← Chapters

အစ်ကိုကြီး၊ မင်းရဲ့အဆိုအမိန့်အတွက်ကျေးဇူးပါ

Vol. 8 Ch. 108

အစ်ကိုကြီး၊ မင်းရဲ့အဆိုအမိန့်အတွက်ကျေးဇူးပါ

Vol. 8 Ch. 108

ဒုန်း....

ဒုန်း...ဒုန်း....

လေးလံသောအသံသည် ရင်ဘတ်ပေါ်သို့ ထုရိုက်နေသော တင်းပုတ်သံကြီးကဲ့သို့ မြည်ဟီးနေ၏။

သဲဝါများက ကန္တာရတစ်ပြင်လုံး ပျံဝဲကာ၊ ကောင်းကင်တစ်ခုလုံး မြူမှုန့်များ ဖုံးလွှမ်းနေသည်။

ဖုန်မှုန့်များကြားတွင် ဧရာမသတ္တဝါကြီးများ၏ ကြမ်းတမ်းသောမျက်နှာများကို မှိန်ဖျော့စွာ မြင်နေရသည်။

တစ်ကောင်၊ နှစ်ကောင်၊ တစ်ရာ ၊နှစ်ရာမဟုတ်ဘဲ၊ ထောင်ပေါင်းများစွာသော ကြောက်မက်ဖွယ် နတ်ဆိုးများ ဖြစ်သည်။

နတ်ဆိုးထောင်ပေါင်းများစွာ ချီတက်လာသည်ကို မြင်ရခြင်းသည် အလွန်အမင်း ထိတ်လန့်စရာကောင်းပြီး စိတ်ဝိညာဉ်ကို ကြေမွသွားစေသည့် မြင်ကွင်းမျိုးပင်။

သဲဝါများအလယ်တွင်ပုန်းနေသော ကျောက်ကျူသည် မြင်ကွင်းကြောင့် ကြောက်လန့်တုန်လှုပ်နေသည်။

သူတို့သည် ဝူကွေမြို့မှ ဆယ်မိုင်နီးပါးအကွာတွင် ပုန်းအောင်းနေကြသော်လည်း နတ်ဆိုးထောင်ပေါင်းများစွာ၏ စစ်တပ်က သူတို့ကို မတည်မငြိမ်ဖြစ်စေသည်။ မြို့ရိုးပေါ်တွင် တစ်ဦးတည်းထိုင်လျက် ထိုနတ်ဆိုးတပ်ကြီးကို ရင်ဆိုင်နေရသော ကျိယွမ်အပေါ် ဖိအားမည်မျှရှိမည်ကို လူတိုင်း စိတ်ကူးကြည့်နိုင်သည်။

ထိုအချိန်မှာပင် ကျိယွမ်သည် မြို့ရိုးပေါ်၌ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး သူ၏လက်ရှည်အင်္ကျီစများသည် လေထဲတွင် တလွင့်လွင့် ဖြစ်နေ၏။

သူသည် လက်စွဲတော် ဓားကျိုးကို ကိုင်ထားလျက် ပျော်ရွှင်နေပုံရသည်။

“နတ်ဆိုးတွေ နောက်ဆုံးတော့ မြို့ကို တိုက်ခိုက်တော့မယ်ပေါ့”

ဂိမ်းများတွင် မြို့များကိုတိုက်ခိုက်လေ့ရှိသော သားရဲလှိုင်းများ မကြာခဏ ရှိပါသည်။

ထိုသို့သော အချိန်မျိုးတွင်၊ ကစားသမား များသည် မြို့ကို ခုခံကာကွယ်ရန် ပူးပေါင်းဆောင်ရွက်ကြတတ်သည်။

သို့သော် ဤဂိမ်းတွင် ကျိယွမ်သည် တစ်ဦးတည်းသော ကစားသမား ဖြစ်ပါသည်။

ထို့ကြောင့် သူသည် မြို့ကို တစ်ဦးတည်းသာ ခုခံကာကွယ်ရမည်။

နတ်ဆိုးထောင်ပေါင်းများစွာရှိသော စစ်တပ်ကို ကြည့်လိုက်သောအခါ၊ သူ့မျက်လုံးများသည် ကျေနပ်ဝမ်းမြောက်မှုဖြင့် တလက်လက် တောက်ပနေသည်။

အတွေ့အကြုံရမှတ်တွေကတော့ ဒလီဘရီမလိုဘဲ အိမ်တိုင်ရာရောက် လာပို့နေပြီ။ဒီအဖွဲ့ကြီးကိုသာ သတ်လိုက်ရလို့ကတော့ ငါ့အဆင့်လည်း သေချာပေါက် တတ်ပြီပဲ။

အူမြူးနေသောကျိယွမ်သည် ဓားကျိုးကိုကိုင်ဆွဲလျှက် မြို့ရိုးပေါ် လှလှပပဂျွမ်းပစ်ကာပင် ဆင်းသွားလိုက်သည်။

ထို့နောက် သတို့သမီးလေးနှင့်ပေါင်းစည်းကာ အသင့်ပြင်ဖြစ်သွားသည်။

အရပ်ဆယ်မီတာမြင့်သော ကျိယွမ်သည် ကြောက်မက်ဖွယ် သွေးနီရောင်နတ်ဆိုးကြီး ကဲ့သို့ ဖြစ်နေပြီး၊ သွေးစွန်းနေသော အနီရောင်ဓားကျိုးကြီးကို ကိုင်စွဲထားသည်မှာ သွေးဖြင့်ရေချိုးထားသည့် ငရဲနတ်ဆိုးနှင့် ပင် တူနေသည်ါအလားရှိ၏။

ဤအရာကို မြင်သော် ကျောက်ကျူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

“ဒါ ဘယ်လို နတ်စွမ်းအင်မျိုးလဲ ၊အရမ်းမိုက်တာပဲ"

မြေကမ္ဘာဒဏ္ဍာရီတစ်ဦးသည် နတ်စွမ်းအင်များကို ပိုင်ဆိုင်နိုင်သည်။

နတ်စွမ်းအင်များတွင် စိတ်ကူးမယဉ်နိုင်သော စွမ်းရည်များ ရှိလေ၏။

လျူဝမ်ထိုင်းလည်း ကျိယွမ်၏ ဧရာမခန္ဓာကိုယ်ကို ကြည့်နေမိသည်။ ၎င်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းမဟုတ်သော်လည်း အကြိမ်တိုင်းတွင် သူသည် အလွန်အမင်း ထိတ်လန့်ခဲ့ရသည်။

