← Chapters

ကျင့်ကြံရေးကျောင်းတော်

Vol. 31 Ch. 429

ကျင့်ကြံရေးကျောင်းတော်

Vol. 31 Ch. 429

ဤသို့ဖြင့် ရဲရှင်းဟွေ့နှင့် ရဲယင်တို့မှာ အတင်းအကျပ် နေခိုင်းခံလိုက်ရသည်။

ရဲဆွေ့မှာမူ ဟုန်လျန်နှင့် အားရိကို ခေါ်၍ မသေမျိုးကျင့်ကြံရေးလောကသို့ ပြန်ရန် စီစဉ်လိုက်၏။

မူလက အားရိမှာ နေ၍ သူ၏သခင်လေးယင်ကို ပြုစုစောင့်ရှောက်လိုသော်လည်း ရဲယင်က အတင်းပင် ငြင်းပယ်လိုက်သည်။

သူက နူးညံ့၊ လှပ၊ ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းကာ နာခံတတ်သော အားရိကို နေ၍ ပြုစုစောင့်ရှောက်စေချင်သည်။

သို့သော် သူက သူ၏အဘွားကို ကြောက်ရ၏။

အကယ်၍...အကယ်၍သာ သူမက သူ့ကို အားရိနှင့်ပါ ချက်ချင်းလက်ထပ်ခိုင်းလျှင်…။

လက်ထပ်ပြီးနောက် ဖြစ်လာမည့် အကျိုးဆက်များကို တွေးကြည့်ရင်း၊ ဒေါသထွက်နေသော ရူဟွားနှင့် ဒေါသထွက်နေသော ရှောင်ပင်းကို တွေးကြည့်ရင်း…။

အကြောင်းအမျိုးမျိုးကြောင့် အားရိမှာ လုံးဝ နေ၍မဖြစ်ပေ။

"အဖေ... အဖေ့ကိုယ်ထဲက နတ်ဘုရားဦးသျှောင်နဲ့ ပတ်သက်ပြီး ကျွန်တော်ပြန်လာတဲ့အခါ ဆက်ပြီး လွှဲပြောင်းပေးပါ့မယ်…"

မထွက်ခွာမီ ရဲဆွေ့က ရဲရှင်းဟွေ့အတွင်းမှ နတ်ဘုရားဦးသျှောင်ကို မမေ့သေးချေ။

ရဲဆွေ့၏ စကားကို ကြားသောအခါ ရဲရှင်းဟွေ့က လက်ကိုသာ ဝှေ့ယမ်း၍ သူ့ကို သွားနှင့်တော့ရန် အမူအရာပြလိုက်သည်။

နောက်တစ်နေ့…

ဝက်ဝံကန်းနှင့် လုံယန်တို့မှာ ရဲမိသားစုအိမ်၌ တစ်ညတာ နေထိုင်ခဲ့ကြသည်။

သူတို့က ရဲရှင်းဟွေ့ကို တည်ဆောက်ပြီးသား ကျောင်းတော်သို့ ခေါ်သွားရန် စီစဉ်ထား၏။

ရဲရှင်းဟွေ့အပြင် စိတ်မပါ့တပါဖြစ်နေသော ရဲယင်လည်း ပါဝင်သည်။

ပေါင်ပေါင်းမှာမူ စုချင်းက ရက်ကောင်းရက်မြတ် တွက်ချက်ပေးမည့်သူ ရှာရန် ဆွဲခေါ်သွားခြင်း ခံလိုက်ရသည်။

လက်ထပ်သည့်အခါ ရက်ကောင်းရက်မြတ် ရွေးချယ်သည်မှာ သဘာဝပင် ဖြစ်သည်။

ရဲရှင်းဟွေ့က ထိုသို့သောအရာကို အမှန်တကယ် မယုံကြည်သော်လည်း စုချင်းကမူ တန်ဖိုးထားဆဲဖြစ်ပြီး ပြုလုပ်ရန် အခိုင်အမာ တောင်းဆို၏။

လုံယန်နှင့် ဝက်ဝံကန်း၏ လမ်းညွှန်မှုအောက်တွင် လေးယောက်သားမှာ မြို့တော်တက္ကသိုလ်သို့ ရောက်ရှိလာကြသည်။

မြို့တော်တက္ကသိုလ်ကို မြင်သောအခါ ရဲရှင်းဟွေ့မှာ စိတ်ရှုပ်ထွေးသွားသည်။

"ဟေး... လုံယန်... ဒီနေရာက မြို့တော်တက္ကသိုလ် မဟုတ်လား..."

