ပင်လယ်ဘုရင်အစစ်အမှန်၊ ရဲထျန်းမင်
Vol. 31 Ch. 432
ရဲထျန်းမင်ကို မြို့တော်တက္ကသိုလ်မှ နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦးအဖြစ် မှတ်ယူနိုင်ပေသည်။
မှန်ပေ၏။ သူက မြို့တော်တက္ကသိုလ်တွင်သာမက မြို့တော်၏ မျိုးဆက်နှစ်ဆက် သူဌေးသား အသိုင်းအဝိုင်း တစ်ခုလုံးတွင်ပါ နာမည်ကြီးသူ ဖြစ်သည်။
ယင်းမှာ ရဲထျန်းမင်က ယွင်မိသားစုမှ ယွင်မုန်ကျူးနှင့် ချစ်ခဲ့သည့်အတွက်ကြောင့်သာမက သူဌေးမျိုးဆက်နှစ်ဆက် အများအပြားနှင့် မြေအောက်အဖွဲ့အစည်းမှ လူများပင် သူ့လက်ထဲ၌ အရေးနိမ့်ခဲ့ရသောကြောင့်လည်း ဖြစ်၏။
ထို့အပြင် ယွင်မုန်ကျူးမှာ ရဲထျန်းမင်၏ တစ်ဦးတည်းသော မိန်းမ မဟုတ်ဟူသော ကောလာဟလများလည်း ရှိနေသေးသည်။ အရေအတွက် အတိအကျကို မည်သူမျှ မသိသော်လည်း အတော်လေး များပြားသည်ဟု ဆိုကြ၏။
အကယ်၍ မြို့ပြ မောင်းမဆောင် ဝတ္ထုများမှ ဇာတ်လိုက်အမျိုးသားတစ်ဦးနှင့် ပတ်သက်ဆက်နွှယ်သည့် မိန်းမအရေအတွက်ဖြင့် တွက်ချက်မည်ဆိုလျှင် လက်ရှိ ရဲထျန်းမင်နှင့် ပတ်သက်နေသော မိန်းမမှာ အနည်းဆုံး ဒါဇင်လိုက် ရှိနေပေသည်။
သူ့တွင် ဘားမယ်လေးတစ်ယောက်၊ မိဘမဲ့ဂေဟာမှ ငယ်ချစ်ဦးတစ်ယောက်၊ နာမည်ကြီး ကြယ်ပွင့်တစ်ဦး၊ လေယာဉ်မယ်တစ်ဦး၊ အမျိုးသမီးကောလိပ်ကျောင်းသူတစ်ဦး၊ ဘားဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦး၊ တက္ကသိုလ်မှ ပါမောက္ခအမျိုးသမီးတစ်ဦး၊ လက်ဝှေ့ရုံမှ အမျိုးသမီးသင်တန်းဆရာမတစ်ဦး၊ အမျိုးသမီးသတင်းထောက်တစ်ဦး၊ ဂိုဏ်းခေါင်းဆောင်၏ သမီးတစ်ဦး စသည်တို့ ရှိနေ၏။
အကယ်၍ ရဲယင်မှာ ပင်လယ်ဘုရင်တစ်ပါး ဖြစ်ပါက ရဲထျန်းမင်မှာ ကြယ်ပင်လယ်ဘုရင် တစ်ပါးပင် ဖြစ်ပေသည်။
သူ၏ ဖုန်းထဲမှ ဂျားဗစ်၏ စုံစမ်းစစ်ဆေးထားသော အချက်အလက်များကို ကြည့်ရှုနေသည့် ရဲရှင်းဟွေ့က မထိန်းနိုင်ဘဲ ပြောလိုက်သည်။
“သောက်ကျိုးနည်း… ဒီအချိန်ခဏလေးအတွင်းမှာ… သူက မိန်းကလေး တော်တော်များများရဲ့ အသည်းနှလုံးကို ရသွားခဲ့ပြီပဲ…”
ရဲရှင်းဟွေ့၏ စကားကို ကြားသောအခါ ရဲယင်က သူ့ဖုန်းကို လုယူလိုက်ပြီးနောက် ဖုန်းထဲမှ မိန်းကလေးများ၏ ဓာတ်ပုံများကို တွေ့လိုက်ရသည်။
အရေးကြီးဆုံးအချက်မှာ မိန်းကလေးတိုင်းက အတော်လေး လှပကြပြီး အလှမယ်အဆင့် စာရင်းဝင်နိုင်သည့် အမျိုးအစားများ ဖြစ်ကြသည်။
