လူများနှင့် တွေ့ဆုံခြင်း
Vol. 24 Ch. 353
ရှေ့ဆက်သွားလေ မြူများပါးသွားလေဖြစ်သည်။ မြူများသည် အလွန်ထူထပ်ခြင်းမရှိတော့ပါ။သူရောက်နေသောနေရာ၏ အရင်နေရာများနှင့် ကွာခြားချက်မှာ သူရောက်နေသော နေရာသည် တိရစ္ဆာန်အငယ်လေးများ အလွန်ပေါများခြင်းဖြစ်လေသည်။ ထိုနေရာတဝိုက်သည် ခုနတုန်းကလို အန္တရယ်အငွေ့အသက်များ လွှမ်းခြုံမနေတော့။ ခုနတုန်းကတော့ ထိုနေရာတွင် အန္တရာယ်အငွေ့အသက်များ လွှမ်းခြုံနေလေသည်။
ရှောက်ရွှမ်သည် သားရေအိတ်ကို ကိုယ်တွင် တွဲချည်ထားသဖြင့် သူ့လက်များမှာ ဓားတစ်ချောင်းကိုသာ ကိုင်ထားစရာလိုလေသည်။ သူ့ခြေလှမ်းများမှာ ပေါ့ပါးသွက်လက်နေသည်။ သို့သော် သတိဝီရိယတော့ မပေါ့ဆရဲသေးပါ။ ထိုအချိန်တွင် ရှောက်ရွှမ်သည် အသံများကို ကြားလိုက်ရ
သည်။
သူသည် လူသားများနှင့် မတွေ့ဆုံရသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ အခုတော့ သူသည် လူသားများ၏ အသံများကို ကြားနေရပြီဖြစ်သည်။ သတိဝီရိယနှင့် နေသင့်သည်ကို သိသော်လည်း ရှောက်ရွှမ်သည် အနည်းငယ် စိတ်သက်သာရာရ သွားသည်။ လူသားများနှင့်တွေ့ဆုံရခြင်းမှာ အဆန်းမဟုတ်သော်လည်း ရှောက်ရွှမ်သည် ထိုကုန်းမြေပေါ်တွင် လူသားဟူ၍သူတစ်ယောက်တည်း ရှိနေမည်ကို စိုးရိမ်ခြင်းဖြစ်သည်။
သူ့ခြေထောက်များသည် အရပ်မျက်နှာတစ်ဖက်သို့ ဦးတည်လိုက်သည်။ အသံများထွက်ပေါ်လာရာဘက်သို့ ခြေလှမ်းလိုက်ခြင်းဖြစ်လေသည်။ ထိုနေရာနားတွင် မြူငွေ့များမှာ ထူထပ်နေဆဲဖြစ်သည်။
သေချာနားထောင်ပြီးနောက် သူကြားနေရ
သော အသံများမှာ လူ၂ယောက် စကားပြောနေသံဖြစ်သည်ကို သိလိုက်ရသည်။ ရှောက်ရွှမ်သည် ထိုသူ၂ယောက် ပြောနေသော စကားများကို နားလည်နေသည်။ ထိုနေရာတွင် အသုံးပြုသော ဘာသာစကားသည် ကျွန်ပိုင်ရှင်များအသုံးပြုသော ဘာသာစကားနှင့် သိပ်မကွာပါ။ ထို့ကြောင့် ကျွန်ပိုင်ရှင်များသည် ရှောက်ရွှမ်အခုရောက်နေသာ နေရာမှ လာသည်ဆိုသော အချက်မှာ မှန်နိုင်ခြေရှိပါသည်။
သူ့ခန့်မှန်းချက်တစ်ခု မှန်သွားသည်ကို သိလိုက်ရသောအခါ ရှောက်ရွှမ်စိတ်ထဲ နေလို့ကောင်းသွားသည်။ ထိူလူ၂ယောက်တို့သည် အပင်များပေါ်မှ ရေစက်များကို လိုက်လံ စုဆောင်းနေဟန်တူပါသည်။
“ရပြီလား” အဝတ်ကြမ်းများဝတ်ထားသော လူငယ်အမျိုးသမီးတစ်ယောက်က သူ့ဘေးတွင်ရပ်နေသည့် ခြင်းတောင်းကိုင်ထားသော အမျိုးသားကို လှမ်းမေးလိုက်သည်။
