ငါက မြင့်မြတ်နယ်မြေနန်းတော်က ရှီးပေပိုင်ရှောက်ပဲ
Vol. 30 Ch. 408
ရွှမ်ထီဂိုဏ်း အတွင်း၌။
ရဲရှင်းဟွေ့က တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင် ရပ်နေ၏။ သူ့ပတ်လည်၌ ကြွက်သားအဖုအထစ်များနှင့် လူတစ်စုက ဒူးထောက်လျက် ရှိနေကြသည်။
ဤတစ်ကြိမ်တွင် ရွှမ်ထီဂိုဏ်းကို သိမ်းသွင်းရန် အခွင့်အရေး ရခဲ့သော်လည်း သူ့ကို သတ်မည်ဟု ခြိမ်းခြောက်နေလျှင်ပင် ဒီလို မိန်းမလျာဂိုဏ်းမျိုးကို ကြယ်တာရာဂိုဏ်း၏ အခွဲအဖြစ်သို့ ပြောင်းလဲပစ်မည် မဟုတ်ချေ။
ရဲရှင်းဟွေ့က လက်တစ်ဖက်ဖြင့် သစ်သားဓားကို မြှောက်ကိုင်လိုက်ပြီး နောက်လက်တစ်ဖက်ဖြင့် မုန်ကျစ်ယွီ၏ ဦးခေါင်းကို အပေါ်သို့ မြင့်မြင့် ပစ်မြှောက်လိုက်၏။ ထိုဦးခေါင်းက နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ပြန်ကျလာသည်။ ဤသို့ဖြင့် ခေါင်းနှင့် ကိုယ်မှာ ပြန်ဆက်သွားလေသည်။
မုန်ကျစ်ယွီက သူ၏ လည်ပင်းကို စမ်းကြည့်ရင်း ခဏမျှ မယုံကြည်နိုင် ဖြစ်သွား၏။
သူ့ခေါင်းက ပြတ်သွားပြီးတော့ ဘာမှန်းမသိဘဲ ပြန်ဆက်သွားတယ် ဟုတ်လား။
သို့သော်လည်း မသေမျိုးကျင့်ကြံရေးလောကတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ရာမှ အတွေ့အကြုံ အနည်းငယ် ရလာသောကြောင့် မုန်ကျစ်ယွီမှာ မကြာမီပင် သတိပြန်ဝင်လာသည်။
သူ့ပတ်လည်တွင် ဒူးထောက်နေကြသော ရွှမ်ထီဂိုဏ်းမှ အကြီးအကဲများနှင့် တပည့်များကို ကြည့်၍ မုန်ကျစ်ယွီက နှုတ်ခမ်းကိုက်ကာ ပြောလိုက်သည်။
“ရဲရှင်းဟွေ့... ကျွန်တော် ခင်ဗျားနဲ့ လိုက်ခဲ့မယ်... ရွှမ်ထီဂိုဏ်းက လူအားလုံးကို လွှတ်ပေးပါ...”
မုန်ကျစ်ယွီက လက်ခံလိုက်ခြင်း ဖြစ်၏။ အဓိက အကြောင်းရင်းမှာ သူက ရွှမ်ထီဂိုဏ်း၏ စွမ်းအားကို နက်နက်ရှိုင်းရှိုင်း နားလည်သောကြောင့် ဖြစ်သည်။ မသေမျိုးကျင့်ကြံရေးလောက၌ ရွှမ်ထီဂိုဏ်းကို ရန်စရဲသော ဂိုဏ်းမှာ အလွန်ရှားပါး၏။
နာမည်ကြီး သစ်ပင်ကြီး၏ အရိပ်အာဝါသအောက်တွင် ရွှမ်ထီဂိုဏ်း မည်မျှ အင်အားကြီးမားသည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။ သို့သော် ထိုသို့ အင်အားကြီးမားသော ရွှမ်ထီဂိုဏ်းက ယခုအခါတွင် ရဲရှင်းဟွေ့၏ ရှေ့၌ အားလုံး ဒူးထောက်နေကြသည်။
မုန်ကျစ်ယွီ၏ စကားကို ကြားသောအခါ ရဲရှင်းဟွေ့က ခေါင်းညိတ်လိုက်ပြီး အဝင်ပေါက်တစ်ခုကို ဖွင့်ကာ သူ့ကို ဆာလာပိုင်ကျီနှင့်အတူ ဝင်သွားရန် အချက်ပြလိုက်၏။
ဤသည်ကိုမြင်လျှင် မုန်ကျစ်ယွီက ပထမဦးစွာ ရုန်းကန်နေသော သူ၏ ဆရာဖြစ်သူ အကြီးအကဲယန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် အဝင်ပေါ
က်ထဲသို့ ဝင်ရောက်သွားသည်။
သူ့တပည့်ကို ဖမ်းခေါ်သွားသည်ကို မြင်ရသောအခါ အကြီးအကဲယန်မှာ လုံးဝ လက်မခံနိုင် ဖြစ်နေ၏။
“ကျစ်ယွီ... စိတ်မပူနဲ့... မင်းဆရာ... မင်းဆရာက မင်းကို ဒီဒုက္ခပင်လယ်ကြီးကနေ ကယ်တင်ဖို့ နည်းလမ်း ရှာမှာ...”
