← Chapters

ရဲဆွေ့ - မရိုက်နဲ့တော့…

Vol. 31 Ch. 422

ရဲဆွေ့ - မရိုက်နဲ့တော့…

Vol. 31 Ch. 422

ရဲရှင်းဟွေ့က သူ၏ နတ်ဘုရားစွမ်းအားကို တစ်ရာခိုင်နှုန်းပင် အသုံးမပြုခဲ့ဟု ဆိုသည်ကို ရဲဆွေ့က မယုံကြည်ခဲ့ပေ။

သို့သော်လည်း သူ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ အရေးမကြီးချေ။ ထိုအချက်က ရဲဆွေ့အနေဖြင့် ထွက်ပြေးရန် လိုအပ်နေသေးသည်ဟူသော အဖြစ်မှန်ကို ပြောင်းလဲသွားစေမည် မဟုတ်ပေ။

ဝံပုလွေခုနစ်ကောင်ခါးပတ်ဖြင့် အရိုက်ခံရသည်မှာ အမှန်တကယ် နာကျင်လှ၏။

ရဲဆွေ့က ရဲရှင်းဟွေ့နှင့် ဆက်၍ စကားပြောမနေတော့ဘဲ ထွက်ပြေးရန် နောက်သို့ လှည့်လိုက်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ ရဲရှင်းဟွေ့က ပြုံးလိုက်ပြီးနောက် ပြောလိုက်၏။

“မင်းက ထွက်ပြေးချင်နေတုန်းပဲလား…”

ထိုသို့ ပြောပြီးနောက် ရဲရှင်းဟွေ့က သူ၏ ၁၀၀% လက်ဗလာဖြင့် ဓားဖမ်းဆုပ်ခြင်းကို နောက်တစ်ကြိမ် အသုံးပြုလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် သူ ထုတ်သုံးလိုက်သည့် နတ်ဘုရားဦးသျှောင်၏ နတ်ဘုရားစွမ်းအားမှာ တစ်ရာခိုင်နှုန်း မဟုတ်တော့ဘဲ ဆယ်ရာခိုင်နှုန်း ဖြစ်သွား၏။

ကြီးမားလှသော နတ်ဘုရားစွမ်းအားက နယ်မြေသခင်တစ်ယောက် ဖြစ်သည့် ရဲဆွေ့ကို မလှုပ်ရှားနိုင်တော့သည့်တိုင် ဖိနှိပ်ထားလိုက်သည်။

“ဒါက ဘာကြီးလဲ… ဘာတွေ ဖြစ်ကုန်တာလဲ…”

ရဲဆွေ့၏ မျက်နှာတွင် ရှုပ်ထွေးသွားသော အမူအရာများ ထင်ဟပ်လာသည်။

သို့သော် သူ ဘာမှ မတုံ့ပြန်နိုင်မီမှာပင် ကြေးလက်သီးစွပ် တပ်ထားသော လက်သီးတစ်လုံးက သူ့မျက်နှာပေါ်သို့ ကျရောက်လာပြီး သူ့ကို လွင့်ထွက်သွားစေ၏။

“ဟေး… ပေါင်ပေါင်း… ရောက်လာပြီလား…”

ပေါင်ပေါင်းက ခေါင်းညိတ်လိုက်ပြီးနောက် ရဲဆွေ့ထံသို့ ဆက်၍ ပြေးဝင်သွားသည်။

ရဲရှင်းဟွေ့က ထိုမြင်ကွင်းကို မြင်သောအခါ ချီတုံချတုံ ဖြစ်မနေတော့ဘဲ သူ၏ ဝံပုလွေခုနစ်ကောင်ခါးပတ်ကို အသင့်ပြင်ရင်းနှင့် သူတို့နောက်သို့ လိုက်ပါသွား၏။

ယခုအချိန်တွင် ရဲဆွေ့မှာ အတော်လေး စိတ်ဓာတ်ကျနေသည်။

သူက နယ်မြေသခင်တစ်ယောက် ဖြစ်သောကြောင့် သူ့အဖေ၏ ဝံပုလွေခုနစ်ကောင်ခါးပတ်က သူ့ကို အကျိုးသက်ရောက်နိုင်မည် မဟုတ်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော်လည်း သူ၏ဖခင်က နတ်ဘုရားဦးသျှောင် ပိုင်ဆိုင်သူတစ်ယောက် ဖြစ်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးပေ။ ထိုမျှသာမက သူ၏ဖခင်ထံ၌ ထိုသို့သော စွမ်းအား အမြောက်အမြား ရှိနေခဲ့၏။

