သားလာရှာတဲ့ နောက်တစ်ယောက်
Vol. 31 Ch. 425
ရှီရှစ်ကျယ်နှင့် သူ့ဇနီးတို့ ထွက်သွားပြီး မကြာမီမှာပင် ဖြစ်၏။
ရဲချန်နှင့် စုချင်းထံသို့ နောက်ထပ် လူသုံးယောက် ရောက်လာကြသည်။
သူတို့ထဲမှ နှစ်ယောက်မှာ စုချင်းနှင့် အလွန် ရင်းနှီးသူများ ဖြစ်ကြ၏။ သူတို့မှာ သူငယ်ချင်းဖြစ်သူ ကျိုးလင်နှင့် ကျိုးလင်၏ ခင်ပွန်း ဝမ်ခေါဟိုင်တို့ ဖြစ်သည်။
နောက်ဆုံးတစ်ယောက်ကိုမူ ကျိုးလင်က မိတ်ဆက်ပေးပြီးနောက် စုချင်းမှာ သူ့နာမည်က မုန်ဖေး ဖြစ်ကြောင်း သိလိုက်ရ၏။
အမှန်စင်စစ် မုန်ဖေးက ဤတစ်ကြိမ် လာရောက်ရခြင်းမှာ သူ့သားကို ရှာရန် ဖြစ်သည်။ သူရှာနေသည့်သူမှာ သူ့သား မုန်ကျစ်ယွီ ဖြစ်၏။
မုန်ဖေးမှာ ခွင်းယန်မြို့မှ သူဌေးတစ်ဦးဖြစ်ပြီး မြို့တော်၏ အထက်တန်းလွှာ အသိုင်းအဝိုင်းကိုမူ များများစားစား သိရှိထားခြင်း မရှိပေ။ ဤနေရာတွင် သူသိသည့် တစ်ဦးတည်းသောသူမှာ အဓိကမြို့တော် စအိုနှင့် အစာဟောင်းအိမ်လမ်းကြောင်း ဆေးရုံမှ တက်ရောက်ကုသပေးသော ဆရာဝန်သာ ဖြစ်နိုင်လောက်၏။ သူက ထိုဆရာဝန်နှင့် ရင်းနှီးသွားရသည့် အကြောင်းရင်းမှာ သူ့သားက ဆေးရုံတံခါးဝတွင် သူ၏ လိပ်ခေါင်းရောဂါ ခွဲစိတ်မှု အောင်မြင်ခြင်းကို ဂုဏ်ပြုသည့် နဖူးစည်းတစ်ခု ကိုင်ဆောင်ခဲ့သောကြောင့် ဖြစ်သည်။
နောက်ဆုံး၌ မြို့တော်အကြောင်း များစွာမသိသော မုန်ဖေးမှာ ခွင်းယန်မှ လူများကိုသာ ရှာဖွေရတော့ပြီး နောက်ဆုံးတွင် ကျိုးလင်နှင့် ဝမ်ခေါဟိုင်တို့ကို ရှာတွေ့သွား၏။
အခြားအကြောင်းရင်း မရှိပေ။ ဝမ်ခေါဟိုင်၏ ရာထူးတိုးခြင်းမှာ မြို့တော်မှ သူ၏ အဆက်အသွယ်များနှင့် များစွာ သက်ဆိုင်ကြောင်း သူ သိထားသည်။ ထို့အပြင် သူ့သား မုန်ကျစ်ယွီကလည်း ဝမ်ခေါဟိုင်၏ သမီးနှင့် ပတ်သက်ဖူးသည် မဟုတ်ပါလား။
မုန်ဖေးက ဝမ်ခေါဟိုင်ထံ ချဉ်းကပ်၍ သူ့ကို မြို့တော်၏ အထက်တန်းလွှာ အသိုင်းအဝိုင်းထဲသို့ ဝင်ခွင့်ရရန် မျှော်လင့်နေ၏။ သို့မှသာ သူက မုန်ကျစ်ယွီကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်သည်။
ဝမ်ခေါဟိုင်က တုံ့ဆိုင်းခြင်းမရှိ သဘောတူလိုက်သည်။
