ဒီကောင်လေးက တကယ်ကြီး ငါ့သားပဲ
Vol. 31 Ch. 426
ဧည့်ခန်းထဲမှာပင် ဖြစ်၏။
ရဲရှင်းဟွေ့က မုန်ဖေးကို သူ့သား မုန်ကျစ်ယွီမှာ လက်ရှိတွင် မသေမျိုးကျင့်ကြံရေးလောက၌ ရှိနေကြောင်း ပြောပြလိုက်သည်။ ဤစကားကို ကြားပြီးနောက် မုန်ဖေးမှာလည်း ရှုပ်ထွေးသွားဟန် ရှိ၏၊
ဘယ်လို မသေမျိုးကျင့်ကြံရေးလောကလဲ… ဘာ ရွှမ်ထီဂိုဏ်းလဲ… ဘာ ဂေးအုပ်စုလဲ…?
သူ့ဦးနှောက်မှာ လုံးဝ မူးနောက်သွားသည်။
“အမ်… ကျစ်ယွီက ဆင့်ပွားဈေးကွက်ရှာဖွေရေးလိုဟာမျိုးထဲ အဖမ်းခံလိုက်ရတာလား… အဲလိုဆိုရင်… သူ့ကို ပြန်ရွေးဖို့ ဘယ်လောက် ပေးရမလဲ… ဘယ်လောက်ဖြစ်ဖြစ် ကျွန်တော် ပေးနိုင်တယ်…”
ရဲရှင်းဟွေ့မှာ ပြောစရာစကား ပျောက်ရှသွားသည်။
“ခင်ဗျား နားမလည်ဘူးလား… ခင်ဗျားသား မုန်ကျစ်ယွီက ကျင့်ကြံဖို့ သွားတာ… သူပြန်လာတဲ့အခါ ခင်ဗျားတို့ မိသားစုက အင်အားကြီးလာလိမ့်မယ်…”
“ကျင့်ကြံတာ…”
မုန်ဖေးမှာ အမှန်စင်စစ် ရဲရှင်းဟွေ့၏ စကားများကို နားလည်သော်လည်း သူက ယုံနိုင်သေးခြင်း မရှိပေ။ ဘာကျင့်ကြံတာလဲ၊ ဘာ မသေမျိုးကျင့်ကြံရေးလောကလဲ၊ ဘာတွေ ပြန်လာပြီး အင်အားကြီးလာမှာလဲ။ ဤသည်က လူလိမ်လုပ်ငန်းများနှင့် အလွန်အမင်း တူနေသည် မဟုတ်ပါလား။
နောက်ဆုံး၌ ရဲရှင်းဟွေ့က သူ့ကို တစ်လအတွင်း မုန်ကျစ်ယွီနှင့် တွေ့ခွင့်ပေးမည်ဟု ကတိပေးလိုက်ရာ မုန်ဖေးမှာ ရဲမိသားစုမှ စိတ်မအေးနိုင်စွာ ထွက်ခွာသွားသည်။
သို့သော်လည်း ကျိုးလင်နှင့် ဝမ်ခေါဟိုင်တို့မှာမူ ထွက်ခွာသွားခြင်း မရှိသေးပေ။ စုချင်းက အလွန် ဧည့်ဝတ်ကျေပွန်သေး၏။ မည်သို့ပင်ဆိုစေကာမူ ကျိုးလင်မှာ သူမ၏ ယခင် အချစ်ဆုံး သူငယ်ချင်း ဖြစ်သည်။ ကျိုးလင်က ထွက်သွားချင်သောအခါ စုချင်းက သူတို့ကို တားဆီး၍ ထမင်းအရင် စားသွားရန် ပြောလိုက်သည်။
ဘယ်သူက ချက်ပြုတ်မည်လဲဟု မေးလာလျှင် ပြောနေစရာမလိုဘဲ ရဲရှင်းဟွေ့ပင် ဖြစ်သည်။
ဤသို့ဖြင့် အိမ်ပြန်ရောက်ပြီး တစ်နာရီကျော် ကြာသည့်တိုင် ရဲဆွေ့မှာ သူ့အဘိုးအဘွားများကို အသိအမှတ်ပြုခွင့် မရသေးပေ။ ရဲဆွေ့၏ ကိုယ်တိုင်မိတ်ဆက်မှုအတွက်မူ သူက သူ့နာမည် ရဲဆွေ့ဟုသာ ပြောပြီး အခြား များများစားစား မပြောခဲ့ပေ။