သူ့အမေက သူ့နောက်သို့ လိုက်လာသည်ကို မြင်သောအခါ ရဲဆွေ့မှာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။

သူ ပြန်တိုက်ခိုက်သင့်သလား ။ မဖြစ်ပေ။

အရင်က မသိခဲ့သောကြောင့် ပြဿနာ မရှိသော်လည်း ယခု ပထမမျိုးဆက် နယ်မြေသခင်မှာ သူ့အမေ ဖြစ်ကြောင်း သိသွားပြီ ဖြစ်သဖြင့် သူ အမှန်ပင် တိုက်ခိုက်၍ မဖြစ်တော့ချေ။

သို့သော်လည်း သူ ထိုနေရာတွင် ရပ်၍ အသေခံ အရိုက်ခံသင့်သလား ။

လုံးဝ မဖြစ်နိုင်ပေ။ ဝံပုလွေခုနစ်ကောင်ခါးပတ်၏ နာကျင်မှုမှာ သူ့စိတ်ထဲတွင် စွဲထင်နေခဲ့ပြီ ဖြစ်သည်။

သူ အတွေးများဖြင့် ယောင်ချာချာ ဖြစ်နေစဉ်မှာပင် ပေါင်ပေါင်း၏ လက်သီးက သူ့ထံသို့ နောက်တစ်ကြိမ် ရောက်ရှိလာတော့မည် ဖြစ်၏။

ထိုအဖြစ်ကို မြင်သောအခါ ရဲဆွေ့မှာ ရှောင်တိမ်းလိုက်ရုံသာ တတ်နိုင်တော့သည်။ သို့သော် သူ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ့ခန္ဓာကိုယ်က လေးလံသွားသည်ကို ခံစားလိုက်ရပြီးနောက် နောက်ထပ် နတ်ဘုရားစွမ်းအားတစ်ခုက သူ့ကို ဒူးထောက်စေရန် ဖိအားပေးလိုက်ပြန်၏။

ရုတ်တရက် ရဲဆွေ့က ဤအရာအားလုံးမှာ သူ၏ ဝဋ်ကြွေးများ ဖြစ်သည်ဟု ခံစားလိုက်ရသည်။

ဘာပဲဖြစ်ဖြစ် သူက တစ်ချိန်က သူ့အမေအရင်းကို ရိုက်နှက်ခဲ့သည့်အပြင် သူမ၏ စွမ်းအားကိုပင် သိမ်းယူခဲ့သည် မဟုတ်လား …။

ဒူးထောက်နေသော ရဲဆွေ့မှာ ပေါင်ပေါင်း၏ လက်သီးချက်ကြောင့် နောက်တစ်ကြိမ် လွင့်ထွက်သွားပြန်သည်။

သူ လွင့်ထွက်သွားစဉ်မှာပင် သာမန်လူများ မမြင်နိုင်သည့် နတ်ဘုရားစွမ်းအား အလင်းတန်းတစ်ခုက ဟင်းလင်းပြင်မှ ထွက်ပေါ်လာပြီး ရဲရှင်းဟွေ့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်ကို မြင်လိုက်ရ၏။

‘စိတ်ညစ်လိုက်တာ… ဘယ်ခွေးမသားက ငါ့အဖေဆီကို နတ်ဘုရားစွမ်းအားတွေ ပို့ပေးနေတာလဲ… ဒါက သူ့ကို နတ်ဘုရား ဖြစ်စေချင်လို့လား… သူ့ကို နတ်ဘုရား ဖြစ်စေချင်တယ်ဆိုရင် တစ်ခါတည်း တန်းပြီး နတ်ဘုံကို တက်ခိုင်းလိုက်လို့ မရဘူးလား… မင်း ဦးနှောက်များ ချို့ယွင်းနေတာလား… ဘာလို့ ဒီလို တစ်စစီ တစ်စစီနဲ့ သူ့ကို နတ်ဘုရား ဖြစ်အောင် လုပ်နေရတာလဲ…’

ရဲဆွေ့က ယခု သူ ဤမျှ ဆိုးရွားစွာ ခံစားနေရခြင်းမှာ သူ့အဖေကို နတ်ဘုရားစွမ်းအားများ အဆက်မပြတ် ပေးနေသော လူယုတ်မာကြောင့် ဖြစ်သည်ဟု ခံစားလိုက်ရ၏။

ထိုအချိန်မှာပင်…

အလုံးစုံမြင်နတ်ဘုရား၏ ရုံးခန်းထဲတွင်…

ကုဒ်များကို အလုပ်ရှုပ်စွာ ရိုက်နေသော အလုံးစုံမြင်နတ်ဘုရားက ရုတ်တရက် နှာချေလိုက်သည်။

