ပင်လယ်ပြင်အောက်မှ အပြောင်းအလဲများ
Vol. 24 Ch. 350
နှင်းမြို့တော်ဘုရင်သည် ကျင်းကျားဝေ့များကို စေလွှတ်လိုက်တုန်းက ရန်သူကို မသတ်နိုင်လျှင် ပြန်မလာနှင့်ဟုမှာလိုက်သည်။ ထိုအချိန်တုန်းက ဒေါသအလွန်ထွက်နေ၍ ထိုသို့ ပြောလိုက်ခြင်းဖြစ်သည်။ အခုတော့ စကားနောက်၊ တရားပါဖြစ်တော့မည်။
ကျင်းကျားဝေ့များသည် တစ်ယောက်ချင်းတိုက်ရာတွင် သိပ်အသုံးမဝင်သော်လည်း အဖွဲ့လိုက်ဆိုလျှင်တော့ ကြောက်ဖို့ကောင်းပေသည်။ သူတို့သည် လူများနှင့် သားရဲကြီးများကို တိုက်ခိုက်ဖူးသော်လည်း ပိုးကောင်များနှင့်တော့ မတိုက်ခိုက်ဖူးပေ။
ချေးပိုးထိုလှိုင်းလုံးကြီးကို မြင်ရသောအခါ တည်ငြိမ်နေသော ကျင်းကျားဝေ့များမှာ တုန်လှုပ်
ကုန်သည်။ ဖွဲ့စည်းပုံလည်း ပျက်သွားပါသည်။ သူတို့ စီးလာသော သားရဲများမှာလည်း ချေးပိုးထိုးအကိုက်ခံရသဖြင့် ထိန်းသိမ်းမရအောင် ဖြစ်နေ၏။ ချေးပိုးထိုးများကိုရှောင်ရှားရန် ဘယ်ဘက်လှည့်လိုက်လျှင် ညာဘက်က ပိတ်ဆို့ပြီးသား ဖြစ်နေသည်။ သူတို့သည် ထိုချေးပိုးထိုးများကို လက်မှိုင်ချ၍ ကြည့်နေရသည်။
ကျင်းကျားဝေ့များ တပ်ပျက်နေပြီဖြစ်သည်။ သူတို့စီးနင်းလာသော သားရဲများမှာလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်နေကြသည်။
ကျင်းကျားဝေ့အုပ်စုထဲတွင် ပုန်းအောင်းနေသော ပိလော်များသည် ချေးပိုးထိုးများလက်မှ လွတ်မြောက်ရန် လေထဲသို့ ခုန်တက်လိုက်သည်။ သို့သော် အတောင်ပံကို မဆန့်ရသေးခင် ချေးပိုးထိုးများက ကိုက်လိုက်သည်။ ၎င်းတို့သည် ခြေရာခံလိုက်သည့် တိရစ္ဆာန်များဖြစ်ပြီး တိုက်ခိုက်ရန် မွေးမြူထားသော တိရစ္ဆာန်များ မဟုတ်ပါ။ ချေးပိုးထိုးလှိုင်းလုံးကြီးကို ပိလော်
များ ရင်မဆိုင်နိုင်ပေ။
ပိလော်များ၏ အော်သံများ ဆူညံသွားသည်။ ထိုတိုက်ပွဲသည် သိပ်မကြာလိုက်ပါ။ အချိန်ခဏကြာသောအခါ အချို့လူများသည် အပြင်သို့ဖောက်ထွက်လာနိုင်ကြသည်။ သို့သော် ချေးပိုးထိုးများကြားတွင် ပိတ်မိနေသူများကိုတော့ မကယ်တင်နိုင်ပါ။ ကျင်းကျားဝေ့များသည် ချေးပိုးထိုးကိုက်သည့်ဒဏ်ကို ခံနေရပြီး မကြာခင်တွင် အရိုးစုများ ဖြစ်လာတော့မည် ဖြစ်သည်။
ချေးပိုးထိုးများကြားမှ ဖောက်ထွက်လာနိုင်သောသူများသည် ဒဏ်ရာများကို လျစ်လျူပြုပြီး နှင်းမြို့တော်ဘက်သို့ ပြေးထွက်သွားကြသည်။ မြို့တော်နယ်နိမိတ်အတွင်းသို့ ရောက်လျှင် အနည်းငယ်တော့ လုံခြုံသွားမည် ဖြစ်သည်။သို့သော် သူတို့သည် ကံမကောင်းပါ။ ချေးပိုးထိုးများလက်မှ လွတ်မြောက်လာသော်လည်း သူတို့မြို့ကို ရန်သူများက ဝိုင်းတိုက်နေကြသည်။