အကြောင်းရင်းမှာ ကျိုးလင်က သူ့ကို စုချင်း၏ ကြောက်မက်ဖွယ်ရာ နောက်ကြောင်းကို ကြိုတင် ပြောပြထားပြီး ဖြစ်သည်။ ဆက်လက်၍ ရာထူးတိုးပြီး ချမ်းသာရန်အလို့ငှာ ဝမ်ခေါဟိုင်က သွား၍ ပေါင်းသင်းဆက်ဆံရေး တည်ဆောက်ချင်နေ၏။
တစ်ဖက်မှ ကျိုးလင်မှာမူ သူမ၏သမီးက ရဲရှင်းချန်နှင့် မကျေမလည်ဖြစ်စရာ ဒုက္ခအချို့ကို ဖြစ်စေခဲ့သောကြောင့် သူငယ်ချင်းဟောင်း စုချင်းထံ သွားရန် အနည်းငယ် မျက်နှာပူနေသည်။ သို့သော် ဤတစ်ကြိမ်တွင် ဝမ်ခေါဟိုင်၏ မဆုတ်မနစ် တိုက်တွန်းမှုကြောင့် စိတ်အနှောင့်အယှက် ဖြစ်ပြီးနောက် သူမက သူ့ကိုနှင့် မုန်ဖေးကိုပါ မြို့တော်သို့ ခေါ်ဆောင်လာပြီး စုချင်းနှင့် ရဲချန်ကို ရှာဖွေစေ၏။
ကျိုးလင်က စုချင်းကို ကြည့်၍ အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်သည်။
“ချင်းချင်း… ငါ့သမီးနဲ့ ရှင်းချန်ကြားက ကိစ္စက…”
သို့သော် ကျိုးလင်၏စကား မဆုံးမီမှာပင် စုချင်းက ပြုံး၍ ပြောလိုက်၏။
“ကိစ္စမရှိပါဘူး… အဲဒါတွေ မပြောကြနဲ့တော့… ရှင်းချန်မှာ အခု ရည်းစား ရနေပြီ…”
ရဲရှင်းချန်မှာ ရည်းစားရနေပြီဟု ကြားသောအခါ ဝမ်ခေါဟိုင်က အနည်းငယ် စိတ်ပျက်သွားမိသည်။ ဤခရီးစဉ်တွင် သူက မိသားစုနှစ်စုမှာ နောက်တစ်ကြိမ် ဆွေမျိုးတော်စပ်နိုင်ဦးမလားဟု ကြိုးစားကြည့်ချင်သေးသည် မဟုတ်ပါလား။
ထိုအခိုက်၌ ရဲချန်က မုန်ဖေးကို တစ်ချက် ကြည့်လိုက်ပြီးနောက် မေးလိုက်၏။
“ဒီလူကြီးမင်းက ဘယ်သူများလဲ ဆိုတာကို ကျွန်တော် သိခွင့်ရှိမလား…”
မုန်ဖေးက ရဲချန် သူ့ကို ကြည့်နေသည်ကို မြင်သောအခါ အလျင်အမြန် ထရပ်၍ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
“မင်္ဂလာပါ… ကျွန်တော့်နာမည် မုန်ဖေးပါ… လွန်ခဲ့တဲ့ အတိတ်မှာတုန်းက မြို့တော်မှာ မုန်ညီတော်လို့ခေါ်တဲ့ နာမည်ကြီး အွန်လိုင်းက တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက် ရှိခဲ့တယ်… အဲဒါ ကျွန်တော့်သားပဲ…”
မုန်ဖေး၏ စကားကို ကြားပြီးနောက် ရဲချန်၏ မျက်နှာမှာ တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်ပုံ ဖြစ်သွား၏။
“ဩော်… ခင်ဗျားက လိပ်ခေါင်းရောဂါ ခွဲစိတ်တာ အောင်မြင်သွားတဲ့ တစ်ယောက်ဆိုတာလား…”
