ယုံကြည်သွားခြင်း
Vol. 31 Ch. 431
"ဟေး...။"
ဤအခိုက်တွင် ထိုမိန်းကလေးက ထပ်မံ၍ ပြောလိုက်သည်။
"ငါတို့က အခု ခွင့်တိုင်တဲ့ကိစ္စကို ဆွေးနွေးနေတာလား... ငါတို့ ပြောနေတာက သူတို့က ငါတို့ရဲ့ဆရာတွေ ဖြစ်လာဖို့ အရည်အချင်းပြည့်မီသလားဆိုတဲ့ ကိစ္စပဲ..."
ထိုမိန်းကလေး၏ စကားကို ကြားသောအခါ ရဲရှင်းဟွေ့က ပြုံး၍ မေးလိုက်သည်။
"အဲ့ဒီမတိုင်ခင် ငါ မေးချင်တာက မင်းနာမည်က ဘယ်လိုခေါ်လဲ... ပြီးတော့ ငါတို့ကို ဘယ်လိုသိတာလဲ..."
"ကျွန်မနာမည်က ချန်မင်ကျားပါ... မြို့တော်တက္ကသိုလ်က ကျောင်းသူတစ်ယောက်ပါ... ကျွန်မ ရှင်တို့ကို ဘယ်လိုသိလဲဆိုတော့ အကြောင်းရင်းက အရမ်းရှင်းပါတယ်... ကျွန်မ ကျောင်းရဲ့ဒေတာဘေ့စ်ကို ဟက်ပြီးတော့ ခင်ဗျားတို့ရဲ့အချက်အလက်တွေက တော်တော်ထူးဆန်းတယ်လို့ ထင်လို့ မှတ်မိနေတာ..."
"အိုး… ဒါဆို ငါက မင်းရဲ့ဆရာဖြစ်ဖို့ ဘယ်လို အရည်အချင်းပြည့်မီနိုင်မလဲ..."
ရဲရှင်းဟွေ့က ထပ်မေးလိုက်၏။
"ဘယ်လို အရည်အချင်းတွေလဲဆိုတော့ ရှင့်ရဲ့ ခွန်အားကို သရုပ်ပြဖို့ လိုအပ်တယ်... မမေ့နဲ့... ဒီနေရာက စူပါလူသားတွေကို လေ့ကျင့်ပေးတဲ့နေရာ... အနည်းဆုံးတော့ ရှင့်ရဲ့ အရည်အချင်းတွေကို ပြသင့်တယ်… ရှင်တို့က ကိုယ့်ချေးကိုယ်စားတာလိုမျိုး အရာတွေ မလုပ်သရွေ့ ငါတို့က ဘာမှလုပ်ရဲမှာ မဟုတ်ဘူး…"
ချန်မင်ကျား ပြောလိုက်သည်ကို ကြားပြီးနောက် ရှိနေသော ကျောင်းသားများမှာ ရယ်မောလိုက်ကြသည်။
ဤသည်ကို ကြားသောအခါ ရဲရှင်းဟွေ့က ရဲယင်ကို တွန်းထုတ်၍ ပြောလိုက်သည်။
"သူ့ကို ယုံအောင်လုပ်လိုက်..."
"မဟုတ်ဘူးလေ... ဦးလေး... နေ့ခင်းကြောင်တောင်ကြီး ဒီလိုလုပ်တာ မကောင်းဘူးလေ..."
ရဲရှင်းဟွေ့: "..."
"ငါက မင်းကို မင်းရဲ့အရည်အချင်းတွေ သုံးပြီး သူ့ကို ယုံအောင်လုပ်ခိုင်းတာ... သူ့ကို မြူဆွယ်ပြီး အိပ်ခိုင်းတာ မဟုတ်ဘူး..."