အကြီးအကဲယန်၏ အော်ဟစ်သံကို ကြားသောအခါ အနီးအနားမှ ရွှမ်ထီဂိုဏ်း၏ အခြား အကြီးအကဲများနှင့် တပည့်များကလည်း စတင် အော်ဟစ်လိုက်ကြသည်။
“ငါတို့ ရွှမ်ထီဂိုဏ်းက ဘယ်အစ်ကိုကြီးကိုမှ လက်မလွှတ်ဘူး...”
“ရဲရှင်းဟွေ့ ဟုတ်လား... ငါတို့ ကျစ်ယွီကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပြန်ကယ်မှာ...”
“ငါတို့ရဲ့ ဆောင်ပုဒ်က...”
ရွှမ်ထီဂိုဏ်း၏ ဂိုဏ်းချုပ် ရှန်းဝမ်ထျန်းက ပြောလိုက်၏။
“ဘယ်တော့မှ မစွန့်ပစ်ဘူး... ဘယ်တော့မှ အရှုံးမပေးဘူး...”
“ဘယ်တော့မှ မစွန့်ပစ်ဘူး... ဘယ်တော့မှ အရှုံးမပေးဘူး...”
“ဘယ်တော့မှ မစွန့်ပစ်ဘူး... ဘယ်တော့မှ အရှုံးမပေးဘူး...”
ရဲရှင်းဟွေ့ “...”
ဤမြင်ကွင်းကို မြင်သောအခါ ရဲရှင်းဟွေ့မှာ မြေကြီးထဲသို့ပင် တိုးဝင်သွားချင်လောက်အောင် ရှက်ရွံ့သွားသည်။
ယခုအခါတွင် ရဲရှင်းဟွေ့မှာ မုန်ကျစ်ယွီက အဘယ်ကြောင့် ဤနေရာတွင် ခံစားချက်များ ရှိနေနိုင်သည်ကို နောက်ဆုံးတွင် သိသွားလေသည်။
မုန်ကျစ်ယွီက လူအရှေ့မှာ မျက်နှာပြောင်ပြောင်ဖြင့် အရှက်မရှိသည့် လုပ်ရပ်များကို မလုပ်တော့သော်လည်း မျက်နှာပြောင်တိုက်ရောဂါက သူ၏ အရိုးထဲသို့ စိမ့်ဝင်နေပြီ ဖြစ်၏။
အကြီးအကဲယန်က ရဲရှင်းဟွေ့ကို စိုက်ကြည့်ကာ ပြတ်သားစွာ မေးလိုက်သည်။
“မင်း ဘယ်သူလဲ... မင်းနာမည်ကို ပြောရဲလား... ငါတို့ ရွှမ်ထီဂိုဏ်းက အနာဂတ်မှာ မင်းဆီကနေ ဖြေရှင်းချက်တစ်ခုကို သေချာပေါက် တောင်းဆိုမှာ...”
“ငါ... မြင့်မြတ်နယ်မြေနန်းတော်ရဲ့ ဒုတိယသခင် ရှီးပေပိုင်ရှောက်ပဲ... ငါ့ကို လက်စားချေချင်ရင် မြင့်မြတ်နယ်မြေနန်းတော်ကို လာရှာကြ...”
“ဟွန့်... မြင့်မြတ်နယ်မြေနန်းတော် ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး... ဒီလောက် ဗိုလ်ကျတာ အံ့ဩစရာ မရှိတော့ပါဘူး...”