“ဟမ်… တစ်ယောက်ယောက်က ငါ့ကို ကျိန်ဆဲနေတာလား…”

အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသော အလုံးစုံမြင်နတ်ဘုရားက သူ့လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ရာ နတ်ဘုရားစွမ်းအား အလင်းတန်းတစ်ခု ထပ်မံ ထွက်ပေါ်သွား၏။

နတ်ဘုရားစွမ်းအားကို ပို့လွှတ်ပြီးနောက် အလုံးစုံမြင်နတ်ဘုရားက သူ့ကို ချည်နှောင်ထားသော သံကြိုးများကို ကြည့်၍ ပြုံးလိုက်၏။

“မကြာခင်မှာပဲ ငါ လွတ်မြောက်တော့မယ်…”

လက်တွေ့ကမ္ဘာပေါ်သို့ ပြန်ရောက်သောအခါ

ရဲဆွေ့က မြေကြီးပေါ်တွင် ဒူးထောက်၍ သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး အတော်လေး နာကြည်းနေပုံ ပေါ်သည်။

“မင်း ဘာလို့ မပြေးတော့တာလဲ…”

ရဲရှင်းဟွေ့က ဝံပုလွေခုနစ်ကောင်ခါးပတ်ကို ဆန့်တန်း၍ ပြုံးကာ မေးလိုက်၏။

“ကျွန်တော်တို့အားလုံးက ယဉ်ကျေးတဲ့သူတွေပဲ… လူကြီးလူကောင်းတွေက လက်မသုံးဘဲ စကားနဲ့ပဲ ဖြေရှင်းကြတယ်…”

ခုခံခြင်းမှာ အချည်းနှီး ဖြစ်မှန်း သိသောကြောင့် အရှုံးပေးလိုက်သော ရဲဆွေ့မှာ အခြားသူများနှင့် အကျိုးအကြောင်း ဆင်ခြင်ရန်သာ ကြိုးစားနိုင်တော့သည်။

ထိုနေရာသို့ ပျံသန်းလာသော ဟုန်လျန်က ဤမြင်ကွင်းကို မြင်သောအခါ အံ့ဩလွန်း၍ သူမ၏ မေးရိုးပင် မြေပြင်ပေါ်သို့ ပြုတ်ကျမတတ် ဖြစ်သွားသည်။

“ဒါက… ဒါက နယ်မြေသခင်လား… သူ ဘယ်လိုလုပ်ပြီး ရဲရှင်းဟွေ့ရဲ့ ဖိနှိပ်မှုကို ဒီလောက် ဆိုးဆိုးရွားရွား ခံနေရတာလဲ…”

နယ်မြေသခင်၏ ခန္ဓာကိုယ်ပေါ်မှ ရဲရှင်းဟွေ့၏ ဝံပုလွေခုနစ်ကောင်ခါးပတ်နှင့် ပေါင်ပေါင်း၏ ကြေးလက်သီးစွပ်တို့ကြောင့် ဖြစ်ပေါ်လာသော အညိုအမည်းစွဲရာများက ဟုန်လျန်ကို မသက်မသာ ဖြစ်သွားစေ၏။

“ကောင်းပြီ… တစ္ဆေဂူထဲက အဲဒီ အရိပ်တွေက ဘာတွေလဲဆိုတာ ပြောစမ်း…”

ရဲရှင်းဟွေ့က သူ၏ရှေ့မှ ဒုတိယမျိုးဆက် နယ်မြေသခင်နှင့် သူ၏ ရဲမိသားစုကြားမှ ဆက်နွှယ်မှုကို အမှန်တကယ် သိချင်နေသည်။

သူ၏ဘေးတွင် ရှိသော ပေါင်ပေါင်းမှာ သူမ၏ ဒေါသများ ပြေပျောက်သွား၍ထင်သည်။ သူမ၏ ကြေးလက်သီးစွပ်ကို သိမ်းဆည်းလိုက်လေပြီ။

ထိုနှစ်ယောက်စလုံးတွင် ဆက်လက် တိုက်ခိုက်မည့် အရိပ်အယောင် မရှိသည်ကို မြင်သောအခါ ရဲဆွေ့က သက်ပြင်းချလိုက်၏။

ဤအခြေအနေတွင် သူ၏ သူဝန်ခံရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။

သို့သော် သူ ပြောလိုက်သည်နှင့် နောက်တစ်ကြိမ် အရိုက်ခံရမည်ကို သူ မစိုးရိမ်ဘဲ မနေနိုင်ခဲ့ချေ။