မုန်ဖေးမှာ ပြောစရာစကား ပျောက်ရှသွားသည်။ မုန်ဖေးက သူကိုယ်တိုင်လည်း မြို့တော်တွင် နာမည်ကြီးလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သို့သော် သူက ဤပုံစံမျိုးဖြင့် နာမည်ကြီးချင်သည်တော့ မဟုတ်ချေ။
“ဟုတ်ပါတယ်…”
မုန်ဖေးက အနေခက်စွာ ခေါင်းညိတ်၍ ပြောလိုက်သည်။
“တကယ်တော့… ဒီလိုပါ… ကျွန်တော်က ဝမ်ညီတော်နဲ့ သူ့ဇနီးကို ကျွန်တော့်ကို ဒီခေါ်လာပေးဖို့ တောင်းဆိုခဲ့တာပါ… ကျွန်တော်လာရတဲ့ ရည်ရွယ်ချက်က ခင်ဗျားတို့ရဲ့ အဆက်အသွယ်တွေသုံးပြီး ကျွန်တော့်သားကို ရှာပေးဖို့ မျှော်လင့်လို့ပါပဲ… ကျွန်တော့်သား ပျောက်နေတာ အတော်ကြာပါပြီ…”
နောက်တစ်ယောက်က ပျောက်ဆုံးနေသော သားကို လာရှာသည်ဟု ကြားသောအခါ ရဲချန်နှင့် စုချင်းတို့မှာ အနည်းငယ် မျက်မှောင်ကြုတ်မိသွားကြ၏။
ထိုမြင်ကွင်းကို မြင်သော် မုန်ဖေးက အလျင်အမြန် ပြောလိုက်သည်။
“အဲ… ကျွန်တော့်သားကိုသာ ရှာတွေ့အောင် ကူညီပေးနိုင်မယ်ဆိုရင် ဆုလာဘ်အဖြစ် ဘာမဆို တောင်းဆိုနိုင်ပါတယ်…”
မုန်ဖေးက မုန်ကျစ်ယွီနှင့် သားအဖသေခန်းဖြတ်ပြီး နောက်ထပ် သားတစ်ယောက် ထပ်ယူမည်ဟု ပြောခဲ့သော်လည်း ၎င်းတို့မှာ ဒေါသ၏ လွှမ်းမိုးမှုအောက်မှ ထွက်လာသော စကားများသာ ဖြစ်၏။ ထို့အပြင် မုန်ဖေးမှာ ကလေးထပ်မရနိုင်တော့သဖြင့် မုန်ကျစ်ယွီက သူ၏ တစ်ဦးတည်းသော ဆက်ခံသူ ဖြစ်သည်။
စုချင်းကလည်း ယနေ့ ဧည့်သည် အုပ်စုနှစ်စုလုံးမှာ သူတို့၏ ပျောက်ဆုံးနေသော သားများကို လာရှာကြလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူမမှာ မတွေးဘဲ မနေနိုင်ဖြစ်သွား၏။ မုန်ကျစ်ယွီ၏ ပျောက်ဆုံးမှုကလည်း သူမ၏ သားနှင့်များ တစ်ခုခု ပတ်သက်နေလေမလား။
စုချင်းမှာ ထိုအတွေး ဝင်လာစဉ်မှာပင် ဧည့်ခန်းထဲတွင် မီးလျှံဝင်ပေါက်တစ်ခု ပေါ်လာသည်။
မီးလျှံဝင်ပေါက်ကို မြင်သောအခါ ကျိုးလင်၊ ဝမ်ခေါဟိုင်နှင့် မုန်ဖေးတို့အားလုံးမှာ ထိတ်လန့်သွားကြ၏။
ကမ္ဘာလောက၏ အလားအလာကို ယေဘုယျအားဖြင့် နားလည်ထားသော ရှီရှစ်ကျယ်နှင့် မတူဘဲ သူတို့မှာ ထိုအဆင့်နှင့် အလှမ်းဝေးလှပေသည်။ ရှီရှစ်ကျယ်သာ အလွန်အမင်း မယုံနိုင်စရာ တစ်စုံတစ်ခုကို တွေ့လိုက်ရလျှင် များစွာ အံ့အားသင့်မည် မဟုတ်ဘဲ အံ့အားသင့်မိလျှင်ပင် သူ့ရင်ထဲ၌သာ သိမ်းဆည်းထားပေလိမ့်မည်။