ထမင်းစားပွဲဝိုင်းတွင်။
ရဲရှင်းဟွေ့က သူနှင့်အတူ ပါလာသူများကို သူ့မိဘများနှင့် မိတ်ဆက်ပေးတော့၏။
“ဒါက မသေမျိုးကျင့်ကြံရေးလောကက ဝိညာဉ်သားရဲအင်ပါယာရဲ့ ဗိုလ်ချုပ် ဟုန်လျန်… ဒါက ဝိညာဉ်သားရဲအင်ပါယာရဲ့ မင်းသမီး အားရိ…”
ဤသို့ပြောပြီးနောက် ရဲရှင်းဟွေ့က အားရိဘေးတွင် ထိုင်နေသော ရဲယင်ကို ညွှန်ပြ၍ ဆက်ပြောလိုက်၏။
“ဒီမင်းသမီးက ရဲယင်ရဲ့ ရည်းစားအများကြီးထဲက တစ်ယောက်ပဲ…”
“ရည်းစားအများကြီး” ဟူသော စကားကို ကြားသောအခါ စုချင်းက ရဲယင်ကို ချက်ချင်း လှမ်းကြည့်လိုက်သည်။
“ရှောင်ယင်… မင်း ရည်းစားရှာတဲ့အခါ လက်ကားလိုက်ရှာရမယ်လို့ အမေ မထင်ထားမိဘူး… မင်းက ကောင်းတာတွေ မသင်ဘဲ မကောင်းတာတွေပဲ သင်နေတာပဲ…”
သူမက ပြောရင်းနှင့် သူမဘေးတွင် ထိုင်နေသော ရဲချန်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ တစ်ဖက်တွင် ရဲချန်မှာမူ ရဲယင်ကို ကြည့်၍ သင်ကြားပေးနိုင်သည့် ကလေးတစ်ယောက်ဟု အဓိပ္ပာယ်ရသော အကြည့်ဖြင့် ကြည့်နေသည်။
ဟုန်လျန်နှင့် အားရိကို မိတ်ဆက်ပြီးနောက် ရဲရှင်းဟွေ့က ရဲဆွေ့ဘက်သို့ သူ့အာရုံကို ပြန်လှည့်လိုက်၏။
“ဒီကောင်က… သူ့နာမည် ရဲဆွေ့တဲ့… နယ်မြေသခင်ဘွဲ့နဲ့ မိဘကိုမသိတတ်တဲ့ ဓားပြပေါ့…”
ရဲရှင်းဟွေ့၏ မိတ်ဆက်စကားကို ကြားသောအခါ ရဲဆွေ့မှာ အနည်းငယ် စကားမပြောနိုင် ဖြစ်သွားသော်လည်း သူက ရဲချန်နှင့် စုချင်းကို နှုတ်ဆက်ရန် ထရပ်လိုက်သေးသည်။
“မင်္ဂလာပါ အဘွားနဲ့ အ…”
ရဲဆွေ့က နှုတ်ဆက်နေစဉ်မှာပင် စုချင်းက သူ့ကို တားလိုက်သည်။
“နေဦး… မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တယ်…”
“အဘွား…”
စုချင်းက ရဲဆွေ့၏ ခေါ်ဆိုမှုကို အတည်ပြုပြီးနောက် သူမနဖူးပေါ်တွင် အမည်းရောင် မျဉ်းတစ်ကြောင်း ပေါ်လာပြီးနောက် ပြုံး၍ ပြောလိုက်၏။
“အစ်မလို့ ခေါ်…”
စုချင်း၏ စကားကို ကြားသောအခါ ရဲဆွေ့က ဦးစွာ ရဲရှင်းဟွေ့ကို ကြည့်လိုက်ပြီးနောက် ပေါင်ပေါင်းကို ကြည့်လိုက်၏။
