လူသားနတ်ဆိုး လမ်းစဉ်
Vol. 8 Ch. 105
"အသွင်ပြောင်းတာက ခက်လို့လား"
ယခင်ကဆိုလျှင်တော့ အသွင်ပြောင်းလဲမှုသည် ကျိယွမ်အတွက်အမှန်တကယ်ခက်ခဲခဲ့သည်။
သို့သော် ယခုအခါ၌ လူသားနတ်ဆိုးလမ်းစဥ်ကို နားလည်နေလေပြီ။
သာမန်နားလည်ခြင်းမဟုတ်ပါ ပြီးပြည့်စုံသော ကျင့်ကြံမှုနည်းစနစ်တစ်ခုလုံး သူ၏စိတ်ထဲတွင်ရှိနေခြင်းပင်။
လက်ဖျစ်တစ်ချက်တီးရုံမျှဖြင့် သူသည် ဖန်တီးပြောင်းလဲနိုင်သည်။
“နင်က အသွင်ပြောင်းလဲနိုင်လို့လား"
ကျူးယန်သည် မပြည့်စုံသောသွေးစက်တစ်ခုက လူသားအသွင်ပြောင်းလဲခြင်းကိုမမြင်ဖူးခဲ့ပါ။
အိုးကိုးလုံးတောင်၏ ဒဏ္ဍာရီများအရ ဝိညာဉ်များနှင့်နတ်ဆိုးများကသာ အသွင်ပြောင်းနိုင်သည်ဟု ဆိုထားသည်။
သွေးစက်တစ်ခုအနေနှင့်ကတော့…...
ကျူးယန်ခေါင်းယမ်းလိုက်သည် ။
မည်သို့မှ အဆင်ပြေမည်မထင်ပါ။
“မပြောင်းလဲပါနဲ့၊ နောက်ထပ်အရုပ်ဆိုးသတ္တဝါတစ်ကောင် မလုပ်နဲ့တော့၊နင့်ရဲ့ လက်ရှိရုပ်ဆိုးဆိုးကြီးကို နှစ်ပေါင်းနှစ်ဆယ့်ခုနစ်နှစ်လောက် ရင်းနှီးပြီးသားဖြစ်နေပြီ၊အခြားအရုပ်ဆိုးတဲ့အကောင် ထပ်ဖြစ်သွားရင် ငါအသားကျဖို့ နောက်နှစ်ပေါင်းနှစ်ဆယ်ကျော် ကြိုးစားနေရမယ်"
အလှကြိုက်သောကျူးယန်က ထိုကိစ္စကိုအမှန်တကယ်စိတ်ပူနေပုံရလေသည်။
ကျိယွမ်သည် စကားများသောကျူးယန်နှင့် ငြင်းခုံရန် ပျင်းရိသဖြင့် လက်တွေ့သာလုပ်ပြလ်ုက်သည်။
သူကလူသားနတ်ဆိုးလမ်းစဥ်မှဖန်တီးပြောင်းလဲခြင်းနည်းစနစ်ကို အသုံးပြုလိုက်ရာ ချက်ချင်းဆိုသလိုပင် သွေးရောင်မြူခိုးတစ်ခု ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များသည် သူ့ထံသို့ စုစည်းလာကာ လူ၏ပုံသဏ္ဌာန်ဖြစ်လာသည်။
အသက်ရှုချိန်ဆယ်ကြိမ်ခန့်ကြာပြီးနောက် ကျိယွမ်သည် အလွန်ခန့်ညားသော သွေးနီရောင်ဝတ်ရုံဖြင့် ပေါ်လာ၏။
သူ၏ နဖူးပေါ်တွင် သွေးနီရောင်အမှတ်အသားတစ်ခု ရှိနေပြီး အနည်းငယ် နတ်ဆိုးဆန်နေသည် ။
သို့သော် ဆိုးဆိုးရွားရွားမဟုတ်ဘဲ ယခင်ရုပ်ရည်ကိုပင် နတ်ဆိုးဆန်ပြီး ပို၍ခန့်ညားလာခြင်းမျှသာ ဖြစ်လေ၏။
ကျူးယန်သည် ကျိယွမ်ကို စိုက်ကြည့်နေပြီး သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသောအသားအရည်မှာ တဖြည်းဖြည်းနီရဲလာသည် ။
“လက်ခံနိုင်လောက်ပါတယ်။ငါနဲ့ လိုက်ဖက်မှု ရှိတယ်”
ကျိယွမ်သည် သူ၏ခန္ဓာကိုယ်ကို ခံစားလိုက်သည် ။
“တကယ်ပါပဲ၊ ကိုယ်ခန္ဓာရှိတာက ပိုပြီး သက်သောင့်သက်သာ ဖြစ်စေတယ်”
ထို့နောက် သူသည် နဂိုနေရာတွင် ပြန်ထိုင်ချလိုက်ပြီး အဝေးမှတံခါးများကို ပြန်လည်ကြည့်ရှုနေသည် ။
ကျူးယန်သည် သူ၏ဘေးတွင် မတ်တပ်ရပ်နေပြီး အနည်းငယ်ဒေါသထွက်လာဟန်ရသည်။
“အဲဒီတံခါးက ငါ့ထက်ပိုပြီးဆွဲဆောင်မှု ရှိနေတာလား”
သွေးစက်လေးက အသွင်ပြောင်းနိုင်သည်ကိုမြင်ပြီးနောက် သူမသည် ကိုယ်တိုင်ဂုဏ်ပြုရန် စဥ်းစားခဲ့သည် ။
သို့သော် အသွင်ပြောင်းပြီးသော်လည်း ကျိယွမ်သည် တံခါးကိုသာ ပြန်ကြည့်နေ၏ ။
သူမကို အရေးမလုပ်ချေ။
သစ်တုံးတစ်တုံးလို ဖြစ်နေ၏ ။
ယခုလည်း ကျိယွမ်သည် ကျူးယန်ကို ပြန်မဖြေဘဲ ကောင်းကင်ယံရှိ အနန္တအသွင်ပြောင်းလဲတံခါးများကိုသာ ဆက်လက် စိုက်ကြည့်နေသည် ။