အမျိုးသားသည် အမျိုးသမီးဘေးတွင်ရပ်နေရင်း ဘေးပတ်ဝန်းကျင်ကို သေချာအကဲခတ်လိုက်သည်။ ထို့နောက် ခေါင်းခါလိုက်ပြီး “ နည်းနည်းထပ်ရှာရအောင်…မိုးမရွာတာက တော်တော်ကြာနေပြီလေ…ဒီအခြေအနေတိုင်းပဲဆို ရှေ့လျှောက် အခြေအနေ ပိုဆိုးလာလိမ့်မယ်”
“ကောင်းပြီ…သတိဝီရိယနဲ့သွားရှာနော်”
“အေးပါ…ငါသတိထားပါ့မယ်…နောက်ဆုတ်တော့” အမျိုးသားသည် ခြေ၂လှမ်းလောက်တိုးလာလိုက်ပြီး အမျိုးသမီးကို နောက်တွင်ထားခဲ့သည်။ လက်ကိုင်ရိုး ရှည်သော ထူးဆန်းသည့် ဓားတစ်ချောင်းကို ကိုင်ထားရင်း သူသည် အဝေးတစ်နေရာသို့ ငေးစိုက်ကြည့်နေပါသည်။
သူတို့နှင့် မဝေးလှသော နေရာတွင် ကျောက်စရစ်ခဲလေးများ လှုပ်ရှားနေပြီး အသံများ ထွက်ပေါ်နေသည်။ ထိုကျောက်စရစ်ခဲများအောက်တွင် တစ်စုံတရာ ရှိနေလေပြီ။
မကြာခင်အချိန်အတွင်းတွင် လှုပ်ရှားမှုမှာ ပိုသိသာလာသည်။ မြေအောက်မှ အကောင်သည် လူသားများသူ့ကိုတွေ့သွားသည်ကို သိသွားဟန်တူသည်။ ထို့ကြောင့် သူသည် ဆက်လက်ပုန်းအောင်းနေရန် မလိုတော့ပါ။ မြေပြင်သည် မို့မောက်တက်လာပြီး မြေမျက်နှာြပင်သည် အက်ကွဲသွားသည်။ ရေငွေ့များပန်းထုတ်လိုက်သလို မြေပြင်ပေါ်မှ သဲများသည် လွင့်စင်ထွက်ကုန်သည်။ ထိုအချိန်တွင် မြေပြင်အက်ကွဲကြောင်းထဲမှ ကျောရိုးမဲ့ သတ္တဝါတစ်ကောင် ထွက်ပေါ်လာသည်။
အလျား၁၀မီတာ၊ အနံ၃မီတာလောက်ရှိသော အညိုရင့်ရောင် တီကောင်ကြီး တစ်ကောင်သည် မြေကြီးထဲမှ ထွက်ပေါ်လာသည်။ ထိုတီကောင်ကြီးမှာ ခြေထောက်များစွာပါရှိပြီး ခန္ဓာကိုယ်မှာ အပိုင်းဆက်များဖြစ်ပြီး အခွံမာများဖြင့် ဖုံးအုပ်ထားသည်။ ထို့နောက်တွင်တော့ ထိုသတ္တဝါသည် လူသား၂ယောက်ဆီသို့ ပြေးသွားလေတော့သည်။
လူငယ်လေးဆီမှ စွမ်းအင်များရုတ်တရက်ထွက်ပေါ်လာသည်။ ထိုစွမ်းအင်နှင့်အတူ သူ့ကိုယ်ပေါ်တွင် နတ်အမှတ်အသားများပေါ်ထွက်လာသည်။ ထိုလူငယ်လေးသည် မျိုးနွယ်စုစစ်သည် တစ်ယောက်ဖြစ်သည်။
မြွေတစ်ကောင်လိုပင် တီကောင်ကြီးသည် ပါးပျဉ်းထောင်လိုက်ပြီး လူသား၂ယောက်ကို တိုက်ခိုက်ရန် လှုပ်ရှားလိုက်သည်။ ၂ကြိမ်ဆက်တိုက် တိုက်ခိုက်ပြီးနောက် အမျိုးသားကို တိုက်ခိုက်ရန်မှာ ခက်ခဲကြောင်း ထိုတီကောင်ကြီး သိသွားလေသည်။ ထိုအခါ သူသည် ပစ်မှတ်ကိုပြောင်းလဲလိုက်သည်။ ချွန်ထက်သော သွား၂ချောင်းရှိသည့် ပါးစပ်ကြီးကို ဟလိုက်ကာ တီကောင်ကြီးသည် ခြင်းတောင်းကို ဆွဲထားသော အမျိုးသမီးဆီသို့ ပြေးသွားလေသည်။