နှင်းမြို့တော်ကို ဝိုင်းတိုက်နေကြသူများသည်
ကျင်းကျားဝေ့များနှင့် တွေ့သောအခါ၊ ထိုသူများသည် ရင်ဆိုင်ရန် ခက်ခဲမည့်လူဖြစ်ကြောင်း သိလို်ပါသည်။ သို့သော် ကျင်းကျားဝေ့များသည် ထွက်ပြေးနေသဖြင့်၊ ထိုသူများသည် ကျင်းကျားဝေ့များကို လက်ထဲမှ ဓားများဖြင့် ပစ်ပေါက်လိုက်ကြသည်။
နှင်းမြို့တော်ဘုရင်သည် သည်းခံပြီး ရက်အနည်းငယ်ထပ်စောင့်သည်။ နောက်ဆုံးတွင်တော့ သူ၏ ကျင်းကျားဝေ့များ ပြန်ရောက်မလာတော့ပေ။
ကျင်းကျားဝေ့များကို နှင်းမြို့တော်ဘုရင်ကိုယ်တိုင် ကျွန်ပြုထားခြင်းဖြစ်သည်။ ကျင်းကျားဝေ့များသည် သာမန်အဆင့်နိမ့်ကျွန်များ ဖြစ်ပါက၊ သူဂရုစိုက်နေမည် မဟုတ်ပါ။ ထိုသူများ လုပ်ကြံခံရသူဖြစ်စေ၊ မတော်တဆမှုနှင့် ကြုံရသည်ဖြစ်စေ၊ သူစိတ်မဝင်စားပါ။ သို့သော် ကျင်းကျားဝေ့များသည် သာမန်အဆင့်နိမ့်ကျွန်များ မဟုတ်ပါ။ စတင်စေလွှတ်လိုက်သည့်အချိန်မှစ၍ ဘုရင်သည် ကျင်းကျားဝေ့များကို အာရုံစိုက်ထား
ပါသည်။ ရက်ကြာလာသောအခါ၊ သူနှင့်ကျင်းကျားဝေ့များကြားရှိ ဆက်နွယ်မှုကို သေခြင်းတရားက ခွဲခွာလိုက်သည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူသည် ရုတ်တရက် လက်သီးနှင့်ထိုးခံလိုက်ရသလို ခံစားလိုက်ရပြီး၊ ခေါင်းများကိုက်တတ်လာသည်။ ထိုအချိန်မှစ၍ သူသည် တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပါ။
အံ့ဩခြင်း၊ကြောက်ရွံ့ခြင်းနှင့် မယုံနိုင်ခြင်း…။နှင်းမြို့တော်ဘုရင်သည် ထိုခံစားချက်များကို ဟန်လုပ်၍ ဖုံးကွယ်ထားပါသည်။ သူသည် ကျင်းကျားဝေ့များကို ရှာရန် အဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်သည်။ အလောင်းများကိုတွေ့မည်ဆိုလျှင်တောင်၊ ကျင်းကျားဝေ့များ ဘယ်လိုအသတ်ခံရသည်၊ ဘယ်နေရာတွင် အသတ်ခံရသည်ဆိုတာကို ဘုရင်က သိချင်နေပေသည်။
ဘုရင်စေလွှတ်လိုက်သော အဖွဲ့မှလူများသည်လည်း ကျင်းကျားဝေ့များ သွားခဲ့သော လမ်းကြောင်းအတိုင်းထွက်ခွာသွားကြသည်။ လမ်းကြောင်းတလျှောက်တွင် သူတို့သည် မည်
သည့်အရိပ်အယောင်ကိုမှ မတွေ့ရပါ။ကျင်းကျားဝေ့များကို တိုက်ခိုက်လိုက်သူများမှာ ခြေရာလက်ရာများကို ဖျောက်ခဲ့သည် ထင်ပါသည်။ ကန္တာရထဲတွင် နှင်းမြို့တော်ဘုရင်၏ ကျင်းကျားဝေ့များကို အရိပ်အယောင်ပင် မတွေ့ရပါ။