ဤမိန်းကလေးများကို မသေမျိုးကျင့်ကြံရေးလောကတွင် ထားရှိလျှင်ပင် သူတို့၏ ရုပ်ရည်မှာ အထက်တန်းစား အဆင့်တွင် ရှိနေဦးမည်မှာ သေချာ၏။
“သောက်ကျိုးနည်း… ဒီဦးလေးက အားကောင်းလွန်းတယ်… ဒီလောက်ကြီးမားတဲ့ ရှုရာ့ကွင်းနဲ့ ကြိတ်သတ်ခံရမှာကို မကြောက်ဘူးလား…”
ရဲယင်၏ စကားကို ကြားသောအခါ ရဲရှင်းဟွေ့က ရဲထျန်းမင်ကို လက်ညှိုးထိုး၍ ပြောလိုက်၏။
“မင်း မမြင်ဘူးလား…”
“ကျွန်တော် ဘာကို မြင်ရမှာလဲ…”
ရဲယင်မှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး သူ ဘာကို မြင်ရမည်ကို မသိတော့ချေ။
“ရဲထျန်းမင်ရဲ့ နောက်ကွယ်မှာ မောင်းမဆောင်ဇာတ်လိုက်ရဲ့ မက်မွန်ပန်းကံကြမ္မာအလင်းကွင်းတစ်ခု ရှိနေတယ်…”
ရဲယင်မှာ စကားမဲ့သွား၏။
ရဲယင်က ကျောင်းဂိတ်ကို မနာလို မုန်းတီးမှုများဖြင့် စိုက်ကြည့်နေစဉ်မှာပင် နောက်ထပ်မြင်ကွင်းက သူ့ကို စိတ်လှုပ်ရှားသွားစေသည်။
ကျောင်းထဲမှ အမျိုးသမီးတစ်ဦး ထွက်လာ၏။ သူမမှာ ရဲထျန်းမင်၏ လူသိရှင်ကြား ချစ်သူ ယွင်မုန်ကျူး ဖြစ်သည်။
ထိုအချိန်မှာပင် ကျောင်းဂိတ်၌ အားကစားကားတစ်စီး ရပ်တန့်လာပြီး ဆံပင်တိုနှင့် ခြေတံရှည် မိန်းကလေးတစ်ဦး ကားပေါ်မှ ဆင်းလာသည်။
ထိုမိန်းကလေးမှာ အနီးအနားရှိ ကိုယ်ခံပညာသင်တန်းကျောင်းမှ အမျိုးသမီးသင်တန်းဆရာမ လီကျစ်ရွှမ်းပင် ဖြစ်၏။
သူတို့မှာ ရဲရှင်းဟွေ့၏ ဖုန်းထဲမှ လီကျစ်ရွှမ်း၏ အချက်အလက်များကို အခုလေးတင် မြင်တွေ့ခဲ့ရသောကြောင့် ရဲရှင်းဟွေ့နှင့် ရဲယင်တို့မှာ သူမကို ချက်ချင်း မှတ်မိလိုက်ကြသည်။
“ဟေး ဟေး ဟေး… ငါတို့ ရှုရာ့ကွင်းတစ်ခု တွေ့ရတော့မှာလား…”
ရဲယင်က စိတ်လှုပ်ရှားသော အမူအရာ ဖြစ်နေသည်။
ဤသည်ကို မြင်သောအခါ ရဲရှင်းဟွေ့က ခေါင်းခါ၍ ပြောလိုက်၏။
“ငါတော့ မထင်ဘူး…”
မက်မွန်ပန်းကံကြမ္မာကို ပိုင်ဆိုင်ထားသော ရဲထျန်းမင်ကဲ့သို့ မြို့ပြမောင်းမဆောင် ဇာတ်လိုက်အမျိုးသားအတွက်မူ ရှုရာ့ကွင်း၌ မည်သည့် ဒုက္ခမျှ ရှိလိမ့်မည် မဟုတ်ပေ။
သူ့ကို သိသော မည်သည့်အမျိုးသမီးမဆို ခွင့်လွှတ်ခြင်းအလင်းကွင်းဟု ခေါ်သော အလင်းကွင်းဖြင့် ဖုံးလွှမ်းသွားလိမ့်မည် ဖြစ်သည်။