“ဒါဆိုရင်… အစ်…”
ထိုမြင်ကွင်းကို မြင်သော် ရဲရှင်းဟွေ့က ရဲဆွေ့၏ ခေါင်းနောက်စေ့ကို ပုတ်လိုက်သည်။
“အစ်မလို့ ခေါ်ရဲတယ် ဟုတ်လား… အဘွားလို့ ခေါ်စမ်း…”
ရဲရှင်းဟွေ့၏ စကားကို ကြားသောအခါ စုချင်းက ထရပ်၍ သူ့နောက်သို့ လာပြီး သူ့ခေါင်းနောက်စေ့ကို ပုတ်ကာ ပြောလိုက်၏။
“ငါ မင်းအမေက နုသေးတယ်ဟဲ့…”
ရဲရှင်းဟွေ့မှာ ပြောစရာစကား ပျောက်ရှသွားသည်။ သူ့အဖေ အရိုက်ခံရသည်ကို မြင်သောအခါ ရဲဆွေ့မှာ အလွန် ပျော်သွား၏။ သို့သော် ရဲရှင်းဟွေ့က သူ့ကို စိုက်ကြည့်လိုက်ပြီးနောက် သူက သူ့ရယ်သံကို ချက်ချင်း ဖိနှိပ်ထားလိုက်သည်။
“အဟမ်း… ဒီလိုဆိုရင်တော့ ကျွန်တော် မမစုလို့ ခေါ်ပါ့မယ်…”
ထိုစကားကို ကြားပြီးနောက် စုချင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
သို့သော် ရဲဆွေ့က ရဲချန်ကို နောက်တစ်မျိုး ခေါ်လိုက်သောအခါ ရဲချန်မှာ သူ့မျက်ခွံများ မတွန့်ဘဲ မနေနိုင် ဖြစ်သွား၏။
“မင်္ဂလာပါ အဘိုး…”
လူတိုင်းက ရဲဆွေ့ကို ကြည့်နေသည်ကို မြင်သောအခါ ရဲဆွေ့က အလျင်အမြန် သူ့စကားကို ပြင်၍ ပြောလိုက်သည်။
“မင်္ဂလာပါ ဦးရဲ…”
ထိုအချိန်၌ ရဲချန်နှင့် စုချင်း နှစ်ယောက်စလုံးမှာ သူတို့ရင်ထဲ၌ တွေးနေကြ၏။
‘ရှင်းဟွေ့က ဒီကံမကောင်းတဲ့ ကလေးကို ဘယ်ကနေ ရလာတာလဲ… သူက တကယ် စကားပြောကို မတတ်ဘူးပဲ…’
သို့သော်လည်း သူတို့နှစ်ယောက်က ရဲဆွေ့၏ ကံမကောင်းပြီး စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ပုံစံကို သေချာကြည့်လိုက်သောအခါ သူက သူတို့၏ သားအငယ်နှင့် အနည်းငယ် တူနေသည်ကို တွေ့ရှိလိုက်ကြ၏။
ထမင်းဝိုင်းမှာ အလွန် စည်ကားလှသည်။ အချိန်အများစုမှာ ရဲရှင်းဟွေ့နှင့် ရဲယင်တို့က မသေမျိုးကျင့်ကြံရေးလောကမှ သူတို့၏ စွန့်စားခန်းများအကြောင်း ပြောဆိုနေကြ၏။ အခါအားလျော်စွာ သူက မုန်ကျစ်ယွီနှင့် ရှီထိုက်လုံတို့အကြောင်းကိုလည်း ထည့်ပြောတတ်သည်။