ကျင်းကျားဝေ့များကို ဆက်လက်ရှာဖွေရင်းနှင့်၊ သူတို့သည် ပိုးကောင်အုပ်ကြီးတစ်အုပ်ရှိခဲ့သည် လက္ခဏာများကို တွေ့လိုက်ရသည်။ ထိုအခါ သူတို့အားလုံးသည် ကျောချမ်းသွားကြသည်။
ခြစ်ခြစ်တောက်ပူနေသော နေရောင်အောက်တွင်၊ သူတို့သည် ကျောချမ်းနေသည်။ သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီးသောအခါ၊ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်လာပြီး ရှေ့ဆက်မသွားရဲကြတော့ပေ။
ပင်လယ်အောက်ကြမ်းပြင်တစ်နေရာ၌…။
ရှောက်ရွှမ်သည် သူ့ကိုယ်သူ ပင်လယ်အောက် ကြမ်းပြင်ကို ရောက်နေသည်ဟု ထင်လိုက်သော်လည်း၊ အထူးအမြင်အာရုံကို သုံးပြီး ကြည့်လိုက်သောအခါ သူရောက်နေသောနေရာမှာ ပင်လယ်အောက်ကြမ်းပြင်မဟုတ်သေးကြောင်း သိလိုက်သည်။ သူသည် ပင်လယ်အောက်ရှိ တောင်တစ်လုံးပေါ်ကို ရောက်နေခြင်းဖြစ်သည်၊ ထိုတောင်ပေါ်မှ ပင်လယ်အောက်ကြမ်းပြင်သို့ရောက်ရန် ဘယ်လောက်လိုသေးသလဲတော့ ရှောက်ရွှမ်လည်း မသိပါ။
ရှောက်ရွှမ်၏ ခြေထောက်အောက်တွင် စွမ်းအင်ရင်းမြစ်တစ်ခုရှိနေပြီး၊ ထိုစွမ်းအင်က ရှောက်ရွှမ်ကို အောက်သို့ ဆွဲချနေပါသည်။ ဘေးဘီသို့ကြည့်လိုက်သောအခါ အတော်ကျယ်သော ပတ်ဝန်းကျင်ကို တွေ့လိုက်ရသည်။
ရှောက်ရွှမ်သည် ပင်လယ်အောက်တွင် အသက်အောင့်ထားရသည်မှာ အချိန်အတော်ကြာသွားပြီ ဖြစ်သည်။ ထိုအတိုင်းဆက်နေရမည်ဆိုပါက၊ သူသည် အသက်ရှူကျပ်ပြီး သေတော့မည်
ဖြစ်သည်။ ထို့ကြောင့် ရှောက်ရွှမ်သည် ရှိသမျှအင်အားများကို စုစည်းလိုက်ပြီး အပေါ်သို့ကူးတက်လိုက်သည်။ အပေါ်တွင် ရှိသော ပင်လယ်သတ္တဝါကြီးမှာ ထွက်ခွာသွားပြီ ဖြစ်သည်။ ထိုသားရဲကြီးရှိနေသောကြောင့်လား မသိပါ။ ထိုနားတဝိုက်တွင် အခြားငါးများကို မတွေ့ရပါ။ အခြားသော အန္တရာယ်ပေးနိုင်သည့် ရေအောက်သတ္တဝါများကိုလည်း မတွေ့ရပေ။
အခုအချိန်သည် ရှောက်ရွှမ်အတွက် လွတ်မြောက်ရန် အခွင့်အရေးဖြစ်သည်။
သို့သော် ရှောက်ရွှမ်သည် သူ၏စွမ်းအင်များကို စုစည်းလိုက်သောအခါ၊ အနားတွင်ရှိသော ရေထုသည် ပြောင်းလဲသွားသည်။
သားရဲကြီးပျောက်ကွယ်သွားတုန်းကလိုမဟုတ်ဘဲ ပြင်းထန်သော ရေစီးကြောင်းတစ်ခု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပြင်းထန်သော ရေစီးကြောင်းကြောင့် ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာပေသည်။