လုံယန်က ခေါင်းညိတ်၍ ပြော၏။

"ဟုတ်တယ်... ငါတို့ထူထောင်ထားတဲ့ ကျင့်ကြံရေးကျောင်းတော်ကလည်း ဒီမှာပဲ... ဒါပေမဲ့ အနောက်ဘက်က သင်ကြားရေးအဆောင်မှာ ရှိတာ..."

လုံယန်၏ လက်ညှိုးညွှန်ရာအတိုင်း လိုက်ကြည့်သောအခါ ရဲရှင်းဟွေ့က မြို့တော်တက္ကသိုလ်၏ အနောက်ဘက် တောင်ခြေတွင် ဆောက်လုပ်ထားသော လေးထပ် သင်ကြားရေးအဆောင်တစ်ခုကို တွေ့လိုက်သည်။

မြို့တော်တက္ကသိုလ်မှ အခြားသော သင်ကြားရေးအဆောင်များနှင့် နှိုင်းယှဉ်လျှင် ထိုလေးထပ်အဆောင်ငယ်လေးမှာ အလွန်ပင် မထင်မရှား ရှိလှသည်။

"သင်ကြားရေးအဆောင်က သေးပေမဲ့ သူ့နောက်က တောင်စောင်းကိုတော့ ထွင်းဖောက်ထားတယ်... ငါတို့ နဂါးမင်းအဖွဲ့အစည်းက တည်ထောင်တဲ့ ကျင့်ကြံရေးကျောင်းတော်က မြင်ရသလောက်တော့ ရိုးရှင်းမှာ မဟုတ်ဘူးပေါ့... တောင်ရဲ့ အတွင်းထဲမှာ ကြီးမားတဲ့ လေ့ကျင့်ရေးစခန်းတစ်ခု ရှိရုံတင်မကဘူး... စက်ပစ္စည်းအပြည့်အစုံနဲ့ သိပ္ပံသုတေသန ဓာတ်ခွဲခန်းတွေလည်း ရှိသေးတယ်... ဒီတစ်ခေါက်မှာ ငါတို့က သဘာဝလွန်ပညာနဲ့ သိပ္ပံပညာ ပေါင်းစပ်မှုကို သုတေသနလုပ်ဖို့ စီစဉ်ထားတယ်..."

ထိုစကားများကို ကြားသောအခါ ရဲရှင်းဟွေ့မှာ သူ၏အစ်မကို ချက်ချင်းပင် သတိရသွားသည်။

သူ သူ၏အစ်မကိုလည်း ဤနေရာသို့ လာရန် လှည့်စားသင့်သလား ။

သူ၏အစ်မဖြစ်သူ ရဲလန်ယွဲ့မှာ သဘာဝလွန်ပညာနှင့် သိပ္ပံပညာကို ပေါင်းစပ်ရာတွင် ကျွမ်းကျင်သည့် အမျိုးအစားပင် ဖြစ်သည်။

ထို့အပြင် သူမမှာ ယခင်ဘဝများတွင် ဧကရီ ဘုရင်မ အကြိမ်များစွာ ဖြစ်ခဲ့ဖူးသဖြင့် ကျောင်းသားအနည်းငယ်ကို သင်ကြားပေးရန်မှာ သူမအတွက် လွယ်ကူပေလိမ့်မည်။

ဤသို့တွေးမိသောအခါ ရဲရှင်းဟွေ့မှာ သူ၏အစ်မကို မည်သို့ လာရန် လှည့်စားရမည်ကို စဥ်းစားနေတော့သည်။

သူ၏အဖေက သူ့ကို လှည့်စားခဲ့သဖြင့် သူက သူ၏အစ်မကို လှည့်စားမည်။ နောက်ပိုင်းတွင် သူ၏အစ်မက လှည့်စားနိုင်မည့် အခြားတစ်စုံတစ်ယောက် ရှိကောင်းရှိနိုင်ပေသည်။

ဤသို့ဖြင့် နိုင်ငံတော်မှာ အမှန်တကယ် ပိုမိုအားကောင်းလာလိမ့်မည်။

ဟမ်။ ခဏလေး…။

ရဲမိသားစုမှာ နိုင်ငံတော်၏ အင်အားဖြစ်လာစေရန် လှည့်စားခံနေရသကဲ့သို့ ဖြစ်နေပါ၏။

ရဲရှင်းဟွေ့ ဟိုတွေးဒီတွေး တွေးနေစဥ်မှာပင် သူတို့မှာ ကျောင်းတော်၏ သင်ကြားရေးအဆောင်ရှေ့သို့ ရောက်ရှိလာကြသည်။