ဤအရာနှင့်ဆိုလျှင် မိန်းမများက သူ ဖောက်ပြန်နေသည်ကို တွေ့ရှိလျှင်ပင် သူ့ကို ခွင့်လွှတ်ကြလိမ့်မည်။ ဖောက်ပြန်ခြင်းကို မဆိုထားနှင့်၊ သူက ယောက်ျားရော မိန်းမပါ နှစ်မျိုးလုံး ကြိုက်သည်ဟု ကြေညာလျှင်ပင် သူတို့က ခွင့်လွှတ်နိုင်ကြပေသည်။
အမှန်စင်စစ် အဖြစ်အပျက်များမှာ ရဲရှင်းဟွေ့ ထင်မှတ်ထားသည့်အတိုင်းပင် ဖြစ်ပျက်သွား၏။ ရှုရာ့ကွင်းဟူ၍ မရှိခဲ့ဘဲ အမျိုးသမီးနှစ်ဦးမှာ ရဲထျန်းမင်ထံသို့ တစ်ချိန်တည်း လျှောက်သွားကြသည်။
နောက်ဆုံးတွင် ထိုမိန်းကလေးနှစ်ဦးမှာ အခင်ဆုံးသူငယ်ချင်းများ ဖြစ်ကြောင်းကိုပင် သူတို့ သိရှိသွားကြ၏။
ထိုသို့နှင့် ရဲထျန်းမင်မှာ မိန်းကလေးနှစ်ဦး၏ စျေးဝယ်ထွက်ရန်နှင့် အစာစားရန် အဖော်လိုက်ပေးဖို့ တောင်းဆိုခြင်းကို ခံလိုက်ရသည်။
ဤမြင်ကွင်းကို မြင်သောအခါ ရဲယင်မှာ ပို၍ပင် ဒေါသထွက်လာသည်။
သူက သူ့ကိုယ်ပိုင် ရှုရာ့ကွင်း ပြဿနာကို မည်သို့ ဖြေရှင်းရမည်ကို တွေးတောနေခဲ့ရသော်လည်း ရဲထျန်းမင်ကို ကြည့်ပါဦး။ သူက ရှုရာ့ကွင်း မရှိရုံသာမက ဘယ်ညာညှပ်၍ပင် မိန်းမများ ရနိုင်သေး၏။
“ကျွန်တော် သည်းမခံနိုင်တော့ဘူး… ဦးလေး… ကျွန်တော် အရမ်း မနာလိုဖြစ်တယ်…”
ရဲယင်၏ စကားကို ကြားသောအခါ ရဲရှင်းဟွေ့က ခေါင်းညိတ်၍ ပြောလိုက်သည်။
“ငါတို့ ရဲမိသားစုရဲ့ ပြဿနာရှိတဲ့ မိသားစု ဓလေ့တွေကို ပြုပြင်ဖို့ အချိန်တန်ပြီ…”
ထိုသို့ ပြောပြီးနောက် ရဲရှင်းဟွေ့နှင့် ရဲယင်တို့မှာ တိတ်တဆိတ် နောက်မှ လိုက်သွားကြသည်။
ရဲထျန်းမင်နှင့် အမျိုးသမီးနှစ်ဦးမှာ အားကစားကားတစ်စီးကို လမ်းမပေါ်တွင် မောင်းနှင်နေကြပြီး ရဲရှင်းဟွေ့နှင့် ရဲယင်တို့ကမူ လေထဲတွင် သူတို့၏ ကိုယ်ယောင်ကို ဖျောက်၍ နောက်မှ လိုက်ပါသွားကြ၏။
မကြာမီပင် ရဲထျန်းမင်က အမျိုးသမီးနှစ်ဦးနှင့်အတူ ကားပေါ်မှ ဆင်း၍ စျေးဝယ်စင်တာတစ်ခုဆီသို့ လျှောက်သွားသည်။
စျေးဝယ်စင်တာသို့ ရောက်ပြီးနောက် ယွင်မုန်ကျူးက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ရဲထျန်းမင်ကို ပြောလိုက်၏။
“ထျန်းမင်… မင်း ငါ့ကို ပေးထားတဲ့ ဆွဲကြိုးကို ရုံးခန်းထဲမှာ ထားခဲ့မိတယ်…”
ရဲထျန်းမင်က ဤသည်ကို ကြားသောအခါ အပြုံးဖြင့် ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး… မင်းရဲ့ ရုံးခန်းထဲမှာပဲ ဆိုတော့ ပျောက်သွားမှာ မဟုတ်ပါဘူး…”
“မဟုတ်ဘူး…”