ဝေးလံသော အရပ်တွင် ခမ်းနားထည်ဝါသော နတ်ဘုရားတစ်ပါး သို့မဟုတ် ကြောက်မက်ဖွယ် နတ်ဆိုးကြီးတစ်ပါး မတ်တပ်ရပ်နေသကဲ့သို့ ခံစားရသည်။

“ဝူကွေမြို့ရဲ့ကာကွယ်သူက သူ့ရဲ့ နတ်စွမ်းအင်နဲ့ တစ်ချက်ကောင်းအပိုင်ခုတ်ထစ်ပြီးမှ ထွက်ပြေးလိမ့်မယ် ထင်တယ်”

ကျောက်ကျူက ခန့်မှန်းသည်။

“ငါတို့လည်း အဆင်သင့်ပြင်ထားရမယ်။ သူ ထွက်သွားတာနဲ့၊ မြန်မြန် ဆုတ်ခွာဖို့ လိုတယ်”

“ကောင်းပါပြီ”

ထိုနေရာရှိ ကျင့်ကြံသူများက ခေါင်းညိတ်လိုက်ကြပြီး၊ အနည်းငယ် တင်းမာနေကြသည်။

တကယ်ပင် ကျောက်ကျူ ခန့်မှန်းထားသည့်အတိုင်း ကျိယွမ်သည် နတ်ဆိုးတပ်ကို ရင်ဆိုင်လိုက်လေပြီ။

ပထမအချီတွင် သူသည် ကောင်းကင်ပိုင်းဖြတ်ဓားချက်ကို အသုံးပြုသည်။

ကျိယွမ်အတွက် ကောင်းကင်ပိုင်းဖြတ်ဓားချက်သည် အလွယ်ကူဆုံး၊ အခက်ထန်ဆုံးနှင့် အစွမ်းအထက်ဆုံး ကျွမ်းကျင်မှုတစ်ခုပင်။

သူ၏ဓားတစ်ချက်ခုတ်လိုက်ခြင်းသည် ကမ္ဘာတစ်ခုလုံးကို ခွဲခြားလိုက်သကဲ့သို့ ဖြစ်ပြီး၊ နတ်ဆိုးစစ်သည် ထောင်ပေါင်းများစွာကို ဖျက်ဆီးပစ်ရန်လုံလောက်၏။

မီတာဒါဇင်များစွာရှည်လျားသော ဓားကျိုးကြီးတစ်ချောင်းသည် ကောင်းကင်မှ ကျလာပြီး၊ ဓားသွားဖြတ်သွားသော နေရာတွင် မီတာရာချီသော အပူလှိုင်းကိုဖန်တီးခဲ့သည်။

သဲဝါများ လွင့်ပျံသွားပြီး၊ သွေးနီရောင် ဧရာမဓားသည် နတ်ဆိုးတပ်ထဲသို့ အညှာအတာမရှိ ဖြတ်ဝင်သွားသည်။

တစ်ချိန်က ကြောက်မက်ဖွယ်ကောင်းပြီး စည်းကမ်းရှိသော နတ်ဆိုးတပ်ကြီးသည် ဓားချက်တစ်ချက်နှင့် ကွဲထွက်သွားသည်။

ဓားတစ်ချက်၏ စွမ်းအားသည် နတ်ဆိုးတစ်ထောင်နီးပါး ကို သတ်ပစ်လိုက်သည်။

“အရမ်း အားကောင်းတာပဲ”

ကျောက်ကျူ အံ့အားသင့်သွားသည်။

“ငါသာ ဒီလောက်အားကောင်းရင်၊ နေ့တိုင်း နတ်ဆိုးတပ်နဲ့ ပြောက်ကျားစစ်ဆင်နွှဲပြီး တစ်နေ့ တစ်ချက်ခုတ်ပြီး သူတို့ကို ဒေါသထွက်အောင် လုပ်ပစ်မယ်”

ပြောပြီးနောက် သူသည် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

ကျိယွမ်၏ဓားချက်ကြောင့် သိသိသာသာပျက်စီးမှုများရှိခဲ့သော်လည်း ထောင်ပေါင်းများစွာသော နတ်ဆိုးတပ်ကြီးအတွက်မူ ဘာမှမဟုတ်ပါ။

နတ်ဆိုးတပ်အတွင်းရှိ အင်အားကြီး နတ်ဆိုးများမှာလည်း အထိအခိုက်မရှိသေးချေ။

“အသင့်ပြင် ၊ငါတို့…”

ကျောက်ကျူက ထွက်သွားရန် အကြံပြုတော့မည့်အချိန်တွင်၊ နောက်ဖြစ်လာသည့်အရာက သူ့ကို လုံးဝ ထိတ်လန့်စေခဲ့သည်။

ဝူကွေမြို့၏ကာကွယ်သူသည် တစ်ချက်ခုတ်ပြီးနောက် ထွက်ပြေးလိမ့်မည်ဟု သူ ထင်ခဲ့သည်။

သို့သော် သူသည် မည်သည့်အရာကို မြင်လိုက်ရလေသနည်း။

ထိုသူက ထွက်မပြေးသည့်အပြင် ကြီးမားသော နတ်ဆိုးတပ်ကြီးထဲသို့ ကမူးရှုးထိုးပြေးဝင်သွားကာ တိုက်ခိုက်ခြင်းပင်။

“ဝူကွေမြို့ကာကွယ်သူရဲ့ ဒီလုပ်ရပ်က… မသင့်တော်ဘူး"

ကျောက်ကျူသည် စိတ်ရှုပ်ထွေးနေပြီး ကျိယွမ်၏ ဆင်ခြင်တုံတရားကို နားမလည်နိုင် ဖြစ်နေသည်။

ထိုစွန့်စားမှုက စိတ်လှုပ်ရှားစရာ ကောင်းသော်လည်း နတ်ဆိုးတပ်ကြီး၏ အထပ်ထပ်ဝိုင်းရံခြင်းကိုခံရပါက သေစေနိုင်သည်။

“အခု ထွက်ပြေးရင်တောင် ထိုးဖောက်ဖို့ အခွင့်အရေး ရှိသေးတယ်”

ကျောက်ကျူသည် သွေးနီရောင် ပုံရိပ်ထက် ပို၍ စိုးရိမ်နေပြီး ကျိယွမ်ကို အော်ဟစ်မိလုနီးပါး ဖြစ်နေသည်။

လျူဝမ်ထိုင်းသည် စိုးရိမ်နေသော်လည်း ကျိယွမ်၏ အေးစက်သောမျက်နှာကို ပြန်သတိရသောအခါ ထိုသူသည် အစွမ်းမရှိဘဲ မိုက်နေသူသပ်သပ် မဟုတ်ဟု ယုံကြည်သည်။