လူငယ်အမျိုးသားနှင့် တိုက်ရည်ခိုက်ရည်ချင်း ယှဉ်လျှင် အမျိုးသမီးက အနည်းငယ် အားနည်းနေသော်လည်း လွတ်မြောက်အောင် ရှောင်တိမ်းနိုင်စွမ်းကတော့ ကောင်းဆဲပင်။ လွတ်မြောက်
အောင် ရှောင်တိမ်းနိုင်စွမ်းမရှိပါက ထိုကဲ့သို့သောနေရာမျိုးတွင် ရှင်သန်နိုင်မည် မဟုတ်ပါ။ မြူများထူထပ်နေခြင်း၊ ကြမ်းတမ်းသော မြေမျက်နှာပြင် ဖြစ်နေခြင်းတို့ကြောင့် သူမ၏အမြန်နှုန်းမှာ အနည်းငယ်ကျဆင်းသွားပါသည်။ ခဏအကြာတွင် ခြေချော်သွားသောကြောင့် အမြန်နှုန်းမှာ ပိုမိုကျဆင်းသွားပါသည်။ သူမလွတ်မြောက်နိုင်ပါတော့မလား။
တီကောင်ကြီး ပစ်မှတ်ပြောင်းလိုက်သည်ကို တွေ့သောအခါ အမျိုးသားသည် စိတ်လှုပ်ရှားသွားသည်။ တီကောင်ကြီး တိုက်ခိုက်မှုကို မလုပ်ခင် သူသည် အမျိုးသမီးကို ပြေးကာလိုက်သည်။ အောင်မြင်စွာ မကာနိုင်လျှင်တောင် တီကောင်ကြီး၏အာရုံသည် သူ့အပေါ်သို့ ပြောင်းလဲလာမည် ဖြစ်သည်။
ထိုစုံတွဲ၂ယောက် တီကောင်ကြီးနှင့် အလုပ်ရှုပ်နေစဉ် ဖောင်းခနဲ အသံတစ်သံ ထွက်ပေါ်လာသည်။ အမျိုးသမီးကို တိုက်ခိုက်ရန် ပြင်နေသော တီကောင်ကြီးကို ဘယ်ကပေါ်လာမှန်းမသိသော
ကျောက်တံးကြီးတစ်တုံးက ထိမှန်သွားသည်။
ရုတ်တရက် တိုက်ခိုက်ခံရမည်ဟု မမျှော်လင့်ထားသောကြောင့် တီကောင်ကြီးသည် နည်းနည်းကြောင်တောင်တောင် ဖြစ်သွားသည်။ သူဘာမှ ပြန်မလုပ်နိုင်ခင် နောက်ကျောက်တုံးတစ်တုံးက သူ့ကို လာထိမှန်သည်။ ဒီတစ်ခေါက်တွင် လာရောက်ထိမှန်သောအားက ပိုမိုပြင်းထန်လေသည်။ ပို၍လည်းတိကျပါသည်။ မေးရိုးကြီး၂ခုကို တိုက်ရိုက်ထိမှန်သွားသဖြင့် မြေပြင်ပေါ်ပြုတ်ကျသွားမလို ဖြစ်သွားပါသည်။
တီကောင်ကြီး ငြိမ်သက်သွားသည့်အချိန်ထိ စောင့်မနေတော့ပါ။
“ဖောင်း”
တီကောင်ကြီးပါးစပ်ထဲမှ သွားတစ်ချောင်းကျွတ်ထွက်လာသည်။ နောက်သွားတစ်ချောင်းမှာလည်း ဒဏ်ရာရထားပါသည်။ သူ့ခန္ဓာကိုယ်မှာ မာကျောသည်မှန်သော်လည်း အရှိန်ပြင်းစွာလာထိ
မှန်သော ကျောက်တုံး၏ဒဏ်ကို တော့မခံနိုင်ပါ။ မခံနိုင်သောကြောင့် သွားတစ်ချောင်းကျွတ်ထွက်သွားခြင်းဖြစ်ပါသည်။
အော်သံထွက်ပေါ်မလာသော်လည်း တီကောင်ကြီး၏ လှုပ်ရှားမှုကို ကြည့်ပြီး ဒေါသထွက်လာကြောင်း သိနိုင်ပါသည်။သားကောင်ကို ဖမ်းနေရင်း သွားကျွတ်ထွက်သွားလျှင် ဘယ်သူမဆို ဒေါသထွက်မည် ဖြစ်သည်။
