ဟုန်လျန် - အလွန်ကောင်းသည်
Vol. 30 Ch. 416
မြို့တော်တက္ကသိုလ်၌ ကျောင်းသားများကို သင်ကြားပေးနေသော ရဲဆွေ့မှာ ရုတ်တရက် ထိုနေရာမှာပင် တောင့်ခဲသွား၏။
အကြောင်းမှာ သူ၏ မှော်လက်နက်များထဲမှ တစ်ခုက အနိုင်ကျင့်ခံလိုက်ရခြင်းကြောင့် ဖြစ်သည်။
ထိုမှော်လက်နက်၏ အမည်မှာ ‘ခွိုက်ကျဲ့မန်’ ဖြစ်ပြီး ၎င်းက နေရာအမျိုးအစား မှော်လက်နက်တစ်ခု ဖြစ်၏။
သူ့ထံ၌ ထိုသို့သော မှော်လက်နက်မျိုး ရှိရသည့်အကြောင်းရင်းမှာ ဘုံများစွာကြား သွားလာရ လွယ်ကူစေရန် ဖြစ်သည်။
ထိုစဥ်က ယခင်နယ်မြေသခင်နှင့် သူ၏ တိုက်ပွဲကြောင့် ဘုံတစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့သည်။ ထိုဘုံသာမက ဘုံ၏ နေရာလွတ်များပင်လျှင် အစိတ်စိတ်အမွှာမွှာ ကြေမွသွားခဲ့၏။
ထိုအရာကို ပြန်လည်ဖြည့်ဆည်းရန်အတွက် ရဲဆွေ့က အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသော ဘုံကို ပြန်လည်စုစည်းရန် ရည်ရွယ်ချက်ဖြင့် နေရာအနှံ့သို့ ပြေးလွှားနေခဲ့သည်။
ဤရည်ရွယ်ချက်အတွက် ရဲဆွေ့က ‘ခွိုက်ကျဲ့မန်’ ဟူသော မှော်လက်နက်ကိုပင် ပြုလုပ်ခဲ့၏။
နောက်ပိုင်းတွင် သူက အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသောဘုံကို ပြန်လည် ပေါင်းစပ်၍မရနိုင်တော့ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
ထို့ကြောင့်ပင် သူက အစိတ်စိတ်အမြွှာမြွှာဖြစ်နေသော ဘုံကို သီးခြားဘုံများအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲပစ်လိုက်သည်။
ပြီးစီးသွားသောအခါ ဘုံများထဲမှ တစ်ခုမှာ လက်တွေ့ကမ္ဘာနှင့် အလွန်တူညီကြောင်း သူ တွေ့ရှိခဲ့၏။ ထို့ကြောင့် သူက လက်တွေ့ကမ္ဘာပေါ်တွင် အိပ်စက်ပြီး လက်တွေ့ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်လာသည်ကို စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ယနေ့တွင် တစ်စုံတစ်ယောက်က ‘ခွိုက်ကျဲ့မန်’ ကို မမျှော်လင့်ဘဲ ဖြတ်သန်းသွားခဲ့သည်။
ထိုမှော်လက်နက်၏ အမည်မှာ ‘ခွိုက်ကျဲ့မန်’ ဖြစ်သော်လည်း မည်သူမဆို ဝင်ရောက်နိုင်သည့် အရာမျိုးတော့ မဟုတ်ချေ။
ဤသို့ တွေးမိသောအခါ ရဲဆွေ့က အတန်းပြီးဆုံးကြောင်း ချက်ချင်း ကြေညာလိုက်ပြီးနောက် သူ၏ ရုံးခန်းသို့ လာ၍ အစောပိုင်းက ဖြစ်ပျက်ခဲ့သည်များကို စတင် စစ်ဆေးလိုက်၏။