သူ၏ဗီဇပြောင်းလဲခြင်းစွမ်းရည်များနှင့် လူသားနတ်ဆိုးလမ်းစဉ်တို့သည် လျင်မြန်စွာ တိုးတက်လာသည် ။
တစ်လကြာပြီးနောက် ကျိယွမ်အနီးတွင် သစ်သားအိမ်ငယ်လေးတစ်ခု ပေါ်လာသည် ။
ကျူးယန်သည် သူမ၏သွယ်လျသော ခါးပေါ်သို့လက်တင်ထားပြီး ကျိယွမ်ကို လိပ်ပြာမလုံသလို အော်ဟစ်ပြောလိုက်သည် ။
“ဒီနေရာက ဖုန်းရွှေရတနာမြေမို့လို့ ပြောင်းလာတာ ။ နင်နဲ့ အိမ်နီးချင်းဖြစ်ချင်လို့ မဟုတ်ပါဘူး၊ ဘာမှ စဥ်းစားမနေနဲ့”
"ငါက ဘာပြောနေလို့လဲ"
ကျိယွမ်သည် ကျူးယန်ကို တစ်ချက်ကြည့်လိုက်မိသည်။ သူမသည် ယနေ့တွင်လည်း မိတ်ကပ်များထပ်မံလိမ်းထားပြီး ပါးပြင်များသည်မက်မွန်ပန်းများကဲ့သို့ လှပကာ အလွန်ဆွဲဆောင်မှု ရှိနေသည် ။
“ဟွန်း ၊ ငါ့ရဲ့အိမ်နီးချင်းဖြစ်ရတာဟာ နှစ်တစ်ရာကျော် ကျင့်ကြံထားတဲ့ ကံကောင်းခြင်းပဲ”
ကျူးယန်သည် ဒေါသတကြီး ပြောပြီးနောက် သူမ၏အိမ်ငယ်လေးဆီသို့ ပြန်သွားတော့သည်။ သူမ၏ ရင်ဘတ်ငယ်လေးသည် ဒေါသကြောင့် တလှုပ်လှုပ် ဖြစ်နေလေ၏ ။
သို့သော် သူမ၏ငယ်သူငယ်ချင်းသည် တစ်နေ့နေ့တွင် ထပ်မံပျောက်ကွယ်သွားမည်ကို စိုးရိမ်၍ အပြင်သို့ မကြာခဏထွက်ကာ မသိမသာ လှမ်းကြည့်နေသည် ။
အချိန်များ လျင်မြန်စွာကုန်ဆုံးနေသလို ကျိယွမ်သည်လည်း ကျောက်တုံးပေါ်တွင် ထိုင်လျက် အနန္တအသွင်းကူးပြောင်းတံခါးကို နားလည်သဘောပေါက်နေသည် ။
ထိုရက်များအတွင်း နေ့တိုင်းလိုလို ကျူးယန်သည် သူ့ထံသို့လာရောက်ပြီး အသေးအဖွဲကိစ္စများ ပြောဆိုလေ့ရှိသည် ။
ကျိယွမ်သည် အိုးကိုးလုံးတောင်၌ ကျူးယန်ကဲ့သို့သောဝိညာဉ်များနှင့်နတ်ဆိုးများ ရှိနေကြောင်း သိခဲ့ရသည်။
၄င်းတို့အများစုမှာ အသွင်ပြောင်းလဲပြီးဖြစ်သော်လည်း မပြည့်မစုံဖြစ်နေကြဆဲသာရှိကြသည်ကိုလည်း သူကိုယ်တိုင်မြင်ဖူးခဲ့သည်။
ဥပမာအားဖြင့် ကျိယွမ်သည် ဆင်ကဲ့သို့ ရှည်လျားသောနှာခေါင်းရှိသည့် ဝိညာဉ်တစ်ကောင်ကို မြင်ခဲ့ရသည် ။
အမျိုးသားဝိညာဉ်များသည် နတ်ဆိုးစရိုက်သဘာဝများကို ထိန်းသိမ်းထားလေ့ရှိပြီး အမျိုးသမီးဝိညာဉ်များကမူ နတ်ဆိုးစရိုက်သဘာဝအနည်းကိုသာချန်ထားပြီး လူသားပုံစံအဖြစ်သို့ ပြောင်းလဲထားကြသည် ။
ယခင်က ကျိယွမ်သည် ယခုလိုအသွင်အမျိုးမျိုးပြောင်းလဲနိုင်ခြင်းကို ဇာတ်လမ်းများထဲမှ စိတ်ကူးယဥ်သက်သက်ဟု ထင်ခဲ့သော်လည်း အိုးကိုးလုံးတောင်တွင် လက်တွေ့ဖြစ်နေ၏။
“သွေးပုလဲ ၊ အရေးကြီးတာတစ်ခု ရှိတယ်။ ငါ့ကို ကူညီဖို့လိုတယ်”
တစ်နေ့တွင် ကျူးယန်သည် အလျင်စလို ပြေးလာပြီး သူ၏ လက်ကို ဆွဲလိုက်သည် ။
ကျိယွမ် အသွင်ပြောင်းလဲပြီးနောက်တွင် သူမက သွေးစက်လေးအစား သွေးပုလဲဟု ပြောင်းခေါ်ခဲ့သည်။
“ဘာဖြစ်တာလဲ”
ကျိယွမ်သည် ကျူးယန်၏လက်မှ သူ့လက်ကို ရုန်းလိုက်သည်။
သို့သော်ကျုးယန်က ဘာဘာညာညာတွေ
စဥ်းစားမနေပါ။
“သွားရအောင်၊ လမ်းမှာ ရှင်းပြမယ်”
ကျူးယန်သည် ကျိယွမ်ကို တောင်အောက်သို့ ဆွဲခေါ်သွားသည် ။
မကြာမီပင် ကျူးယန်၏ လက်သေးသေးလေးသည် စိုးရိမ်စိတ်ဖြင့် ချွေးများ စို့လာသည်ကို သူခံစားမိ၏ ။
“သူတို့ ရန်ဖြစ်နေကြတယ်”
သူမ၏ လမ်းတွင်ရှင်းပြချက်က ပြည့်စုံလွန်း၍ ကျိယွမ်ပင် ဆွံအ့သွားသည်။
ဘယ်သူနဲ့ဘယ်ဝါ ရန်ဖြစ်လို့၊ ငါတို့ကဘာဆိုင်လို့ ၊ဘယ်ကို ဘာ့ကြောင့် သွားနေရတာလဲ။