ထိုစုံတွဲကို ဂရုမစိုက်တော့ဘဲ တီကောင်ကြီးသည် သူ့အား ခဲဖြင့်ပေါက်သူကို ရှာလေတော့သည်။ သူသည် ကျောက်တုံးပစ်လွှတ်လိုက်သူ၏ တည်နေရာကို သိထားပြီးသားဖြစ်သည်။ သာမန်လူတစ်ယောက်သည် ထိုကဲ့သို့ မြူတောထဲတွင် အနည်းငယ်သာ မြင်ရမည် ဖြစ်သော်လည်း တီကောင်ကြီးကတော့ ထူးခြားသည်။ တီကောင်ကြီးသည် ထိုမျှထူထပ်သောမြူများအတွင်းတွင် မီတာ၁၀၀ပတ်လည်အတွင်းရှိသော သားကောင်များကို မြင်နိုင်စွမ်းရှိပါသည်။
ဒေါသထွက်နေသော တီကောင်ကြီးသည် ရှောက်ရွှမ်ဆီပြေးဝင်လာပါသည်။ တီကောင်ကြီးထင်ထားသည်မှာ ကျောက်တုံးနှင့်ပေါက်သောသူသည် ထွက်ပြေးမည်ဟုထင်ထားခြင်းဖြစ်သည်။ သို့သော် အခြေအနေမှာ သူထင်ထားသလို ဖြစ်မလာပါ။ ကျောက်တုံးနှင့်ပစ်ပေါက်လိုက်သူမှာ ထွက်မပြေးဘဲ သူ့ဆီသို့ အရှိန်အဟုန် ပြင်းစွာ တိုးဝင်လာသည်။ ထိုလူပြေးဝင်သွားသော အရှိန်အဟုန်ကို ကြည့်ခြင်းအားဖြင့် ထိုလူမှာ ကြောက်ရွံ့ခြင်းမရှိကြောင်းကို သိနိုင်သည်။
ရှောက်ရွှမ်သည် ပင်လယ်အောက်ကြမ်းပြင်ကို ရောက်ကတည်းက အမဲမလိုက်ရပါ။ စားသောက်လိုက်၊ အိပ်လိုက်၊ ပြေးလိုက်နှင့် အချိန်များကို ပျင်းရိစွာ ကုန်ဆုံးခဲ့ရသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်တစ်ယောက်အနေနှင့် ရှောက်ရွှမ်သည် တောင်ပေါ်တွင် အမဲလိုက်ခဲ့ရသော ဘဝကို တောင့်တမိသည်။ ယခုကုန်းမြေပေါ်သို့ ရောက်လာသောအခါ ရှောက်ရွှမ်သည် အမဲလိုက်လိုသဖြင့် လက်ယားနေ၏။ ကုလားအုတ်များကိုမြင်သောအခါ ရှောက်ရွှမ်သည် အားပြန်ပြည့်
သည့်အချိန်ထိ မစောင့်တော့ဘဲ တိုက်ခိုက်မိတော့မလို ဖြစ်ခဲ့သေးသည်။အခုတော့ သူ့ရှေ့တွင် အခုလိုမြင်ကွင်းမျိုးမြင်ရသောအခါ ရှောက်ရွှမ်မနေနိုင်တော့ပါ။
သူ့ကိုယ်ထဲမှ နတ်စွမ်းအင်များက ပေါက်ကွဲထွက်တော့မလို ဖြစ်နေသည်။ ထိုအချိန်တွင် ရှောက်ရွှမ်သည် ဗုံသံများလို မြည်ဟည်းနေသော သူ့နှလုံးခုန်သံများကို သူပြန်ကြားနေရသည်။သွေးများလည်းဆူဝေနေပြီး သူ့တစ်ကိုယ်လုံးသည် လှုပ်ရှားရန် အသင့်ဖြစ်နေလေပြီ။
သူထိုကဲ့သို့မခံစားခဲ့ရသည်မှာ မည်မျှကြာပြီလဲ။
ခဏတာတိတ်ဆိတ်သွားပြီးနောက် ရှောက်ရွှမ်သည် ယခင်ခံစားမှုမျိုးကို ပြန်လည်ခံစားမိသွားသည်။ မျိုးနွယ်စုဝင်များရှိရာ တောင်တန်းများပေါ်တွင် နေတုန်းက ရခဲ့သောခံစားချက်မျိုး၊တောအုပ်ထဲတွင် အမဲလိုက်စဉ်က ရခဲ့သော ခံစားချက်မျိုး၊ ရရှိလာသည်။ သွေးများဆူပွက်လာပြီး အရာအားလုံးကို ချေမှုန်းပစ်သွားမည့် လှိုင်းလုံး