ဆယ်မိနစ်အကြာတွင်…
“ဘာဖြစ်တာလဲ… အဖေက လက်တွေ့ကမ္ဘာပေါ်ကို တကယ် ပြန်လာတယ်… ပြီးတော့… ဟိုမိန်းမ… သူက ပထမမျိုးဆက် နယ်မြေသခင်မ မဟုတ်ဘူးလား… ဘာလို့ အဖေနဲ့ အတူ ရှိနေရတာလဲ…”
တစ်စုံတစ်ခုကို ရေရွတ်ပြီးနောက် ရဲဆွေ့က ရုံးခန်းထဲတွင် ရှေ့နောက်လျှောက်နေတော့သည်။
သူက ရဲရှင်းဟွေ့နှင့် ယခုချက်ချင်း မတွေ့ချင်သေးပေ။ တွေ့မည်ဆိုလျှင်ပင် သူ တစ်ခါမှ မမြင်ဖူးသော သူ့အမေ ပေါ်လာသည့်အချိန်ထိ အနည်းဆုံးတော့ စောင့်ရမည် ဖြစ်သည်။
“ကောင်းပြီလေ… တခြားနည်းလမ်း မရှိတော့ဘူး… ငါ ဘာမှမသိချင်ယောင်ပဲ ဆောင်လိုက်တော့မယ်…”
နောက်ဆုံးတွင် ရဲဆွေ့က ရဲရှင်းဟွေ့နှင့် မတွေ့ရန် ဆုံးဖြတ်လိုက်သည်။
တစ်ဖက်တွင်မူ…
ရဲရှင်းဟွေ့နှင့် ရဲဖန်တို့မှာ အပျော်စီးသင်္ဘောပေါ်သို့ ရောက်ရှိလာကြသည်။
အပျော်စီးသင်္ဘောပေါ်သို့ ရောက်သောအခါ ဟုန်လျန်က သံလိုက်အိမ်မြှောင်ကို ထပ်မံ ထုတ်ယူလိုက်၏။
သံလိုက်အိမ်မြှောင်၏ လက်တံညွှန်ပြရာ လားရာက ရဲရှင်းဟွေ့ကို အံ့အားသင့်စေသည်။
“ဒါဆို နယ်မြေသခင်က အခု ငါတို့နိုင်ငံထဲမှာပေါ့… သူက လူသူမနီးတဲ့ တောတောင်ထဲ တစ်နေရာရာမှာ ပုန်းနေတာလား…”
ရဲရှင်းဟွေ့က ရေရွတ်လိုက်၏။
“ဖြစ်နိုင်တယ်…”
ဟုန်လျန်က ခေါင်းညိတ်၍ ပြောလိုက်သည်။
“ဒါပေမဲ့ သူ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျွန်မ သူ့ကို ရှာတွေ့အောင် ရှာမှာ…”
ဟုန်လျန်မှာ သူမ လုပ်ဆောင်ရမည့် အလွန်အရေးကြီးသော ကိစ္စတစ်ခု ကျန်ရှိနေသေးသည်ကို မမေ့သေးဘဲ ထိုအရာမှာ ကြယ်တာရာမြို့တော်တွင် အိမ်တစ်လုံး ဝယ်ရန် ဖြစ်သည်။
နယ်မြေသခင်ကို ရှာတွေ့ပြီး ဝိညာဉ်သားရဲအင်ပါယာ၏ လက်ရှိအခက်အခဲများကို အသိပေးပြီးသည်နှင့် ဟုန်လျန်မှာ သူမ၏ တာဝန်ကို ကျေပွန်ပြီ ဖြစ်၏။
မူလက ဟုန်လျန်မှာ နယ်မြေသခင်ကို ရှာရန် ပျံသန်းလိုသော်လည်း ရဲရှင်းဟွေ့၏ တားဆီးခြင်းကို ခံလိုက်ရသည်။
အခြားအကြောင်းရင်း မရှိဘဲ သူတို့ ရောက်နေသည်မှာ လက်တွေ့ကမ္ဘာဖြစ်နေသောကြောင့် ဖြစ်၏။ ဟုန်လျန်က ဤသို့ မောက်မာစွာ ပျံသန်းသွားပါက ပြဿနာများစွာကို သေချာပေါက် ဖြစ်ပွားစေမည် ဖြစ်သည်။
“ဒီက ဝိညာဉ်စွမ်းအင်တွေက အရမ်း ပါးလွှာတာပဲ… ပြီးတော့ အားကြီးတဲ့သူတွေ အများကြီး ရှိမယ်မထင်ဘူး… ဒီအတိုင်း ပျံသွားရင် ဘာမှမဖြစ်လောက်ပါဘူး…”