နတ်ဆိုးတပ်ကြီး၏ နောက်ပိုင်းမှလိုက်လာသောတွင် နတ်ဆိုးထိန်းချုပ်သူအသစ်များကလည်း ကျယ်လောင်စွာရယ်မောနေကြသည်။

“ဒီ ဝူကွေမြို့ကာကွယ်သူက တကယ်ကို အသိဉာဏ်နည်းတာပဲ”

“လူသားတစ်ယောက်တည်းက ငါ့တို့ရဲ့ နတ်ဆိုးတပ်ထဲကို ဝင်တိုက်တာ၊ သူ သေဖို့ ရှာနေတာ ထင်တယ်”

“သူက ငါတို့ကို လွယ်လွယ်လေးလို့ တကယ် ထင်နေတာလား"

နတ်ဆိုးထိန်းချုပ်သူများသည် ကျိယွမ်ကို လှောင်ပြောင်ရင်း ဓားများကို အသင့်ပြင်နေကြသည်။

ဝူထုံသည် ကြောက်မက်ဖွယ် ပုံရိပ်ကိုမြင်သောအခါ၊ လှောင်ပြောင်လေသည်။

“အဖြူရောင်ဧကရာဇ်ရဲ့တပည့် ပီသပါလား၊နတ်ဆိုးစစ်တပ်ထဲကို တစ်ယောက်တည်း ဝင်ရောက်ဖို့ ယုံကြည်မှု ရှိတယ်။ ကံမကောင်းစွာတာက သူ ငါနဲ့ တွေ့ရတာပဲ"

သူသည် နတ်ဆိုးတပ်ကြီးထဲသို့ အော်ဟစ်အမိန့်ပေးလိုက်သည်။

"တိုင်းပြည်စောင့်အားလုံး ဝူကွေမြို့ကာကွယ်သူကို တိုက်ခိုက်ကြ"

သူသည် ရန်သူကို ပင်ပန်းနွမ်းနယ်စေရန် သာမန်နတ်ဆိုးများကို အသုံးပြုလိုခြင်း မရှိပါ။ ထိုအစား ကြီးမားသောအင်အားဖြင့် ဖိနှိပ်ရန် ရွေးချယ်လိုက်သည်။

နောက်ဆုံးတွင် အဓိပတိအရှင်ပေးထားသောတိုက်ခိုက်မှု ရှိသောကြောင့်၊ သူသည် ဝူကွေမြို့ကာကွယ်သူကို ကြောက်ရွံ့ခြင်း မရှိပါ။

ဝူထုံ၏ အမိန့်အတိုင်း တိုင်းပြည်အစောင့်များစွာက ကျိယွမ်ကို ဝိုင်းရံလိုက်သည်။

အစွမ်းထက်သော အခြားနတ်ဆိုးများလည်း ကျိယွမ်ဆီသို့ အလျင်အမြန် ပြေးလာကြသည်။

အသက်ရှူချိန်ဆယ်ကြိမ်အတွင်း၊ နတ်ဆိုး တစ်ရာကျော်သည် ရမ်းကားနေသော ကျိယွမ်ကို တိတ်တဆိတ် ဝိုင်းရံမိသွားသည်။

ဆယ်မိုင်အကွာခန့်မှကြည့်နေသော ကျောက်ကျူသည် ထိုအရာကို မြင်ပြီး စိတ်ပျက်အားငယ်သွားသည်။

“အခုဆိုရင်… ဝူကွေမြို့ရဲ့ကာကွယ်သူက ထွက်နိုင်တော့မှာ မဟုတ်ဘူး”

ဝူကွေ့မြို့၏ကာကွယ်သူသည် နောက်ဆုံး အသက်ရှင်နိုင်မည့် အခွင့်အရေးကို ဆုံးရှုံးသွားပြီဖြစ်သည်။

လျူဝမ်ထိုင်းသည်လည်း တင်းမာနေပြီး စိတ်ရှုပ်ထွေးနေသည်။

ကျိယွမ်၏ခွန်အားကို သူယုံကြည်သော်လည်း ယခုရင်ဆိုင်နေရသော ဖိအားမှာ စိတ်ကူးမယဉ်နိုင်လောက်အောင် ဖြစ်သည်။

ယခုလို အခြေအနေမျိုးတွင် အဓိပတိတစ်ပါးမပါဘဲ မည်သို့ ဖြေရှင်းနိုင်မည်နည်း။

“စိတ်မကောင်းစရာပဲ၊ငါ အရမ်းအားနည်းနေတယ်။ မဟုတ်ရင်… ဝူကွေမြို့ကာကွယ်သူနဲ့အတူ တိုက်ခိုက်နိုင်မှာ”

လျူဝမ်ထိုင်းက သက်ပြင်းချသည်။

တိုက်ပွဲထဲမှာတော့ ကျိယွမ်သည် ဓားတစ်လက်နှင့် မြင်မြင်သမျှကို သတ်ဖြတ်နေသော သေမင်းနတ်ဘုရား ကဲ့သို့ ဖြစ်နေသည်။

လက်ရှိတွင် နတ်ဆိုးများကိုသတ်ခြင်းသည် ကျိယွမ်အတွက် နတ်ဆိုးအနှစ်သာရ၏ ၁၀ ရာခိုင်နှုန်းကို ထုတ်ယူပေးသည်။

သူ၏မျက်လုံးများသည် လောဘ၊ ဒေါသနှင့် မာန ကဲ့သို့သော စိတ်ခံစားမှုများ စီးဆင်းနေကာ ပို၍ပင် နီရဲလာသည်။

ကျိယွမ်သည် သတ်ဖြတ်ခြင်းများပြုလုပ်လေလေ ပို၍ စိတ်လှုပ်ရှားလေ ဖြစ်နေသည်။

“ငါ ......."