ရဲရှင်းဟွေ့၏ မသေမျိုးကျင့်ကြံရေးလောကအကြောင်း ပြောစကားများကို နားထောင်ရင်း ဝမ်ခေါဟိုင်မှာ ပို၍ပင် နောင်တရလာသည်။ သူ့သမီးက ရဲမိသားစု၏ မြင့်မားသော အကိုင်းအခက်များပေါ်သို့ မတက်နိုင်ခဲ့သည်ကို သူ နောင်တရနေ၏။
သို့သော် ဝမ်ခေါဟိုင်မှာ သူ့သမီးကို ထိုမုန်ကျစ်ယွီနှင့် တွဲဖြစ်အောင် လုပ်မည်ဟု သူ့ရင်ထဲ၌ ကျိန်ဆိုလိုက်သည်။ သူတို့က ထိပ်ဆုံးမှ ရဲရှင်းချန်ကို မမီနိုင်သော်လည်း မုန်ကျစ်ယွီကိုတော့ မီနိုင်သင့်သည် မဟုတ်ပါလား။
ရဲရှင်းဟွေ့၏ မုန်ကျစ်ယွီအကြောင်း ဇာတ်လမ်းကို နားထောင်ရသည်မှာ သူက ရွှမ်ထီဂိုဏ်းဟု ခေါ်သော အုပ်စုထဲတွင် အလွန် မြင့်မားသော ရာထူး ရှိနေဟန်တူသည်။ ဂိုဏ်းထဲမှ ဂေးများအားလုံးက သူ့ကို ကြိုက်ကြ၏။ သူက အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်မိသော်လည်း တစ်ဖက်လူမှာ ကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် ဝမ်ခေါဟိုင်က များစွာ ဂရုမစိုက်ပေ။
ထမင်းဝိုင်းမှာ သဟဇာတဖြစ်သော ရယ်မောသံများဖြင့် ပြီးဆုံးသွားသည်။
ထမင်းစားပြီး စုချင်းနှင့် စကားပြောပြီးနောက် ကျိုးလင်က ဝမ်ခေါဟိုင်ကို ခေါ်၍ ရဲမိသားစု၏ အိမ်မှ ထွက်သွား၏။
သူတို့နှစ်ယောက် ထွက်သွားသည်ကို မြင်သောအခါ ရဲရှင်းဟွေ့က ပန်းကန်များ ဆက်ဆေးရန် ဂရုမစိုက်တော့ပေ။ သူက ရဲချန်နှင့် စုချင်းထံ တန်းလာ၍ ရဲဆွေ့ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “သူ… က ကျွန်တော့်သားပဲ… ဒါကြောင့် သူက အဖေနဲ့ အမေ့ရဲ့ မြေးပဲ…”
စုချင်းနှင့် ရဲချန်မှာ စကားမဲ့သွားကြသည်။
“ဒါဆို… ငါ ခုနက ပုတ်လိုက်တာ မှားသွားတာပေါ့…”
စုချင်းက ပြုံး၍ မေးလိုက်၏။
စုချင်းပြောသည်ကို ကြားသောအခါ ရဲရှင်းဟွေ့က သူမမှာ လုံးဝ မယုံကြည်ကြောင်း သိလိုက်၏။
“ကျွန်တော် ပြောတာ အမှန်ပဲ… ဒီကောင်က တကယ်ကြီး ကျွန်တော့်သား…”
ရဲရှင်းဟွေ့က ထပ်မံ အလေးပေး ပြောလိုက်သည်။
ရဲရှင်းဟွေ့၏ လေးနက်သော အမူအရာကို မြင်သောအခါ ရဲချန်နှင့် စုချင်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် တစ်ချိန်တည်းမှာပင် ရဲဆွေ့ကို ကြည့်လိုက်ကြသည်။