ဟုန်လျန်က မကျေမနပ် ညည်းညူလိုက်သည်။
ရဲရှင်းဟွေ့က ခေါင်းခါ၍ ပြောလိုက်၏။
“မရဘူးလို့ ငါပြောရင် မရဘူးပဲ…”
ရဲရှင်းဟွေ့၏ စကားကို ကြားပြီးနောက် ဟုန်လျန်မှာ လက်လျှော့လိုက်ရတော့သည်။
ဟုန်လျန်က အစပိုင်းတွင် အနည်းငယ် စိတ်ဓာတ်ကျနေသော်လည်း အပျော်စီးသင်္ဘောပေါ်တွင် ပျော်ရွှင်မှုဟူသည် အဘယ်နည်းဟု တွေ့ကြုံခံစားပြီးနောက် နယ်မြေသခင်၏ တည်နေရာဆီသို့ ဖြည်းဖြည်းချင်း ခရီးသွားခြင်းက ကောင်းသည်ဟု ခံစားလိုက်ရသည်။
အပျော်စီးသင်္ဘောပေါ်တွင် စားစရာ၊ သောက်စရာများနှင့် ဖျော်ဖြေရေး နည်းလမ်းမျိုးစုံ ရှိနေ၏။
သူမသည် ဝိညာဉ်သားရဲအင်ပါယာတွင် နေထိုင်စဥ်က ဤကဲ့သို့သော အရာများကို တစ်ခါမှ မခံစားခဲ့ဖူးချေ။
မကြာမီတွင် သူမသည် ဤနေရာ၌ ကြုံတွေ့ရသော ခမ်းနားထည်ဝါသည့် နေထိုင်မှုဘဝပုံစံကြောင့် ဖောက်ပြန်ပျက်စီးသွားတော့သည်။
ဟုန်လျန် တစ်ယောက်တည်းသာမက အားရိမှာလည်း အလွန်ပျော်ရွှင်စွာ ဆော့ကစားနေခဲ့၏။
ရဲရှင်းဟွေ့ကမူ ဟုန်လျန်တို့နှင့်အတူ အပျော်စီးသင်္ဘောပေါ်တွင် လိုက်လံဆော့ကစားခြင်း မပြုဘဲ ရဲဖန်နှင့်အတူ သူ၏ အခန်းသို့ လိုက်သွားသည်။
ဦးလေးနှင့်တူတို့ တွေ့ဆုံသောအခါ သူတို့မှာ သဘာဝအတိုင်းပင် ကောင်းမွန်သော စကားဝိုင်းတစ်ခု ပြုလုပ်ကြရမည် ဖြစ်၏။
ရဲရှင်းဟွေ့က ရဲဖန်ကို သူ၏ မသေမျိုးကျင့်ကြံရေးလောကမှ အတွေ့အကြုံအချို့ကို ပြောပြလိုက်သည်။
ရဲဖန်ကလည်း ရဲရှင်းဟွေ့ကို လက်တွေ့ကမ္ဘာပေါ်မှ မကြာသေးမီက ဖြစ်ရပ်များအကြောင်း ပြောပြလိုက်၏။
ရဲရှင်းဟွေ့ မျှော်လင့်ထားသည့်အတိုင်းပင် လက်တွေ့ကမ္ဘာကြီးမှာ စတင်ပြောင်းလဲလာပြီ ဖြစ်သည်။
အမှန်ပင် ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထခြင်းခေတ် စတင်ခဲ့ပြီ ဖြစ်၏။
သို့သော်လည်း သာမန်လူများမှာ ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထခြင်းကို များစွာ ခံစားရမည် မဟုတ်ပေ။ တစ်ခုတည်းသော ခံစားမှုမှာ သူတို့၏ ကျန်းမာရေး ပိုကောင်းလာပြီး ဖျားနာရန် အခွင့်အလမ်း ပိုနည်းသွားခြင်း ဖြစ်နိုင်သည်။
သို့သော်လည်း ကျင့်ကြံခြင်းလောကမှ လူများသည် ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထခြင်းကြောင့် သူတို့၏ သီးသန့်ကျင့်ကြံရာ တောနက်ကြီးများထဲမှ စတင်ထွက်ခွာလာကြသည်။
