သနားစရာ ဟုန်လျန်
Vol. 29 Ch. 401
ရဲတိုက်ထဲသို့ ပြေးဝင်လာသော လူနှစ်ယောက်မှာ အခြားသူများ မဟုတ်ကြဘဲ ယခင်က ရဲရှင်းဟွေ့ ဝိညာဉ်လဲလှယ်ခဲ့သော ဟူလိ (ဟုန်လျန်) နှင့် ဟုန်လျန် (ဟူလိ) တို့သာ ဖြစ်ကြသည်။
ဟူလိနှင့် ဟုန်လျန်တို့ မြေပြင်ပေါ်မှ အလောင်းများကို မြင်သောအခါ သူတို့၏ မျက်လုံးများမှာ ကြောင်ငေးသွားကြ၏။
ထောင်ထျဲ့ စုပုံထားသော အမျိုးမျိုးသော ကိုယ်လက်အင်္ဂါ အပိုင်းအစများနှင့် လက်မောင်းပြတ်များကို မြင်လိုက်ရသောအခါ သူတို့ နှစ်ယောက်မှာ ပို၍ပင် မှင်တက်သွားကြသည်။
အနီးကပ် ကြည့်ရှုပြီးနောက် သူတို့မှာ မြေပြင်ပေါ်ရှိ အရာများမှာ အလောင်းများ မဟုတ်ကြောင်း သိရှိလိုက်၏။ ထိုအပိုင်းအစများမှာ အသက်ရှင်နေဆဲ ဖြစ်ပြီး တစ်စုံတစ်ယောက်က ပြန်လည် ဆက်စပ်ပေးရန်သာ လိုအပ်သည်။
သို့သော်လည်း… ထောင်ထျဲ့ ဆက်စပ်ထားသည့် လူများကို ကြည့်ရင်း… ဟုန်လျန်မှာ သူတို့ အပြည့်အစုံ ပြန်လည် ဆက်စပ်နိုင်ပါဦးမည်လောဟု တွေးတောမိသည်။
ဟုန်လျန်က ထိုသို့ တွေးနေစဉ်တွင် ဟုန်လျန်၏ ခန္ဓာကိုယ်ထဲမှ ဟူလိမှာမူ မခံမရပ်နိုင်တော့ချေ။
ဟူလိက ထောင်ထျဲ့ လုပ်နေသည့်အရာမှာ စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်မြင်ပြီး ရှေ့သို့ တက်၍ စမ်းကြည့်ချင်နေ၏။
ဟုန်လျန် (ဟူလိ) က ရှေ့သို့ လျှောက်လာပြီး မြေပြင်ပေါ်မှ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ကြုံသလို ကောက်ယူနေသည်ကို မြင်သောအခါ ထောင်ထျဲ့မှာ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။
“ဟေး… ဟုန်လျန်… ဒါတွေအားလုံးက ငါ့အလုပ်တွေ… ပြီးတော့… မင်းက ငါ့ထက်တောင် ပိုဥာဏ်နည်းသေးတာ… အဲဒါကြောင့် ဦးနှောက်သုံးရတဲ့ အလုပ်တွေမှာ ဝင်မပါနဲ့…”
ဟုန်လျန် - “…”
ဟုန်လျန်မှာ ထောင်ထျဲ့၏ စကားများကို မယုံနိုင်အောင် ဖြစ်သွား၏။
ဝိညာဉ်သားရဲအင်ပါယာတွင် သူမ၊ ဟုန်လျန်သည် ရှားသျောက်ပြီးလျှင် ဒုတိယအထက်မြတ်ဆုံး ဖြစ်ကြောင်း လူတိုင်း သိကြသော်လည်း ဤထောင်ထျဲ့မှာမူ မိုက်မဲသည့် ဦးနှောက်မရှိသော လူတစ်ယောက်သာ ဖြစ်သည်။
သို့သော်လည်း နောက်ဆက်တွဲ စကားဝိုင်းမှာ သူမကို ပို၍ပင် ဆွံ့အသွားစေသည်။
“သူဌေး… ကျွန်တော် ဟုန်လျန် မဟုတ်ဘူး… ကျွန်တော် ဟုန်လျန်နဲ့ ဝိညာဉ်တွေ လဲသွားတာ… ကျွန်တော်က ဟူလိပါ…”
