ်ဆောင်တော့မည် ပြင်လိုက်စဉ်မှာပင် ပုံရိပ်နှစ်ခုမှာ ရဲတိုက်ထဲသို့ ပြေးဝင်လာကြ၏။

All Chapters