ကျိယွမ် ခေါင်းကိုသာယမ်းမိတော့သည်။
ကျူးယန်သည် အကောင်ကြီးလာသော်လည်း ဦးနှောက်ကတော့ ကြီးလာပုံမရချေ။
မကြာမီ သူတို့သည် တောင်ခြေသို့ ရောက်လာသည် ။
ထိုနေရာတွင် အသွင်းပြောင်းထားသူအများအပြားသည် အချင်းချင်း ငြင်းခုန်နေကြပြီး ပတ်ဝန်းကျင်တွင် ကြည့်ရှုသူများ ဝိုင်းရံနေ၏။
ငြင်းခုန်ရခြင်း၏ အကြောင်းရင်းမှာ ရိုးရှင်းပါသည်။
သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းဖြစ်သည် ။
ခွေးထီးတစ်ကောင်နှင့် ယုန်မတစ်ကောင်တို့သည် မူလက ချစ်သူများ ဖြစ်ကြသော်လည်း ယုန်မသည် သစ္စာဖောက်ခဲ့ပြီး စိတ်ပျက်အားငယ်နေသော ခွေးထီးသည် ခွေးမတစ်ကောင်နှင့် ပေါင်းဖက်ခဲ့သည် ။
သို့သော် မကြာသေးမီက ယုန်မသည် ခွေးထီးနှင့်ရသောကလေးကိုမွေးဖွားခဲ့သည် ။
ထိုအခါ အသိုက်ဆောက်ရန်အိမ်လိုအပ်လာ၏။
ယုန်များသည် အသွင်ပြောင်းပြီးသော်လည်း ၎င်းတို့၏အမွေးများကို အသုံးပြု၍ အသိုက်များဆောက်ကြသည့် တိရစ္ဆာန်အလေ့အထများကို ထိန်းသိမ်းထားကြသည် ။
ပြဿနာမှာ သူမ၏ကိုယ်ပိုင်အမွေးများကို အသုံးပြုရန် မလိုလားပေ၊ အဘယ်ကြောင့်ဆိုသော် နာကျင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူမသည် ညတိုင်း ခွေးအထီး၏ အမွေးများကို ဆုတ်ဖြဲယူခဲ့သောဟူသည်။
ထိုကိစ္စနှင့်ပတ်သတ်၍ ယခုအခါတွင် သူတို့သည် အငြင်းပွားနေကြကုန်၏။
ခွေးထီး၏ မျက်လုံးများက ကြေကွဲစွာနီရဲနေပြီး ရင်ဖွင့်သည်။
“ငါ နင့်ကို အရမ်းချစ်ခဲ့တာ၊ ဒါပေမဲ့ နင်လိမ်တယ်၊ နင်ညာတယ် ၊ နင်က သစ္စာဖောက်ခဲ့တာ”
ယုန်မက ထိုစွပ်စွဲချက်ကို လက်မခံနိုင်ပါ။
“ရှင်က ကျွန်မကိုလိုက်နေတုန်းက ကျွန်မရဲ့ အတိတ်ကို ဂရုမစိုက်ဘူးလို့ ပြောခဲ့တယ်။ ကျွန်မကို ရပြီးတော့မှ ပြောင်းလဲသွားတာက ဘယ်သူလဲ ၊ ပြောစမ်းပါဦး ၊ ရှင်ပဲလေ၊ မရခင်က တစ်မျိုး ၊ ရပြီးသွားတော့တစ်မျိုး၊ ရှင်ကအပြစ်တွေမြင်လာတာလေ"
“ပြီးတော့ နင် ခွေးယုတ်မ ၊ ငါတို့ လင်မယားမပြတ်သေးခင်မှာပဲ နင်ကသူ့ကို မြူဆွယ်ခဲ့တယ်။ နင်တို့ နှစ်ယောက် အတူတူ အိပ်ခဲ့ကြတာလေ ၊ နငိဘာငြင်းချင်သေးလဲ"
ယုန်မက ခွေးထီးကိုသာမက ခွေးမကိုပါ ကျိန်ဆဲပစ်သည်။
ခွေးမကလည်း မယားငယ်ပီပီ အကြောင်းပြချက်ပေးတတ်ပုံရှိသည်။
“နင် သစ္စာမဖောက်ခဲ့ရင် သူဒီလိုလုပ်မှာလား ၊ ငါက အမြဲတမ်းခွင့်လွှတ်ပေးခဲ့တာ၊ အတိတ်ကို ထုတ်မပြောခဲ့ဘူး”
“ဒါပေမဲ့ နင်၊ နင်က ကလေးမွေးပြီး အသိုက်အတွက် နင့်အမွေးကို မသုံးချင်တော့ သူ့ဆီက ယူခဲ့တယ်။”
“နင်က မိခင်မေတ္တာတော့ ရှိတယ်၊ ဒါပေမဲ့ အရည်အချင်း မရှိဘူး”
ထို့နောက် ခွေးထီးက စကားဝိုင်းထဲပြန်ပါလာပြီး ယုန်မကို သစ္စာဖောက်သည်ဟုပင် စွပ်စွဲပြန်သည် ။
ယုန်မကလည်း ခွေးထီးကိုပြန်မပြောနိုင်သောအခါ ခွေးမဘက်ကို လှည့်၏။
ခွေးမကလည်း ယုန်မကို သူမ၏ရည်းစားဟောင်းကို ဖျက်ဆီးသူဟု စွပ်စွဲပြန်သည် ။
သူတို့သည် အပြင်းအထန် ငြင်းခုန်နေကြပြီး ကြည့်ရှုသူများသည် ကြားဝင်ဖျန်ဖြေရန် ကြိုးစားနေကြသည် ။
ကျူးယန်ကလည်း စိုးရိမ်နေပြီး ကျိယွမ်အား အကြံတောင်းသည်။
“ငါတို့ ဘာလုပ်သင့်လဲ”
ကျိယွမ်သည် ကျူးယန်အားကြည့်ကာ ဘာပြန်ပြောရမှန်းမသိဖြစ်နေ၏ ။
