← Chapters

အဖွဲ့ထဲကလူတိုင်းက သူရဲ့အကောင့်အတုတွေများလား

Vol. 8 Ch. 110

အဖွဲ့ထဲကလူတိုင်းက သူရဲ့အကောင့်အတုတွေများလား

Vol. 8 Ch. 110

အဖွဲ့ထဲရှိ လူတိုင်းမှာ ကြင်နာသူများ ဖြစ်ကြသည်။

ကျိယွမ် စိတ်လှုပ်ရှား သွားသည်။

ထို့နောက် ကျိယွမ်က အဖွဲ့ထဲမှမိတ်ဆွေများကို ပြန်လည်ကူညီနိုင်သည်များရှိမလားဟု စဥ်းစားမိသည်။

“ရက်တစ်ရာအတွင်း အလင်းနန်းတော်က ပျက်စီးမှာပါ။ ကျွန်တော့်မှာ ချမ်းသာကြွယ်ဝလာဖို့ အစီအစဉ်တစ်ခုရှိတယ်၊အဖွဲ့ထဲကို မျှဝေပေးရမလား”

“ဘယ်လို ချမ်းသာကြွယ်ဝစေမယ့် အစီအစဉ်လဲ၊လုပ်စမ်းပါဦး”

မီးလျှံဧကရာဇ်က နောက်ကျမှရောက်လာပြီး ရောက်ရောက်ချင်း တန်းမေးသည်။

“အလင်းနန်းတော်က အတိုးများတဲ့ ချေးငွေတွေဘာတွေများ ထုတ်ပေးနေလား။အရှေ့ပိုင်းဒေသမှာရှိနေရင် သူတို့ဆီက ဝိညာဉ်ကျောက်တွေ ချေးထားသင့်တယ်။ ကျွန်တော် နန်းတော်ကို ဖျက်ဆီးလိုက်တာနဲ့ အဲဒီချေးငွေတွေ ပြန်ဆပ်ဖို့ မလိုတော့ပါဘူးလေ၊ချမ်းသာပြီပေါ့"

ကျိယွမ်က သူ၏ချမ်းသာကြွယ်ဝစေမည့် မဟာအစီအစဉ်ကြီးကို အဖွဲ့ဝင်များကို မျှဝေလိုက်၏။

ဆိုးသွမ်းအင်မော်တယ်မှာ လုံးဝကြောင်ငေးသွားသည်။

သူကတကယ်ကြီး ပြောနေတာလား။

ရက်တစ်ရာစီမံကိန်းကို အခုမှစီစဉ်ပြီးကာစရှိသေးတယ်လေ၊ပြီး​တော့သူ့စီမံကိန်းကလည်း စီမံကိန်းလို့ပြောမဲ့အစား စိတ်ကူးယဥ်အိမ်မက်လို့ ပြောရမှာကို။

အခုလည်းလုပ်လာပြန်ပြီ ချမ်းသာကြွယ်ဝမဲ့အစီအစဥ်တဲ့ ၊ဘာလုပ်ရမှာလဲဆိုတော့ အတိုးကြီးကြီးနဲ့ငွေချေးယူရမတဲ့။အလင်းနန်းတော်က အတိုးဘယ်လောက်ယူတယ်ဆိုတာရော သိရဲ့လား။

"မူလနတ်ဘုရား ၊ နင်ကတကယ်ကို ထူးချွန်သူပဲ"

ရေခဲတောင်သခင်မက ချီးမွမ်းလိုက်သည်။

“ဒီလို ပိုက်ဆံရှာဖို့ကို ဘာလို့ ငါမစဉ်းစားမိတာပါလိမ့်”

“ကြိုးကြိုးစားစား လုပ်ကိုင်မယ်၊ များများ စဉ်းစားမယ်၊ ဦးနှောက်ကို အသုံးပြုမယ်ဆိုရင် ကျွန်တော့်လိုပဲ အောင်မြင်လာမှာပါ”

ကျိယွမ်က သူ၏အောင်မြင်မှု အတွေ့အကြုံကို မျှဝေလိုက်၏။

"မူလနတ်ဘုရား၊အခု ဘယ်လောက်များချမ်းသာကြွယ်နေပြီလဲ'

ဆိုးသွမ်းအင်မော်တယ်က ကောက်ကာငင်ကာထမေးသည်။

“အဟမ်း.... အဲဒါက အရေးမကြီးလှပါဘူး”

ကျိယွမ်မှာ ရုတ်တရက် အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရ၏။

ငါက အပြင်လောကမှာ သိပ်အောင်မြင်မနေသေးဘူးပဲ။

အဖွဲ့သားများက သဘောကောင်းလွန်းနေသောကြောင့် သူ့မာန်တတ်မိသွားခြင်းဖြစ်သည််။

သူသည် မိမိကိုယ်ကို ချက်ချင်း ပြန်လည်သုံးသပ်ပြီး သတိပေးလိုက်၏။

“အလင်းနန်းတော်က အတိုးများဆိုရင် သိပ်မချေးကြပါနဲ့။ ဘာပဲဖြစ်ဖြစ်၊ ရက်တစ်ရာစီမံကိန်းကို အပြည့်အဝအကောင်အထည် မဖော်ရသေးဘူးဆိုတော့၊ လူတိုင်း တတ်နိုင်သလောက်ပဲ လုပ်ဆောင်ကြပြီး စောစောစီးစီး အောင်ပွဲ မခံသင့်ဘူး” မှတ်လား"

“ငါကတော့ အတိုးကြီးလည်း အလင်းနန်းတော်ဆီက ဝိညာဥ်ကျောက်တုံးတစ်သောင်းချေးတော့မယ်၊ သူတို့ရဲ့ ဝိညာဉ်ကျောက်တွေကို လျော့အောင်လုပ်ပြီး မူလနတ်ဘုရားရဲ့ ရည်မှန်းချက်ကို ကူညီရမယ်”

မီးလျှံဧကရာဇ်က မဆိုင်းမတွ ပြောသည်။

“ငါက တစ်သန်း ချေးမယ်”

ရေခဲတောင်သခင်မက သူမ၏ထုံးစံအတိုင်း အထက်စီးဆန်စွာပြောလိုက်၏။

ဆိုးသွမ်းအင်မော်တယ်မှာ ထိုစကားများကို ကြားပြီးနောက် တုန်လှုပ်သွားသည်။

သူတို့အကုန်လုံး မူလနတ်ဘုရားလိုပဲ ရူးကုန်ပြီ။

“ကံမကောင်းတာကတော့ ကျွန်တော့်နေရာနဲ့ နန်းတော်က သိပ်ဝေးနေတယ်၊ မဟုတ်ရင် ကျွန်တော်လည်း တစ်ချို့ချေးမှာပါ”

ထိုသို့ပြောရင်း ကျိယွမ်က အရာရာပြည့်စုံဖို့ ခက်ခဲသည်ဟု ခံစားရ၏။

“ကောင်းပါပြီ အားလုံးပဲ၊ ကျွန်တော်အခု လိုင်းပေါ်ကဆင်းတော့မယ်။ အလင်းနန်းတော်ကလာတဲ့ စိတ်ဝိညာဥ်အဆင့်သံတမန်ကို ချောင်းနေပြီး အလစ်မှာသတ်ပစ်ဖို့ သွားရတော့မယ်”