သူ၏ နာမည်ကို ပြောပြီးဖြစ်သောကြောင့် ရဲရှင်းဟွေ့မှာ ဒီလူကြီးများနှင့် ဆက်ပြီး အချိန်မဖြုန်းလိုတော့ချေ။
သူက အဝင်ပေါက်ဆီသို့ ခြေလှမ်းအနည်းငယ် ရွှေ့လိုက်ပြီးနောက် လှည့်၍ အဝင်ပေါက်ထဲသို့ ပြေးဝင်သွား၏။
ရွှမ်ထီဂိုဏ်းမှ လူတိုင်း လှုပ်ရှားနိုင်သွားသောအခါ သူတို့အားလုံးက မြင့်မြတ်နယ်မြေနန်းတော်ကို စတင် ကျိန်ဆဲကြတော့သည်။
လူတိုင်းက ရှီးပေပိုင်ရှောက် အမည်ရှိ ထိုခွေးကောင်ကို ကျိန်ဆဲနေကြ၏။
“ဟူး... နောက်ဆုံးတော့ အဲဒီနေရာကနေ ထွက်လာနိုင်ပြီ... ဒီလောက်များတဲ့ လူကြီးတွေ ဝိုင်းနေတာက တော်တော် အသက်ရှူကျပ်တာပဲ...”
စကားပြောနေရင်းနှင့် ရဲရှင်းဟွေ့က ဆာလာပိုင်ကျီနှင့် မုန်ကျစ်ယွီတို့၏ နေရာကို စတင် ရှာဖွေလိုက်သည်။
ရလဒ်အနေနှင့် ထိုလူနှစ်ယောက်က ရှီထိုက်လုံနှင့် စကားပြောငြင်းခုံနေသည်ကို တွေ့လိုက်ရ၏။
ရဲရှင်းဟွေ့ ဖွင့်လိုက်သော အဝင်ပေါက်၏ နေရာက ရှီထိုက်လုံ ရှိနေသည့် ဝိညာဉ်ဓားဂိုဏ်း၌ အတိအကျ ဖြစ်နေသည်။
နောက်တစ်ဆင့်မှာ ထိုသုံးယောက်ကို မြင့်မြတ်နယ်မြေနန်းတော်ထဲသို့ ပို့ဆောင်ရန် နည်းလမ်းရှာရမည် ဖြစ်သည်။
“ညီလေး... ဝမ်းမနည်းနဲ့... မင်းက တုတ်တုတ်ခိုင်ခိုင်ပုံစံကို ကြိုက်တယ်ဆိုရင် လက်တွေ့ကမ္ဘာကို ပြန်ရောက်တဲ့အထိ စောင့်... ငါ မင်းနဲ့အတူ အာဖရိကကို လိုက်ခဲ့မယ်... ပြီးရင် မင်းအတွက် နောက်ထပ် တစ်ယောက်လောက် ရှာပေးမယ်...”
ဆာလာပိုင်ကျီက မုန်ကျစ်ယွီ၏ ပခုံးကို ပုတ်ရင်း နှစ်သိမ့်လိုက်သည်။
ဆာလာပိုင်ကျီ၏ နှစ်သိမ့်စကားကို ကြားသောအခါ မုန်ကျစ်ယွီက မကျေမနပ်ဖြင့် သူ၏ လက်မောင်းကို ပုတ်ထုတ်လိုက်၏။
ရှီထိုက်လုံက ဤသည်ကို မြင်သောအခါ ‘ဘာကြီးလဲ… ဇာတ်လမ်းရှိနေတာပဲ…’ ဟု တွေးလိုက်မိသည်။
ချက်ချင်းပင် သူက ဆာလာပိုင်ကျီထံ သွား၍ မုန်ကျစ်ယွီ ဘာဖြစ်နေသလဲဟု မေးလိုက်၏။
“ပြောမနေနဲ့တော့... ငါတို့ညီလေးမုန့်က မိန်းမလျာဂိုဏ်းတစ်ခုဆီ အခေါ်ခံလိုက်ရတာ... အထဲမှာ ရှိတဲ့လူတိုင်းက မိန်းမလျာတွေချည်းပဲ... ပြီးတော့ အရပ်ရှည်ပြီးတော့ တုတ်တုတ်ခိုင်ခိုင်ကြီးတွေ...”