“ဒီလောက် အရေးကြီးတဲ့ကိစ္စမှန်းသိရင် ငါတို့ လူများများ ခေါ်လာသင့်တယ်။”
“ဗုဒ္ဓ၊ ဆွန်ဝူခုံး၊ သာနော့စ်၊ အိုင်းယွန်းမင်း၊ ထိပ်ပြောင်ချန်၊ စူပါမန်း သူတို့ အားလုံးပါလာရင်တော့ ဒီကိစ္စကို ဖြေရှင်းနိုင်မှာပါ”
“ဘာပဲပြောပြော ဒီရန်ပွဲက သမိုင်းမှာတန်ဖိုးအရှိဆုံး ငြင်းခုန်မှု ဖြစ်လာနိုင်တာဆိုတော့ မှတ်သားလောက်ပါပေတယ်”
ကျူးယန်သည် ကျိယွမ်ကို မျက်စောင်းထိုးလိုက်သည် ။
“သူတို့ဟာက အရမ်း ရှုပ်ထွေးနေတယ်၊ ဘယ်သူ့အမှားလဲ”
ကျိယွမ်က ပေါ့ပေါ့ပါးပါးနည်းလမ်းပေးလိုက်သည်။
“သွားပြီး သူတို့အားလုံးကို ရိုက်ချလိုက်၊ ပြီးရင် ထွက်သွားရုံပဲ ။ ကိစ္စက ပြီးသွားလိမ့်မယ်”
သူကဆက်ပြီး ပြောလိုက်သည်။
“စကားများနေတာက ပြီးလုနီးပါး ဖြစ်နေပြီ၊ ပြန်ကြစို့”
ကျိယွမ်သည် ထိုကိစ္စကို လုံးဝစိတ်မဝင်စားပါ။ကျူးယန်က အမှန်တကယ်ပင် အသိဉာဏ်မြင့်မားလာရန် လ်ုအပ်နေလေပြီဟု တွေးမိ၏။
“နောက်ထပ် နည်းနည်း ကြည့်ရအောင်၊ ငါတို့ တောင်ပေါ်က ခဏခဏဆင်းဖြစ်တာ မဟုတ်ဘူး”
ကျူးယန်သည် ကျိယွမ်၏ လက်ကို မလွှတ်ပေးဘဲ တင်းကျပ်စွာ ဆုပ်ကိုင်ထားသည် ။
【သင်သည် အနန္တအသွင်ကူးပြောင်းတံခါးကို နားလည်သဘောပေါက်ပြီ၊ ဆွဲဆောင်မှု +၅။】
“ပြီးတာပဲ”
ကျိယွမ်မှာ စိတ်မဝင်စားစွာဖြင့် ရင်ထုပြီးလင်လုသည့်ပွဲကို ဆက်ကြည့်နေရသည်။
အချစ်ဇာတ်လမ်းကလည်း အချိန်မြင့်လာပြီး ငြင်းခုန်နေသူ သုံးဦးသည် ပို၍ စိတ်လှုပ်ရှားလာကြသည် ။
ထို့အချင်းအရာကိုမြင်သောအခါ ကြည့်ရှုနေသူများက စိုးရိမ်တကြီး သတိပေးကြ၏။
“စိတ်မလှုပ်ရှားကြပါနဲ့”
"စိတ်အေးအေးထားပြီး ဖြေရှင်းကြပါ"
သူတို့သည် ထိုသို့ပြောဆိုရင်း နောက်သို့ ဆုတ်ခွာသွားကြသည် ။
ကျိယွမ်သည် စိတ်မပါသော်လည်း တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည် ။
သူက ကျူးယန်ကို မေးမိသည်။
“သူတို့ စိတ်လှုပ်ရှားရင် ဘာဖြစ်မလဲ”
ကျူးယန် မဖြေနိုင်မီမှာပင် အဖြေကို ကျိယွမ်သိလိုက်ရလေသည် ။
ခွေးမသည် ပို၍ စိတ်လှုပ်ရှားလာပြီးနောက် သူမ၏မျက်နှာသည် ကြောက်မက်ဖွယ် ဖြစ်လာသည် ။
ထို့နောက် သူမ၏မျက်နှာပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်လာပြီး သွေးများ စီးကျလာသည်ကို မြင်လိုက်ရသည်။
အက်ကြောင်းသည် ပို၍ကျယ်လာပြီး သူမ၏ခန္ဓာကိုယ်သည် ရုတ်တရက် ကြီးလာကာ ကြောက်မက်ဖွယ် နတ်ဆိုးတစ်ကောင်သည် သူမ၏ အရေပြားကို ဆုတ်ဖြဲကာ သူမ၏ခန္ဓာကိုယ်မှ တွားသွား၍ ထွက်လာတော့သည်။
ထို ကြောက်မက်ဖွယ် နတ်ဆိုးသည် ရုပ်ဆိုးအကျည်းတန်သော မျက်နှာနှင့် ချွဲကျိသော ခန္ဓာကိုယ်ရှိပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်နေသည်။
ကြည့်ရှုနေသူများသည် မျက်နှာများ ဖြူဖတ်ဖြူလျော်ဖြစ်ကာ ကြောက်လန့်တကြား ထွက်ပြေးကြတော့သည် ။
ခွေးထီးသည် သူ၏ချစ်သူခွေးမ ပြောင်းလဲသွားသည်ကို မြင်သောအခါ ထိတ်လန့်သွားသည် ။
ချက်ချင်းဆိုသလိုပင် သူသည်လည်း ကြောက်မက်ဖွယ် နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားသည် ။
နောက်ဆုံးတွင် ယုန်မသည်လည်း ကြောက်မက်ဖွယ် နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားပြန်သည် ။