တစ်ဖက်လူက ဟူလိဖြစ်ကြောင်း ကြားသောအခါ ထောင်ထျဲ့မှာ တစ်ခဏမျှ မှင်တက်သွားပြီးနောက် ခေါင်းညိတ်၍ ပြောလိုက်သည်။ “ဟူလိ… မင်းက သိပ်မဆိုးပါဘူး… ငါနဲ့တော့ အတူတူလောက် ဉာဏ်ကောင်းပါတယ်… လာ… ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အတူတူ ကယ်တင်ကြစို့…”
ထိုစကားကို ကြားသောအခါ ဟုန်လျန်မှာ ဤနှစ်ယောက်နှင့် လုပ်ဖော်ကိုင်ဖက် ဖြစ်ရသည်ကို အလွန် ရှက်မိတော့သည်။
ပြီးတော့… ဘယ်သူလဲ…။
ဘယ်သူက ထောင်ထျဲ့ကို သူ တကယ် ဉာဏ်ကောင်းတယ်ဆိုတဲ့ စိတ်မှား ဝင်အောင် လုပ်လိုက်တာလဲ…။
…
“ဟုန်လျန်… ငါတို့ကို ကယ်ပါဦး… ဒီအရူး နှစ်ယောက်ကို ငါတို့ကို ဆက်ပြီး မနှိပ်စက်ခိုင်းပါနဲ့တော့…”
“ဟုတ်တယ်… အစ်မဟုန်လျန်… သူတို့… သူတို့… သူတို့က ငါတို့ကို ပုံပျက်ပန်းပျက်တွေ ဖြစ်အောင် လုပ်နေပြီ… ငါတို့ လူတစ်ယောက် ပုံစံ ပြန်ဖြစ်နိုင်ပါ့မလားတောင် မသိတော့ဘူး…”
“ဟုန်လျန်… ဒီအရူး နှစ်ယောက်ကို ရိုက်နှက်ပေးပါ… ငါ မင်းကို ကျေးဇူးတစ်ခါ တင်ပါ့မယ်…”
“ဟုတ်တယ်… သူတို့ကို ရိုက်လိုက်စမ်းပါ…”
…
ထိုစကားများကို ကြားရသောအခါ ဟုန်လျန်မှာလည်း အနည်းငယ် ကူကယ်ရာမဲ့ ဖြစ်သွား၏။
နောက်ဆုံးတွင် သူမက လူတစ်ယောက်ကို အပြည့်အစုံ ပြန်လည် ဆက်စပ်ပြီး ဤနေရာ၌ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို မေးမြန်းရန် လိုအပ်သေးသည်။
ဟုန်လျန် ဝင်ရောက်စွက်ဖက်လိုသည်ကို မြင်သောအခါ ထောင်ထျဲ့နှင့် သူ၏ ညီငယ် ဟူလိတို့မှာ အနည်းငယ် မကျေမနပ် ဖြစ်သွားကြသည်။
ထိုအခြေအနေကို မြင်သောအခါ ဟုန်လျန်မှာ ဟူလိ၏ မိသားစု ရတနာများကို ထပ်မံ ခြိမ်းခြောက်ရပြန်ပြီး နောက်ဆုံးတွင် ထောင်ထျဲ့က ဟုန်လျန်ကို တစ်စုံတစ်ယောက်အား ပြန်လည် ဆက်စပ်ပေးရန် သဘောတူလိုက်၏။
ဤသို့ဖြင့် ဟုန်လျန်မှာလည်း လူများကို ပြန်လည် ဆက်စပ်ပေးတော့သည်။
ထောင်ထျဲ့က ဟုန်လျန်ကို လူတစ်ယောက်တည်းသာ ဆက်စပ်ပေးရန် တောင်းဆိုခဲ့သော်လည်း ဟုန်လျန်မှာ တစ်ချိန်တည်းတွင် လူနှစ်ယောက်ကို ဆက်စပ်ပေးခဲ့၏။
ထောင်ထျဲ့နှင့် ဟူလိတို့မှာ ထိုအချက်ကို သတိမပြုမိကြချေ။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်ယောက်မှာ ပျောက်ဆုံးနေသော အစိတ်အပိုင်းများကို စင်္ကြံဘေးရှိ အလှဆင် သံချပ်ကာများဖြင့် အစားထိုး ဖြည့်စွက်နိုင်ခြင်း ရှိ၊ မရှိကို ဆွေးနွေးနေကြသောကြောင့် ဖြစ်သည်။
…