သင်ကြားရေးအဆောင်၏ အပြင်ဘက်တွင် ကစားကွင်းငယ်တစ်ခု ရှိသည်။ ကစားကွင်းတစ်ခုလုံးကို ခြံစည်းရိုးအပြည့် ကာရံထားပြီး မလှမ်းမကမ်းတွင် ဝင်ရောက်ခြင်းမပြုရန် ဆိုင်းဘုတ်တစ်ခု ရှိနေ၏။

ခြံစည်းရိုးပေါ်တွင်လည်း "မြို့တော်တက္ကသိုလ် အထူးဝန်ဆောင်မှုဌာန" ဟု ရေးထားသော သစ်သားဆိုင်းဘုတ်တစ်ခု ရှိနေသည်။

အထူးဝန်ဆောင်မှုဌာနသို့ ဝင်လိုက်သည်နှင့် ရဲရှင်းဟွေ့မှာ အသက် ၁၇၊ ၁၈ နှစ်ခန့်ရှိသော လူငယ်အချို့က ၇ နှစ်အရွယ် ကလေးတစ်ယောက်ကို အနိုင်ကျင့်နေသည်ကို တွေ့လိုက်ရသည်။

အနိုင်ကျင့်နေစဥ်မှာပင် သူတို့က ထိုကလေးကို "မိစ္ဆာ" စသည်ဖြင့်လည်း ခေါ်ဆိုနေကြ၏။

ထိုလူငယ်များ၏ ရုပ်ရည်နှင့် လေသံများမှာ အလွန်ကွာခြားလှသည်။ တစ်ချိန်တည်းမှာပင် အလယ်တွင် ဝန်းရံခံထားရသော ကလေးမှာမူ အလွန်ပင်ထူးခြားသော ရုပ်သွင်ရှိနေသည်။

ထိုကလေး၌ ဒေါင်လိုက်မျက်ဆံတစ်စုံ ရှိပြီး သူ၏လည်ပင်းနှင့် လက်မောင်းများပေါ်တွင် အကြေးခွံပါးများ ရှိနေသည်။ သူတို့က သူ့ကို မိစ္ဆာဟုခေါ်သည်မှာ အံ့ဩစရာ မဟုတ်ချေ။

တစ်စုံတစ်ယောက် အနိုင်ကျင့်ခံနေရသည်ကို မြင်သောအခါ လုံယန်က စကားတစ်ခွန်းမဆိုဘဲ ရှေ့သို့တက်၍ တားဆီးလိုက်သည်။

"မင်းတို့ ဘာလုပ်နေကြတာလဲ..."

လုံယန် သူတို့ထံသို့ လာနေသည်ကိုမြင်သောအခါ ထိုလူငယ်များမှာ ထိုနေရာတွင် ချက်ချင်း အာရုံစိုက် မတ်တပ်ရပ်လိုက်ကြသည်။

"အမ်… လုံ… ဗိုလ်ကြီးလုံ... ကျွန်တော်တို့က ကလေးနဲ့ နောက်နေတာပါ... ကစားနေတာပါဗျာ..."

လုံယန်က သူ၏မျက်လုံးများကို ကျဥ်းမြောင်းလိုက်ပြီးနောက် အနိုင်ကျင့်ခံနေရသော ကလေးကို ကြည့်၍ မေးလိုက်သည်။

"ဟုတ်သလား..."

လုံယန်က အသက်ကြီးသော ကလေးအချို့က အသက်ငယ်သော ကလေးကို အနိုင်ကျင့်နေသည့် အခြေအနေဖြစ်ကြောင်းကို သိမြင်နိုင်၏။

သူ ဤသို့မေးရခြင်း အကြောင်းရင်းမှာ ထိုကလေး၏ စရိုက်မှာ မည်သို့ရှိသည်ကို ကြည့်ရှုလိုသောကြောင့် ဖြစ်သည်။

လုံယန်၏ စကားကို ကြားသောအခါ ထိုကလေးက ခေါင်းညိတ်လိုက်ပြီး တိုင်တန်းခြင်းမပြုခဲ့ပေ။

ဤသည်ကိုမြင်သောအခါ လုံယန်က လူငယ်အချို့ကို တစ်ချက်ကြည့်လိုက်ပြီး ရဲရှင်းဟွေ့ထံသို့ ပြန်သွားသည်။