နတ်ဆိုးသုံးကောင်သည် တစ်ချက်ဟိန်းဟောက်ကာ လူအုပ်ဆီသို့ ကြမ်းတမ်းစွာ ပြေးဝင်လာကြသည် ။
“အား၊ နှလုံးသား နတ်ဆိုးတွေ ပေါ်လာပြီ”
“ပြေးကြ၊ ဒါ နှလုံးသား နတ်ဆိုးတွေပဲ”
“ငါ ကြားမဝင်ခဲ့သင့်ဘူး၊ ငါတို့ ပျက်စီးပြီ”
“စိတ်တည်ငြိမ်အောင် ထား…”
ကျူးယန်သည် မျက်နှာဖြူဖျော့သွားပြီး ကျိယွမ်၏ လက်ကို ပို၍တင်းကျပ်စွာဆုပ်ကိုင်ထားသည် ။
သူမက ကျိယွမ်အားဆွဲကာ ပြေးရန်ပြင်တော့သည်။
“သွားကြရအောင်.."
ကျိယွမ်က နေရာမှမရွှေ့ပါ၊သူ၏ မျက်နှာသည် အေးစက်သွားပြီး နတ်ဆိုးသုံးကောင်ကို ကြည့်နေ၏ ။
“နတ်ဆိုးတွေလား”
ထိုကြောက်မက်ဖွယ် နတ်ဆိုးသုံးကောင်သည် ကျိယွမ်တိုက်ခိုက်နေသော နတ်ဆိုးငယ်လေးများနှင့် တော်တော်ဆင်တူနေသည်။
ကျိယွမ်သည် နတ်ဆိုးပေါင်း တစ်သောင်းကျော်ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည် ။
သူ့လိုနတ်ဆိုးသတ်သမားတစ်ဦးက အဘယ့်ကြောင့် ပြေးစရာလိုမည်နည်း။
သူသည် ကျူးယန်ကို တစ်ချက်ကြည့်ပြီး စိတ်ချစေသော အမူအရာကို ပြလိုက်သည် ။
သူမ၏ လက်ကိုဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်ကို ဓားဟန်ပြုလိုက်သည် ။
“သေကြ”
ကြောက်မက်ဖွယ် နတ်ဆိုးသုံးကောင်သည် ကျိယွမ်၏စွမ်းအင်ကို ခံစားမိပြီး အော်ဟစ်ကာ သူ့ဆီသို့ ပြေးဝင်လာကြသည် ။
ပုပ်နံ့တစ်ခု လေထဲတွင် ပြန့်လွင့်သွား၏။
သွေးနီရောင် ဓားရောင်ခြည် တစ်ချက် လင်းလက်သွားပြီး နတ်ဆိုးသုံးကောင်သည် နှစ်ပိုင်းပြတ်တောက်ကာ အရာအားလုံး ပျောက်ကွယ်သွားသည် ။
ထွက်ပြေးနေသော အသွင်ပြောင်းထားသူများသည် ရပ်တန့်သွားပြီး ကျိယွမ်ကို နတ်ဘုရားတစ်ပါးကဲ့သို့ ကြည့်နေကြသည် ။
မိုက်လိုက်တာ။
ကျူးယန်၏ မျက်လုံးများတွင် ကြယ်ပွင့်များ လင်းလက်နေသည် ။
“သွေးပုလဲ၊ နင်အရမ်း အစွမ်းထက်တယ်၊ နှလုံးသား နတ်ဆိုးသုံးကောင်ကို ချက်ချင်း သတ်လိုက်တာ”
ကျူးယန် စိတ်လှုပ်ရှားစွာ ပြောလိုက်သည် ။
သူမ၏ ငယ်သူငယ်ချင်းသွေးစက်လေးသည် ဤမျှအစွမ်းထက်သည်လား။
“အသေးအဖွဲ ကိစ္စပါ”
သို့သော် ယခုကိစ္စကို ကျိယွမ်နားမလည်သေးပါ။
“သူတို့ ဘာလို့ ရုတ်တရက် ပြောင်းလဲသွားတာလဲ”
သူ့တွင် ခန့်မှန်းချက်အချို့ ရှိသော်လည်း မသေချာသေးချေ။
ကျူးယန်က လျင်မြန်စွာ ရှင်းပြသည် ။
“ဘာလို့လဲဆိုတော့… သူတို့ ငြင်းခုန်နေကြရင်း စိတ်လှုပ်ရှားလာကြတာ၊ ပြီးတော့ နှလုံးသား နတ်ဆိုးတွေ ထွက်ပေါ်လာပြီး မြင်မြင်သမျှ အရာအားလုံးကို သတ်ပစ်တာပဲ”
မြေပြင်ပေါ်ရှိ စုတ်ပြဲနေသော အဝတ်အစားများကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများတွင် ဝမ်းနည်းမှုအနည်းငယ် ပေါ်လာသည် ။
“စိတ်လှုပ်ရှားမှုက နှလုံးသားနတ်ဆိုးတွေ ပေါ်ထွက်လာစေတာလား”
ကျိယွမ် အံ့သြသွားသည် ။
ဤကဲ့သို့သော လောကတွင် သတ္တဝါများသည် မည်သို့ အသက်ရှင်သန်နိုင်မည်နည်း ။
စိတ်မလှုပ်ရှားတတ်သောသူဟူ၍ မရှိနိုင်ပေ။တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ စိတ်လှုပ်ရှားမိကြမည်မဟုတ်ပါလား။
ထို့ကြောင့် အိုးကိုးလုံးတောင်မှ သတ္တဝါများသည် အလွန်ချစ်ခင်ရင်းနှီးပုံရပြီး ရန်ပွဲများ မရှိခြင်းဖြစ်ပုံရသည်။