ကျိယွမ်က နှုတ်ဆက်လိုက်သည်။

ယခုအခြေအနေက သူသည်လက်တွေ့ကမ္ဘာတွင် အချိန်ကြာမြင့်စွာ မနေနိုင်တော့ပေ။

ဂိမ်းကမ္ဘာမှာက အချိန်မရွေးတစ်ခုခု ဖြစ်သွားနိုင်သောကြောင့် အကြာကြီးပစ်ထား၍မရချေ။

ထို့ကြောင့် အပြင်ကမ္ဘာတွင်အချိန်မဖြုန်းပဲ ကိစ္စတိုင်းက်ု ထိရောက်စွာလုပ်ဆောင်ဖို့ လိုအပ်သည်။

"မူလနတ်ဘုရား၊ မင်းက တကယ်ပဲ စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူကို ချောင်းမြောင်းသတ်ဖြတ်တော့မှာလား"

ဆိုးသွမ်းအင်မော်တယ်မှာ မနေနိုင်စွာမေးမိသည်။မူလနတ်ဘုရားက တော်တော်များလွန်းနေပြီဟု သူခံစားရသည်။

အဲဒါက စိတ်ဝိညာဥ်အဆင့်လေ၊ခွေး တစ်ကောင် ဒါမှမဟုတ် ကြောင်မှ မဟုတ်တာ၊

“ဟုတ်တယ်၊ ကျွန်တော် အခုပဲ သွားတော့မယ်”

ကျိယွမ်က အခုပင်ထလုပ်တော့မလို ပြောနေသည်။

“အဲဒါက စိတ်ဝိညာဥ်အဆင့်နော်…”

ဆိုးသွမ်းအင်မော်တယ်က မူလနတ်ဘုရားမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေသလားဟု ခံစားမိလာသည်။

သူက ဟန်ဆောင်နေခြင်းမဟုတ်ဘဲ အတည်​ပေါက်ကြီးပြောနေသည် မဟုတ်ပါလား။

“စိတ်ဝိညာဥ်အဆင့် ဆိုရင်ရော ဘာဖြစ်လဲ။ ကျွန်တော်က ကောင်းကင်ဘုံတာအို အုတ်မြစ်ရထားတဲ့ ကျင့်ကြံသူပါ၊ ကောင်းကင်ဘုံတာအိုအုတ်မြစ်ရဲ့ တန်ဖိုးကို နားမလည်ဘူးထင်တယ်”

ကျိယွမ်က ယုံကြည်မှု ရှိနေ၏။

“ကံမကောင်းတာက ကျွန်တော့်ရဲ့ ကောင်းကင်ဘုံတာအိုအုတ်မြစ်က ရေခဲတောင်သခင်မလောက် ပြီးပြည့်စုံမနေသေးဘူး။ မဟုတ်ရင် အလင်းနန်းတော်ကို အခုပဲ သင်ခန်းစာပေးလိုက်မှာ”

ရေခဲတောင်သခင်မက ထောက်ခံလိုက်သည်။

"ဆိုးသွမ်းအင်မော်တယ်၊နင်က မူလနတ်ဘုရားကို လျှော့တွက်နေတာပဲ၊သူက ကောင်းကင်ဘုံတာအိုအုတ်မြစ်ပိုင်ရှင်လေ၊ဘာလို့ နန်းတော်လေးတစ်ခုကို ကြောက်ရမှာလဲ"

ကောင်းကင်ဘုံတာအိုအုတ်မြစ်တည်ဆောက်နိုင်သူ၏နောက်ကွယ်တွင် မည်သူရှိသနည်း ၊ သေချာပေါက် ယင်နတ်ဘုရားတစ်ပါးရှိနေမည်၊ယင်နတ်ဘုရား၏ အကူအညီဖြင့်သာ ကောင်းကင်ဘုံတာအိုအုတ်မြစ်ကို တည်ဆောက်နိုင်လိမ့်မည်။

ဆိုးသွမ်းအင်မော်တယ် တိတ်ဆိတ်သွားသည်။

ငါက ငါ့သူငယ်ချင်းတွေရဲ့ခွန်အားကို လျှော့တွက်မိနေတာလား။

ငါလည်း အလင်းနန်းတော်က အတိုးကြီးတဲ့ချေးငွေကို သွားချေးထားရင်ကောင်းမလားပဲ။

"မူလနတ်ဘုရား ၊ ငါရဲ့သူငယ်ချင်း​တွေကိူလည်း အင်အားကြီးတဲ့ကျင့်ကြံသူတစ်ယောက်က အလင်းနန်းတော်ကိုတိုက်ခိုက်ဖို့ စီစဥ်နေတယ်လို့ပြောပြီး သူတို့ကိုလည်း ငွေချေးခိုင်းလို့ရမလား၊နင့်ရဲ့အစီအစဥ်ကိုဖော်ထုတ်လိုက်သလို ဖြစ်နေမလား မသိဘူး"

ရေခဲတောင်သခင်မက သူမ၏သူငယ်ချင်းများကိုလည်း မြိုးမြိုးမြတ်မြတ်လေးရစေချင်ပုံရသည်။

ကျိယွမ်သည် ခဏမျှ စဉ်းစားပြီး ဖြေပေးလိုက်သည်။

"လွတ်လွတ်လပ်လပ်​ပြောလ်ု့ရပါတယ်၊ကျွန်တော်ဘယ်သူဆိုတာတော့ မပြောနဲ့ပေါ့"

သို့သော် ထိုသို့ပြောပြီးမှ ကျိယွမ်သတိရသည်။

ရှင်ဟွာအဖွဲ့ထဲတွင် သူ့ကိုသိသူမှာ ညီမလေးကျန်းလင်းစုတစ်ယောက်တည်းသာ ရှိလေသည်။

ထို့ကြောင့် သူကစိတ်ပူစရာမရှိပါ။

ငါက ဘာကိုကြောက်နေရမှာလဲ။

သတင်းထွက်ပေါ်သွားရင်တောင် အလင်းနန်းတော်ကလူတွေက သူတို့ကို ဖျက်ဆီးဖို့ စီစဉ်နေတဲ့သူက အခြေတည်အဆင့်တစ်ယောက်လို့ တွေးမိမယ်မထင်ဘူး။

သူတို့က အခြားသူတွေကိုပဲ ပိုပြီးအာရုံစိုက်မှာသေချာတယ်။

ထိုအတွေးနှင့်အတူ ကျိယွမ်သည် လိုင်းပေါ်မှဆင်းလိုက်သည်။

အမည်မသိ ဂူအိမ်တော်တစ်ခုတွင် အမျိုးသမီးတစ်ဦးသည် တောက်ပသောအလင်းရောင်ဖြင့် ဖုံးလွှမ်းနေပြီး သူမ၏ ပကတိမျက်နှာကို မြင်နိုင်ရန် မလွယ်ပေ။