မကြာမီ… ဟုန်လျန်မှာ လူတစ်ယောက်ကို အပြည့်အစုံ ပြန်လည် ဆက်စပ်ပေးနိုင်ခဲ့သည်။ အခြားတစ်ယောက်မှာမူ… ကံမကောင်းစွာဖြင့် အစိတ်အပိုင်းများစွာ ပျောက်ဆုံးနေခဲ့၏။ ပျောက်ဆုံးနေသော လက်မောင်းများနှင့် ခြေထောက်များကို ထောင်ထျဲ့က အခြားတစ်စုံတစ်ယောက်၏ လက်ရှည်၊ ခြေရှည်များအဖြစ် ပြောင်းလဲကာ ဆက်စပ်ပေးလိုက်ပြီ ဖြစ်သည်။
ရဲရှင်းဟွေ့သာ ဤအဖြစ်အပျက်ကို မြင်ခဲ့ပါက ထောင်ထျဲ့က ‘One Piece’ ထဲမှ လက်ရှည်မျိုးနွယ်နှင့် ခြေရှည်မျိုးနွယ်ကို သိုင်းလောကထဲသို့ ခေါ်ဆောင်လာခဲ့သည်ကို အံ့အားသင့်သွားမည် ဖြစ်သည်။
ထိုအချိန်တွင် ဟုန်လျန်မှာလည်း ဤနေရာ၌ ယခင်က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို သိရှိသွား၏။
သူမ၏ ဝိညာဉ်ကို ဟူလိနှင့် လဲလှယ်ခဲ့သော ထိုလူယုတ်မာမှာ ဝိညာဉ်သားရဲအင်ပါယာ၏ အသန်မာဆုံး ဝိညာဉ်သားရဲဘုရင်ပင် မယှဉ်နိုင်လောက်အောင် အစွမ်းထက်လှသည်ကို သိရှိပြီးနောက် ဟုန်လျန်မှာ အနည်းငယ် မျှော်လင့်ချက်မဲ့သွားသည်။
“ဒါဆိုရင်… ငါက ဟူလိရဲ့ ခန္ဓာကိုယ်နဲ့ပဲ နေသွားရတော့မှာလား… ဒီလိုဆိုရင်တော့ ငါ သေတာကမှ ပိုကောင်းဦးမယ်…”
မည်သို့ပင် ဆိုစေကာမူ ဟုန်လျန်မှာ ဝိညာဉ်သားရဲအင်ပါယာ၏ ပထမတန်းစား အလှပဂေးတစ်ယောက် ဖြစ်သည်… သို့သော် ယခုမှစ၍ သူမမှာ ခြေထောက်ကလော်နေသည့် ယောက်ျားတစ်ယောက်အဖြစ်သာ နေထိုင်သွားရတော့မည် ဖြစ်သည်။
“မဟုတ်ဘူး… မဟုတ်ဘူး… ငါ… ငါ ခြေထောက်ကလော်နေတဲ့ ယောက်ျားတစ်ယောက် မဖြစ်နိုင်ဘူး…”
တစ်စုံတစ်ခုကို တီးတိုးရေရွတ်ပြီးနောက် ဟူလိ (ဟုန်လျန်) က ဟုန်လျန် (ဟူလိ) ကို ဆွဲ၍ ရဲတိုက်၏ အတွင်းပိုင်းသို့ ပြေးဝင်သွားသည်။
ထိုအဖြစ်ကို မြင်သော်လည်း ထောင်ထျဲ့မှာ သူတို့ကို မတားဆီးခဲ့ချေ။ သူက ဤနေရာ၌ သူတစ်ယောက်တည်း ရှိနေလျှင်ပင် လုံလောက်သည်ဟု ခံစားမိ၏။
ဟုန်လျန် ဆက်စပ်ပေးခဲ့သော လူမှာမူ သူ၏ ခန္ဓာကိုယ်ကို အနည်းငယ် ဆန့်တန်းပြီးနောက် ထောင်ထျဲ့နှင့် ကောင်းမွန်စွာ စကားပြောဆိုရန် ကြံရွယ်လိုက်သည်။ မည်သို့ပင် ဆိုစေကာမူ သူက ယခုလေးတင် ထောင်ထျဲ့ကို ရင်ဆိုင်ရသည့်အခါ အလွန် ကြောက်ရွံ့နေခဲ့သည်။
ဟုန်လျန် ဆက်စပ်ပေးခဲ့သော လူ၏ အမည်မှာ ရှီထျဲ့ဖြစ်ပြီး သူ၏ ပုံစံအမှန်မှာ သံစားသားရဲ၊ ပန်ဒါဝက်ဝံကြီးတစ်ကောင် ဖြစ်သည်။
ထောင်ထျဲ့ကဲ့သို့သော လူမျိုးကို ရင်ဆိုင်ရသော်လည်း သူက လုံးဝ မကြောက်ရွံ့ခဲ့ချေ။
မကြာမီတွင် ရဲတိုက်၏ တံခါးဝမှ ဟိန်းဟောက်သံများ ထွက်ပေါ်လာတော့၏…
…..