သို့သော် သူသည် တစ်ခုခုကို စဥ်းစားမိသွားသည်။
စိတ်လှုပ်ရှားမှုသည် ငြင်းခုန်မှုများတွင်သာ ဖြစ်ပေါ်တတ်သည်မဟူတ်ပေ၊အခြားသော အခြေအနေများစွာက ဖြစ်ပေါ်စေနိုင်ပါသည် ။
ဆက်လက်၍ လေးနက်စွာစဥ်းစားနေရင်မှ ကျိယွမ်၏အသိ၌ အလင်းတစ်ချက်ပွင့်သွားသည်။
“ဒါဟာ တောင်နဲ့မြောက် သဘောတူညီချက် မတိုင်မီကအချိန်ဖြစ်ရမယ်”
သူ့အထင်က သေချာသလောက်နီးပါး ဖြစ်နိုင်၏။
ဤလောကသည် တောင်နှင့်မြောက်သဘောတူညီချက်လောကထက်ပင် ပို၍ ရူးသွပ်ပုံရသည် ။
မည်သူမဆို ရုတ်တရက် နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားနိုင်၏ ။
ကျူးယန်သည် ဝမ်းနည်းနေသော်လည်း ချက်ချင်းစိတ်ပြန်ထိန်းလိုက်သည်။
ဤလောကတွင် နေထိုင်လာသူဖြစ်သောကြောင့် သူမသည် အလွန်အမင်း စိတ်မလှုပ်ရှားစေရန် သူမ၏ စိတ်ခံစားမှုများကို ထိန်းချုပ်ခြင်းက အသားကျနေပြီ ဖြစ်ပါသည် ။
“သွေးပုလဲ၊ နင်အရမ်း အစွမ်းထက်တယ်၊ ငါ့ကို ကိစ္စတစ်ခု ကူညီပေးမလား”
ကျူးယန်၏ မျက်လုံးများသည် အရောင်တောက်နေပုံကိုမြင်သောအခါ ကျိယွမ်က မကောင်းသော ခံစားချက်ကို ရလိုက်၏။
နောက်ထပ် သုံးပွင့်ဆိုင် လင်လုပွဲတော့ မဟုတ်လောက်ဘူးထင်ပါတယ်။
“ဘာလဲ”
“ငါလှတယ်လို့ နင်ထင်သလား”
ကျူးယန်သည် သူမ၏ ရွှေရောင်ဝတ်စုံကို မတင်ပြသလိုက်သည် ။
ကျိယွမ်မှာ ကျန်းလင်းစု၏ဝဋ်ကို အရှင်လတ်လတ်ကြီးဆပ်နေရလေပြီ။
အဲဒါက အကူအညီလား။
သူ မတတ်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
“လှပါတယ်။ တော်တော်ကို လှတယ်၊ လောကမှာ အရှားပါးဆုံးပဲ”
ကျူးယန်က ကျိယွမ်ကို မျက်စောင်းထိုးလိုက်သည် ။သူမကို ပြောင်လှောင်နေသည်ဟု ခံစားရလေ၏။
သို့သော် သူမသည် အကူအညီလိုနေသောကြောင့် ထိုကိစ္စကို ခဏထားလိုက်သည်။
“ဒီနှစ် မြေခွေးဖြူပိုင်ဟူက တောင်တန်းဆယ့်ရှစ်ရဲ့ အလှဆုံးဘွဲ့ကို ရသွားတာ ဘာလို့လဲ။ အမှန်တကယ်ဆို ငါက အလှဆုံးကို”
ကျူးယန်က ပြောရင်းဒေါသထွက်လာပုံရသည်။
ကျိယွမ်က ဒေသခံများ၏လေသံဖြင့် သတိပေးလိုက်၏။
“စိတ်မလှုပ်ရှားပါနဲ့”
"စိတ်ကိုငြိမ်ငြိမ်ထားနော် အသက်မှန်မှန်ရှု"
ကျူးယန်၏မျက်စောင်းက သူ့အပေါ်ဒိန်းခနဲကျလာ၏။သို့သော်သူမက ကျိယွမ်၏စကားအတိုင်း စိတ်ထိန်းလိုက်သည်။
ထို့နောက် သူမက အကူအညီတောင်းလိုက်သည်။
“နင် ပျံသန်းနိုင်တယ် မဟုတ်လား။ ငါ့ကို တောင်တန်းဆယ့်ရှစ်ပတ်ပတ်လည်ကို ခေါ်သွားပေး။ ငါက အလှဆုံးဆိုတာ လူတိုင်း သိစေချင်တယ်”
ကျိယွမ်မှာ ခံတွင်းမဲ့သွားရှာ၏။
ဒီငှက်မလေးရဲ့ ခေါင်းကတော့ တကယ်ကိုတစ်ခုခုပဲ။
“ကျူးယန်၊နင်ရဲ့ ယှဥ်ပြိုင်လိုစိတ်က အရမ်းပြင်းထန်တာပဲ”
“ဒါ ယှဥ်ပြိုင်တာ မဟုတ်ဘူး၊ အမှန်တရားကို ဖော်ထုတ်တာပါဆို”
“နင်ရဲ့မျက်နှာက ငါထက်တောင် ပိုထူတယ်”
"ဘာဆိုင်လဲ"
“ငါတို့သာ အဲဒီလိုပျံသန်းသွားရင် လူတွေက ငါတို့ကို အရူးတွေလို့ ထင်ကြမှာ မဟုတ်ဘူးလား”
ကျိယွမ်သည် ထိုကိစ္စကို စိတ်မပါပါ။
သူသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိသူများကို လေးစားသော်လည်း သူ့ကိုယ်သူ အရူးအဖြစ်တော့ မမြင်စေချင်ပေ။
သူသည် ဂုဏ်ယူရသော ဓားသမားအဖြစ်သာ လူသိခံလိုသည် ။
“သွေးပုလဲ၊ကောကော.."