ဤသို့ ကြားလျှင် ရှီထိုက်လုံက ထိတ်လန့်သော မျက်လုံးများဖြင့် မုန်ကျစ်ယွီ၏ တင်ပါးကို လှမ်းကြည့်လိုက်သည်။
အမှန်ပင် သူ၏ တင်ပါးက အတော်လေး ကြီးလာခဲ့သည်။
ဤသည်ကိုမြင်လျှင် ရှီထိုက်လုံကလည်း မုန်ကျစ်ယွီ၏ ပခုံးကို ပုတ်၍ ပြောလိုက်သည်။
“ညီလေး... မင်း ပင်ပန်းသွားပြီ... လက်တွေ့ကမ္ဘာကို ပြန်ရောက်ရင် မင်းကို ငါ့အိမ်ခေါ်သွားပြီး အားရှိအောင် ကောင်းကောင်း ပြုစုပေးမယ်...”
မုန်ကျစ်ယွီက အနည်းငယ် စိတ်ဆိုးပြီး ရှီထိုက်လုံနှင့် ဆာလာပိုင်ကျီတို့ကို ရိုက်နှက်တော့မည် ပြင်ဆင်နေစဉ်မှာပင် ရဲရှင်းဟွေ့က ပေါ်လာသည်။
“ဟေး... မင်းတို့ရဲ့ ဆက်ဆံရေးက ကောင်းနေတုန်းပဲကိုး...”
“ဘော့စ်...”
“လူချောလေး...”
ရှီထိုက်လုံနှင့် ဆာလာပိုင်ကျီတို့ နှစ်ယောက်စလုံးက ရဲရှင်းဟွေ့ကို လေးစားစွာ နှုတ်ဆက်လိုက်ပြီးနောက် သူတို့နှစ်ဦးစလုံးက စိတ်မပါ့တပါပုံစံဖြစ်နေသော မုန်ကျစ်ယွီကို ကြည့်လိုက်ကြသည်။
ဤသည်ကိုမြင်လျှင် မုန်ကျစ်ယွီမှာ တိုးတိုးလေး ပြောလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။
“ဘော့စ်...”
“အရမ်းကောင်းတယ်...”
ရဲရှင်းဟွေ့က ကျေနပ်စွာဖြင့် ခေါင်းညိတ်၍ ပြောလိုက်သည်။
“နောက်တစ်ခုကတော့ မင်းတို့သုံးယောက် မြင့်မြတ်နယ်မြေနန်းတော်မှာ နာမည်ကြီးလာဖို့အတွက် အတူတူ ကြိုးစားရမယ်...”
ရဲရှင်းဟွေ့က မြင့်မြတ်နယ်မြေနန်းတော်အကြောင်း ပြောသောအခါ ခုနက ပြုံးနေဆဲ ဖြစ်သော ရှီထိုက်လုံ၏ မျက်နှာက မစင်စားမိသကဲ့သို့ ချက်ချင်းပင် ရုပ်ဆိုးသွားသည်။
“မြင့်မြတ်နယ်မြေနန်းတော်... ဟုတ်လား... ကျွန်တော်တို့ ဒီတာဝန်ကို အောင်မြင်အောင် လုပ်မယ်လို့ ကတိပေးပါတယ်...”
ဤသို့ပြောပြီးနောက် ဆာလာပိုင်ကျီက လက်ထောင်၍ မေးလိုက်၏။
“အမ်... ကျွန်တော်တို့ရဲ့ တာဝန်က ဘာလဲဗျ...”
“မင်းတို့ရဲ့ တာဝန်က ရိုးရှင်းပါတယ်... စကားလုံးတစ်လုံးပဲ ရှိတယ်... ရှင်သန်ခြင်း... အစွမ်းကုန် ကြိုးစားပြီး ရှင်သန်အောင်နေ... မင်းတို့ အသက်ရှင်နေသမျှ အသုံးဝင်တယ်... ပြီးတော့ အရာအားလုံးက အနှေးနဲ့အမြန် အဆင်ပြေသွားမှာပါ...”