လောကကြီးတစ်ခုလုံးအကြောင်း ပြောပြီးနောက် ရဲဖန်က သူတို့မိသားစု၏ အခြေအနေအကြောင်းကို ပြောပြ၏။
ရဲမိသားစုက ယန်အန်နာ၏ အိမ်သို့ သွား၍ ကြွားဝါခဲ့ကြောင်း ကြားသောအခါ ရဲရှင်းဟွေ့မှာ တစ်ခဏမျှ မှင်တက်သွားပြီးနောက် ရင်ဘတ်ကို စတင်ထုရိုက်တော့သည်။
သူက ညည်းညူလိုက်၏။
“အဲဒီအချိန်တုန်းက ဘာလို့ ကျွန်တော်မရှိခဲ့ရတာလဲ…”
ရဲဖန်နှင့် စကားစမြည် ပြောပြီးနောက် ရဲရှင်းဟွေ့က ဟုန်လျန်နှင့် အခြားသူများကို ရှာဖွေတွေ့ရှိလိုက်သည်။
ထိုအချိန်တွင် ဟုန်လျန်၊ ပေါင်ပေါင်း၊ ရဲယင်၊ အားရိနှင့် ကိုယ်ဝန်ဆောင် ချန်ယင်းယင်းတို့မှာ အတူတူထိုင်၍ အစားအစာများ စားသုံးနေကြ၏။
“လက်တွေ့ကမ္ဘာက အရမ်းကောင်းတာပဲ… ဝိညာဉ်စွမ်းအင် နည်းပါးပေမဲ့ အရမ်းစားလို့ကောင်းပြီး ပျော်စရာကောင်းတဲ့ အရာတွေ အများကြီးပဲ…”
ဟုန်လျန်က ပါးစပ်အပြည့် အစာများထည့်ရင်း ပြောလိုက်သည်။
“ဟုတ်တယ်…”
အားရိကလည်း ထောက်ခံလိုက်သည်။
“သခင်လေး ရဲယင်က ကျွန်မကို တကယ်မလိမ်ခဲ့ဘူး… လက်တွေ့ကမ္ဘာက တကယ် အရမ်းကောင်းတာပဲ…”
“ဟီးဟိး …”
ချန်ယင်းယင်းက ပြုံး၍ ပြောလိုက်သည်။
“ငါတို့ အိမ်ပြန်ရောက်ရင် မင်းတို့ကို ဈေးဝယ်ထွက်ဖို့ ခေါ်သွားမယ်… အပျော်စီးသင်္ဘောပေါ်က နေရာက အကန့်အသတ်ရှိတယ်လေ… ကုန်းမြေပေါ်မှာ ပိုပျော်စရာကောင်းပြီး စားစရာကောင်းတာတွေ အများကြီးရှိတယ်…”
ဟုန်လျန်က ဈေးဝယ်ထွက်ခြင်းအကြောင်း ကြားသောအခါ သူမ၏ မျက်လုံးများမှာ အရောင်တောက်လာသည်။
“ဈေးဝယ်ထွက်တာလား… အဲဒီမှာ လှပတဲ့အဝတ်အစားတွေနဲ့ လက်ဝတ်ရတနာတွေ အများကြီးရှိလား…”
“ဟုတ်တယ်…”
ချန်ယင်းယင်းက ပြုံး၍ ပြန်ဖြေလိုက်၏။
ရဲရှင်းဟွေ့က လျှောက်လာရင်း သူတို့ကြားမှ စကားဝိုင်းကို ကြားသွားသောအခါ ပြုံး၍ မေးလိုက်သည်။
“ဟုန်လျန်… မင်းတာဝန်ကို ပြီးအောင်လုပ်ဖို့ အလျင်လိုနေတုန်းပဲလား…”
ရဲရှင်းဟွေ့၏ စကားကို ကြားသောအခါ ဟုန်လျန်မှာလည်း တစ်ခဏမျှ ရှက်သွားသည်။
သို့သော် ရှက်ရွံ့ပြီးနောက် သူမက ယုံကြည်မှုရှိစွာ ပြောလိုက်၏။
“စိုးရိမ်တာပေါ့… နယ်မြေသခင်ကို ရှာတွေ့ပြီးရင် ဈေးဝယ်ထွက်လို့ ရပြီလေ…”
“ဟားဟား…”
ရဲရှင်းဟွေ့က ပြုံး၍ သူမကို လျစ်လျူရှုလိုက်သည်။
တစ်နေ့တစ်ဝက်အကြာတွင် အပျော်စီးသင်္ဘောမှာ နောက်ဆုံး၌ ဆိပ်ကမ်းတွင် ရပ်တန့်သွားသည်။