ကျိုးလင်မှာ အနည်းငယ် ကြောက်လန့်နေသည်ကို မြင်သော် စုချင်းက ပြုံး၍ ပြောလိုက်၏။
“ကိစ္စမရှိပါဘူး… အဲဒါ ငါ့သားအငယ် ပြန်လာတာ…”
စုချင်း ပြောနေသော သားအငယ်မှာ သူမအိမ်တွင် တည်းခို၍ ထမင်း အကြိမ်ပေါင်းများစွာ စားဖူးသော ရဲရှင်းဟွေ့ ဖြစ်ကြောင်း ကျိုးလင် သိသည်။ ကျိုးလင်မှာ ရဲရှင်းဟွေ့အပေါ် အလွန် ကောင်းမွန်သော အမြင် ရှိနေသေး၏။ သို့သော် သူမ မျက်စိရှေ့မှ မယုံနိုင်စရာ မြင်ကွင်းက ရဲရှင်းဟွေ့နှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိလိမ့်မည်ဟု သူမအတွက် တွေးမြင်ရန် ခက်ခဲနေသည်။
လူတိုင်းက ဝင်ပေါက်ကို ကြည့်နေစဉ်မှာပင် ရဲရှင်းဟွေ့က ၎င်းထဲမှ လျှောက်ထွက်လာသည်။ ထို့နောက်တွင် ပေါင်ပေါင်း၊ ရဲဆွေ့၊ ရဲယင်၊ အားရိနှင့် ဟုန်လျန်တို့ လိုက်ပါလာကြ၏။
ရဲရှင်းဟွေ့က ဝင်ပေါက်ထဲမှ ထွက်လာသည်နှင့် လူရင်းဖြစ်သူ ကျိုးလင်ကို တွေ့လိုက်သည်။
“ဩော်… အန်တီကျိုး… မတွေ့တာ ကြာပြီပဲ…”
“ဟားဟား…”
ကျိုးလင်က ပြုံး၍ နှုတ်ဆက်လိုက်သည်။
“ရှင်းဟွေ့… တကယ် မတွေ့တာ ကြာပြီပဲကွယ်…”
စကားဆုံးသည်နှင့် ကျိုးလင်က သူမနောက်မှ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသော မီးလျှံဝင်ပေါက်ကို ကြည့်လိုက်ရာ သူမမျက်နှာပေါ်တွင် မယုံနိုင်သည့် အမူအရာက ရှိနေသေး၏။ ထိုကဲ့သို့သော အရာတစ်ခုက သာမန်လူတစ်ယောက်၏ ဘဝအမြင်ကို လုံးဝဥဿုံ ဖျက်ဆီးပစ်နိုင်ပေသည်။ ထိုသူမှာ အနည်းငယ် ထူးဆန်းသောသူ ဖြစ်မနေလျှင်သာ ဖြစ်၏။
ရဲရှင်းဟွေ့က မူလက ရဲဆွေ့ကို သူ့မိဘများနှင့် မိတ်ဆက်ပေးချင်ခဲ့သည်။ သို့သော် ဤနေရာ၌ သူစိမ်းများ ရှိနေသည်ကို မြင်သောအခါ သူက ဘာမှ မပြောတော့ဘဲ ရှိနေသူများအနက် တစ်ဦးတည်းသော သူစိမ်းဖြစ်သူ မုန်ဖေးကို ကြည့်လိုက်၏။
မုန်ဖေးက ရဲရှင်းဟွေ့ သူ့ကို ကြည့်နေသည်ကို မြင်သောအခါ သူ့ခြေထောက်များမှာ ရုတ်တရက် တုန်ယင်လာသည်။ မည်သို့ပင်ဖြစ်စေ သူက သာမန်လူတစ်ယောက်သာ ဖြစ်ပြီး သူ ထိတွေ့ဖူးသော အင်အားအကြီးဆုံး လူများမှာ သူဌေးများ သို့မဟုတ် သိုင်းလောကမှ အဆင့်နိမ့် သိုင်းသမား အချို့သာ ဖြစ်သည်။ ဤကဲ့သို့သော နည်းလမ်းများကို သုံးနိုင်သည့် မည်သူ့ကိုမဆို သူ ဘယ်မှာ သွားတွေ့ဖူးနိုင်မည်နည်း။ မဟုတ်ဘူး… ဤသူက လူသားမှ ဟုတ်သေးရဲ့လား။ လူသား မဟုတ်နိုင်ဘူး၊ နတ်ဘုရားတစ်ပါး ဖြစ်ကောင်းဖြစ်နိုင်သည်။