သူမသည် ကျောက်ပြားတစ်ခုကို ထုတ်ယူပြီးနောက် ခဏစဉ်းစားကာ သတင်းတစ်ခု ပို့လိုက်၏။

“ငါ့ရဲ့သူငယ်ချင်းတစ်ယောက်က အလင်း နန်းတော်ကို ဖျက်ဆီးပစ်ဖို့ စီစဉ်နေတယ်။ နန်းတော်ဆီက အတိုးများတဲ့ချေးငွေတွေ ချေးချင်တယ်ဆိုရင် နင်တို့ အခုအချိန်မျိုးမှာ အမြန်လုပ်သင့်တယ်”

ထိုအမျိုးသမီးသည် ရေခဲတောင်သခင်မဖြစ်သည်မှာ သံသယရှိစရာမလိုတော့ပါ။

ကျောက်ပြားထဲသို့ သတင်းများ တစ်ခုပြီးတစ်ခု ပြန်ရောက်လာ၏။

“အလင်းနန်းတော်ကို ပစ်မှတ်ထားနေတဲ့ အင်အားကြီးပုဂ္ဂိုလ်က ဘယ်သူလဲ”

“ဟင်... ယင်နတ်ဘုရားလား”

“အလင်းနန်းတော်ရဲ့ လတ်တလောလုပ်ဆောင်ချက်တွေက အင်အားကြီး ပုဂ္ဂိုလ်တချို့ကို ဒေါသထွက်စေပုံရတယ်”

“ သတင်း မပြန့်မီ အလင်းနန်းတော်ဆီက ဝိညာဉ်ကျောက်တွေ ချေးရမယ်”

“နောက်ကျရင် ဘာမှ ရတော့မှာ မဟုတ်ဘူး”

နောက်ရက်အနည်းငယ်အတွင်း ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူအများအပြားသည် အလင်းနန်းတော်သို့ ဝိညာဉ်ကျောက်များချေးရန် သွားကြမည်ဖြစ်သည်။

သို့သော် ထိုအရာက အလင်းနန်းတော်၏ အဆင့်မြင့်အရာရှိများကို တစ်ခုခုမှားယွင်းနေကြောင်း ခံစားမိစေနိုင်လေ၏။

......................

သာ့ရှန်းတိုင်းပြည်တွင်ရှိသော ယွမ်ရှီတောင်သည် မြူနှင်းများဖြင့် ဖုံးလွှမ်းနေပြီး နတ်ဘုံအလား လှပအေးချမ်းလှသည်။

တောင်ထိပ်ရှိဝါးအိမ်လေးတစ်လုံးထဲမှ

သာယာသော ဗျပ်စောင်းသံထွက်ပေါ်နေ၏။

အလင်းနန်းတော်မှ စိတ်ဝိညာဥ်အဆင့် သံတမန်က ဗျပ်ဆောင်းကို ကျွမ်းကျင်စွာ တီးခတ်နေခြင်းပင်။

နတ်ဆိုးရမက်ဂိုဏ်း၏ စစ်မှန်တပည့် ကျိပိုင်ယင်က စွဲမက်စွာနားထောင်နေလေသည်။

“အကြီးအကဲ၊ ရှင်က စစ်မှန်တဲ့ဗျပ်စောင်း ပညာရှင်ပါပဲ။ တေးတစ်ပုဒ်နဲ့တင် သာ့ရှန်းကို အေးချမ်းစေဖို့ လုံလောက်ပါတယ်”

ကျီပိုင်ယင်က လှပစွာပြုံး၍ သံတမန်၏ စောင်းသံကိုချီးမွမ်းလိုက်သည်။

သူမ၏ဆရာက အလင်းနန်းတော်မှသံတမန် ကို ပြုစုရန်နှင့် နတ်ဆိုးရမက်ဂိုဏ်းနှင့် အလင်းနန်းတော်ကြား ဆက်ဆံရေးကို ပို၍ခိုင်မာစေရန် ကျိပိုင်ယင်ကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

“နင်က မြှောက်ပင့်လွန်းနေတာပဲ။ သာ့ရှန်းက သာမန်အခြေတည်အဆင့်လေးနှစ်ယောက်ကိုတောင် ငါ့ကို လွှဲပြောင်းပေးဖို့ ဆန္ဒမရှိဘူး။ ငါ ဘယ်လိုလုပ်ပြီး သာရှန်းကို အေးချမ်းဖို့ ပြောနိုင်မှာလဲ”

လီချင်း၏ မျက်လုံးများက ပြုံးနေပြီး ကြင်နာတတ်သောသူဟုပင် ထင်ရသည်။

ကျိပိုင်ယင်၏ မျက်နှာအမူအရာက အေးစက်သွားသည်။

“သာ့ရှန်းတိုင်းပြည်ကို ရှန်ကွမ်းဂိုဏ်းက လုံးဝ ထိန်းချုပ်ထားတာပါ။ ကန်းဖူလူနဲ့ ကျိယွမ်ကို လွှဲပြောင်းပေးမှာ မဟုတ်တာက သဘာဝပါပဲ။”

“ကျွန်မ သိသလောက်တော့ လျှို့ဝှက်နယ်​မြေမှာ ဝံပုလွေသခင်လေးသေဆုံးတာဟာ ရှန်ကွမ်းဂိုဏ်းနဲ့ ပတ်သတ်နေပါတယ်"

“ကန်းဖူလူနဲ့ ကျိယွမ်က သူ့ကိုသတ်ခဲ့တာလား။ သူတို့က အဲဒီလောက် အရည်အချင်း ရှိလို့လား”

လီချင်းသည် လျို့ဝှက်နယ်မြေမှ ကိစ္စများကို သိပ်မသိပါ။

ဖျက်ဆီးဝံပုလွေသည် အရှေ့ပိုင်းဒေသ၏ ပါရမီရှင်စာရင်းကြီးတွင် ပါဝင်ပြီး အလင်းနန်းတော်တွင်လည်း အဆင့်အတန်းအနည်းငယ်ရှိသူဖြစ်သည်။

“ဟွန့်၊ ကန်းဖူလူက ကျွန်မနဲ့အဆင့်တူပဲ။ ကျိယွမ်ဆိုတာကတော့ တန်ဖိုးမရှိသူပါ။ ကျွန်မ ဓားတစ်ချက်နဲ့ တောင် သတ်နိုင်တယ်။”

“ဒါဆို သူတို့က ဘယ်လိုလုပ်ပြီး ဖျက်ဆီးဝံပုလွေ ကို သတ်နိုင်မှာလဲ။”

“ကျွန်မ သံသယရှိတာက လျို့ဝှက်နယ်မြေဖွင့်လှစ်တုန်းက ရှန်ကွမ်းဂိုဏ်းက အမြုတေအဆင့်တွေပါ ဝင်သွားပြီး ဝံပုလွေသခင်လေးကို ဝိုင်းတိုက်ခဲ့တာဖြစ်နိုင်ပါတယ်"

ကျိပိုင်ယင်၏ စကားက အနည်းငယ် အကျိုးအကြောင်းသင့်လေသည်။

လီချင်းက ခေါင်းညိတ်၏။

“နင်ပြောတာ အဓိပ္ပာယ် ရှိတယ်”