"ပို....၊ ပို လိုချင်တယ်”

သူ၏ရှေ့တွင် အတွေ့အကြုံမှတ်များစွာ ရှိနေသောကြောင့် ကျိယွမ်သည် နှစ်ပေါင်း သောင်းချီ အငတ်ခံခဲ့ရသော ၊ စားသလောက် မဝသော အစားကျူးသူကဲ့သို့ ဖြစ်လာသည်။

တစ်ချက်ခုတ်လိုက်တိုင်း နတ်ဆိုး ဒါဇင်များစွာ သေဆုံးနေပြီး နတ်ဆိုးများသည် သူ့ကို တားဆီးနိုင်ခြင်း မရှိသလို၊ သူ့ကို ထိခိုက်မှု တစ်စုံတစ်ရာ ပေးနိုင်ခြင်းလည်း မရှိပါ။

ထျန်းကျွဲ့တွင်ရှိစဥ်က ကျိယွမ်သည် တူညီသောအဆင့်ရှိသောရန်သူများနှင့် တိုက်ပွဲဝင်နိုင်ခဲ့သည်။

တိကျွဲ့မှာဆိုလျှင် သူသည် အဆင့်ပိုမြင့်သော နတ်ဆိုးများကိုပင် အနိုင်ယူနိုင်ခဲ့ပြန်သည်။

ထို့ကြောင့် နတ်ဆိုးထောင်ပေါင်းများစွာသည် အရေအတွက်များသော်လည်း ကျိယွမ်အတွက် အတွေ့အကြုံမှတ်များသာ ဖြစ်သည်။

သူ၏ တိုက်ခိုက်ရေး ကျွမ်းကျင်မှုများသည် ပြည့်စုံလွန်းသောအဆင့်အထိ တိုးတက်လာခဲ့သည်။

သူနှင့်အဆင့်တူများဆိုလျှင်ပင် ဓားတစ်ချက်ဖြင့် လဲကျအောင်ခုတ်နိုင်သည်။

သူသည် နတ်ဆိုးတပ်ထဲသို့ လူမရှိသည့်အတိုင်း ဝင်ရောက်တိုက်ခိုက်နေတော့သည်။

ကြက်ပေါက်လေးများကို ဝံပုလွေကလိုက်ကိုက်နေသည့်အလားပင်။

ရုတ်တရက် ကျိယွမ်၏ မျက်လုံးများ တောက်ပလာပြီး တစ်ကီလိုမီတာအကွာတွင်ရှိနေသော တစ်စုံတစ်ယောက်ကို မြင်သွားလေသည်။

“အဆင့်မြင့်တဲ့သူလား”

သူသည် တိုင်းပြည်စောင့်အထွတ်အထိပ်နတ်ဆိုးထိန်းချုပ်သူတစ်ဦးကို တွေ့လိုက်သည်။

ထိုသူသည် ကျိယွမ်၏အကြည့်နှင့် တွေ့ဆုံသောအခါ မရှင်းပြနိုင်သော ကြောက်ရွံ့မှု ကို ခံစားရသည်။

“ဒီ ဝူကွေမြို့ကာကွယ်သူက အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်။ ငါ ပုန်း​နေမှရတော့မယ်"

အဘိုးအိုက ထိုသို့တွေးမိသည်နှင့် ဝူထုံသတိမထားမိစေရန် မသိမသာ နောက်ဆုတ်လိုက်သည်။

သို့သော် ကျိယွမ်သည် ပစ်မှတ်ထားပြီးသား သားကောင်ကို မည်သ်ု့လက်လွတ်ခံနိုင်မည်နည်း။

“သေ”

တစ်ကီလိုမီတာ အကွာအဝေးသည် ကျိယွမ်အတွက် ခဏလေးသာ ဖြစ်သည်။

သူ၏ဧရာမဓားကျိုးကြီးကို ဝှေ့ယမ်းလိုက်ရာ ဓားစွမ်းအင်သည် မီတာ ထောင်ပေါင်းများစွာ ကျယ်ပြန့်သွားသည်။

ကျိယွမ်၏ ဓားနှင့်တွေ့လျှင် တိုင်းပြည်စောင့်ဆိုသူများလည်း သာမန်နတ်ဆိုးနှင့်မခြားနားပါ။

ဓားတစ်ချက်၏စွမ်းအားသည် သေခြင်းတရားဖြစ်​လေ၏။

အဘိုးအို၏ နောက်ဆုံးအချိန်များတွင်၊ သူ၏မျက်ဝန်းသူငယ်အိမ်များ ကျယ်လာပြီး နောင်တတရားကို ပြသနေသည်။

စောစောသာ သိခဲ့လျှင် ပို၍မြန်မြန် ဆုတ်ခွာခဲ့မည်။

ထိုထက်စောစောသာ သိခဲ့လျှင် သူသည် လာခဲ့မည်မဟုတ်ဟုတွေးရင်း နောင်တကြီးစွာသေဆုံးသွားသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော ဝူထုံသည် သိသိသာသာ တုန်လှုပ်လာသည်။

ဤမျှအချိန်တိုလေးအတွင်းတွင် ဝူကွေမြို့ ခုကာကွယ်သူသည် နတ်ဆိုးတပ်ကြီး၏ ဆယ်ပုံတစ်ပုံကို သတ်ဖြတ်ပြီးဖြစ်သောကြောင့် သူ စိုးရိမ်ပူပန်မိလာသည်။

ယခုအတိုင်းသာ ဆက်သွားပါက သူ ဝူကွေမြို့ကို သိမ်းပိုက်နိုင်လျှင်ပင် ကြီးမားသော ဆုံးရှုံးမှု ဖြစ်လိမ့်မည်။

ဆုံးဖြတ်ချက်နှင့်အတူ ဝူထုံ အော်ဟစ်လိုက်သည်။

“ဝူကွေမြို့ကာကွယ်သူ၊ မြန်မြန် သေလိုက်စမ်း"

သူသည် ကျိယွမ်ဆီသို့ ဦးတည်ပြီး ပြေးသွားသည်။

သူ၏ လက်အောက်ငယ်သားများသည် ဤအရာကို မြင်သောအခါ စိတ်ရှုပ်ထွေးသွားကြသည်။

သူတို့၏သခင်သည် အဘယ့်ကြောင့် တိုက်ပွဲထဲကို ​အစောကြီးဝင်ရောက်လာသနည်း။

သို့သော် သူတို့အားလုံးသည်လည်း ဝူထုံ၏နောက်ကို လိုက်ပါသွားကာ ကျိယွမ်ကို ဝိုင်းရံလိုက်ကြသည်။

ကျိယွမ်သည် ဝူထုံ၏အသံကို ကြားပြီး မကျေမနပ် ဖြစ်သွားသည်။

“ငါ တိတ်ဆိတ်တဲ့ NPC တွေကိုပဲ ပိုကြိုက်တယ်၊ ငါ သတ်တဲ့အခါ သူတို့အတွက် အသံတောင် ထွက်ပေးသေးတယ်။ မင်းလို စကားများတဲ့ NPC တွေကိုတော့ အမုန်းဆုံးပဲ”