"အိုး…"
တိတ်ဆိတ်စွာ ရပ်၍ အရာအားလုံးကို ကြည့်နေသော လုံယန်မှာ အနည်းငယ် စကားမပြောနိုင် ဖြစ်သွားသည်။
သူ ရုတ်တရက် ခံစားလိုက်ရသည်မှာ ရဲရှင်းဟွေ့နှင့် ဤရဲယင်မှာ အလွန်ပင် အားကိုးမရသောသူများ ဖြစ်သည်ဟုပင်။
သို့သော် ရဲယင်က သူ၏ခွန်အားကို ပြသပြီးနောက်တွင် သူ ချက်ချင်းပင် လက်လျှော့လိုက်သည်။
ဤအချိန်၌ ရဲယင်မှာ ကွင်းပြင်တွင် ရပ်နေပြီး သူ၏တစ်ကိုယ်လုံးမှာ ခရမ်းရွှေရောင် အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေကာ သူက စကားတစ်ခွန်းမဆိုဘဲ ပျံတက်သွား၏။
ထို့နောက် သူ၏လက်ချောင်းကို နောက်တစ်ကြိမ် လှုပ်ခါလိုက်သောအခါ ချန်မင်ကျားမှာ ဒဏ္ဍာရီလာ စိတ်စွမ်းအင်ဖြင့်ရွှေ့ပြောင်းခြင်းကဲ့သို့ လေထဲသို့ ပျံတက်သွားသည်။
"ငါ့ရဲ့စွမ်းရည်က အရည်အချင်းပြည့်မီတယ်လို့ မှတ်ယူလို့ရလား..."
ရဲယင်က လေထဲတွင် ရှိနေသော ချန်မင်ကျားကို မေးလိုက်၏။
"ပြည့်မီပါတယ်... ပြည့်မီပါတယ်..."
အမှန်တကယ်တွင် ချန်မင်ကျားမှာ မူလက လူတစ်ယောက်က သူ၏ရင်ဘတ်ဖြင့် ကျောက်တုံးကို ခွဲသည့်မြင်ကွင်း သို့မဟုတ် မျက်လှည့်ပြပွဲတစ်ခုကို ကြည့်ရှုလိုခြင်းသာ ဖြစ်သည်။
သူမ၏စိတ်ထဲတွင် စူပါလူသား ကျောင်းသားများကို လေ့ကျင့်ပေးခြင်းဟူသော အကြံအစည်မှာ လိမ်လည်မှုတစ်ခု သို့မဟုတ် ပြောင်မြောက်သော ရုပ်သံအစီအစဉ်တစ်ခုသာ ဖြစ်သည်။ ဤကျောင်းတော်၏ ပတ်ဝန်းကျင်မှာ လျှို့ဝှက်ကင်မရာများဖြင့် ပြည့်နှက်နေနိုင်ပေသည်။
သူမ ဤနေရာသို့ လာရခြင်းမှာ ဤအရာအားလုံးကို ဖော်ထုတ်ရန်သာ ဖြစ်သည်။ သူမက ရဲရှင်းဟွေ့နှင့် ရဲယင် ဆရာများဖြစ်လာသည်ကို မြင်သောအခါ ပို၍ပင် ယုံကြည်သွားခဲ့သည်။
သို့သော် သူမ မမျှော်လင့်ခဲ့သည်မှာ ရဲယင်က ရူပဗေဒ နိယာမများကို အမှန်တကယ် ချိုးဖောက်ပြီး အမှန်တကယ် ပျံသန်းသွားခဲ့ခြင်း ဖြစ်သည်။
ချန်မင်ကျားသာမက အခြားသော ကျောင်းသားများမှာလည်း ရဲယင်ကို တုန်လှုပ်စွာဖြင့် ကြည့်နေကြ၏။
ချန်မင်ကျား ယုံကြည်သွားသည်ကို မြင်သောအခါ ရဲယင်က သူမကို အောက်သို့ ချပေးလိုက်သည်။
သို့သော် သူကိုယ်တိုင်မှာမူ အောက်သို့ ဆင်းမလာခဲ့ပေ။ သူက မည်သို့ပင်ဖြစ်စေ ဆရာတစ်ယောက်ဖြစ်လာတော့မည် ဖြစ်သဖြင့် သူက အထာကျကျ ပြုမူရန် ဆုံးဖြတ်လိုက်သည်။
"အဟမ်း…"
ရဲယင်က သူ၏လည်ချောင်းကို ရှင်းလိုက်ပြီး အောက်မှ ကျောင်းသားများကို ကြည့်၍ ပြောလိုက်သည်။
"မင်းတို့ ထင်တာက မင်းတို့ ဒီမှာ သင်ယူရမယ့်အရာတွေက သာမန် ကိုယ်ခံပညာတွေထက် ဘာမှမပိုဘူးလို့လား... အဲ့ဒီလို ထင်ရင်တော့ မင်းတို့ လုံးဝမှားသွားပြီ... ကမ္ဘာကြီးက ပြောင်းလဲနေတယ်... ဒါကြောင့် သဘာဝအတိုင်းပဲ... စစ်သည်တော်တွေကလည်း ပြောင်းလဲနေတယ်... အနာဂတ်မှာ စစ်သည်တော်တွေက... တိတိကျကျ ပြောရရင် ကျင့်ကြံသူတွေက... ခွန်အား... အရှိန်နဲ့ ကျွမ်းကျင်မှုတို့ရဲ့ ရိုးရှင်းတဲ့ ပြိုင်ဆိုင်မှုတစ်ခု ဖြစ်တော့မှာ မဟုတ်ဘူး..."