ယွင်မုန်ကျူးက ခေါင်းခါ၍ ပြောလိုက်၏။
“ဒါက မင်း ငါ့ကို ပေးတဲ့ ပထမဆုံး လက်ဆောင်ပဲ… ငါ လုံးဝ အပျောက်မခံနိုင်ဘူး…”
ထိုသို့ ပြောပြီးနောက် ယွင်မုန်ကျူးက သူမ၏ အခင်ဆုံးသူငယ်ချင်း လီကျစ်ရွှမ်းကို ကြည့်၍ ပြောလိုက်သည်။
“ကျစ်ရွှမ်း… မင်းရဲ့ ကားကို ခဏ ငှားပါလား…”
လီကျစ်ရွှမ်းက ဤသည်ကို ကြားသောအခါ သူမ၏ အားကစားကား သော့ကို ယွင်မုန်ကျူးထံ ပေးလိုက်သည်။
ယွင်မုန်ကျူးက ယူလိုက်ပြီး ပြုံးကာ ပြောလိုက်၏။
“ထျန်းမင်ကို မင်းနဲ့ အရင် စျေးဝယ်ထွက်ခိုင်းလိုက်ပါ… ငါ ခဏနေ ပြန်လာခဲ့မယ်…”
ညွှန်ကြားပြီးနောက် ယွင်မုန်ကျူးမှာ အလျင်အမြန်ပင် ကားမောင်းထွက်သွားသည်။
ယွင်မုန်ကျူး ကားမောင်းထွက်သွားသည်ကို မြင်သောအခါ လီကျစ်ရွှမ်းက ရဲထျန်းမင်၏ လက်မောင်းကို ဖက်၍ ပြောလိုက်၏။
“သွားကြစို့… ငါနဲ့ အဝတ်အစားတွေ သွားဝယ်ကြမယ်…”
ရဲထျန်းမင်က ယွင်မုန်ကျူး အမှန်တကယ် ထွက်သွားပြီလားဟု ကြည့်ရှုနေဟန်ဖြင့် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် သူ့လက်မောင်းကို ပြန်ရုပ်သိမ်းရန် ကြိုးစားလိုက်သည်။
သို့သော်လည်း အားနည်းသော ကြိုးပမ်းမှု အကြိမ်အနည်းငယ် ပြုလုပ်ပြီးနောက် သူက ကံကြမ္မာကို လက်မြှောက် အရှုံးပေးလိုက်တော့၏။
အနီးအနားတွင် ရှိနေသော ရဲယင်က ဤသည်ကို မြင်ပြီး ပြောလိုက်သည်။
“လူယုတ်မာပဲ…”
ရဲရှင်းဟွေ့ကလည်း ထောက်ခံလိုက်၏။
“ငါတို့ ရဲမိသားစုရဲ့ ဂုဏ်သတင်းကို တကယ် ဖျက်ဆီးနေတာပဲ…”
ရဲထျန်းမင်နှင့် လီကျစ်ရွှမ်းတို့ စျေးဝယ်စင်တာထဲသို့ ဝင်သွားပြီး ရဲရှင်းဟွေ့နှင့် ရဲယင်တို့မှာ အသွင်ပြောင်းလဲခြင်း သိုင်းကွက်ကို သုံး၍ နောက်မှ လိုက်ပါသွားကြသည်။
အလွန်အကျွံ ထူးခြားမနေစေရန် ရဲရှင်းဟွေ့က ရဲယင်ကို အမျိုးသမီးအသွင် ပြောင်းစေပြီးနောက် သူတို့နှစ်ဦးမှာ လက်ချင်းချိတ်၍ ရဲထျန်းမင်နောက်သို့ လိုက်ပါသွားကြသည်။
ရှေ့မှ လျှောက်နေသော ရဲထျန်းမင်က သူ့ကို တစ်စုံတစ်ယောက်က စောင့်ကြည့်နေသည်ဟု အမြဲတစေ ခံစားနေရသော်လည်း ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ မည်သည့် ထူးခြားမှုမျှ မတွေ့ရှိခဲ့ချေ။
တစ်ခုတည်းသော ထူးခြားမှုမှာ သူ့နောက်မှ ထူးဆန်းသော မျက်လုံးများဖြင့် စုံတွဲတစ်တွဲသာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