ကျိယွမ်သည် ဝူထုံကို ကြည့်လိုက်သည်။

“မင်း ဘာလို့ ဒီလောက် ယုံကြည်မှု ရှိနေလဲဆိုတာ အံ့ဩစရာ မရှိဘူး။ မင်းက မြေကမ္ဘာဒဏ္ဍာရီအဆင့်ထဲကို ရောက်နေပြီကိုး ”

ကျိယွမ်အတွက်တော့ ထိုအဆင့်က အဆန်းမဟုတ်ပါ။

မြေကမ္ဘာဒဏ္ဍာရီလည်း ငါ့ဓားနဲ့ခုတ်ရင် သေမှာပဲ။ဒီကောင်က အခြောက်တိုက်မာန်တက်နေတာ။

သူအနေနှင့် ထိုအဆင့်မျိုးအယောက် သုံးထောင်ရှိနေလျှင်ပင် အချိန်အနည်းငယ်ပိုကြာရုံသာ ရှိသည်။

“မင်းကလည်း တကယ်ပဲမြေကမ္ဘာဒဏ္ဍာရီ ပေါ့"

ဝူထုံကလည်း အံ့အားသင့်စွာ ပြောသည်။

သူသည် လွန်ခဲ့သော ခြောက်လက မြေကမ္ဘာဒဏ္ဍာရီအဆင့်သို့ ထိုးဖောက်ခဲ့သည်။

သူ၏ လက်အောက်ငယ်သားများထဲမှ မည်သူမျှ မသိကြပါ။

သို့သော် ဝူကွေမြို့ကာကွယ်သူက တစ်ချက်ကြည့်ရုံဖြင့် သိသည်။ ၎င်းသည် ထိုသူ၏ ခွန်အားသည်လည်း မြေကမ္ဘာဒဏ္ဍာရီအဆင့်တွင် ရှိသည်ကို သက်သေပြနေပြီး၊ အတွေ့အကြုံရှိသူတစ်ဦး ဖြစ်နိုင်သည်။

“မင်းကအတွေ့အကြုံရှိတဲ့ မြေကမ္ဘာဒဏ္ဍာရီ ဖြစ်နေရင်တောင်၊ ငါ့တပ်ကြီးရဲ့ ဝိုင်းရံခြင်းကို ခံရရင် သေရမှာပဲ”

ဝူထုံက ယုံကြည်စိတ်ချစွာ ပြောသည်။

ဤသို့ ဝိုင်းရံခံရပါက အတွေ့အကြုံရှိသော မြေကမ္ဘာဒဏ္ဍာရီတစ်ဦးပင် သေဆုံးသွားလိမ့်မည်။

ကျိယွမ်သည် ဝူထုံကို ကြည့်ပြီး သူ့ဓားကိုတစ်ချက်ဝှေ့ယမ်းလိုက်သည်။

“မင်းက သေရတော့မဲ့အတူတူ မင်းရဲ့ခေါင်းကို ငါ့ကို ဘာလို့မပေးတာလဲ။

ဘဝက ခက်ခဲတယ်၊ ငါတို့ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေအောင် လုပ်ပေးသင့်တယ်မဟုတ်လား”

ဝူထုံက မဲ့လိုက်၏။

“ငါကလည်း မြေကမ္ဘာဒဏ္ဍာရီ၊ မင်းက လည်း မြေကမ္ဘာဒဏ္ဍာရီ၊ ငါ မင်းကို ဘာလို့ ကြောက်ရမှာလဲ”

အဓိပတိ၏ အဆုံးစွန်တိုက်ခိုက်မှု မရှိလျှင် တော့ သူသည်ကျိယွမ်ကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့လိမ့်မည်။

ဒါပေမယ့် ယခုကတော့......

အနိုင်ရဖို့ သေချာသည်မဟုတ်ပါလား။

ကျိယွမ်က ဝူထုံကို ကြည့်လိုက်သည်။

“ငါ့မှာ… ကောင်းကင်ဘုံတာအိုအုတ်မြစ်ရှိတယ်။ ငါ့ရဲ့ကျင့်ကြံမှုက ရွာအဆင့်ကို ကျော်လွန်နေတာ ကြာပြီ။ မင်းကို သတ်ဖို့ လောက်က ဓားတစ်ချက်ပဲ လိုတယ်”

ကျိယွမ်၏ယုံကြည်မှုသည် သူ၏ ကောင်းကင်ဘုံတာအိုအုတ်မြစ်ကြောင့် ပိုမို မြင့်မားလာသည်။

သူသည် ချမ်းသာကြွယ်ဝသော ကျောက်မီးသွေးသူဌေးကြီး ကဲ့သို့ ခံစားရသည်။

“အဓိပ္ပာယ်မရှိတာ"

ဝူထုုသည် စကားဖြင့် ဆက်လက် မပြောတော့ပါ။

“ငါ့ရဲ့ နတ်စွမ်းအင်ကို ခံစားကြည့်လိုက်”

ဝူထုုံ၏ လက်အောက်ငယ်သားများသည် ဤအရာကိုမြင်သောအခါ စိတ်လှုပ်ရှားလာကြသည်။

နတ်စွမ်းအင်သည် မြေကမ္ဘာဒဏ္ဍာရီ၏ အစွမ်းအထက်ဆုံး နည်းလမ်းမဟုတ်ပါလား။

ယခု သူတို့၏သခင်က အသုံးတော့မည်ဖြစ်သည်။

ဝူထုံ၏ မျက်လုံးများသည် ဆိုးယုတ်မှုဖြင့် တောက်ပလာသည်။

“မြေကမ္ဘာဒဏ္ဍာရီအဆင့်ကို ထိုးဖောက်ပြီးကတည်းက၊ မင်းဟာ ငါ့ရဲ့ နတ်စွမ်းအင်ကို မြင်ရတဲ့ ပထမဆုံးလူပဲ။ အဲဒါအောက်မှာ သေဆုံးရတာ၊ မင်းရဲ့သေခြင်းက တန်တယ်”

ထိုသို့ပြောပြီးနောက် သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ကောင်းကင်နှင့်မြေကြီး ယင်ယန်ပြောင်းပြန်လက်ဝါးနည်းစနစ်။

သူ၏လက်ဝါးရိုက်ချက်ကို ထုတ်လိုက်သောအခါ သဲဝါများပျံဝဲသွားပြီး နတ်ဆိုးများအားလုံး နောက်ဆုတ်သွားသည်။

လက်ဝါးရိုက်ချက်၏ အလယ်တွင် ခရမ်းရောင်အစက်ကလေးတစ်ခု ပုန်းအောင်းနေပြီး ကျိယွမ်ဆီသို့ ပျံဝဲသွားသည်။