ရဲရှင်းဟွေ့၏ စကားများက အလေးအနက် ဖြစ်၏။
ရဲရှင်းဟွေ့က ထိုလူသုံးယောက်လုံး၏ စွမ်းဆောင်ရည်များကို မြင်တွေ့ခဲ့သည်။
တစ်နည်းဆိုသော် မုန်ကျစ်ယွီက လူကြီးများ ဝိုင်းရံခံရသည့်အတွက် သူ၏ရလဒ်မှာ အနည်းငယ် အရေးမပါ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ကျန်နှစ်ယောက်မှာမူ အလွန်ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
ရှီထိုက်လုံနှင့် ရဲယင်တို့က ဝိညာဉ်ဓားဂိုဏ်း တစ်ခုလုံးကို ကြယ်တာရာဂိုဏ်းသို့ အောင်မြင်စွာ သိမ်းသွင်းနိုင်ရန် အတူတကွ ပူးပေါင်းခဲ့ကြ၏။
ဆာလာပိုင်ကျီအကြောင်းမှာ ပြောစရာပင် မလိုချေ။ သူက ကျိုးရှောင်းဓားနန်းတော်၏ ဒုဂိုဏ်းချုပ်ကို ရုတ်တရက် သေဆုံးစေခဲ့သည်။ သူ့ဘော့စ် ဖြစ်လာသူတိုင်း သေကောင်းပေါင်းလဲ မသေနိုင်ဘူးဆိုသည်မှာ အမှန်ပင် ဖြစ်၏။
“အမ်... ဘော့စ်... ဒီတာဝန်ကို မလုပ်လို့ မရဘူးလား... ဒါမှမဟုတ် ကျွန်တော့်ကို လက်တွေ့ကမ္ဘာကိုပဲ ပြန်ခွင့်ပေးပါ...”
ရှီထိုက်လုံက မြင့်မြတ်နယ်မြေနန်းတော်ကို အနည်းငယ် ကြောက်နေသေး၏။ အဓိကအားဖြင့် ယခင်က ရှောင်းယွင်ရှန်း၏ ဦးနှောက်ဆေးခြင်းကြောင့် ဖြစ်သည်။
ရှောင်းယွင်ရှန်းသာ မြင့်မြတ်နယ်မြေနန်းတော် မည်မျှ အံ့မခန်းဖြစ်ကြောင်း ဆက်တိုက် မပြောခဲ့ပါလျှင် ရှီထိုက်လုံမှာ ကြောက်လန့်နေမည် မဟုတ်ချေ။
ကြောက်ရွံ့နေသော ရှီထိုက်လုံကို ကြည့်၍ ရဲရှင်းဟွေ့က မျက်မှောင်ကြုတ်လိုက်သည်။
သူက သိပ်ပြီး ကြောက်တတ်နေလျှင် ပြီးပြည့်စုံသော မဟာဗျူဟာမြောက်လက်နက်တစ်ခုအဖြစ် မလုပ်ဆောင်နိုင်တော့ပေ။
ဆာလာပိုင်ကျီကိုသာ ကြည့်။ သူနှင့် သူ့ဘော့စ် နှစ်ယောက်စလုံး အဖမ်းခံရပြီးနောက်မှာပင် သူက သူ့ဘော့စ်ကို လှည့်စားရန် ကြိုးစားနေဆဲ ဖြစ်၏။ ဒီကောင်က တကယ့် မဟာဗျူဟာမြောက်လက်နက်တစ်ယောက်ပင် ဖြစ်သည်။
စဉ်းစားကြည့်ပြီးနောက် ရဲရှင်းဟွေ့က ရှီထိုက်လုံတွင် ယုံကြည်မှု ကင်းမဲ့နေသည်ဟု ခံစားမိလိုက်သည်။ သူ့ကို မာနကြီးလာအောင် လုပ်မှသာ သူက ကြောက်ရွံ့ခြင်းကင်းမဲ့နိုင်မည် ဖြစ်သည်။
ဤသို့ တွေးမိလျှင် ရဲရှင်းဟွေ့က တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲမှ မြစိမ်းရောင် သစ်ရွက်တစ်ရွက်ကို ထုတ်ယူလိုက်၏။
ရဲရှင်းဟွေ့ ထုတ်ယူလိုက်သည့် အရာကို မြင်သောအခါ မုန်ကျစ်ယွီမှာ ချက်ချင်းပင် တုန်လှုပ်သွားသည်။
“ဒါ... ဒါ... ဒါက ငါ့စစ်စတမ်က ပေးတဲ့ ဆုလာဘ် မဟုတ်ဘူးလား... ဘာလို့ မင်းဆီ ရောက်နေရတာလဲ...”
မုန်ကျစ်ယွီက စစ်စတမ်ဆိုသည့် စကားလုံးကို ပြောလိုက်သောအခါ သူ လျှို့ဝှက်ချက်ကို ဖော်ထုတ်မိသွားကြောင်း ချက်ချင်း သိလိုက်ပြီး သူ့ပါးစပ်ကို လက်နှစ်ဖက်ဖြင့် ချက်ချင်း အုပ်ထားလိုက်၏။