ကြွက်ရိုင်းများ
Vol. 24 Ch. 360
တောင်နံရံမှ ပြန်ဆင်းလာသောအခါ အဖိုးအို၏ ခြေလက်များမှာ တုန်လှုပ်နေကြ သည်။ သို့သော် ကြောက်ရွံ့သောကြောင့် တုန်လှုပ်ခြင်းမဟုတ်ဘဲ စိတ်လှုပ်ရှားခြင်းကြောင့် တုန်လှုပ်နေခြင်းပင် ဖြစ်သည်။
သူသည် တွယ်ဆင်းနေလျှင် အချိန်ကြာနေမည်စိုးသဖြင့် ရှောက်ရွှမ်ဘေးမှ တခါတည်း ခုန်ချလိုက်သည်။ ထို့နောက် ရှောက်ရွှမ်စကားတစ်လုံးမှ မပြောနိုင်ခင်တွင် ပြေးထွက်သွားသည်။
ရှောက်ရွှမ်သည် စကားလှမ်းပြောလိုက်ချင်သော်လည်း ပြောရန် အချိန်မရပါ။ အဖိုးအိုနောက်သို့ လျင်မြန်စွာ ပြေးလိုက်သွားလိုက်သည်။
“ဟုတ်ပြီ…ဒါပဲ” အဖိုးအိုသည် တောင်နံရံမှ
အောက်ဆင်းလာပြီး အရပ်မျက်နှာတစ်ဖက် သို့ အလျင်စလို သွားနေခြင်းဖြစ်သည်။ ထိုနေရာမှ ကြွက်ရိုင်းများ ဖြတ်ပြေးသွားသော နေရာ ဖြစ်ပါသည်။
“ရွှေကောက်ပဲ သီးနှံမဟုတ်ရင်တောင်၊ ဒီကြွက်တွေ ဒီလို ဖြစ်တယ်ဆိုတော့ ထူးခြားတဲ့ ဟာတစ်ခုခု ဖြစ်လိမ့်မယ်” အဖိုးအိုက ဆက်ပြေးသည်။ အဖိုးအိုသည် အိပ်ရေးမဝသော် လည်း စိတ်အားတက်ကြွနေပါသည်။ အခုအချိန်တွင် အဖိုးအိုသည် အားအင်များ ပြန်လည် ပြည့်ဝနေပြီ ဖြစ်သည်။
ထိုကြွက်များ ထူးဆန်းစွာ ပြုမူရသည့် အကြောင်းရင်းကို ရှောက်ရွှမ်လည်း သိချင်နေသည်။ ရှေ့သို့ဆက်ပြေးသွားသောအခါ တချို့နေရာများတွင် ကြွက်ရိုင်းများ ခုန်ထွက်လာသည်ကို တွေ့လိုက်ရသည်။ ရှောက်ရွှမ်ကို တွေ့သောအခါ ကြွက်ရိုင်းများသည် ပြေးနေရာမှ ခဏရပ်လိုက်သည်။ ထို့နောက် ဆက်လက် ပြေးလွှား
ကြသည်။ ထူးဆန်းသောသတ္တဝါ ရှောက်ရွှမ်နှင့် ယှဉ်လျှင် သူတို့လိုချင်နေသော ပစ္စည်းမှာ ပိုစိတ်ဝင်စားစရာကောင်းနေသောကြောင့် ကြွက်ရိုင်းများသည် ရှောက်ရွှမ်ကို အရေးမလုပ်ဘဲ ဆက်ပြေးသွားကြသည်။
“ဒီလောက်များတဲ့ ကြွက်ရိုင်းတွေ တခါမှ မမြင်ဖူးပါဘူး…ဘာလို့ အကောင်ရေ ဒီလောက်တောင် များလာတာလဲ” ရှောက်ရွှမ် စဉ်းစားနေမိသည်။