ထိုအဖြစ်ကိုမြင်သော် ရဲဆွေ့က ခေါင်းညိတ်၍ ပြောလိုက်သည်။
“ခင်ဗျားတို့က တကယ်ပဲ ကျွန်တော့် အဘိုးအဘွားတွေပါ… ကျွန်တော် အစောက ခင်ဗျားတို့နှစ်ယောက်ကို ခေါ်လိုက်တာ မှန်ပါတယ်…”
ရဲဆွေ့၏ စကားကို ကြားပြီးနောက် စုချင်းက ပေါင်ပေါင်းကို ကြည့်လိုက်သည်။ ထိုအဖြစ်ကိုမြင်သော် ပေါင်ပေါင်းက ခေါင်းညိတ်၍ ပြောလိုက်၏။
“သူက တကယ်ပဲ ကျွန်မတို့ရဲ့ ကလေးပါ…”
ထိုထိတ်လန့်ဖွယ် သတင်းကို ကြားသောအခါ စုချင်းက ဟုန်လျန်ကို မှင်သက်သော အမူအရာဖြင့် ကြည့်လိုက်သည်။ ခုလေးတင် ထမင်းဝိုင်းမှာ စုချင်းက ဟုန်လျန်နှင့် အားရိတို့နှင့် ကောင်းကောင်း စကားပြောခဲ့၏။ သူမက အားရိကို သူမ၏ မြေးချွေးမအဖြစ် မှတ်ယူထားပြီး ဖြစ်သည်။
စုချင်းက သူမကို ကြည့်နေသည်ကို မြင်သောအခါ ဟုန်လျန်က အနည်းငယ် ရှုပ်ထွေးစွာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ… အန်တီ…”
“ငါ မေးချင်တာကလေ… မင်းတို့ရဲ့ မသေမျိုးကျင့်ကြံရေးလောကမှာ ကလေးတွေက ဒီလောက် မြန်မြန် ကြီးကြလားဟင်…”
ဟုန်လျန်မှာ စကားမဲ့သွားသည်။ သူမက တခြား ဘာပြောနိုင်ဦးမည်နည်း။ ရဲဆွေ့၏ သက်တမ်းမှာ ဘယ်လောက်မို့လဲ။ သူက သူတို့ ဝိညာဉ်သားရဲအင်ပါယာ၏ မျှော်လင့်ချက်၊ ဒဏ္ဍာရီလာ ဒုတိယမျိုးဆက် နယ်မြေသခင် ဖြစ်သည်။ ဒုတိယမျိုးဆက် နယ်မြေသခင်အကြောင်းကိုမူ သူမ မပြောရဲပေ။
စုချင်း၏ စကားကို ကြားသောအခါ ရဲဆွေ့က သူ့နဖူးကို တို့ထိ၍ ပြောလိုက်၏။
“အဲ… အဘွား… ကျွန်တော်က မမွေးတာ မကြာသေးတဲ့သူ မဟုတ်ပါဘူး… ကျွန်တော်က အနာဂတ်ကနေ လာတဲ့ သူတို့ရဲ့ အနာဂတ်က သားပါ… အဖေနဲ့ အမေ့မှာ ခုထိ သား မရှိသေးဘူး…”
ရဲဆွေ့၏ စကားကို ကြားသောအခါ စုချင်းက သူမရင်ဘတ်ကို ပုတ်၍ ပြောလိုက်သည်။
“ဒီလိုကိုး… ဒါဆိုရင်တော့ ငါ စိတ်အေးသွားပြီ…”
သူမ စကားကို ကြားသောအခါ လူတိုင်းမှာ ခဏတာ စကားမဲ့သွားကြ၏။ အနာဂတ်ကလာတဲ့ အနာဂတ်သားဆိုတဲ့အကြောင်းကို သူမက ဒီလောက် လွယ်လွယ်ကူကူ လက်ခံလိုက်တာလား။