သင်္ဘောပေါ်မှ ဆင်းပြီးနောက် ရဲရှင်းဟွေ့က မေးလိုက်၏။
“ဟုန်လျန်… နယ်မြေသခင်က ဘယ်ဘက်အရပ်မှာလဲ…”
ဤသို့ကြားလျှင် ဟုန်လျန်က သံလိုက်အိမ်မြှောင်ကို ထုတ်၍ မြောက်ဘက်လမ်းကို ညွှန်ပြကာ “ဟိုဘက်မှာ…” ဟု ဆို၏။
“ဟမ်… ဟိုဘက်လား… ဒါဆို ငါတို့ မြို့တော်ကို ဖြတ်သွားရမှာပဲ… အတော်ပဲ… ငါ့မိဘတွေကို သွားတွေ့လို့ ရတာပေါ့…”
တစ်စုံတစ်ခုကို ရေရွတ်ပြီးနောက် ရဲရှင်းဟွေ့က အားလုံးကို လူရှင်းသောနေရာသို့ ခေါ်ဆောင်၍ မီးလျှံဝင်ပေါက်ကို ဖွင့်လိုက်သည်။
ထိုနေရာမှာ မြို့တော်ရှိ ရဲမိသားစု၏ အိမ်ဖြစ်၏။
ထိုအချိန်မှာပင်
ရဲမိသားစု၏ ဧည့်ခန်းထဲတွင်…
ရဲချန်နှင့် စုချင်းတို့၏ ရှေ့တွင် သက်လတ်ပိုင်းစုံတွဲတစ်တွဲက ရိုးသားသော မျက်နှာအမူအရာများဖြင့် ထိုင်နေကြသည်။
“ရဲချန်… အရင်တုန်းက ငါတို့ရဲ့ ခင်မင်မှုက သိပ်မနက်ရှိုင်းပေမဲ့ အရက်အတူသောက်ဖူးတဲ့ သူငယ်ချင်းတွေတော့ ဟုတ်သေးတယ်… မင်းကို ငါတောင်းပန်ပါတယ်… ငါ့သား ဘယ်မှာရှိလဲဆိုတာ ကျေးဇူးပြုပြီး ပြောပြပါ… ရဲထျန်းမင်ကို ရန်စခဲ့တာ ငါ့သားအမှားပါ… ငါ မင်းကိုတောင် ဒူးထောက်တောင်းပန်နိုင်ပါတယ်… ဒါပေမဲ့… ထိုက်လုံဆိုတဲ့ ကောင်လေးကတော့…”
ဤသို့ပြောပြီးနောက် ရှီထိုက်လုံ၏ ဖခင်ဖြစ်သူ ရှီရှစ်ကျယ်မှာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။
ဤသို့မြင်လျှင် ရဲချန်က ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်၏။
“မင်းသား ဘယ်မှာလဲဆိုတာ ငါတကယ်မသိဘူး… ငါ ထျန်းမင်ကိုလည်း မေးကြည့်ပြီးပြီ… သူက မင်းသားကို အာဖရိကမှာ တွေ့ခဲ့တယ်တဲ့… ဒါပေမဲ့ နောက်ဆုံးမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်က သူ့ကို ခေါ်သွားတယ်တဲ့…”
ရဲချန်၏ အဖြေကို ကြားသောအခါ ရှီရှစ်ကျယ်၏ ဘေးတွင် ထိုင်နေသော လျိုလီယာမှာ ရုတ်တရက် ငိုချလိုက်တော့သည်။
သူမ နောင်တရနေမိ၏။ အဘယ့်ကြောင့် သူမ ခင်ပွန်း၏ စကားကို နားမထောင်ခဲ့ပါလိမ့်။ သူမသည် သားဖြစ်သူ၏ ကလဲ့စားချေမှုတွင် ကူညီရန်ပင် ဆောင်ရွက်ခဲ့သေးသည်။
ထို့အပြင် သူမ၏ သားကို အာဖရိကသို့ တစ်ယောက်တည်း စွန့်စားသွားရန်လည်း ခွင့်ပြုခဲ့၏။
ယခုမူ သူမ၏ သားအကြောင်း ဘာသတင်းမှ မကြားရသည့်အပြင် ရှီရှစ်ကျယ်နှင့် ကွာရှင်းရမည့် အကျပ်အတည်းကိုလည်း ရင်ဆိုင်နေရသည်။