“သစ်သီးက မှည့်နေပြီ ဖြစ်မယ်” အဖိုးအိုသည် စကားသိပ်မပြောပါ။ ခြေလှမ်းများကို အရှိန်တင်လိုက်သည်။ အချိန်တွေအကြာကြီး လိုက်ရှားခဲ့ရပြီးနောက် မျှော်လင့်ချက် ရောင်ခြည်လေး ပြန်သမ်းလာပါပြီ။အရင်တစ်ခေါက်တုန်းကလည်း အခုလို အဖြစ်အပျက်မျိုး ကြုံခဲ့ဖူးသည်။ ထိုစဉ်တုန်းက ရွှေကောက်ပဲသီးနှံမဟုတ်ဘဲ အခြားအဖိုးတန် ဆေးပင်တစ်ပင် ဖြစ်နေသည်။ အခုတစ်ခေါက်တွင်တော့ အဖိုးအိုစိတ်ထဲတွင် ပိုသေချာနေသည်။ ဘိုးဘေးများ၏ မှတ်တမ်းများထဲတွင် ရွှေကောက်ပဲသီးနှံကို ရှာတွေ့လျှင် ကြွက်များ၏
ထူးဆန်းသော လှုပ်ရှားမှုများကို လည်းတွေ့ရမည် ဟုဖော်ပြထားသည်။ သို့သော် မှတ်တမ်းမှာ အပြည့်အစုံတော့ မဟုတ်ပါ။ အဖိုးအိုသည် မှတ်တမ်းများထဲမှ ထိုအပင်အကြောင်းကို သိပ်မသိရဘဲ၊ သူ့အားသူကိုး၍ ရှာဖွေခဲ့ရခြင်း ဖြစ်သည်။
“ဒီတစ်ခေါက်တော့ သေချာပြီ…သေချာပြီ” အဖိုးအိုသည် စိတ်ထဲက ကြုံးဝါးနေသည်။
ရှောက်ရွှမ်သည် အဖိုးအိုနှင့် သိကျွမ်းခဲ့သည် ရက်အနည်းငယ်ကြာပါပြီ။ ထိုရက်များအတွင်း အခုလိုလျင်မြန်စွာ ပြေးခြင်းမျိုးကို မမြင်ဖူးပါ။ အခုလို စိတ်လှုပ်ရှားမှုများပြည့်နှက်နေသော မျက်လုံးများကို မမြင်ဖူးပါ။ထိုအချိန်တွင် တစ်ယောက်ယောက်က သူ့ကို တားဆီးမည်ဆိုလျှင် အဖိုးအိုသည် ထိုသူနှင့် သူသေကိုယ်သေ တိုက်ခိုက်မည် ဖြစ်သည်။
ဆက်သွားလေ ကြွက်ရိုင်းများ ပိုများလာလေဖြစ်သည်။ ထိုနားတွင် နေကြသော ကြွက်
များသည် တွင်းများထဲတွင် ပုန်းအောင်းနေရာမှ ထွက်လာပြီး ပြေးလွှားနေသော ကြွက်များနှင့် ပူးပေါင်းကာ သူတို့ဦးတည်ရာအရပ်မျက်နှာသို့ ပြေးသွားကြသည်။ သူတို့ကိုကြည့်ရသည်မှာ စွမ်းအင်များ ပြည့်ဝနေသလို ဖြစ်နေသည်။
ကြွက်များ၏ လှုပ်ရှားမှုကို စိတ်ဝင်စားနေသော တိရစ္ဆာန်များလည်းရှိပါသည်။ ထိုတိရစ္ဆာန်များသည် နဂိုကတည်းက ထိုကြွက်များကို ပစ်မှတ်ထားနေခြင်းဖြစ်ပါသည်။
မြွေပါနှင့်တူသော တိရစ္ဆာန်တစ်ကောင်သည် ကြွက်များကို ဝင်ဖမ်းပါသည်။ ထို့နောက် ကြွက်များကို ပါးစပ်တွင် ကိုက်ချီကာ လျင်မြန်စွာ ပြေးထွက်သွားပါသည်။ နောက်ထပ် မြွေပါတစ်ကောင်ကတော့ ကြွက်များပြေးနေရာလမ်းကို ပိတ်၍ ရပ်နေပါသည်။ သို့သော် ကြွက်များက အရှိန်ကိုမလျှော့သလို လမ်းကြောင်းလည်း မပြောင်းပါ၊ သူတို့သည် ထိုမြွေပါအပေါ်တစ်ပေအမြင့်လောက်မှ ခုန်ကျော်သွားကြပါသည်။ နောက်တွင် ပါလာသော ကြွက်များသည်လည်း ထိုကဲ့သို့ လိုက်ပြုမူ