သူ့တွင် စစ်စတမ်တစ်ခု ရှိသည်ဟု တွေးမိသောကြောင့် ရဲထျန်းမင်က ဂရုမစိုက်တော့ပေ။
မကြာမီပင် ရဲထျန်းမင်နှင့် လီကျစ်ရွှမ်းတို့မှာ အဝတ်အထည်ဆိုင်တစ်ခုထဲသို့ ဝင်သွားကြသည်။
ရဲရှင်းဟွေ့နှင့် ရဲယင်တို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် သူတို့ကို အခြားစုံတွဲတစ်တွဲက ကျော်တက်သွားသည်။
“ဟေး… ဒါ ဘယ်သူပါလိမ့်… ဒါ ကလေကချေ ကျစ်ရွှမ်း မဟုတ်လား…”
စူးရှသော ရေမွှေးနံ့နှင့်အတူ အနည်းငယ် ချောက်ချားဖွယ် အမျိုးသမီးအသံကို ကြားလိုက်ရသဖြင့် ရဲရှင်းဟွေ့နှင့် ရဲယင်တို့မှာ စကားပြောသူထံသို့ အလိုအလျောက် လှည့်ကြည့်လိုက်မိကြသည်။
စကားပြောသူမှာ စကတ်ရှည် ဝတ်ဆင်ထားပြီး ချွန်ထက်သော မေးစေ့ရှိသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။
ထိုအမျိုးသမီး၏ မျက်နှာကို အင်တာနက် အလှမယ်များအုပ်စုတွင် ထားလိုက်ပါက ဂရုစိုက်မိရန် မဖြစ်နိုင်ပေ။ သူမ၏ မျက်နှာမှာ မရေမတွက်နိုင်သော ခွဲစိတ်မှုများ ပြုလုပ်ထားသည့် အတုအယောင် ပစ္စည်းတစ်ခု ဖြစ်ကြောင်း ထင်ရှားနေ၏။
ထိုအမျိုးသမီးနှင့်အတူ အဝတ်အထည်ဆိုင်ထဲသို့ ဝင်လာသူမှာ ဝတ်စုံဝတ်ဆင်ထားပြီး ဆံပင်ကို သပ်ရပ်စွာ ဖီးလိမ်းထားကာ နာမည်ကြီးနာရီ ဝတ်ဆင်ထားပြီး လူမြင်တိုင်း လက်ဆန့်တန်းပြတတ်သည့် အောင်မြင်သော အမျိုးသားတစ်ဦး ဖြစ်သည်။
“ဦးလေး… ဘာလို့ ကျွန်တော် ဒီနှစ်ယောက်ကို အရမ်း မကြိုက်သလို ခံစားနေရတာလဲ…”
အနီးအနားတွင် ရပ်နေသော ရဲယင်က တိုးညင်းစွာ မေးလိုက်သည်။
“ဟားဟား… ဒါက မကြိုက်တာ မဟုတ်ဘူး… ဇာတ်လိုက်နဲ့ ဗီလိန်လက်ပါးစေကြားက သဘာဝ တွန်းကန်မှုပဲ…”
ဤသည်ကို ကြားသောအခါ ရဲယင်မှာ ချက်ချင်း သဘောပေါက်သွားသည်။
“ရှောင်ယင်… မင်း သင်ယူစရာတွေ အများကြီး ရှိသေးတယ်… မင်း ပိုသန်မာချင်ရင် အွန်လိုင်းဝတ္ထုတွေ များများဖတ်… ဒါက မင်းအတွက် အရမ်း အထောက်အကူ ဖြစ်လိမ့်မယ်…”
“ကျွန်တော် သိပါတယ်… ကျွန်တော်လည်း မကြာသေးခင်က ဝတ္ထုတချို့ ဒေါင်းလုဒ်လုပ်ထားတယ်…”
“အဲဒီ မောင်းမဆောင် အမျိုးအစားတွေကိုပဲ ဖတ်မနေနဲ့… အဲဒါက မင်းရဲ့ ဦးနှောက်ကို အလွယ်တကူ ပျော့ဖတ်သွားစေပြီး မိုက်မဲတဲ့ အရာတွေ အများကြီး တွေးခိုင်းလိမ့်မယ်…”
ရဲယင်မှာ ပြောစရာစကားမဲ့သွား၏။