အလင်းနန်းတော်မှ ထူးချွန်သောပါရမီရှင်ကို သာရှန်းလို နေရာငယ်လေးမှ ကျင့်ကြံသူများက သတ်နိုင်လိမ့်မည်ဟု သူမယုံကြည်ပေ။

"သာ့ရှန်ရဲ့တော်ဝင်မိသားစုနဲ့ ရှန်ကွမ်းဂိုဏ်းတို့ဟာ သူတို့ရဲ့ကိုယ်ကျိုးအတွက် ပူးပေါင်းပြီး သာ့ရှန်းကို အန္တရာယ်ထဲ တွန်းပို့နေကြတယ်။”

“ကျွန်မတို့ နတ်ဆိုးရမက်ဂိုဏ်းက နတ်ဆိုးဂိုဏ်းအဖြစ် တံဆိပ်ကပ်မခံချင်ပါဘူး။ သခင်၊ ကျွန်မတို့ကို အကြံပေးပါ”

ကျိပိုင်ယင်က အခွင့်အရေးရခိုက် သူမတို့ဂိုဏ်း၏ရည်ရွယ်ချက်ကို သိစေလိုက်သည်။

နတ်ဆိုးရမက်ဂိုဏ်းက အလင်းနန်းတော်နှင့် ပူးပေါင်းချင်နေသည်။

လီချင်းသည် ကျိပိုင်ယင်ကို ကြည့်ပြီး ပြုံး၏။

“သာ့ရှန်းက နတ်ဆိုးဂိုဏ်းအဖြစ် အမည်တပ်ခံရမှာ သေချာပါတယ်။ ဒါပေမယ့် နင့်ရဲ့ နတ်ဆိုးရမက်ဂိုဏ်းကတော့... အသိဉာဏ်ရှိရှိနဲ့ ဆောင်ရွက်နိုင်ရင် ရွှံ့ထဲကနေ လွတ်မြောက်နိုင်ပါတယ်”

ကျိပိုင်ယင်သည် လီချင်းကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။

သူမတို့ကလည်း ထိုအခွင့်အရေးမျိုးကို ​အလင်းနန်းတော်ထံမှ မျှော်လင့်နေခြင်းပင်။

"ရှန်ကွမ်းဂိုဏ်းက ကျိစယ်တောင်ထွတ်သခင်မက ပြိုင်ဘက်ကင်းတဲ့ အလှပဂေးလို့ ငါ ကြားတယ်။”

“ငါ နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံလာခဲ့တာ၊ အမြဲတမ်း တစ်ယောက်တည်းပဲ။ နင့်ရဲ့ နတ်ဆိုးရမက်ဂိုဏ်းက ငါ့ကို ကူညီနိုင်ရင်တော့...”

လီချင်းသည် စကားကိုဆုံးအောင် မပြောခဲ့သော်လည်း ကျိပိုင်ယင် နားလည်လိုက်၏။

သူမက လီချင်းအား အနည်းငယ်တော့ အံ့သြသွားလေသည်။

ဒီလီချင်းက တကယ်ကို ရဲတင်းတာပဲ၊စိတ်ဝိညာဥ်အစောပိုင်းအဆင့်က စိတ်ဝိညာဥ်အထွတ်အထိပ်အဆင့်အကြောင်းကို စဥ်းစားနေတာလား။

ကျိပိုင်ယင်က စိတ်ထဲတွင် လှောင်ချင်သော်လည်း မျက်နှာထားကမူ လုံးဝပြောင်းပြန်ဖြစ်သည်။

"ရှန်ကွမ်းဂိုဏ်းက အားကောင်းပါတယ်၊

အလင်းနန်းတော်ရဲ့ အထောက်အပံ့ မရှိရင် သူတို့ကို အနိုင်ယူဖို့ ကျွန်မတို့အတွက် ခက်ခဲပါလိမ့်မယ်”

နတ်ဆိုးရမက်ဂိုဏ်းသည် ရှန်ကွမ်းဂိုဏ်းကို

လိုချင်နေခဲ့သည်မှာ အချိန်များစွာကတည်းကပင်ဖြစ်သည်။

တစ်ချိန်က ကြိုးပမ်းမှုတွင် ကျိစယ်တောင်ထိပ်သခင်သာမရှိခဲ့လျှင် ယခုဆိုလျှင်ရှန်ကွမ်းဂိုဏ်းတစ်ခုလုံးသည် နတ်ဆိုးရမက်ဂိုဏ်း၏ ဌာနခွဲတစ်ခု ဖြစ်နေလောက်လေပြီ။

နတ်ဆိုးရမက်ဂိုဏ်း၏ ရည်မှန်းချက်သည် အများမြင်နေရသလောက် မရိုးရှင်းပါ။

သူတို့၏ ရှေးဟောင်းမှတ်တမ်းများတွင်ရှန်ကွမ်းဂိုဏ်းနှင့် ပတ်သက်သည့် လျှို့ဝှက်ကြီးချက်တစ်ခု ရှိ၏။

ထို့ကြောင့် နှစ်စဉ် သူလျှိုအမြောက်အများကို ရှန်ကွမ်းဂိုဏ်းထဲသို့ စေလွှတ်ခဲ့၏။

ကျိပိုင်ယင်၏ သိုလှောင်အိတ်ထဲတွင်ပင် သူလျှိုများ၏စာရင်းတစ်ခု ရှိလေသည်။

သူတို့ထဲမှ အများအပြားသည် ရှန်ကွမ်းဂိုဏ်းအတွင်း ရာထူးကြီးများ ရယူထားကြ၏။

“အလင်းနန်းတော်က နတ်ဆိုးရမက်ဂိုဏ်းရဲ့ ရိုးသားမှုကို အရင်မြင်ဖို့လိုတယ်၊ မဟုတ်ရင်တော့...”

လီချင်းကလည်း လိမ္မာပါးနပ်သူဖြစ်သောကြောင့် လွယ်လွယ်နှင့်သဘောတူမည် မဟုတ်ပါ။

ထိုအချိန်တွင် အနည်းငယ် ကလေးဆန်သော အသံတစ်ခုက ရုတ်တရက် ကောင်းကင်မှ ထွက်ပေါ်လာ၏။

“ခင်ဗျားက အလင်းနန်းတော်ကလား”

အသံနှင့်အတူ အနက်ရောင်ဝတ်ရုံဝတ် ထားသောကျင့်ကြံသူတစ်ဦးသည် ပျံသန်းနေရာမှဆင်းသက်လာသည်။

သူ၏တစ်ကိုယ်လုံးကို အနက်ရောင်ဝတ်ရုံဖြင့် လုံးဝဖုံးလွှမ်းထားပြီး အရေပြားတစ်နေရာပ် မမြင်ရပါ။

ကျိပိုင်ယင်၏ မြူသလိုပြုံးနေသော မျက်နှာကတည်သွားသည်။

“မင်းက ဘယ်သူလဲ”