ကြသည်။ ပုံမှန်အချိန်ဆိုလျှင်တော့ ကြွက်များသည် ထိုကဲ့သို့ လုပ်ရဲမည် မဟုတ်ပါ။ အန္တရာယ်နှင့်ကြုံလာလျှင် ကြွက်များသည် ထွက်ပြေးမည်သာဖြစ်သည်။
ထို့ပြင် သူတို့မျိုးနွယ် ကြွက်တစ်ကောင် အဖမ်းခံလိုက်ရသည်ဆိုပါက ထိုနေရာတွင် တစ်စက္ကန့်တောင် ဆက်နေမည် မဟုတ်ပါ။
သို့သော် သူတို့ဦးတည်ရာနှင့် ပို၍နီးလာလေ ကြွက်များမှာ ပိုများလာလေ ဖြစ်သည်။ ကြွက်များကို ဖမ်းစားသော သတ္တဝါများမှာ တဖြည်းဖြည်း နည်းသွားသည်။ အခြေအနေကို ကြည့်လိုက်ပြီးနောက် အခြားသတ္တဝါများသည် တစ်ကောင်တည်း ကြွက်များကို ဝင်မဖမ်းရဲတော့ပါ။ ကံမကောင်းလျှင် အကိုက်ခံသည့် အကောင်က သူတို့ ဖြစ်သွားနိုင်သည်။
ရှောက်ရွှမ်နှင့် အဖိုးအိုတို့သည် ကြွက်များနောက်မှ လိုက်လာကြသည်။ တောင်ထိပ်တစ်ခုနားသို့ရောက်သောအခါ သူတို့သည် ပြေးနေရာမှ
ရပ်လိုက်ကြသည်။ ဘာကြောင့် ရပ်လိုက်ရသနည်း။
ရှေ့ဆက်သွားစရာနေရာ မရှိတော့သောကြောင့် ရပ်လိုက်ရခြင်းဖြစ်သည်။ သူတို့ရှေ့တွင်ရှိသော မြေပြင်သည် ကြွက်များနှင့် ပြည့်နှက်နေသည်။ ထိုအချိန်တွင် အခြားအရပ်များမှ ပြေးလာသော ကြွက်များက ထိုနေရာတွင် ရောက်နေသော ကြွက်အုပ်ကြီးနှင့် လာပူးပေါင်းကြသည်။
ကန္တာရထဲတွင် ရှိစဉ်တုန်းက၊ နီလာ ပိုးမွှားများကို ခေါ်ဆောင်လာတုန်းကလောက် အကောင်အရေအတွက်မများသော်လည်း အခုအခြေအနေက ထိုအခြေအနေနှင့် လုံးဝမတူပါ။ သွားလာ၍ရသောနေရာဆိုလို့ သီးပင်စားပင်များ မဖြစ်ထွန်းသော တောင်များသာရှိသည်။ အခြားတိရစ္ဆာန်များလည်း မရှိပါ။ ထိုကဲ့သို့နေရာမျိုးတွင် ထောင်ချီသောကြွက်များ ပြေးလွှားနေရခြင်းမှာ ထူးဆန်းအံ့ဩဖွယ်ရာပင်။
နောက်နားတွင်ရှိသော ကြွက်များသည်