လုံယန်က လှည့်ထွက်သွားစဥ်မှာပင် ခေါင်းငုံ့ထားသော ထိုကလေးက ခေါင်းမော့လာသည်။ ဤအချိန်၌ သူ၏မျက်လုံးများမှာ ဒေါသနှင့် ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်နှက်နေ၏။

သို့သော် သူ၏မျက်လုံးများမှ အကြည့်မှာ သားကောင်ကို စောင့်ကြည့်နေသော မြွေတစ်ကောင်ကဲ့သို့ မကြာမီပင် ပြန်လည် တည်ငြိမ်သွားသည်။

လုံယန်က ထိုကလေး၏ မျက်လုံးများကို မမြင်လိုက်သော်လည်း ရဲရှင်းဟွေ့ကမူ မြင်လိုက်၏။

သူ ရုတ်တရက် ခံစားလိုက်ရသည်မှာ ဤနေရာတွင် ဆရာတစ်ယောက်ဖြစ်ရခြင်းက အတော်ပင် စိတ်ဝင်စားစရာကောင်းမည်ဟု ဖြစ်သည်။

"ရဲရှင်းဟွေ့... ဒီမှာ ခဏစောင့်ပေးပါ... ငါ တခြားကျောင်းသားတွေကို ဒီကိုခေါ်လိုက်မယ်..."

သူ စကားဆုံးသည်နှင့် လုံယန်က သင်ကြားရေးအဆောင်ဆီသို့ ပြေးသွားပြီး သင်ကြားရေးအဆောင်ထဲတွင် ရှိနေသေးသည့် လူတိုင်းကို ခေါ်လိုက်သည်။

သင်ကြားရေးအဆောင်မှ လူတိုင်း ထွက်လာသောအခါ ရဲရှင်းဟွေ့မှာ ကြောင်ငေးသွား၏။

လူဦးရေမှာ မများပြားလှဘဲ စုစုပေါင်း လူသုံးဆယ်ပင် မပြည့်ပေ။

သို့သော် ဤလူများ ပိုင်ဆိုင်နိုင်သည့် ကျင့်ကြံခြင်း အရည်အချင်းများကို ဘေးဖယ်ထားလျှင်ပင် ဤကျောင်းသားများ၏ အသက်အရွယ်များကို ကြည့်ရုံနှင့်ပင် ရဲရှင်းဟွေ့မှာ ညည်းတွားချင်စိတ် ပေါက်လာသည်။

အသက် ၁၇၊ ၁၈ နှစ်ရှိသော လူငယ်များနှင့် ၇ နှစ်အရွယ် ကလေးတစ်ယောက် အတူရှိနေသည်ကို မြင်ရသည်မှာ အတော်ပင် ထူးဆန်းနေပြီ ဖြစ်သည်။

လာကြသူများထဲတွင် အသက် ၆၀ သို့မဟုတ် ၇၀ အရွယ်ရှိသော အဘိုးကြီးငါးယောက်မှာ ကွင်းထဲတွင် မတ်တပ်ရပ်နေပြီး အသက် ၄၀ အရွယ် လူလတ်ပိုင်း သုံးယောက်ထက်မနည်း ပါဝင်နေ၏။

လူသုံးဆယ်အနက် ထက်ဝက်ခန့်သာ အသက်နှစ်ဆယ်အောက် ဖြစ်သည်။

ရဲရှင်းဟွေ့၏ ကြောင်ငေးနေသော အမူအရာကိုမြင်သောအခါ လုံယန်မှာလည်း အားမလိုအားမရ ပခုံးတွန့်၍ ပြောလိုက်သည်။

"မင်းလည်း သိတဲ့အတိုင်းပဲ... ဝိညာဉ်စွမ်းအင်ပြန်လည်နိုးထခြင်းက စတာ မကြာသေးတော့... အရည်အချင်းပြတဲ့သူ အရမ်းနည်းတယ်... ဒါတွေက… လူပုတွေထဲက အရပ်အရှည်ဆုံး ရွေးထားပြီးသားပဲ... ပြီးတော့ ငါတို့အားလုံးက သာမန်နောက်ခံ ဒါမှမဟုတ် စစ်မှုထမ်းမိသားစုကလူတွေကို ရှာနေတာ... ဂိုဏ်းတပည့်တွေကိုတော့ ငါတို့ စုဆောင်းဖို့ အစီအစဉ် မရှိသေးဘူး..."