ကျိယွမ်၏ မျက်လုံးများ ပြူးကျယ်လာပြီး ဝူထုံကို စူးစိုက်ကြည့်ကာ ကျိန်ဆဲလိုက်သည်။

“မင်းမှာ သိုင်းသမားတစ်ယောက်ရဲ့ကိုယ်ကျင့်တရားမရှိဘူး”

"ဒါကနတ်စွမ်းအင်မှမဟုတ်တာ ၊မူလစွမ်းအင်ကို နတ်စွမ်းအင်လို့လိမ်ရသလား"

ထိုအရာက နတ်စွမ်းအင်မဟုတ်ပါ။အကြွင်းမဲ့မူလစွမ်းအင်ဖြစ်သည်။

အဓိပတိများသာ မူလစွမ်းအင်ကို ပိုင်ဆိုင်ကြသည်။

တိကျွဲ့တွင် ပြင်ပနတ်ဆိုး သုံးထောင်နီးပါး ကို ရင်ဆိုင်ရပြီးနောက်တွင် ကျိယွမ်သည် အကြွင်းမဲ့မူလစွမ်းအင်များနှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်လာခဲ့သည်။

ဝူထုံသည် ကျိယွမ်ကို စူးစိုက်ကြည့်လိုက်သည်။

အဖြူရောင်ဧကရာဇ်၏ တပည့်ပီပီ မူလစွမ်းအင်တိုက်ခိုက်မှုကို သိနေခြင်းသည် ကျိယွမ်အတွက် ပုံမှန်ဖြစ်ကြောင်း သဘောပေါက်သွားသည်။

“အကြွင်းမဲ့မူလစွမ်းအင်က ဘယ်လိုလုပ်ပြီးနတ်စွမ်းအင်မဟုတ်ရမှာလဲ၊သူတို့က အတူတူပဲကွ"

ကျိယွမ်သည် ခဏရပ်ပြီး ဝူထုံကိုကြည့်လိုက်၏။

“မင်းပြောတာ မဆိုးပါဘူး၊ဒီစကားကို ငါ့အတွက် ယူလိုက်မယ်”

ကျိယွမ်သည် သူအကြွင်းမဲ့မူလစွမ်အင်များကို ကျွမ်းကျင်သောအချိန်၌ အမြုတေ သို့မဟုတ် စိတ်ဝိညာဥ်အဆင့်ရှိ ရန်သူများကို သတ်ဖြတ်နေစဉ် ထိုအဆိုအမိန့်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

“အကြွင်းမဲ့မူလစွမ်းအင်က ဘယ်လိုလုပ်ပြီး နတ်စွမ်းအင် မဟုတ်ရမှာလဲ၊အတူတူပဲကွ"

ထိုစကားက “နဂါးငွေ့တန်းကလည်း မြစ်တစ်စင်းပါပဲ”ဆိုသောစကားလိုမျိုး ထိရောက်မှု ရှိပါလိမ့်မည်။

“ငါ မင်းဆီက ခိုးချထားတာကို တခြားသူတွေ မသိအောင် မင်းတို့အားလုံးကို နှုတ်ပိတ်ဖို့ သတ်ပစ်ရလိမ့်မယ်”

ကျိယွမ်က အေးစက်စွာပြောလိုက်၏။

ဝူထုံသည် ထိုစကားကြောင့် အံ့အားသင့်သွားသည်။

“အကြွင်းမဲ့မူလစွမ်းအင်ကို သိရုံလေးနဲ့​တော့ မလုံလောက်ဘူးကွ၊အခု မင်းမှာ အနာဂတ် မရှိတော့ဘူး”

ဝူထုံ၏မျက်လုံးများသည် မာနဖြင့် တောက်ပနေသည်။

ကျိယွမ် သေဆုံးသွားသည်နှင့် ဝူကွေမြို့သည် သူ၏အပိုင်ဖြစ်လိမ့်မည်။

သူ အဓိပတိအတွက် အလုပ်သည်လည်း တစ်ဝက်ပြီးမြောက်သွားလိမ့်မည်။

“သေလိုက်တော့”

ခရမ်းရောင် အစက်ကလေးကို ကျိယွမ်ဆီသို့ အရှိန်ပြင်းစွာ ပစ်လွှတ်လိုက်သောအခါ ကမ္ဘာကြီးလောကကြီးပင် တိတ်ဆိတ်သွားသကဲ့ရှိသည်။

ကျိယွမ်၏ ဧရာမသံချပ်ခန္ဓာကိုယ်သည် မရွေ့လျားနိုင်ဘဲ သော့ခတ်ထားသကဲ့သို့ ဖြစ်သွား၏။

အကြွင်းမဲ့မူလစွမ်းအင်များသည် အနှစ်သာရနှင့် သက်ဆိုင်ပြီး၊ အဓိပတိအဆင့်သို့ မရောက်သေးပါက မြေကမ္ဘာဒဏ္ဍာရီအဆင့်များတွင် ၎င်းတို့ကို တန်ပြန်ရန် နည်းလမ်းမရှိပါ။

အကြွင်းမဲ့မူလစွမ်းအင်ကို ရင်​ဆိုင်ရခြင်းသည် သေခြင်းတရားကိုသာ ဆိုလိုသည်။

ကျိယွမ်သည် ပြင်းထန်သော အန္တရာယ်ကို ခံစားမိသည်။

ခရမ်းရောင်အစက်သာ သူ့ကိုထိမှန်ပါက သူ သေဆုံးမည်မှာ သေချာသည်။

မြေကမ္ဘာဒဏ္ဍာရီများနှင့် အဓိပတိများအကြား ကွာဟချက်သည် စိတ်ဝိညာဥ်အဆင့်နှင့် ခရမ်းရောင်နန်းတော်များအကြား ကွာခြားချက်ကဲ့သို့ပင် ကြီးမားစွာကွာခြားလှသည်။

သို့သော် ကျိယွမ်၏ နှုတ်ခမ်းထောင့်များကွေးသွားပြီး လှောင်ပြုံးလိုက်သည်။

"သိုင်းသမားတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားမရှိဘဲ ငါ့ကို ခိုးကြောင်ခိုးဝှက် တိုက်နိုင်ရုံလေးနဲ့ မင်းအနိုင်ရပြီလို့ ထင်နေတာလား"

"မင်း အချက်တစ်ချက်ကို မေ့နေတယ်။ ငါက အဘိုးကြီးမဟုတ်ဘူးကွ၊ ငါက လူငယ် တစ်ယောက်"

လူငယ်များက သတိမေ့တတ်သောအဘိုးကြီးများကို ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ခြင်းဖြင့် အနိုင်ယူခြင်းမှာ အဆန်းမဟုတ်ပါ။