ပြေးလွှားခြင်းကို ရပ်တန့်လိုက်ရသော် လည်း ရှေ့ဆက်တိုးချင်နေသေးသည်။ သို့သော် ရှေ့တွင်လည်း ကြွက်များ ပြည့်နှက်နေပြီ ဖြစ်သည်။ရှေ့ဆက်သွားရန် နေရာမရှိတော့ပါ။ နောက်ကကြွက်များတိုးနေခြင်းကြောင့် ရှေ့က ကြွက်ကြီးများ စိတ်ဆိုးပြီးနောက်က ကြွက်များကို လှည့်၍ ကိုက်လိုက်သည်။ ထိုအဖြစ်အပျက်ကို မြင်သောအခါ နောက်ကတိုးနေသော အကောင်များသည် ဆက်မတိုးကြတော့ပါ။ သူတို့သည် အနောက်တွင်သာ နေကြတော့ပြီး အပင်ထိပ်ဖျားကို ကြည့်နေကြသည်။ထို့နောက် လေတိုက်ခတ်မှုကြောင့် ယိမ်းခါနေသော အပင်များကို စိုက်ကြည့်နေကြသည်။
ရှေ့ဆက်မတိုးနိုင်တော့သဖြင့် နောက်တွင်ရှိသော ကြွက်များသည် လည်များကို ဆန့်တန်းကာ အပေါ်မှ ကြည့်ရှုကြလေသည်။ ကြွက်များသည် မြေပြင်ပေါ်တွင် မတ်တပ်ရပ်ပြီး လည်ပင်းများ တဆန့်ဆန့်ဖြစ်နေကြသည်။
တောင်ပေါ်တွင် ပေါက်နေသော အပင်များကို
ရှောက်ရွှမ်လည်း တွေ့ပါသည်။ အပင်များမှာ ခပ်မတ်မတ်ရှိပြီး ပင်စည်ရိုးတံက မာကြောပါသည်။ အမြင့်ကတော့ လူတစ်ရပ်စာလောက်ရှိပါမည်။ သစ်ရွက်များက လှံပုံစံရှိပြီး ရိုးတံတစ်ခုစီတွင် ရွှေအိုရောင် သီးနှံများ ပြွတ်ခဲနေပါသည်။ လေတိုက်သောအခါ ထိုသီးနှံများ ကြွေကျကုန်ပါသည်။
အဖိုးအိုသည်လည်း ပြေးနေရာမှ ရပ်လိုက်ပြီး နှာခေါင်းကို ရှုံ့ပွ၊ ရှုံ့ပွလုပ်ပြီး အနံ့ခံနေကာ တောင်ထိပ်ပေါ်သို့ လှမ်းကြည့်နေသည်။အဖိုးအိုသည် တလောကလုံးတွင် ထိုအပင်များသာရှိနေသလို ပြုမူနေပါသည်။
အဖိုးအို၏မျက်လုံးများတွင် အံ့ဩမှု၊ စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေသည်။ လက်သီးနှစ်ဖက်ကို ဆုပ်ထားပြီး၊ ပင်စည်တချို့ကို တူးယူရန် အသင့်ပြင်နေလေသည်။
“အဲဒါ ရွှေကောက်ပဲ သီးနှံလား” ရှောက်ရွှမ်က အသံတိုးတိုးဖြင့် မေးလိုက်သည်။
“ဟုတ်တယ်…အဲဒါရွှေကောက်ပဲသီးနှံပဲ” အဖိုးအိုသည် သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ပါ။ အဖိုးအိုသည် ဘေးဘီကို ဂရုမပြုတော့ဘဲ သူ၏ စိတ်ကူးကမ္ဘာထဲတွင် နစ်မြောနေပါသည်။ “ ဟားဟားဟား…နောက်ဆုံးတော့ ရှာတွေ့ပြီကွ”
ရှောက်ရွှမ် မျက်တောင် ပုတ်ခတ် ပုတ်ခတ်ဖြစ်သွားသည်။ သူ့စိတ်ထဲတွင် တမျိုးကြီးဖြစ်သွားပါသည်။