"ပြီးတော့…"
ဤသို့ပြောပြီးနောက် ရဲယင်က သူ၏လက်ချောင်းကို ကောင်းကင်သို့ ညွှန်လိုက်သောအခါ ခရမ်းရွှေရောင် အလင်းတန်းတစ်ခုက ကောင်းကင်ကို ထိုးဖောက်သွား၏။
မူလက တိမ်ထူနေသော ကောင်းကင်မှာ ရုတ်တရက် ကြည်လင်သွားသည်။
ဤရုတ်တရက် ပြောင်းလဲမှုက ရှိနေသော ကျင့်ကြံရေးကျောင်းတော်မှ ကျောင်းသားများကိုသာမက မြို့တော်တက္ကသိုလ်မှ ကျောင်းသားများကိုပါ ရုတ်တရက် ကြည်လင်သွားသော ကောင်းကင်ကို တုန်လှုပ်စွာ ကြည့်စေလိုက်သည်။
ရဲယင်၏ လုပ်ဆောင်မှုက ကျောင်းသားအားလုံးအကြားတွင် "အလွန်မြင့်မားသော ပုံရိပ်" ကို ချက်ချင်းပင် ချန်ထားခဲ့သည်။
ရဲယင်က အထာကျကျ ပြုမူပြီးနောက်တွင် သူ မြေပြင်သို့ ပြန်ဆင်းလာ၏။
"အမ်… ဆရာရဲယင်... ကျွန်တော်တို့က ဆရာ့ဆီက သင်ယူရင် ဆရာ့လို ဖြစ်လာနိုင်မလား..."
ဤအခိုက်တွင် ယခင်က ချန်မင်ကျား၏ နောက်တွင် ရပ်နေပြီး လက်ခုပ်မတီးခဲ့သော ယောက်ျားလေးများအနက်မှ တစ်ယောက်က မေးလိုက်သည်။
ဤသည်ကို ကြားသောအခါ ရဲယင်က ခေါင်းညိတ်၍ ပြောလိုက်သည်။
"မင်းတို့ ကြိုးစားလေ့လာပြီး နေ့တိုင်း တိုးတက်အောင် လုပ်သရွေ့ မင်းတို့ ငါ့လို ဖြစ်နိုင်တယ်..."
"ဒါဆိုရင် ကျွန်တော်တို့ ဘယ်လောက်ကြာကြာ လေ့လာဖို့ လိုအပ်မလဲ..."
တစ်စုံတစ်ယောက်က ထပ်မေးလိုက်၏။
"ဒါက မင်းတို့ ဘယ်လောက် ကြိုးစားသလဲဆိုတဲ့အပေါ် မူတည်တယ်…" သူ ပြောနေစဥ်မှာပင် ရဲယင်က ထပ်မံ၍ ကြွားဝါလိုက်သည်။
"ငါ... မင်းတို့ရဲ့ဆရာကတော့ အခုလိုနေရာမျိုးကို ရောက်ဖို့ တစ်လ ဒါမှမဟုတ် နှစ်လလောက်ပဲ လိုအပ်ခဲ့တယ်..."
ရဲရှင်းဟွေ့: "..."