တိကျွဲ့တွင် ပြင်ပနတ်ဆိုးများသည် ကိုယ်ကျင့်တရားမရှိဘဲ သူ့ကိုမကြာခဏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လေ့ရှိသော်လည်း ကျိယွမ်သည် ပို၍အားကောင်းလာပြီး မူလစွမ်းအင်တိုက်ခိုက်မှုများကို ရှောင်ရှားရန် နည်းလမ်းပေါင်းရာဂဏန်းနီးပါးကိုပင် ရှာဖွေတွေ့ရှိခဲ့သည်။

သူသည် ခရမ်းရောင်အစက်ကလေးကို ငြိမ်သက်စွာရင်ဆိုင်ပြီး သူ၏စိတ်ထဲတွင် ရှောင်ရှားနည်းလမ်းများကို ပြန်လည် စဉ်းစားသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ချီယွမ် ပြုံးလိုက်သည်။

“တွေ့ပြီလေ"

"ပျက်စီး.."

သူသည် ခရမ်းရောင် အစက်ကလေးဆီသို့ လေကို ဖွဖွလေး မှုတ်ထုတ်လိုက်သည်။

မြို့တစ်မြို့လုံးကိုပင် ဖျက်ဆီးနိုင်သောစွမ်းအင်၊ဖျက်ဆီး၍မရနိုင်ဟုဆိုသော အကြွင်းမဲ့မူလစွမ်းအင်သည် ချီယွမ်၏ လေတစ်ချက်အမှုတ်ခံခြင်းဖြင့် အစိတ်စိတ်ကွဲထွက်သွားသည်။

ကျိယွမ်က ပြုံးလိုက်ပြီး ဝူထုံကို ကြည့်လိုက်သည်။

“အစ်ကိုကြီး၊ မင်းရဲ့အဆိုအမိန့်အတွက် ကျေးဇူးတင်ပါတယ်”

သူ၏ စကားနှင့်အတူ၊ လွင့်စင်သွားသော ခရမ်းရောင် အစက်ကလေးသည် ရုတ်တရက် နှစ်ခု၊ လေးခု…တစ်ရာ...နှစ်ရာမှသည် တစ်ထောင်… တစ်သောင်း အဖြစ် ကွဲသွားသည်။

ခရမ်းရောင် အစက်ကလေး ထောင်ပေါင်းများစွာသည် ကျိယွမ်ပတ်လည်တွင် ရွေ့လျားခြင်းမရှိဘဲ ဝဲပျံနေ၏။

ဝူထုံမှာ နားမလည်ခြင်းများနှင့်အတူအံ့သြသွား သည်။

“ဒါ..ဒါကဘာတွေ ဖြစ်နေတာလဲ”

သူ လုံးဝနားမလည်နိုင် ဖြစ်နေသည်။

နတ်ဆိုးတပ်ကြီးနှင့်နတ်ဆိုးထိန်းချုပ်သူများသည်လည်း အန္တရာယ်တစ်ခုကို ခံစားမိသည်။

ခရမ်းရောင်အစက်ကလေး ထောင်ပေါင်းများစွာသည် ကျိယွမ်၏ရှေ့တွင် ဝဲပျံနေသည်။

ကျိယွမ်သည် အစက်ကလေးများကို နောက်တစ်ကြိမ် ဖွဖွလေးမှုတ်ထုတ်လိုက်သည်။

မရေမတွက်နိုင်သော အစက်ကလေးများသည် ပျံသန်းနေသော မြှားများ ကဲ့သို့ နတ်ဆိုးတပ်ထဲသို့ ပစ်ဝင်သွားသည်။

ကျိယွမ်သည် သူ၏ဓားကျိုးကို ကိုင်ထားရင်းမှ စိတ်အားထက်သန်စွာကြည့်နေ၏။

“ဂိမ်းကိုဟက်ခ်ပြီးဆော့လိုက်ရသလိုပဲ ဒီခံစားချက်က အရမ်းကောင်းတယ်”

ခရမ်းရောင် အစက်ကလေးများသည် နတ်ဆိုးများပေါ်သို့ ကျရောက်သွားသည်နှင့်

အစွမ်းထက်သော နတ်ဆိုးများသည် အသက်ရှူချိန်တစ်ခုပင်မခံဘဲ သေဆုံးကာ ပျောက်ကွယ်သွားသည်။

ခရမ်းရောင်အစက်ကလေးများသည် အကြွင်းမဲ့အရိုးအသားပျော်ရည်များကဲ့သို့ အစွမ်းထက်ကာ ထိထိသမျှသက်ရှိအားလုံးကို ပျောက်ကွယ်စေသည်။

ထိထိသမျှအရာတိုင်းက သေဆုံးသည့်အပြင် အစအနပင်မကျန်ပါ။

“မဟုတ်ဘူး”

“ဘာတွေဖြစ်နေတာလဲ"

“မင်း…”

ဝူထုံအလွန်ထိတ်လန့် သွားပြီး ယခုအရာက သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။

အကြွင်းမဲ့မူလစွမ်းအားသည် သူ၏လျှို့ဝှက်ကဒ်ဖြစ်သင့်သည်။

ထိုအရာက အဘယ့်ကြောင့် ဝူကွေမြို့ ကာကွယ်သူ၏ လက်ထဲသို့ရောက်သွားရသနည်း။

ထိုသူသည် အဓိပတိတစ်ယောက်ဖြစ်နေသည်များလား။

သူ လုံးဝနားမလည်နိုင် ဖြစ်နေသည်။

သို့သော်အဖြေရှာချိန်မရတော့ပါ။

“မဖြစ်နိုင်ဘူး”

ခရမ်းအစက်ကလေးများသည် ဝူထုံကို ထိမှန်ပြီး သူရုန်းကန်နေသော်လည်း အခြားနတ်ဆိုးများနည်းတူ အစမကျန်ပျောက်ကွယ်သွားသည်။

ခရမ်းရောင်အစက်ကလေးများ၏ တိုက်ခိုက်မှုအောက်တွင် နတ်ဆိုးများနှင့် နတ်ဆိုးထိန်းချုပ်သူများမှာ တစ်ယောက်မကျန် ပျက်စီးနေသည်။

အသက်ရှူချိန်သုံးခုအတွင်း၌ နတ်ဆိုးတပ် ကြီးတစ်ခုလုံး သဲကန္တာရထဲမှ လုံးဝပျောက်ကွယ်သွားတော့သည်။