လီချင်းသည် မထင်မှတ်ဘဲရောက်လာသူကို ​မြင်သော်လည်း အလွန်တည်ငြိမ်နေသည်။

သူ့လိုအလင်းနန်းတော်မှ လာသူအတွက် သာ့ရှန်းလိုနေရာငယ်လေးက လုံးဝစိုးရိမ်စရာမရှိပါ။

သာ့ရှန်းတွင် သူ့ကိုတိုက်ခိုက်ရဲသူရှိမည်ဟု သူမယုံကြည်ပေ။

“ငါလား ငါက အလင်းနန်းတော်ဆီက အတိုးများတဲ့ချေးငွေကို ချေးဖို့ လာတာပါ။ ဝိညာဉ်ကျောက် သန်းအနည်းငယ်လောက် ချေးပေးပါလား”

အနက်ရောင်ဝတ်ရုံဝတ်ထားသော ကျိယွမ်က လီချင်းကိုစိုက်ကြည့်ပြီး ဝိညာဥ်ကျောက်တုံးများချေးကြည့်လိုက်သည်။

သူကသွေးတိုးစမ်းကြည့်ခြင်းလည်း ပါ၏။

လီချင်းမှာ အနည်းငယ်ကြောင်သွားပြီးနောက် မနှစ်မြို့သောလေသံဖြင့် “မင်းက ငါ့ကို လာနောက်နေတာလား” ဟု မာထန်စွာထပ်မေးသည်။

လူစိမ်းက လောကကိုငြီးငွေ့နေပုံရသည်။အလင်းနန်းတော်ကို ပမာမခန့်ပင်ပြုနေ၏။

ကျိယွမ်သည် လီချင်းကို ကြည့်ပြီး သူ၏ခါးမှ မီးဖိုချောင်သုံးဓားရိုးကို စမ်းကာတစ်မျိုးပြောင်းသွားသည်။

“ငါ စိတ်ပြောင်းသွားပြီ၊ မချေးချင်တော့ဘူး၊ လုတော့မယ်”

ချေးပြီးပြန်မဆပ်လျှင် ဝေဖန်ခံရလိမ့်မည်။

သူ့ကိုသတ်ပြီး ဝိညာဉ်ကျောက်တွေကို ယူတာက ပိုကောင်းတယ်။

ကျိယွမ်သည် စကားဆုံးသည်နှင့် မီးဖိုချောင်သုံးဓားကို ထုတ်ပြီး လီချင်းကို ချိန်လိုက်၏။

ကျိပိုင်ယင်မှာ လုံးဝကြောင်ငေးသွားသည်။

လီချင်း၏ မျက်လုံးများကလည်း အေးစက်သွား၏။

“သာ့ရှန်က သူတို့ရဲ့ ဧည့်သည်တွေကို ဒီလို ဆက်ဆံတာလား”

ရုတ်တရက် ပြင်းထန်ပြီးနားကွဲမတတ်စူးရှသော ဗျက်စောင်းသံများက လေထုထဲတွင်ပြည့်နှက်သွားပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်လိုက်သည်။

လီချင်း၏ ပထမဆုံး လှုပ်ရှားမှုမှာ အားကောင်းသော ဝိညာဉ်တိုက်ခိုက်မှု ဖြစ်သည်။

ထိုအရာက သူ၏အစွမ်းထက်ဆုံး နည်းဗျူဟာတစ်ခုပင်။

ထို့ကြောင့် သူသည် သာ့ရှန်းလိုနေရာလေးမှ စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများကို သူကအလေးမထားခြင်းပင်။

“ဝိညာဉ်တိုက်ခိုက်မှုလား”

ကျိယွမ် အံ့အားသင့်သွားသည်။

သူသည် ဝိညာဉ်တိုက်ခိုက်မှုကို နောက်ဆုံး ကြုံတွေ့ခဲ့ရသည်မှာ မဟူရာကြက်မိစ္ဆာအိုကြီးဆီမှ ဖြစ်၏။

မဟူရာကြက်မိစ္ဆာအိုကြီး၏ ဝိညာဉ်တိုက်ခိုက်မှုသည် လီချင်း၏ ဝညာဉ်တိုက်ခိုက်မှုထက် အဆများစွာပိုအားကောင်းသည်။

“မင်းက အသိပညာနည်းနည်းတော့ ရှိသားပဲ”

ဟလီချင်းက ချီးကျူးပြီး သူ၏စောင်းသံများက ပိုမို ပြင်းထန်လာကာ ကျိယွမ်ကို ဝိညာဉ်တိုက်ခိုက်မှုဖြင့် ဆက်တိုက်ပစ်လွှတ်တော့သည်။

အသိပညာရှိသူကို သတ်ရခြင်းက ပိုမို ကျေနပ်စရာကောင်းသည် ။

ကျိယွမ်သည် ဝိညာဉ်တိုက်ခိုက်မှုကို ဂရုမစိုက်ဘဲ ဓားကိုအသင့်ပြင်ကာ လီချင်းဆီတိုးဝင်သွားလေ၏။

အားကောင်းသော ဝိညာဉ်တိုက်ခိုက်မှုသည် ကျိယွမ်၏ ဝိညာဉ်ကို ထိမှန်သွားသော်လည်း လှိုင်းဂယက်တစ်စုံတစ်ရာပင် မဖြစ်ပေါ်စေခဲ့ပါ။

လီချင်း၏ တည်ငြိမ်သော အမူအရာက ပျောက်ကွယ်သွား၏။

ထိုသို့ဖြစ်သွားမည်ဟု သူလုံးဝမမျှော်လင့်ထားခဲ့ပါ။

“မင်း..မင်းက ဘာလို့ ဒဏ်ရာမရတာလဲ”

ဝိညာဉ်တိုက်ခိုက်မှုများသည် အများအားဖြင့် တားဆီး၍ မရနိုင်ပေ။

အထူးသဖြင့် အဆင့်နိမ့်သောကျင့်ကြံသူများအပေါ်တွင် ဖြစ်သည်။

“ဘာလို့ ငါက ထိခိုက်ရမှာလဲ”

"စိတ်ဝိညာဥ်အစောပိုင်းအဆင့်လေးနဲ့ ငါ့လိုကောင်ကင်းဘုံတာအိုအုတ်မြစ်ပိုင်ရှင်ကို ဘယ်လိုများ ဆန့်ကျင်ရဲရတာလဲ"

သူ၏ဓားချ​က်က လီချင်းအပေါ်သို့ အဆီးအတားမရှိကျရောက်သွားသည်။

လီချင်းသည် ဝိညာဉ်တိုက်ခိုက်မှုများကို အဓိကထားအာရုံစိုက်ခဲ့ပြီး တိုက်ခိုက်ရေး နည်းစနစ်များတွင် အားနည်း​သဖြင့် ရှောင်တိမ်းရန် မတတ်နိုင်ခဲ့ပါ။

"အား....မ..ဖြစ်.....နိုင်..."