အခြားတစ်ဖက်တွင်…
အကြိမ်ကြိမ် မေးမြန်းစုံစမ်းပြီးနောက် ဟုန်လျန်မှာ နောက်ဆုံးတွင် ရဲရှင်းဟွေ့နှင့် အခြားသူများ၏ တည်နေရာကို ရှာဖွေတွေ့ရှိသွားသည်။
နှစ်ယောက်သား တံခါးကို ဖွင့်လိုက်သောအခါ ဝိညာဉ်သားရဲဘုရင်၊ ရဲရှင်းဟွေ့၊ ရှားသျောက်၊ ပေါင်ပေါင်း၊ ရဲယင်နှင့် အားရိတို့ ထမင်းစားပွဲ၌ ထိုင်၍ စားသောက်နေကြသည်ကို တွေ့လိုက်ရသည်။
လူတစ်ယောက်ချင်းစီ၏ နောက်တွင် အစေခံဝတ်စုံ ဝတ်ဆင်ထားသော အစေခံမိန်းကလေး တစ်ယောက်စီ ရှိနေ၏။
“…ဟင်…”
ဤမြင်ကွင်းကို မြင်သောအခါ ဟုန်လျန်မှာ အနည်းငယ် ကြောင်သွားသည်။
သူမ၏ စိတ်ကူးထဲတွင် ဝိညာဉ်သားရဲဘုရင် သေဆုံးသွားသည် သို့မဟုတ် ရဲရှင်းဟွေ့ သေဆုံးသွားသည်ဟု ထင်ထားခဲ့ရာ ယခု သဟဇာတဖြစ်နေသော မြင်ကွင်းမှာ မည်သို့ ဖြစ်သနည်း။
ဟုန်လျန်နှင့် ဟူလိကို မြင်သောအခါ ဝိညာဉ်သားရဲဘုရင်မှာလည်း မှင်တက်သွား၏။
“ဟင်… မင်းတို့ မသေဘူးလား…”
စကားပြောနေစဉ်တွင် ဝိညာဉ်သားရဲဘုရင်က ရဲရှင်းဟွေ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ရဲရှင်းဟွေ့က ပခုံးတွန့်၍ ပြောလိုက်၏။ “ဘာလို့ ကျွန်တော့်ကို အဲလို ကြည့်နေတာလဲ… ကျွန်တော်က လူသတ်သမား မဟုတ်ပါဘူး…”
ရဲရှင်းဟွေ့၏ စကားကို ကြားသောအခါ ဟူလိ (ဟုန်လျန်) မှာ ရုတ်တရက် အလွန်အမင်း နာကျင်ခံစားသွားရသည်။
လက်ရှိတွင် ဟူလိ၏ မျက်နှာ ရှိနေသော ဟုန်လျန်က နာကျင်ကြေကွဲဟန် ပြုလိုက်ရာ ဝိညာဉ်သားရဲဘုရင်၏ စိတ်ကို တိုက်ရိုက် လှုပ်ရှားသွားစေသည်။
“ချီး… ငါ အရေးကြီးတဲ့ ဧည့်သည်နဲ့ ထမင်းစားနေတာ… ဟူလိ… မင်း ဒီလောက် စက်ဆုပ်စရာကောင်းအောင် မလုပ်လို့ မရဘူးလား…”
စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဝိညာဉ်သားရဲဘုရင်က စကားတစ်ခွန်းမျှ မပြောဘဲ ဟုန်လျန်၏ ဝိညာဉ် ရှိနေသော ဟူလိကို ရိုက်နှက်ရန် ပြေးဝင်သွားသည်။