သဲပြင်ပေါ်မှ သူတို့၏ခြေရာများမှလွဲ၍ အားလုံးသည် တစ်ခါမှ မတည်ရှိခဲ့ဖူးသကဲ့သည့်အလားပင် ။

ကျိယွမ်၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ တလက်လက် တောက်ပလျှက်ရှိသည်။

သူသည် ဤတစ်ကြိမ်တွင် နတ်ဆိုးအနှစ်သာရအများအပြားကို စုဆောင်းနိုင်ခဲ့သဖြင့် စစ်မှန်သောနတ်ဆိုးတစ်ပါးနှင့် တူညီသော ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်လွှတ်နေသည်။

အားလုံးကြည့်နေစဥ်မှာပင် သူ၏ခန္ဓာကိုယ်သည် မူလအရွယ်သို့ပြန်ကျုံ့သွား၏။

သူသည် ဝေးကွာသောအရပ်မှ ကျောက်ကျူနှင့်လျူဝမ်ထိုင်းတို့ကို တစ်ချက်ကြည့်ပြီးနောက် ဝူကွေမြို့သို့ ပြန်လည်ပျံသန်းဝင်ရောက်သွားသည်။

ယခုအခါ ကျောက်ကျူသည် လုံးဝ အံ့အားသင့်နေသည်။

“ငါ မျက်စိမှား နေတာလား”

လျူဝမ်ထိုင်းသည်လည်း တိတ်ဆိတ်နေပြီး၊ မြင်ကွင်းကို လုံးဝနားမလည်နိုင် ဖြစ်နေသည်။

ဝူထုံသည် သူ၏နတ်စွမ်းအင်ကို အသုံးပြု၍ ဝူကွေမြို့ကာကွယ်သူကို တိုက်ခိုက်ခဲ့သည်။

ကာကွယ်သူက ဝူထုံ၏နတ်စွမ်းအင်ကို မှုတ်ထုတ်လိုက်ရာ ရုတ်တရက် နတ်ဆိုးတပ်ကြီးတစ်ခုလုံး… ပျောက်ကွယ်သွားသည်။

"ဒါကြီးက ဘယ်လိုကြီးလဲ"

သူ မည်သို့ပင်စဉ်းစားသည်ဖြစ်စေ မယုံနိုင်စရာဟုသာ ထင်နေသည်။

“မယုံနိုင်စရာ ကောင်းလွန်းတယ်”

ကျောက်ကျူက သက်ပြင်းချလိုက်သည်။

“ငါ သူ့ကို အထင်မှားသွားပြီ။ သူ ကြွားလုံးထုတ်နေတာ မဟုတ်ဘူး၊သူက တကယ်ကို အထင်ကြီးစရာ ကောင်းတာပဲ”

လျူဝမ်ထိုက်က သဘောတူကြောင်း ခေါင်းညိတ်သည်။

လူတစ်ယောက်တည်းက နတ်ဆိုးထောင်ပေါင်းများစွာရှိသော တပ်ကြီးကို ရှင်းပစ်လိုက်၏။

ဝူကွေမြို့၏ကာကွယ်သူသည် အဓိပတိအဆင့်၏အောက်မှာတော့ အားအကောင်းဆုံး ဖြစ်နိုင်သည်။

“ဒါပေမယ့် စိတ်မကောင်းစရာအမှန်တရားက....”

ကျောက်ကျူက ဝမ်းနည်းစွာ ဆက်ပြောသည်။

“ဝူကွေမြို့ကာကွယ်သူဟာ နတ်ဆိုးတပ်ကြီးကို အစွမ်းကုန်သတ်ပြီးနောက် ပင်ပန်းနွမ်းနယ်လွန်းလို့လဲကျပြီး သေဆုံးသွားခဲ့ရင်၊ ဒီနေ့ရဲ့အောင်မြင်မှုဟာ ဒဏ္ဍာရီတစ်ခုသပ်သပ်ပဲ ဖြစ်သွားမှာပဲ၊နှမြောဖို့ကောင်းလိုက်တာ"

လျူဝမ်ထိုက်မှာ ကျောက်ကျူကိုကြည့်ကာ ခေါင်းသာ တွင်တွင်ယမ်းမိတော့သည်။

ဒီကောင်...​ဒီလိုဉာဏ်ရည်နဲ့ ဘယ်လိုလုပ်ပြီး ပျောက်ကြားအဖွဲ့ခေါင်းဆောင်ဖြစ်လာပါလိမ့်။

.....................

ခန်းလန်မြို့တွင်ဖြစ်သည်။

ငွေရောင်ဆံပင်နှင့်အတူ မျက်နှာတွင် ဇရာအရေးအကြောင်းများရှိသော တုံလုံသည် စိုးရိမ်ပူပန်မှု အပြည့်ဖြင့် မြို့ရိုးပေါ်တွင် ရပ်နေ၏။

သူသည် ရှေ့မြို့မှ တိုက်ပွဲအတွက် အလွန်အမင်းစိုးရိမ်ပူပန် နေသည်။

ဝူထုံသည် မီဆန်းထက် အဆပေါင်းများစွာ ပို၍ ကြမ်းတမ်းခက်ခဲသည်ကို သူကောင်းစွာသိထားသည်။

ဝူကွေမြို့ကျဆုံးသည်နှင့် ခန်းလန်မြို့သည် နောက်ပစ်မှတ် ဖြစ်လာမည်ဖြစ်ပြီး သူတို့ သည် ဝုထုံကိုမည်မျှကြာကြာ ထိန်းထားနိုင်မည်ကို မသိပါ။

ဤအရာကို တွေးမိသောအခါ ထုံလုံ၏ အိုမင်းသောမျက်နှာသည် ပို၍မှောင်မိုက် လာသည်။

ထိုအချိန်တွင် ဝူကွေမြို့တိုက်ပွဲကို စောင့်ကြည့်ရန်စေလွှတ်ခဲ့သော ကင်းထောက်များ ပြန်လာသောကြောင့် သူ၏စိတ်ဓာတ်များ မြင့်တက်သွားသည်။

သူသည် စိတ်လှုပ်ရှားနေသော်လည်း သူ၏ တည်ငြိမ်မှုကို ထိန်းသိမ်းထားကာ မြင့်မားသောမျှော်စင်တွင် တည်ငြိမ်စွာထိုင်နေလိုက်သည်။

ရလဒ်က မည်သို့ပင်ဖြစ်စေ သူ့လိုကာကွယ်ရေးမှူးအနေဖြင့် မြေပြိုခြင်းကြောင့်မတုန်လှုပ်သော တောင်ကဲ့သို့ တည်ငြိမ် နေရမည်ဖြစ်သည်။

-------------------

All Chapters