လီချင်းမှာ " ဘူး" ချိန်ပင်မရလိုက်ပါ။သူ၏ ဝိညာဥ်ပင် လွတ်မြောက်ချိန်မရလိုက်ဘဲ နှစ်ခြမ်းကွဲကာ သေဆုံးသွားသည်။

ကျိပိုင်ယင်သည်လည်း အလွန်တုန်လှုပ်နေလေပြီ။

“ရှင်... ရှင်ဘယ်သူလဲ”

“နင်ခုနက ဓားတစ်ချက်တည်းနဲ့ ငါ့ကို သတ်နိုင်တယ်လို့ မပြောခဲ့ဘူးလား”

ကျိယွမ်က ပြန်ဖြေပြီး သူ၏ဓားကို တစ်ဖန် ရမ်းလိုက်၏။

ကျိပိုင်ယင်၏ မျက်နှာပေါ်တွင် မယုံကြည်သောအမူအယာပေါ်လာပြီး သူမ၏ ခန္ဓာကိုယ်က အပိုင်းအစများအဖြစ် ပြိုကွဲကာ ထိုနေရာတွင်သေဆုံးသွား၏။

ကျိယွမ်သည် လျင်မြန်စွာ ရောက်လာပြီး လျင်မြန်စွာပင် သတ်ဖြတ်ပစ်ခဲ့သည်။

သူသည် အလေးနှစ်ခုမှ သိုလှောင်အိတ်များကို ယူပြီးနောက် လည်ချောင်းကို ရှင်းကာ လီချင်း၏ အသံကို တုပပြီး အော်လိုက်သည်။

“ငါ ယွမ်ရှီတောင်ထိပ်မှာ ရက်တစ်ရာတိတိတံခါးပိတ် ကျင့်ကြံမယ်။ ကျူးကျော်သူတွေကို အညှာအတာမရှိ သတ်ပစ်မယ်”

သူ၏ အသံသည် ယွမ်ရှီတောင်တစ်ခွင်လုံး ပဲ့တင်ထပ်သွား၏။

ကျိယွမ်သည် ပေါ့ပေါ့ဆဆ မလုပ်ခဲ့ပါ။

လီချင်းသေဆုံးသည့် သတင်းကို ခဏ ဖုံးကွယ်ထားရမည်ကို သဘောပေါက်၏။

အလင်းနန်းတော်က သတင်းမှန်ကို ရက်တစ်ရာမပြည့်မီ မရဖို့မျှော်လင့်မိသည်။

ကျိယွမ် ကျိစယ်တောင်ထိပ်သို့ ပြန်ရောက်သောအခါ သူမသွားခင် တည်ထားခဲ့သောချငါးဟင်းချိုအိုးပင် မကျတ်သေးပါ။

သူကဟင်းကိုစစ်ဆေးပြီး အမွှေးအကြိုင်နည်းနည်း ပစ်ထည့်လိုက်သည်။

ထို့နောက် လီချင်း၏ သိုလှောင်အိတ်ကို ဖွင့်လိုက်ရာ ရတနာအမျိုးမျိုးနှင့် ဝိညာဉ်ကျောက်တုံးများ ပေါ်လာ၏။

၎င်းတို့ထဲတွင် နက်နဲသောအဆင့် နည်းစနစ်နှစ်ခုကိုပင် တွေ့ရှိရသည်။

ယခင်ကဆိုလျှင် ကျိယွမ်သည် ပျော်ရွှင်နေမှာ သေချာသည်။

သို့သော် ရေခဲတောင်သခင်မဆီမှ နက်နဲသောနည်းစနစ်ငါးခုကို ရရှိပြီးနောက် (တစ်ခုက အဆင့်မြင့်ဖြစ်၏) သူသည် ထို နည်းစနစ်နှစ်ခုကို အထင်သေးသွားလေပြီ။

“ထိပ်ဆုံးကို မြင်ပြီးရင် သာမန်ကို ပြန်သွားဖို့ ခက်တယ်ဆိုတဲ့ ဆိုရိုးက မမှားဘူးပဲ"

“ဒီ နည်းစနစ်တွေက 'ကျိယွမ်ကျမ်း'ကို အုတ်အခြေတည်အထွတ်အထိပ်အဆင့်အထိ ပြီးပြည့်စုံစေနိုင်တယ်၊ ဒါပေမယ့် အမြုတေအတွက်တော့... ထိပ်ဆုံးကို မြင်ပြီးရင် သာမန်ကို ပြန်သွားဖို့ ခက်တယ်ဆိုတဲ့ ဆိုရိုးအတိုင်းသာ ဖြစ်သင့်တယ်"

ကျိယွမ်သည် ကျိပိုင်ယင်၏ သိုလှောင်အိတ်ကို ဖွင့်လိုက်ပြန်သည်။

ခြင်၏ခြေထောက်ပင် အသားဖြစ်၏။ ဘာကိုမှ လျစ်လျူမရှုသင့်ပေ။နည်းပါးသောငွေသည်လည်း ငွေပဲမဟုတ်ပါလား။

ကျိပိုင်ယင်၏ သိုလှောင်အိတ်က တန်ဖိုးနည်းသောပစ္စည်းအနည်းငယ်သာ ပါသည်။

ရောင်စုံ အတွင်းခံတချို့၊ သနားစရာ ဝိညာဉ်ကျောက်တုံးလေးများနှင့် ကျိယွမ် စိတ်မဝင်စားသော နည်းစနစ်များ ပါ၏။

“ဒါ ဘာလဲ၊ စာရင်းလား။ သူလျှို စာရင်းလား”

မမျှော်လင့်ဘဲ ကျိယွမ်သည် သိုလှောင်အိတ်ထဲတွင် ရှန်ကွမ်းဂိုဏ်းရှိ သူလျှိုများ၏ စာရင်းကို တွေ့ရှိခဲ့၏။

ကျိယွမ်သည် စာရင်းကို ဖွင့်ဖတ်ပြီးနောက် အတန်ကြာ ကြောင်ငေးသွားလေသည်။

“နတ်ဆိုးရမက်ဂိုဏ်းက တကယ်ကို အစွမ်းကုန် လုပ်ခဲ့တာပဲ”

စာရင်းတွင် နာမည်ရာပေါင်းများစွာ ပါဝင်၏။

ရှန်ကွမ်းဂိုဏ်းတွင်ရှိသော အကြီးအကဲများ၊ တပည့်များနှင့် အစေခံများအားလုံးပေါင်းလျှင်ပင် လူဦးရေထောင်ဂဏန်းသာ ရှိသည်။

ထိုထဲတွင် သူလျှိုက ရာဂဏန်းများစွာ ရှိနေ၏။

“ဒီဂိုဏ်းမှာ တစ်ခုခု မှားနေတယ်လို့ ငါအမြဲ ခံစားနေရတာ အံ့သြစရာ မရှိပါဘူး။”

“ဒါက အံ့ဖွယ်တစ်ခုပဲ၊ ဒါတောင် ခုချိန်ထိ ဂိုဏ်းက ကောင်းကောင်း လည်ပတ်နေတုန်းပဲလေ”

ကျိယွမ်က ထိုကိစ္စကို သိပ်အရေးမစိုက်ပေ။

စာရင်းကိုရရှိပြီးသော်လည်း ထုတ်ဖော်ပြီး လက်ရှိအခြေအနေကို ဖျက်ဆီးရန်လည်း ရည်ရွယ်ချက် မရှိပါ။