ရဲဆွေ့၏ ချီတုံချတုံ ဖြစ်နေသော အမူအရာကို မြင်သောအခါ ရဲရှင်းဟွေ့က မျက်ခုံးပင့်၍ သူ၏ ဝံပုလွေခုနစ်ကောင်ခါးပတ်ကို နှစ်ချက်လောက် လွှဲလိုက်ရာ ရွှမ်းခနဲ အသံနှစ်ချက် ထွက်ပေါ်လာ၏။

“မရိုက်နဲ့တော့… ကျွန်တော် မရိုက်တော့ဘူးလို့ ပြောတယ်လေ…”

ထိုအဖြစ်ကို မြင်သောအခါ ရဲဆွေ့က အလျင်အမြန် ပြောလိုက်သည်။

“ကျွန်တော်… ကျွန်တော်က တကယ်တော့ ခင်ဗျားရဲ့ သားပါ…”

ရဲရှင်းဟွေ့ - “...”

ရဲရှင်းဟွေ့က သူ၏လက်ထဲမှ ဝံပုလွေခုနစ်ကောင်ခါးပတ်ကို ကြည့်လိုက်သည်။

‘ဒါက ဘာကြီးတုန်း… ဒီဝံပုလွေခုနစ်ကောင်ခါးပတ်ရဲ့ မမြင်ရတဲ့ စွမ်းရည်က အစွမ်းထက်လွန်းနေပြီပဲ…’

ရဲရှင်းဟွေ့က ရဲဆွေ့မှာ ဝံပုလွေခုနစ်ကောင်ခါးပတ်ကြောင့် သူ့ကို ဖခင်အဖြစ် အသိအမှတ်ပြုခြင်း ဖြစ်သည်ဟု ထင်လိုက်မိ၏။

“ကျွန်တော် တကယ် ပြောနေတာပါ… ခင်ဗျားနဲ့… သူ…”

ရဲဆွေ့က ပေါင်ပေါင်းကို လက်ညှိုးထိုး၍ ဆက်ပြောလိုက်၏။

“ခင်ဗျားတို့က တကယ်ပဲ ကျွန်တော့်ရဲ့ မိဘတွေပါ… ကျွန်တော့်နာမည်က ရဲဆွေ့ပါ… ကျွန်တော်က အနာဂတ်ကနေ အတိတ်ကို အချိန်ခရီးသွားခဲ့တာပါ… ဒါပေမဲ့… အဲဒါက အဝေးကြီးက အတိတ်တစ်ခုပေါ့…”

ထို့နောက် ရဲဆွေ့က သူ၏ ဇာတ်လမ်းကို သူတို့ကို ပြောပြလိုက်သည်။

“နောက်နှစ်အနည်းငယ်ကြာရင် ကျွန်တော် မွေးဖွားလာလိမ့်မယ်… ဒါပေမဲ့ ဘာအကြောင်းကြောင့်မှန်းမသိဘဲ ကျွန်တော် မွေးတဲ့အချိန်မှာ အမေက သေသွားခဲ့တယ်… အဲဒီနောက်မှာတော့ ကျွန်တော် အဖေ ရဲရှင်းဟွေ့နဲ့အတူ ဆယ်နှစ်ကျော် နေထိုင်ခဲ့တယ်… တစ်နေ့မှာတော့ ကျွန်တော် လူတစ်ယောက်ကို ကယ်တင်ဖို့ ကြိုးစားရင်းနဲ့ ထရပ်ကားတစ်စီးနဲ့ မတော်တဆ တိုက်မိပြီး အချိန်ခရီးသွား ဖြစ်သွားခဲ့တယ်…”

ဤအထိ ပြောပြီးနောက် ရဲဆွေ့က စကားပြောခြင်းကို ရပ်တန့်လိုက်သည်။

ထိုအဖြစ်က အနည်းငယ် မှင်သက်နေသော ရဲရှင်းဟွေ့ကို သတိပြန်ဝင်လာစေ၏။

“ပြီးတော့ ဘာဆက်ဖြစ်လဲ…”

“ဘာကို ပြီးတော့ ဘာဆက်ဖြစ်ရမှာလဲ…”

ရဲဆွေ့က မသိချင်ယောင်ဆောင်လိုက်သည်။

“မင်း အချိန်ခရီးသွားပြီးနောက်မှာ ဘယ်လိုလုပ်ပြီး နယ်မြေသခင် ဖြစ်လာလဲ ဆိုတာပေါ့ကွာ…”