အချိန်တိုအတွင်းတွင် ပင်လယ်ရေပြင်သည် လျင်မြန်စွာ ပြောင်းလဲသွားပါသည်။ ရှောက်ရွှမ်သည် ထိုရေစီးကြောင်းထဲမှ လွတ်မြောက်အောင် မကူးခတ်နိုင်ချေ။
သူ့နားတွင် ဝဲဂယက်တစ်ခုဖြစ်ပေါ်လာသည်။ သို့သော် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ဖြစ်ပေါ်လေ့ရှိသော ဝဲဂယက်နှင့်မတူပါ။ ဝဲဂယက်မှာ ဒေါင်လိုက်အတိုင်းလှည့်လည်နေပြီး ရှောက်ရွှမ်ရှိသောနေရာသည် ဝဲဂယက်၏ အလယ်ဗဟို ဖြစ်ပေသည်။
သူ့ဝင်ရိုးအတိုင်းလှည့်လည်နေသော ရေစီးကြောင်းကိုကြည့်ပြီးနောက်၊ရှောက်ရွှမ်ရပ်နေသော ကျောက်တောင်သည် ပင်လယ်အောက်ကြမ်းပြင်နှင့် ထိတွေ့မှုမရှိကြောင်း သိနိုင်သည်။ ရေစီးကြောင်းသည် ကျောက်တောင်အောက်မှ စီးဆင်းနေပေသည်။
ရှောက်ရွှမ်အနားတွင် စွမ်းအင်တစ်ခုက အရာ
ရာကို စုပ်ယူနေသလို ဖြစ်နေသည်။ ရှောက်ရွှမ်၏ ခန္ဓာကိုယ်အပူချိန်မှာလည်း ပင်လယ်ရေ၏ အပူချိန်အတိုင်း တဖြည်းဖြည်း လျော့နည်းသွားပေသည်။ ခန္ဓာကိုယ်ထဲတွင် အားအင်များလျော့နည်းသွားသည်ကို သိလိုက်သောအခါ၊ ရှောက်ရွှမ်သည် သူ့ကိုယ်ထဲမှ နတ်စွမ်းအင်များကို နှိုးထလိုက်ပါသည်။ ထို့နောက် နတ်စွမ်းအင်များကို ခန္ဓာကိုယ်အတွင်း လှည့်လည်စေပြီး ကျဆင်းနေသော ကိုယ်အပူချိန်ကို ထိန်းလိုက်ပါသည်။ ကိုယ်အပူချိန်ပုံမှန်အနေအထားသို့ ပြန်ရောက်သောအခါ ရှောက်ရွှမ်၏ မြင်ကွင်လည်း ပိုရှင်းလာပါသည်။
မြေပြင်ပေါ်တွင် စစ်သည်တော်တစ်ယောက်သည် နတ်စွမ်းအင်များကို နှိုးထလိုက်သည်ဆိုပါက၊ သားရဲများက သတိထားမိသွားမည် ဖြစ်သည်။ ထို့ကြောင့် စစ်သည်တော်များသည် နတ်စွမ်းအင်ကို အလွယ်တကူနှိုးထခြင်းမျိုးမပြုလုပ်ပါ။ တိုက်ပွဲရှိမှသာ နတ်စွမ်းအင်ကို နှိုးထလေ့ရှိသည်။
ရှောက်ရွှမ်သည် သူ့နားတွင် ရေအောက် သတ္တဝါကြီးများရှိနေမည်ကို စိုးရိမ်နေ၏။ ပတ်ဝန်းကျင်ကို သေချာကြည့်လိုက်သောအခါမှသာ၊ ထိုနားတဝိုက်တွင် မည်သည့်သားရဲကြီးမှ မရှိကြောင်း သိလိုက်သည်။ သားရဲကြီးမပြောနှင့်၊ ငါးအသေးလေး တစ်ကောင်ပင် မရှိပေ။
အနာဖေးတက်နေသော ဒဏ်ရာဟောင်းတစ်ခုမှ သွေးများပြန်ထွက်လာသလို ရှောက်ရွှမ်ခံစားလိုက်ရသည်။
သူ့တကိုယ်လုံးအပေါ် ကြီးမားသော ဖိအားကြီးတစ်ခု သက်ရောက်နေ၏။ ရှောက်ရွှမ်သည် အရိုးများကျိုးတော့မလိုခံစားနေရပြီး၊ သူ့အရိုးများမှ ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်လာလေသည်။