အဖိုးအို၏ ရယ်သံကို ကြားလိုက်သောအခါ ရှေ့တွင်ရှိသော ကြွက်ရိုင်းများက သူတို့ကို လှည့်ကြည့်ပါသည်။ သူတို့မျက်လုံးလေးများသည် ကြောက်မက်ဖွယ်ကောင်း လောက်အောင် စူးရှသွားကြသည်။ တောင်ထိပ်နားနှင့် အနီးဆုံးဖြစ်ပြီး အခြားအကောင်များထက် ပိုအကောင်ကြီးသော အကောင်ကြီးများ၏ မျက်လုံးများက ပိုစူးရှကြသည်။ ထိုအကောင်ကြီးများသည် အခြားအကောင်များထက် ၂ဆ၊၃ဆလောက် ကြီးမားကြပြီး ၊ မျက်လုံးများမှာလည်း သတ်ဖြတ်လိုခြင်းကြောင့် နီရဲတောက်ပြောင်နေပါသည်။
တောင်ထိပ်နားတွင်ရှိသော ကြွက်ရိုင်းကြီးများသည် လေထဲတွင် ယိမ်းခါနေသော သီးနှံအခိုင်များကို ကြည့်လိုက်၊ အဖိုးအိုကို နီရဲတောက်ပြောင်နေသော မျက်လုံးများဖြင့် ကြည့်လိုက်ဖြစ်နေကြသည်။ ရုတ်တရက် သူတို့သည် စိတ်ဆိုးစွာဖြင့် မတ်တပ်ရပ်လိုက် ကြပြီး စူးရှစွာ အော်ဟစ်လိုက်ကြသည်။
ရှောက်ရွှမ်သည် အခြေအနေမကောင်းဟု တိုးတိုးလေး ရေရွတ်လိုက်ပြီ ကိုယ်တွင်းမှ နတ်စွမ်းအင်များကို ထုတ်ကာ အဖိုးအိုကို ချီလိုက်သည်။ တခဏအတွင်း နတ်အမှတ်အသားများ ပေါ်လာပြီး ချော်ရည်လိုပူလောင်သော လေဖိအားတစ်ခုဖြစ်ပေါ်လာသည်။ ထို့ကြောင့် ကြွက်များသည် ကြောက်လန့်သွားကြပါသည်။ ထို့နောက် ရှောက်ရွှမ်သည် စွမ်းအားများကို ခြေထောက်တွင် စုစည်းကာ တောင်အောက်သို့ ပြေးဆင်းသွားပါသည်။
သို့သော် ကြွက်များသည် တောင်ထိပ်မှအပင်
များကို မည်သို့လုပ်ရန် ဆုံးဖြတ်ချက်မချမီ သေချာစဉ်းစာနေကြသည်။ရှောက်ရွှမ်တို့ကြောင့် ကြွက်များသည် ကြောက်ရွံ့သွားကြခြင်း ဖြစ်လိမ့်မည်။ ကြောက်ရွံ့သော်လည်း ကြွက်များသည် ထွက်မပြေးပါ။ ထွက်ပြေးသွားပါက သီးနှံများကို မစားလိုက်ရမည်စိုး သောကြောင့် ဖြစ်ပါသည်။
ရှောက်ရွှမ်သည် အဖိုးအိုကို ထမ်းရင်း ထွက်ပြေးလာသည်။ သူတို့နောက်သို့ ကြွက်များ လိုက်မလာသည်ကိုတွေ့သောအခါမှ အရှိန်ကို လျှော့ချလိုက်ပြီး အဖိုးအိုကို အောက်ချပေးလိုက်သည်။
အဖိုးအိုသည် ရှောက်ရွှမ်ကိုယ်ပေါ်မှ နတ်အမှတ်အသားများကို မကြည့်ပါ။ သူ့မျက်လုံးများသည် တောင်ထိပ်တွင်ရှိသော အပင်များကို ကြည့်နေဆဲဖြစ်သည်။ အတွေးများကလည်း ရွှေအိုရောင် သီးနှံများအကြောင်းသာ တွေးမိနေသည်၊။