ဤသို့ပြောပြီးနောက် ရဲရှင်းဟွေ့က အဖြစ်အပျက် အချို့ကို ဆက်စပ်မိသွားသည်။

“ငါကြားဖူးတာတော့ ပထမမျိုးဆက် နယ်မြေသခင်ကို ဒုတိယမျိုးဆက် နယ်မြေသခင်က အနိုင်ယူခဲ့တယ် ဆိုပဲ… ဒီတော့…”

ထိုသို့ ပြောရင်းနှင့် ရဲရှင်းဟွေ့က ပေါင်ပေါင်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် ရဲဆွေ့ကို လက်ညှိုးထိုးကာ ဒေါသတကြီး ပြောလိုက်သည်။

“မင်း… ကျေးဇူးမသိတတ်တဲ့သား… မင်းက မင်းအမေကိုတောင် ရိုက်ရဲတယ်ပေါ့…”

စကားဆုံးသည်နှင့် ရဲရှင်းဟွေ့က သူ၏ ဝံပုလွေခုနစ်ကောင်ခါးပတ်ကို နောက်တစ်ကြိမ် မြှောက်လိုက်၏။

“မဟုတ်ဘူး… မဟုတ်ဘူး… မဟုတ်ဘူး… အဲဒါတွေအားလုံးက အထင်လွဲမှုတစ်ခုပါ…”

ရဲရှင်းဟွေ့ ရပ်တန့်သွားသည်ကို မြင်သောအခါ ရဲဆွေ့က အလျင်အမြန်ပင် ဆက်လက် ရှင်းပြလိုက်သည်။

“ပထမမျိုးဆက် နယ်မြေသခင်က ကျွန်တော့်အမေမှန်း ကျွန်တော် ဘယ်လိုလုပ် သိမှာလဲ… ကျွန်တော် အချိန်ခရီးသွားပြီးနောက်မှာ မတော်တဆပဲ နယ်မြေသခင်ရဲ့ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ရလိုက်တယ်… ပြီးတော့… နယ်မြေသခင်က ကျွန်တော့်ကို အရူးအမူး လိုက်ဖမ်းတော့တာပဲ…”

“အစကတော့ ကျွန်တော် ထွက်ပြေးနေခဲ့တာပါ… ဘာပဲဖြစ်ဖြစ် ကျွန်တော်က တိုက်ခိုက်သတ်ဖြတ်ရတာ မကြိုက်ဘူး… ဒါပေမဲ့… ပြဿနာရှာရတာ ကြိုက်တဲ့ လူတချို့က ကျွန်တော့်ဆီလာပြီး နယ်မြေသခင်က ရက်စက်ကြမ်းကြုတ်ပြီး ကြင်နာမှုမရှိဘူးလို့ ပြောတယ်… သူတို့က ကျွန်တော် ရှေ့ထွက်ဖြေရှင်းပေးဖို့ မျှော်လင့်နေကြတယ်…”

“အဲဒီအချိန်တုန်းက ကျွန်တော်လည်း နယ်မြေသခင်က တကယ်ပဲ ရက်စက်ကြမ်းကြုတ်တယ်လို့ ထင်ခဲ့တယ်… သူက ကျွန်တော့်ကို ဘာမှမပြောဘဲနဲ့ သတ်ချင်နေတာလေ…”

“ဒါနဲ့ ကျွန်တော် သဘောတူလိုက်တယ်… နောက်ပိုင်းကျမှ အဲဒီလူတွေက ကျွန်တော့်ကို အသုံးချနေတာမှန်း သိလိုက်ရတယ်… အဲဒီအကြောင်းကို သိလိုက်ရလို့ပဲ ကျွန်တော်က ပထမမျိုးဆက် နယ်မြေသခင်ကို မသတ်ခဲ့တာ…”

“တကယ်တော့ အခု ပြန်စဉ်းစားကြည့်မှ ကျွန်တော် တော်တော်လေး လန့်မိတယ်… တကယ်လို့သာ ကျွန်တော်က ပထမမျိုးဆက် နယ်မြေသခင်ကို တကယ် သတ်ခဲ့မိရင် ကျွန်တော်ဆိုတာလည်း ဖြစ်တည်လာတော့မှာ မဟုတ်ဘူး…”

ရဲရှင်းဟွေ့ကလည်း ထိုစကားကို ကြားပြီးနောက် သူ၏ ဝံပုလွေခုနစ်ကောင်ခါးပတ်ကို အောက်သို့ ချလိုက်သည်။

အချိန်နှင့်အာကာသဝိရောဓိကဲ့သို့သော ရှုပ်ထွေးသည့် ကိစ္စရပ်များကို ရဲရှင်းဟွေ့က များများစားစား မစဉ်းစားချင်တော့ပေ။

All Chapters