ဇာတ်လမ်းများထဲကလို နာမည်စာရင်း​ပြကာ ငွေညှစ်ရအောင်လည်း အားလုံးက ကျောက်စိမ်းအဆင့်နည်းစနစ်ပင် မရှိပေ။

“ဒါပေမယ့် နတ်ဆိုး​ရမက်ဂိုဏ်းက ရှန်ကွမ်းဂိုဏ်းထဲကို ဒီလောက် ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်တာရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်က ဘာလဲ”

ကျိယွမ်​ လေးနက်စွာစဥ်းစားနေသည်။

သူတို့၏ရည်မှန်းချက်က ရှန်းဂိုဏ်းကို သိမ်းပိုက်ဖို့ တစ်ခုတည်းဟုတွေးလျှင် မိုက်မဲရာရောက်၏။

သူ၏ ကောင်းကင်ဘုံတာအို အုတ်မြစ် တည်ဆောက်စဉ်က ကြားခဲ့ရသည့် ထူးဆန်းသောအသံများကို ပြန်၍သတိရသောအခါ ယခုကိစ္စတွင် နက်နဲသော အကြောင်းရင်းများ ရှိရမည်ဟု ထင်မိသည်။

“ထားတော့..လောလောဆယ် ရက်တစ်ရာစီမံကိန်းကို ပြီးမြောက်အောင် လုပ်ရမယ်၊ ပြီးမှ အခြားကိစ္စတွေကို စဉ်းစားသင့်တယ်။”

“လိုအပ်ရင် ငါ့ရဲ့ ဉာဏ်ကောင်းတဲ့ ဦးနှောက်နဲ့ အသေးစိတ်အစီအစဉ်နောက်တစ်ခုဆွဲရုံပေါ့"

ကျိယွမ်သည် ရှင်ဟွာကျောက်စိမ်းပြားကို ထုတ်ယူပြီး အဖွဲ့ စကားပြောခန်းထဲသို့ ဝင်၏။

“အားလုံးပဲ သတင်းကောင်းပါ။ ရက်တစ်ရာ စီမံကိန်းရဲ့ ပထမခြေလှမ်း ပြီးစီးသွားပါပြီ။ ခင်ဗျားတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုက စပြီးအကျိုးပေးလာပါပြီ”

အဲဗားအွန်လိုင်းဖြစ်နေသော ဆိုးသွမ်းအင်မော်တယ် မယုံနိုင်ဖြစ်သွားသည်။

“စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူ သေသွားပြီလား”

“အင်း..ဓားမတိုနဲ့ ခုတ်လိုက်တာ”

ကျိယွမ်က ဟင်းချက်စရာဝက်သားလှီးသော ကိစ္စတစ်ခုလို ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

ဆိုးသွမ်းအင်မော်တယ် တိတ်ဆိတ်သွားသည်။

သူက ထိုအရာကို ဖြစ်နိုင်မဖြစ်နိုင် တွေးနေပုံပင်။

"မူလနတ်ဘုရား ၊မင်းက အလုပ်လုပ်တာ ​မြန်ဆန်တာပဲ၊ဒီပုံဆို ငါအလင်းနန်းတော်က ဝိညာဥ်ကျောက်နှစ်သောင်း​ထပ်ချေးတော့မယ်"

မီးလျှံဧကရာဇ်က စိတ်အားတက်ကြွစွာ တုံ့ပြန်၏။

“မူလနတ်ဘုရား အရမ်းတော့မမြန်စေချင်ဘူး၊နင် နန်းတော်ကိုမြန်မြန်ဖျက်ဆီးလိုက်ရင် ငါ့ရဲ့ညီအစ်မတွေ ဝိညာဥ်ကျောက်မချေးလိုက်ရဘဲ နေမယ်"

ရေခဲတောင်သခင်မက စိုးရိမ်တကြီးတောင်းဆိုပြန်သည်။

ဆိုးသွမ်းအင်မော်တယ်မှာ မက်ဆေ့ချ်များကို ကြည့်ပြီး စိတ်ရှုပ်ထွေးနေ၏။

မီးလျှံဧကရာဇ်နဲ့ ရေခဲတောင်သခင်မက မူလနတ်ဘုရားရဲ့ အခြားအကောင့်တုတွေများဖြစ်နေနိုင်လား။

မဟုတ်ရင် ဘာလို့ ဒီလိုအံ့သြစရာကောင်းတဲ့ ဇာတ်လမ်းကို သူတို့ ယုံနေကြတာလဲ။

ကောင်းကင်ဘုံတာအိုအုတ်မြစ်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အခြေတည်အဆင့်က ဓားတစ်ချက်နဲ့ စိတ်ဝိညာဥ်အဆင့်ကို မည်သို့ သတ်နိုင်မည်နည်း။

ပါရမီရှင်စာရင်းကြီးမှ နံပါတ်တစ်ရထားသူပင် စိတ်ဝိညာဥ်အဆင့်ကို အနိုင်ယူနိုင်မည်မဟုတ်ပေ။

ရက်တစ်ရာပြည့်တဲ့ထိ စောင့်ကြည့်တာပေါ့၊ မူလနတ်ဘုရားက ကြွားလုံးထုတ်နေတာလား ဒါမှမဟုတ် ငါ အမြင်ကျဉ်းနေတာလားဆိုတာ သိရမှာပါ”

သူသည် အဖွဲ့ထဲတွင် တိတ်တိတ်နေပြီး စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်၏။

ကျိယွမ်ကတော့ သူအတွေးကိုမသိပါ။

သူက လိုင်းဆင်းပြီးနောက် နည်းစနစ်အသစ်များအားလုံးကို မှတ်သားနေသည်။

သူ ဂိမ်းထဲသို့ ဝင်သောအခါ အားလပ်ချိန်များတွင် 'ကျိယွမ် ကျမ်းစာ'ကို ဤနည်းစနစ်များဖြင့် ပြီးပြည့်စုံအောင် လုပ်နိုင်လိမ့်မည်။

ထိုအခိုက် အသံတစ်ခုက သူ၏ စိတ်ထဲသို့ ရုတ်တရက် ရောက်ရှိလာ၏။

“ဟွန့်၊နင့်တို့ဆီကို လွှဲပြောင်းပေးစေချင်တာလား။ မဖြစ်နိုင်ဘူး”

ချီယွမ် ကြောင်သွား၏။

ထိုအသံက နင်းထောင်ဖြစ်သည်။

ဂိမ်းထဲမှာ ဘာတွေ ဖြစ်နေတာလဲ။

...............