မြေပေါ်သို့ချပေးလိုက်သောအခါ အဖိုးအိုသည် တောင်ထိပ်ပေါ်သို့ ပြန်ပြေးတက် သွားမလို လုပ်နေပါသည်။ သို့သော် ရှောက်ရွှမ်က တားထားလိုက်သည်။
“ငါ့ကိုလွှတ်စမ်းပါ…ငါသွားမယ်…ရွှေကောက်ပဲသီးနှံကွ… ရွှေကောက်ပဲသီးနှံ…မင်းသိရဲ့လား…”အဖိုးအိုသည် ရုန်းကန်ရင်း အော်ဟစ်နေပါသည်။
“ရွှေကောက်ပဲသီးနှံပဲဖြစ်ဖြစ် ကျွန်တော် ဂရုမစိုက်ဘူး…ကျွန်တော်သိတာ အဲဒီနေရာမှာ ကြွက်တွေ အပြည့်ပဲ…ခင်ဗျားကို ကြွက်တွေ ဝိုင်းကိုက်တာ ခံချင်လို့လား” ရှောက်ရွှမ်က အော်လိုက်သည်။
ထိုအခါ ရုန်းကန်နေသော အဖိုးအိုသည် အသိစိတ်ပြန်ဝင်လာသည်။ သူသည် ရှောက်ရွှမ်စကားများကို ရေရွတ်မိသည် “ကြွက်တွေ အပြည့်ပဲ ဟုတ်လား”။
တောင်ထိပ်တွင်ရှိနေသာ ကြွက်ရိုင်းများ
အကြောင်းကို တွေးမိသောအခါ အဖိုးအို စိတ်ပျက်သွားသည် “မဖြစ်ဘူး…မဖြစ်ဘူး…ရွှေကောက်ပဲသီးနှံကို ကြွက်ရိုင်းတွေ ဖျက်ဆီးလို့မဖြစ်ဘူး” ။
တော်ပါသေးသည်။ အဖိုးအို အသိစိတ်ပြန်ဝင်သွားသည်။ အဖိုးအိုသည် လမ်းလျှောက်နေရင်းဖြင့် နည်းလမ်းတစ်ခုကို စဉ်းစားကြည့်နေသည်။
“အပင်တွေက လုံးဝမရင့်မှည့်သေးဘူး…ကြွက်ရိုင်းတွေက ရင့်မှည့်မယ့်အချိန်ကို စောင့်နေတာ…အပင်တွေ မရင့်မှည့်သေးခင် အဲဒီကြွက်တွေကို မောင်းထုတ်မှ ဖြစ်မယ်” အဖိုးအိုက ပြောလိုက်သည်။
“ဘယ်လိုလုပ်ကြမလဲ” ရှောက်ရွှမ်ကမေးလိုက်သည်။ ရှောက်ရွှမ်တွင် နည်းလမ်းမရှိသည်တော့ မဟုတ်ပါ။ ရှောက်ရွှမ်သည် ထိုကြွက်များကို တိုက်ခိုက်၍ ရပါသည်။ သို့သော် အတော်တော့ စွန့်စားရမည်ဖြစ်သည်။ ကြွက်များသည် အရေအတွက် အလွန်များပြီး တောင်ထိပ်နားတွင်
နေရာယူထားသည်မှာ ကြွက်ရိုင်းအကောင်ကြီးများဖြစ်သည်။ အကောင်ကြီးများက တိုက်ခိုက်ရပိုခက်ခဲမည်ဖြစ်သည်။ ကြွက်များကို တိုက်ခိုက်သော်လည်း တောင်ထိပ်ပေါ်မှ အပင်များအတွက် အာမမခံနိုင်ပါ။
အဖိုးအိုသည် ဆုံးဖြတ်ချက်မချခင် သေချာစဉ်းစားကြည့်နေသည်။ မျက်မှောင်ကြုံ့ထားရာမှ တဖြည်းဖြည်း ပြေလျော့လာပြီး ရှောက်ရွှမ်ကို လှမ်းခေါ်လိုက်သည်။ “ငါနဲ့လိုက်ခဲ့”။