ကျူးယန်သည် ကျိယွမ်၏ လက်မောင်းကို တွယ်ကပ်ပြီး တောင်းပန်လိုက်သည် ။
နောက်ဆုံးမှာတော့ ကျိယွမ် လက်လျှော့လိုက်ရတော့သည် ။
“ကောင်းပြီ၊ ကောင်းပြီ၊ သွားကြမယ်၊ ဟုတ်ပြီလား” ဟု ပြောလိုက်သည် ။
ကျူးယန် ပျှော်ရွှင်သွားလေသည်။
ကျိယွမ်ကတော့ ခေါင်းကိုသာတွင်တွင်ယမ်းမိတော့သည်။
ဒီငှက်ပေါက်စနဲ့ငါနဲ့ကတော့..။
ညဘက်သို့ရောက်မှ ကျိယွမ်သည် သူ၏ ပုံမှန်နေရာသို့ ပြန်ရောက်လာခဲ့သည် ။
ယနေ့တွင် သူသည် ကျူးယန်ကို တောင်တန်းဆယ့်ရှစ်ပတ်ပတ်လည် လိုက်လံပြသခဲ့သည် ။
ထို့အပြင် ကျူးယန်သည်သာ တောင်တန်း ဆယ့်ရှစ်၏ အလှဆုံးဖြစ်ကြောင်း ကြေညာပေးခဲ့ရသေးသည် ။
သဘောမတူသူတိုင်းကို ကျိယွမ်ကနှိမ်နင်းခဲ့ပါသည် ။
ကျူးယန်က ထိုအရသာကို အလွန်သဘောတွေ့ကာ နောက်ထပ်တစ်ကြိမ် ထပ်လုပ်ချင်နေသေးသည် ။
“သွေးပုလဲ၊နင်ဒီနေ့ မြေခွေးဖြူကို မြင်ခဲ့တယ်မှတ်လား။ သူက ငါ့ထက် မလှဘူး မဟုတ်လား”
ကျူးယန်သည် မျှော်လင့်တကြီး ကျိယွမ်ကို ကြည့်လိုက်သည် ။
ကျိယွမ်သည် မြေခွေးဖြူပိုင်ဟူ၏ ပုံပန်းသဏ္ဌာန်ကို ပြန်သတိရမိသည် ။
ရုပ်ရည်အရ ကျူးယန်သည် အမှန်ပင် သာလွန်ပါသည် ။
သို့သော် သူ၏ရှေ့မှ ကျူးယန်ကို ကြည့်လိုက်သောအခါ ပိုင်ဟူသည် အဘယ်ကြောင့် အလှဆုံး ဖြစ်ရသည်ကို သူ နားလည်လိုက်၏။
"အမှန်အတိုင်းပြောရမလား၊လိမ်ပြောရမလား"
ကျူးယန်၏မျက်စောင်းသည် သူ့အပေါ် ဒိန်းခနဲကျလာ၏။
“လိမ်ပြောလိုက်"
“သူမက လှပါတယ်”
ကျိယွမ် လိမ်ညာလိုက်သည် ။
ကျူးယန် နှုတ်ခမ်းဆူသွားပြန်သည် ။
“လိမ်ညာမှုနဲ့ အမှန်တရား နှစ်ခုလုံးက သူမပဲ၊ ဟုတ်တယ်မလား”
“အမှန်တရားက နင်ပါ”
“မဟုတ်ဘူး နင်လိမ်နေတာ”
“ငါဘယ်တော့မှ မလိမ်ဘူး”
“နင် ခုလေးတင် လိမ်ခဲ့တယ်လေ”
ကျိယွမ်မှာ ပုခုံးသာတွန့်ပြလိုက်တော့သည်။
...................