လျူဖုန်းနယ်မြေတွင်ဖြစ်သည်။

မြောက်ပိုင်းတွင် ကြောက်မက်ဖွယ်အော်ရာများက လေထုတွင်ပြည့်နေပြီး ရာသီဥတုကို ထိခိုက်စေကာ မိုးများ ဆက်တိုက် ရွာသွန်းနေသည်။

အဓိပတိခုနစ်ယောက်သည် နင်းထောင်ကို ဝိုင်းရံထားပြီး သူတို့၏ မျက်နှာများက တင်းမာနေသည်။

“နင်းထောင်၊ သွေးနတ်ဆိုးကို လွှဲပြောင်းပေးလိုက် ငါတို့ နင့်ကိုအသက်ချမ်းသာ ပေးမယ်”

အဓိပတိခုနစ်ယောက်သည် နင်းထောင်ကို စိုက်ကြည့်နေရင်းမှ သူတို့၏ မျက်လုံးများက သူမ၏နောက်တွင်ရှိသော သွေးရောင်အသားတုံးကြီးကို မြင်သောအခါ ပြင်းထန်သော ကြောက်ရွံ့မှုကို ခံစားရသည်။

“ဟွန့်၊နင့်တို့ဆီကို လွှဲပြောင်းပေးစေချင်တာလား။ မဖြစ်နိုင်ဘူး”

နင်းထောင်သည် ရွှေရောင်ပန်းပွင့်များ ထိုးထားသော အနက်ရောင်ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏နောက်တွင်ရှိသော သွေးရောင်အသားတုံးကို ကာကွယ်ရင်း လေထဲတွင် ခိုင်မာစွာ ရပ်နေ၏။

“သူက သွေးနတ်ဆိုး မဟုတ်ဘူး၊ဒါကြောင့် ငါက သူ့ကိုလွှဲပြောင်းပေးမှာ မဟုတ်ဘူး”

“ဒါပေမယ့် နင်တို့ကို ဘယ်သူလှုံ့ဆော်ပြီး ငါ့ကို တိုက်ခိုက်စေတာလဲ”

သူမ၏ လက်မှသွေးများစိမ့်ကျနေသော်လည်း သွေးစက်များကလေထဲတွင် ပျောက်ကွယ်သွားသည်။

အဆင့်တူခုနစ်ယောက်၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရသဖြင့် နင်းထောင်သည် ပြင်းထန်သောဒဏ်ရာများ ရရှိထား၏။

သို့သော် သူမသည် မိခင်ကြက်မကြီးက သူမ၏ သားငယ်ကို ကာကွယ်သကဲ့သို့ သွေးရောင်အသားလုံးကြီးကို ကာကွယ်နေလေသည်။

“နင်းထောင် ထျန်းရှင်နန်းတော်ရဲ့ နန်းတော်သခင်အနေနဲ့ နင်ကအကြွင်းမဲ့အရှင်ရဲ့ အမိန့်ကိုဆန့်ကျင်ပြီး သွေးနတ်ဆိုးနဲ့ တိတ်တဆိတ်ပူးပေါင်းတယ်။”

“သွေးနတ်ဆိုးကို ထားခဲ့ပါ၊ ငါတို့ နင့်ကို သွားခွင့် ပြုမယ်”

အဓိပတိတစ်ဦးက တင်းမာစွာပြောသည်။

နင်းထောင်သည် အဓိပတိများကြားတွင် ပင် အားကောင်းသော ပုဂ္ဂိုလ်ဖြစ်၏။

သူတို့သည် မလိုအပ်​ဘဲ ပြင်းထန်သောထိခိုက်မှုများကိုမကြုံချင်သဖြင့် သူမကို

အစွမ်းကုန်တိုက်ခိုက်လာစေရန် ဖိအားမပေးချင်ကြပေ။

ထိုသို့ဖြစ်လျှင် သူတို့အနိုင်ရသည်တိုင် ဆုံးရှုံးမှုကကြီးမားနိုင်သည်။

“သူက သွေးနတ်ဆိုးဆိုတာ ဘာသက်သေရှိလဲ”

နှုတ်ခမ်းပေါ်တွင် သွေးများစီးကျနေသော နင်းထောင်က လှပစွာပြုံး၍ မေးသည်။

သို့သော် အဓိပတိခုနစ်ယောက်စလုံးကတော့ လှပမှုအစား အတွင်းစိတ်မှ ရွံရှာမှု ခံစားရသည်။

သူမ၏ မျက်နှာပေါ်ရှိ "စုန်းမ"ဟူသော စာလုံးသည် အနက်ရောင် ပဝါဖြင့် ဖုံးကွယ်ထားသော်လည်း သူတို့ကို ပျို့အန်စေသည်ဟု ခံစားရ၏။

ထို့ကြောင့် အဓိပတိအဆင့်များ ဖြစ်သော်လည်း မြောက်ပိုင်း၏ ဝမ်းတွင်းပါစုန်းဆယ့်သုံးဦးကို လူတိုင်းက မုန်းတီးကြလေသည်။

နင်းထောင်ကတော့ ထိုအကြည့်များကို ဂရုမစိုက်ပါ။

သူမငယ်စဉ်ကတည်းက ရွံရှာခြင်းနှင့်အတူ ရန်လိုသောအကြည့်များကို ရင်ဆိုင်ခဲ့ရသည်။

သူမကို အချစ်ဆုံးဖြစ်သော သူမ၏ မိခင်ပင်လျှင် ညဘက်တွင် သူမ၏ အခန်းထဲသို့ ခိုးဝင်ပြီး သူမကို သတ်ရန် ကြိုးစားခဲ့ဖူးသည်မဟုတ်ပါလား။

“သူက အကြွင်းမဲ့သခင်က ဖော်ပြထားတဲ့ သွေးနတ်ဆိုးနဲ့ အကုန်လုံးတူတယ်”

"ဟုတ်တယ်"

အခြားအဓိပတိတစ်ယောက်ကလည်း သွေးလုံးကြီးအား ကြည့်ရင်းမေးသည်။

“သူက သွေးနတ်ဆိုး မဟုတ်ရင်၊ ဘာလဲ”

“သူက ငါ့ရဲ့... သားပါ”

နင်းထောင်က ချိုသာစွာ ပြုံးပြသော်လည်း သူမ၏အပြုံးက လူတိုင်းကို ကျောချမ်းစေ၏။

ထိုအချိန်တွင် အကူအညီမဲ့သော အသံတစ်ခု ထွက်ပေါ်လာသည်။

“ငါဘယ်လိုလုပ်ပြီး နင့်သား ဖြစ်သွားတာလဲ”

ကျိယွမ်က အော်လိုက်ခြင်းဖြစ်သည်။

သူကမကျေမနပ်ဖြစ်တွေးမိ၏။

ငါ့ကိုနို့ချိုတစ်ချက်တောင် မတိုက်ကျွေးဖူးဘဲနဲ့ မိခင်လို့များ ဘယ်လိုပြောထွက်ရတာလဲ။

---------------------------------------------------------

(နင်းထောင်၏ ပါးပေါ်မှစာလုံးကို နတ်ဆိုးအစား စုန်းမ ဟုပြောင်း၍ သုံးစွဲသွားပါမယ်၊မူရင်း English စာစဥ်တွင် စုန်းဟု ဖော်ပြလိုက်၊နတ်ဆိုးဟု ပြန်ဖြစ်လိုက်နှင့် အမျိုးမျိုးဖြစ်နေပါတယ်၊ဇာတ်လမ်းအရ စုန်းမ ဟူသောစာလုံးက ပို၍ သင့်တော်မည်ဟု ယူဆသဖြင့် စုန်းမ ဟုသာ သုံးခွင်ပြုပါရန်)

—----------------------------------------------------

All Chapters