လုပ်ငန်းစဉ် တစ်ခုလုံးတွင် ရဲရှင်းဟွေ့နှင့် ပေါင်ပေါင်းတို့၏ ပြင်းထန်စွာ နှိမ်နင်းခြင်းကို ခံခဲ့ရပြီးနောက် ဝိညာဉ်သားရဲဘုရင်မှာ အမှန်တကယ်တွင် အလွန် မကျေမနပ် ဖြစ်နေဆဲ ဖြစ်ရာ သူက သူ၏ ဒေါသကို ဟူလိအပေါ် ပုံချလိုက်ခြင်း ဖြစ်သည်။
“ဝူးးးးးး…”
အရိုက်ခံရပြီးနောက် ဟုန်လျန်မှာ သူမ အလွန်အမင်း အနိုင်ကျင့်ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။
ဟူလိက ထိုသို့ ငိုကြွေးဝံ့သေးသည်ကို မြင်သောအခါ ဝိညာဉ်သားရဲဘုရင်က သူ့ကို ထပ်မံ ရိုက်နှက်ရန် ကြံရွယ်လိုက်၏။
ကြင်နာတတ်သော ရဲရှင်းဟွေ့က မိန်းကလေးတစ်ယောက် အမြဲတမ်း အရိုက်ခံနေရခြင်းမှာ မကောင်းဟု ခံစားမိသဖြင့် ဟူလိနှင့် ဟုန်လျန်တို့၏ ဝိညာဉ်များကို ပြန်လည် လဲလှယ်ပေးလိုက်သည်။
သို့သော် ရဲရှင်းဟွေ့ မမျှော်လင့်ထားသည်မှာ ပေါင်ပေါင်းက လှုပ်ရှားတော့မည့် ဝိညာဉ်သားရဲဘုရင်ကို စကားပြောလိုက်ခြင်း ဖြစ်သည်။
“ခင်ဗျား လူမှားရိုက်နေပြီ… ဟူလိဆိုတဲ့ တစ်ယောက်က ဟုန်လျန်ဆိုတဲ့ တစ်ယောက်နဲ့ ဝိညာဉ် လဲထားတာ…”
ထိုစကားကို ကြားသောအခါ ဝိညာဉ်သားရဲဘုရင်မှာ အနည်းငယ် ဆွံ့အသွားသော်လည်း တရားမျှတမှု ရှိစေရန်အတွက် သူက လက်ရှိ ဟုန်လျန်၏ ခန္ဓာကိုယ်ထဲမှ ဟူလိကို ဟုန်လျန်၏ မျက်နှာကို ထောက်ထား၍ ကောင်းကောင်း ရိုက်နှက်ပေးရန် ဆုံးဖြတ်လိုက်သည်။
ဤသို့ဖြင့် ရဲရှင်းဟွေ့က သူတို့ကို ဝိညာဉ်လဲလှယ်သည့်အကြောင်း မပြောနိုင်မီမှာပင် ဝိညာဉ်သားရဲဘုရင်က ဟုန်လျန်ကို ထပ်မံ ရိုက်နှက်လိုက်ပြန်တော့၏။
ရုတ်တရက် ပြန်ပြောင်းလဲသွားသဖြင့် ပျော်ရွှင်နေသော ဟုန်လျန်မှာ ထပ်မံ အရိုက်ခံလိုက်ရပြန်သည်။
နှစ်ကြိမ်တိုင်တိုင် ရိုက်နှက်ခံရပြီးနောက် ဟုန်လျန်မှာ မခံနိုင်တော့ဘဲ ငိုကြွေးမိတော့သည်။ ဤတစ်ကြိမ်တွင် သူမမှာ တကယ် ငိုကြွေးခဲ့ခြင်း ဖြစ်ပြီး အလွန်အမင်း ဝမ်းနည်းပက်လက် ငိုကြွေးခဲ့၏။
“ငါ ဘာလို့ ဒီလောက် ကံဆိုးရတာလဲ… လှပတဲ့ မိန်းကလေးတွေက ကံဆိုးမှာ မဟုတ်ဘူးလို့ ပြောကြတယ် မဟုတ်လား… ဘာလို့လဲ… ဘာလို့လဲ…”