“မင်္ဂ… မင်္ဂလာပါ… ကျွန်တော်က မုန်ဖေးပါ… ကျွန်တော် ဒီကို လာတာက… ကျွန်တော့်သားကို… ရှာဖို့ပါ…”
မုန်ဖေးဟူသော အမည်ကို ကြားသောအခါ ရဲရှင်းဟွေ့မှာ အနည်းငယ် ရင်းနှီးသလို ခံစားလိုက်ရသည်။
သို့သော် ရဲရှင်းဟွေ့ စကားမပြောမီမှာပင် သူ့နောက်တွင် ရပ်နေသော ရဲယင်က ရှေ့ထွက်၍ ပြောလိုက်၏။
“ဩော်… ခင်ဗျားကို ကျွန်တော် သိတယ်… ခင်ဗျားက လိပ်ခေါင်း ခွဲစိတ်တာ သိပ်အောင်မြင်သွားတဲ့လူ မဟုတ်လား… ခင်ဗျားက မုန်ကျစ်ယွီရဲ့ ကံမကောင်းတဲ့ အဖေ ဟုတ်တယ်မလား…”
မုန်ဖေးမှာ ပြောစရာစကား ပျောက်ရှသွားပြန်သည်။ သူ၏ ဂုဏ်ကျက်သရေနှင့် ပြည့်စုံသော အတိတ်ကို ထပ်မံ ပြောခံရသောအခါ မုန်ဖေးမှာ ငိုချင်စိတ် ပေါက်လာသည်။ သူ့သားကို သူ ဆက်ရှာသင့်သေးရဲ့လား။ မရှာတော့ရင်ရော ဘာဖြစ်မလဲ။ သူ့ဘာသာသူ ပျက်စီးပါစေတော့။
ရဲယင်၏ စကားကို ကြားသောအခါ ရဲရှင်းဟွေ့မှာ သူတို့ အထက်တန်းကျောင်းသားဘဝတုန်းက မုန်ကျစ်ယွီက မောက်မာစွာ ပြုမူရင်း သူက မုန်ဖေး၏ သား ဖြစ်ကြောင်း ပြောခဲ့ဖူးသည်ကို ပြန်အမှတ်ရသွားသည်။
ဒီမုန်ဖေး ဖြစ်နေပါလား၊
‘သေစမ်း… ဒီလောက်ကြီး တိုက်ဆိုင်စရာလား… သားလာရှာတဲ့ နောက်တစ်ယောက် ဖြစ်နေပြန်ပြီ… ဆာလာပိုင်ကျီရဲ့ မိဘတွေရော မကြာခင် ဒီရောက်လာတော့မှာလား…’
သို့သော်လည်း ဆာလာပိုင်ကျီ၏ ဇာတိမှာ အာဖရိကတွင် ဖြစ်သည်ဟု တွေးလိုက်မိသောအခါ ရဲရှင်းဟွေ့မှာ စိတ်သက်သာရာ ရသွားသည်။
“ခင်ဗျားက မုန်ကျစ်ယွီကို ဆိုလိုတာလား… သူ ဘယ်မှာရှိလဲ ကျွန်တော် သိတယ်… စိတ်မပူပါနဲ့… သူ အခု တော်တော်လေး အဆင်ပြေနေသင့်တယ်…”
ဤစကားကို ကြားသောအခါ မုန်ဖေးမှာ ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။
တစ်ဖက်မှ စုချင်းမှာမူ သူမ၏ သားအငယ်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေ၏။ သူမက တွေးလိုက်မိသည်။
‘ရှင်းဟွေ့… ဘာလို့ လူတွေရဲ့ သားတွေ ပျောက်ဆုံးမှုတိုင်းမှာ မင်းက ပါဝင်နေရတာလဲ… မင်းက လူကုန်ကူးတဲ့သူ ဖြစ်သွားတာလား…’