အမှန်တကယ်တွင် လုံယန် မူလက ပြောချင်သည့်အရာမှာ အနာဂတ်တွင် တိကျသော တည်ဆောက်မှုနှင့် စုဆောင်းမှု နည်းလမ်းများမှာ ရဲရှင်းဟွေ့၏ သင်ခန်းစာ အရည်အသွေးနှင့် အတိုင်းအတာပေါ် မူတည်မည်ဖြစ်ကြောင်းပင် ဖြစ်သည်။ သို့သော် သူ စဥ်းစားကြည့်ပြီးနောက် သူနှင့် ရဲချန်က သူ့ကို ဤသို့လုပ်ရန် လှည့်စားခဲ့သည်ဖြစ်သဖြင့် သူ ဘာမှမပြောရဲတော့ချေ။

ရဲရှင်းဟွေ့: "..."

"အင်း… လုံယန်… တခြားတစ်ယောက်က အသက်လေးဆယ်ကျော်နေရင်… ငါ လက်ခံနိုင်သေးတယ်… ဒါပေမဲ့ အသက်ခြောက်ဆယ် ဒါမှမဟုတ် ခုနစ်ဆယ်အရွယ် အဘိုးကြီးတွေကိုတော့ ထားလိုက်ပါတော့ကွာ..."

ရဲရှင်းဟွေ့၏ စကားကို ကြားသောအခါ လုံယန်က ခေါင်းခါ၍ ပြောလိုက်သည်။

"သူတို့က အသက်ခြောက်ဆယ် ဒါမှမဟုတ် ခုနစ်ဆယ် မဟုတ်ဘူး… ကိုးဆယ်ကျော်တွေ..."

ရဲရှင်းဟွေ့ ဤသို့ကြားသောအခါ သူက ထိုအဘိုးကြီးများကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်၏။

အဘိုးကြီးအချို့မှာ စစ်ယူနီဖောင်းစိမ်း ဟောင်းနွမ်းများကို ဝတ်ဆင်ထားကြသည်။ သူတို့မှာ အသက်ကြီးနေသော်လည်း မတ်မတ်မားမား ရပ်နေဆဲဖြစ်ပြီး သူတို့၏မျက်လုံးများမှာ ခွန်အားအပြည့်နှင့် တောက်ပနေသည်။

လူငယ်များနှင့် နှိုင်းယှဥ်လျှင်ပင် သူတို့၏စိတ်ဓာတ်မှာ အားနည်းခြင်း မရှိချေ။

ရဲရှင်းဟွေ့က အဘိုးကြီးအချို့ကို ကြည့်နေသည်ကိုမြင်သောအခါ လုံယန်က ရှင်းပြလိုက်သည်။

"သူတို့အားလုံးက စစ်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်ပြန်တွေ... လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရှေ့တန်းမှာ တိုက်ခိုက်နေတုန်း မတော်တဆ ဂူတစ်ခုထဲ ပြုတ်ကျသွားကြတာ... သူတို့ဆီက ကြားရတာကတော့ သူတို့က ဂူထဲကအသီးကို စားခဲ့ကြတယ်ထင်တယ်... ပြီးတော့ သူတို့ရဲ့ ခွန်အား... အရှိန်... ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ သက်တမ်းတွေတောင် တိုးတက်လာခဲ့တယ်... ဒီတစ်ခေါက်မှာ ငါတို့နဂါးမင်းအဖွဲ့အစည်းက ကျင့်ကြံရေးကျောင်းတော် ထူထောင်တော့မယ်လို့ ကြားတဲ့အခါ ဒီလူတွေက စာရင်းပေးသွင်းကြတာပဲ..."

ထိုဇာတ်လမ်းကို နားထောင်နေစဥ် ရဲရှင်းဟွေ့မှာ တိတ်ဆိတ်သွား၏။

တစ်ချိန်တည်းမှာပင် သူက လုံယန်က အဘယ်ကြောင့် သူတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျ၍မရဟု ပြောသည်ကိုလည်း နားလည်လိုက်သည်။

မိမိတို့၏ နေရပ်ကို ကာကွယ်လိုသော ဤစစ်ပြန်များကို ထွက်ခွာသွားရန် သူက မည်သို့သောအကြောင်းပြချက်များ ပေး၍ ဖျောင်းဖျနိုင်မည်နည်း။

All Chapters