နှစ်ပေါင်းနှစ်ဆယ် ကြာပြီးနောက် ။
ချီယွမ်သည် အစိမ်းရောင်ကျောက်တုံးပေါ်တွင် ထိုင်နေသည် ။
လူသားနတ်ဆိုးလမ်းစဉ်သည်လည်း ၉၉၉၉၉၉ သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည် ။
ကြောက်မက်ဖွယ်ရာ နားလည်သဘောပေါက်ခြင်းကြီးပေတည်း။
သူသည် ကောင်းကင်ယံရှိ အနန္တအသွင်ကူးပြောင်းတံခါးကို ကြည့်နေရင်းမှ နက်နဲစွာဆင်ခြင်နေသည် ။
“နှလုံးသားနတ်ဆိုးတို့သည် ကောင်းကင်နှင့် မြေကြီးမှ မွေးဖွားလာကြသည်၊ သဘာဝတရား၏ အာဟာရကို ခံယူကြသည်၊ ပုံသဏ္ဌာန်နောက်မှ လိုက်သော အရိပ်ကဲ့သို့ပါတကား”
“အာဏာဖြင့် သွေးဆောင်သည်၊ စိတ်ခံစားမှုများဖြင့် အနှောက်အယှက်ပေးသည်၊ လောဘဖြင့် ထောင်ချောက်ဆင်သည်… ထိုကဲ့သို့သော အရာအားလုံးသည် အပြစ်များ ဖြစ်လေသည်”
ကျိယွမ်သည် ပို၍နက်နက်ရှိုင်းရှိုင်း ခံစားမိပြီး သူ၏ အသံသည် ပို၍ ကျယ်လောင်လာသည် ။
“အကယ်၍ သင်သည် ပုံသဏ္ဌာန်ဖြင့် ကျွန်ုပ်ကို ရှာဖွေလျှင်၊ အသံဖြင့် ရှာဖွေလျှင်၊ သင်သည် မှားယွင်းသော လမ်းကို လျှောက်နေသည်”
“နေကို မမြင်ရ၊ လကို မမြင်ရ၊ ကြယ်များကို မမြင်ရ၊ နတ်များကို မရှာဖွေပါ၊ နတ်ဆိုးများကိုလည်း မရှာဖွေပါ၊ လူတို့သည် နတ်ဆိုးများကို ချုပ်နှောင်ရလိမ့်မည်”
သူ၏အသံသည် နွေဦးမိုးခြိမ်းသံကဲ့သို့ ကျယ်ပြန့်ပြီး နဂါးများ၏ ဟိန်းသံကဲ့သို့ အိုးကိုးလုံးတောင်နှင့် ၄င်း၏အပြင်ဘက်တွင် ပဲ့တင်ထပ်သွားသည် ။
၎င်းရောက်ရှိရာ နေရာတိုင်းတွင် ထူးဆန်းသောရနံ့တစ်ခု ပျံ့နှံ့သွားပြီး စိတ်ကို လန်းဆန်းစေသည် ။
ကျိယွမ်၏အသံကို ကြားရသောဝိညာဉ်နှင့် နတ်ဆိုးအားလုံးသည် ကြောင်ငေးငေး ဖြစ်နေကြပြီး အတွေးနက်ထဲသို့ ရောက်ရှိနေကြသည် ။
အချို့သော ဝိညာဉ်များသည် အမြင့်ဆုံးသော အဆုံးအမများကို ရရှိသကဲ့သို့ ဦးညွှတ်ကြသည် ။
“ဘယ်သူ တရားဟောနေတာလဲ”
“ဘယ်ဆရာလဲ”
“အိုးကိုးလုံတောင်ကပဲ၊ အမြန်သွား”
“ဒီလို ထူးခြားတဲ့ အဆုံးအမတွေက နှလုံးသားနတ်ဆိုးတွေနဲ့ ဆက်စပ်နေတယ်”
ဝိညာဉ်အားလုံး အံ့သြတုန်လှုပ်သွားသည် ။
၎င်းကို ကြားရသော လူသားကျင့်ကြံသူများပင် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ အိုးကိုးလုံးတောင်သို့ အလျင်အမြန် သွားကြသည် ။
တစ်ရက် ကုန်ဆုံးသွားသည် ။
ကျိယွမ်သည် နတ်ဘုရားတစ်ပါးကဲ့သို့ ထိုင်လျက် နက်နဲသောစကားများကို ပြောဆိုနေသည် ။
အိုးကိုးလုံးတောင်ပေါ်တွင် ပန်းများပွင့်လန်းနေပြီး ငှက်များအားလုံးတေးသီနေကာ မင်္ဂလာရှိသော မိုးတိမ်များ ပေါ်လာ၏။
တိရစ္ဆာန်များ၊ ဝိညာဉ်များ၊ အစွမ်းထက်သော လူသားကျင့်ကြံသူများပင်လျှင် တောင်ခြေတွင် တိတ်ဆိတ်စွာ ထိုင်လျက် အာရုံစိုက် နားထောင်နေကြသည် ။
သူတို့သည် နက်နက်ရှိုင်းရှိုင်း ထိတွေ့မိကြပြီး တစ်ခါတစ်ရံ စဥ်းစားကြကာ တစ်ခါတစ်ရံ အလင်းရောင် ရရှိကြကုန်၏။
သူတို့သည် ကျိယွမ်၏အဆုံးအမများတွင် ရက်များစွာ နှစ်မြှုပ်နေကြသည်။
အိုးကိုးလုံးတောင်ပေါ်တွင် သေနေသောသစ်ပင်ခြောက်များပင် အညှောက်ပေါက်လာပြီး အရာအားလုံးသည် သဟဇာတ ဖြစ်နေကာ သတ္တဝါအားလုံးသည် ချီယွမ်ကို ရိုသေလေးစားစွာ ကြည့်နေကြသည် ။
ကျူးယန်တစ်ဦးတည်းသာလျှင် မလှမ်းမကမ်းမှနေ၍ ကျိယွမ်ကို ဂုဏ်ယူစွာ ကြည့်နေလေသည် ။
---------------