ရဲရှင်းဟွေ့မှာ အနည်းငယ် စကားမပြောနိုင် ဖြစ်သွားသည်။ သူ၏ ခွန်အားအားလုံး မည်သို့ရရှိခဲ့သည်ကို သူ အသိဆုံးပင် ဖြစ်သည်။ ထိုအရာအားလုံးမှာ 'တံစဉ်စစ်ဆင်ရေး' မှတစ်ဆင့် အကျိုးအမြတ်များကို ရိတ်သိမ်းရာမှ ရရှိခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် သူက အကျိုးအမြတ်အစုအဝေးကို ရှာဖွေရာတွင် ရဲရှင်းဟွေ့၏ အကူအညီကိုလည်း ရရှိခဲ့သည်။
နောက်ပိုင်းတွင် ဖြစ်ပွားသည်များမှာ အခြေခံအားဖြင့် ရဲယင်၏ မေးခွန်းနှင့် အဖြေကဏ္ဍ ဖြစ်သည်။ ရဲရှင်းဟွေ့လား။ သူ့ကို မည်သူမှ လုံးဝ မကြည့်ချေ။
ရဲရှင်းဟွေ့က သူ စိတ်အေးရမည်ဟု ထင်နေစဥ်မှာပင် အရပ်ပုသော ပုံရိပ်တစ်ခုက ရဲရှင်းဟွေ့ထံသို့ လာ၍ မေးလိုက်သည်။
"ဆရာ... ဆရာလည်း အရမ်း အားကောင်းသလား..."
ရဲရှင်းဟွေ့ထံသို့ လာသူမှာ ယခင်က အနိုင်ကျင့်ခံခဲ့ရသော ဒေါင်လိုက်မျက်ဆံနှင့် ကလေးပင် ဖြစ်သည်။
ဤကျောင်းသားအုပ်စုအနက်တွင် ဤကလေးမှာ အထူးဆန်းဆုံးပင် ဖြစ်သည်။
ရဲရှင်းဟွေ့က ထိုကလေး၏ စကားကို ချက်ချင်းမဖြေဘဲ လုံယန်ကို ကြည့်၍ မေးလိုက်သည်။
"ဒီကလေးက ဘယ်ကလာတာလဲ..."
"သူက မြောက်ပိုင်းက မြို့ငယ်လေးတစ်မြို့က ပိုင်လင်လို့ခေါ်တဲ့ မိဘမဲ့ကလေးတစ်ယောက်ပဲ... သူက မွေးကတည်းက သူ့ကိုယ်ပေါ်မှာ အဲ့ဒီအဖြူရောင် အကြေးခွံတွေ ရှိနေတာ… ပြီးတော့… သူ့အမေက သူ့ကို မွေးပြီးပြီးချင်း ဆုံးသွားခဲ့တယ်... လူတော်တော်များများက သူက မကောင်းဆိုးဝါးဆန်တယ်လို့ ပြောကြပြီး မိဘမဲ့ဂေဟာတွေတောင် သူ့ကို မွေးစားဖို့ ကြောက်ကြတယ်... နောက်ဆုံးတော့ ငါတို့ရဲ့ သဘာဝလွန်ဆိုင်ရာရှာဖွေလေ့လာရေးဌာနက သူ့ကို ရှာတွေ့ပြီး ပြန်ခေါ်လာခဲ့တာပဲ..."
လုံယန်၏ မိတ်ဆက်စကားကို နားထောင်ပြီးနောက် ရဲရှင်းဟွေ့က ခေါင်းညိတ်လိုက်ပြီး ပိုင်လင်ထံသို့ လာကာ သူ၏ခေါင်းပေါ်သို့ လက်တင်၍ ပြောလိုက်သည်။
"ငါက သူ့ထက် ပိုအားကောင်းတယ်... မင်း ဘယ်လိုထင်လဲ... မင်း ငါ့ဆီက သင်ယူချင်လား..."
"ဟုတ်... ကျွန်တော် သင်ယူချင်ပါတယ်..."
ပိုင်လင်က ခေါင်းညိတ်၍ ပြောလိုက်သည်။
ရဲရှင်းဟွေ့က ပြုံးလိုက်ပြီး သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။
စောစောက ရဲရှင်းဟွေ့က သူ၏လက်ကို ပိုင်လင်၏ခေါင်းပေါ်သို့ တင်လိုက်သောအခါ သူက ဤကလေးထဲတွင် ဝိညာဉ်နှစ်ခု ရှိကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
တစ်ခုမှာ သူ၏ကိုယ်ပိုင် ဝိညာဉ်ဖြစ်ပြီး နောက်တစ်ခုမှာ မြွေဖြူဝိညာဉ် ဖြစ်သည်။
ထိုဝိညာဉ်နှစ်ခုမှာ အတူတကွ ရောယှက်နေသဖြင့် ထိုကလေးမှာ သူ၏ ကြမ်းတမ်းသောဘက်ကို အခါအားလျော်စွာ ပြသနေရခြင်း ဖြစ်သည်။
သို့သော်လည်း ပိုင်လင်ကိုယ်တိုင်မှာ အလွန် ကြင်နာတတ်ပြီး ဤကြင်နာမှုကြောင့်ပင် မြွေဖြူဝိညာဉ်၏ တိရစ္ဆာန်စိတ်ကို နှိမ်နင်းထားနိုင်သဖြင့် သူက မည်သည့်အန္တရာယ်ဖြစ်စေသည့်အရာကိုမှ မပြုလုပ်ခဲ့ပေ။
ထိုကလေး၏ အခြေအနေကို သိရှိပြီးနောက် ရဲရှင်းဟွေ့က ပြောလိုက်သည်။
"ငါက ပိုင်လင်လို့ခေါ်တဲ့ ဒီကလေးကို ကိုယ်တိုင် သင်ကြားပေးမယ်..."
"တခြားသူတွေကော..."
လုံယန်က မေးလိုက်၏။
ရဲရှင်းဟွေ့က ကြွားဝါနေဆဲဖြစ်သော ရဲယင်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
"သူ့ကိုပဲ သင်ခိုင်းထားလိုက်..."
"ကောင်းပြီ…"
ရဲယင်၏ စွမ်းရည်ကို တွေးကြည့်ရင်း လုံယန်က နောက်ထပ် ဘာမှမပြောတော့ချေ။
ယနေ့မှာ စာသင်သည့်နေ့ မဟုတ်ပေ။ သူတို့မှာ မိမိတို့ကိုယ်ကို မိတ်ဆက်ရန်နှင့် ကျောင်းသားများကို သိကျွမ်းရန် လာရောက်ကြခြင်းသာ ဖြစ်သည်။
မိမိတို့ကိုယ်ကို မိတ်ဆက်ပြီး ဆရာများအဖြစ် သူတို့၏ခွန်အားကို ပြသပြီးနောက် ရဲရှင်းဟွေ့နှင့် ရဲယင်တို့မှာ မြို့တော်တက္ကသိုလ်မှ ထွက်ခွာသွားကြသည်။
မြို့တော်တက္ကသိုလ်၏ ဂိတ်တံခါးသို့ ရောက်သောအခါ ရဲရှင်းဟွေ့မှာ အကျွမ်းတဝင်ရှိသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ဤလူမှာ လုံခြုံရေးယူနီဖောင်းကို ဝတ်ဆင်ထားပြီး သူ၏ပါးစပ်တွင် စီးကရက်တစ်လိပ်ကို ခဲထားကာ ရန်လိုသော အငွေ့အသက်မှာ အပြင်ဘက်သို့ ဆက်လက် ပျံ့နှံ့နေ၏။
"ဘာတုန်းဟ... ဒါက အစ်ကိုကြီး မဟုတ်လား… သူက စစ်စတမ်တစ်ခု ရှိနှင့်ပြီးပြီ... ပြီးတော့ ချောမောလှပပြီး ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်နဲ့တောင် ချိတ်မိနေပြီ… သူက ဘာလို့ ဒီမှာ လုံခြုံရေးအဖြစ် ဆက်လုပ်နေသေးတာလဲ... သူက လုံခြုံရေးအဖြစ် စွဲလမ်းသွားတာလား..."
ရဲရှင်းဟွေ့၏ စကားကို ကြားသောအခါ ရဲယင်က သူ၏အကြည့်နောက်သို့ လိုက်၍ ကြည့်လိုက်သည်။
"အဲ့ဒါ ရဲထျန်းမင် မဟုတ်လား..."
"မင်း သူ့ကို ဦးလေးလို့ ခေါ်သင့်တယ်..."
ရဲရှင်းဟွေ့က သတိပေးလိုက်၏။
"အင်း…"
ရဲယင်က ချေပခြင်းမပြုခဲ့ပေ။ အကြောင်းမှာ ရဲထျန်းမင်မှာ အမှန်တကယ်ပင် သူ၏ဦးလေး ဖြစ်သောကြောင့် ဖြစ်သည်။