များလို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များကို ထုတ်လိုက်သည်။ သားရဲတစ်ကောင် မြေကြီးကို ခြေလက်များနှင့် ပုတ်ခတ်သလို၊ ရှောက်ရွှမ်သည် ဟိန်းသံတစ်ချက်ပေးလိုက်၊ မြေပြင်ကို ဖနောင့်ဖြင့် တစ်ချက်ဆောင့်လိုက်လုပ်နေ ပါသည်။ တခြားလူ၂ယောက်၏အမြင်တွင် ရှောက်ရွှမ်သည် တောင်တန်းများပေါ်တွင် နေသော ကြောက်မက်ဖွယ်သားရဲကြီးတစ်ကောင်လိုပင်။
ခန္ဓာကိုယ်တစ်ခုလုံးကို ဆန့်ထုတ်ပြီးသွားသောအခါ သူတကိုယ်လုံး လန်းဆန်းသွားသည်။ ထို့နောက် ခန္ဓာကိုယ်ကို ပြန်ကြုံ့လိုက်သည်။ ထို့နောက် ရုတ်ခြည်း ရှောက်ရွှမ်သည် ထအော်လိုက်မိသည်။
တီကောင်ကြီးက နောက်တစ်ကြိမ်တိုက်ခိုက်ရန် မြေပြင်ပေါ်တွင် ရပ်လိုက်သောအခါ ရှောက်ရွှမ်က မြေကြီးကို ဖနောင့်နှင့် ထပ်ပေါက်လိုက်သည်။ ထိုအခါ သူ့ဖနောင့်အောက်ရှိသဲများမှာ ဖွာလန်ကြဲထွက်သွားသည်။ ခြေထောက်ကို လေပေါ်တွင် မြှောက်လိုက်သောအခါ မြူငွေ့များကင်း
စင်သွားသည်။
အားလှိုင်းကြီးက သူ့ကိုယ်ကို ရှေ့သို့တွန်းပို့နေသဖြင့် ရှောက်ရွှမ်သည် တီကောင်ကြီးဆီသို့ လျင်မြန်စွာပြေးဝင်သွားသည်။ တီကောင်ကြီး၏ သွားများနှင့် ရှေ့လက်၂ချောင်းရှိရာ လည်မျိုသို့ လှမ်းကန်လိုက်ပြီး တိုက်ပွဲကို စတင်လိုက်သည်။ ထိုနေရာသို့ တခြားဘယ်သူမှ မကန်ဖူးကြပါ။
ရှောက်ရွှမ်၏တိုက်ခိုက်မှုကို မခံစားရမီအချိန်အတွင်း တီကောင်ကြီးသည် တုန့်ဆိုင်း တုန့်ဆိုင်းဖြစ်သွားသည်။ သို့သော် သူ့လှုပ်ရှားမှုများမှာ အလွန်နောက်ကျနေပြီ ဖြစ်၍ နောက်ဆုတ်ပြေးတော့မည်လား။ အခုမှတော့ နောက်ဆုတ်၍ မရတော့ပါ။
အန္တရာယ်နှင့် ကြုံတွေ့ရပြီဆိုတာက သိရလျှင်တောင် အခုမှတော့ ၎င်းသည် ဘာတတ်နိုင်ဦးမှာနည်း။ ရှောက်ရွှမ်၏ ခြေထောက်က တီကောင်ကြီးထက် ပိုမြန်လေသည်။ တီကောင်ကြီးသည် အခုမှ တုန့်ပြန်လည်း အပိုပဲ ဖြစ်သည်။
“ဖောင်း” ကျောက်တုံးပေါ်ကို တူနှင့်ထုလိုက်သလို အသံမျိုးက မြူများရစ်ဆိုင်းနေသော ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည်။
တီကောင်ကြီး ပစ်မှတ်ပြောင်းသွားသည်ကို အခွင့်ကောင်းယူကာ အမျိုးသားသည် အမျိုးသမီးကို ဘေးလွတ်ရာသို့ဆွဲခေါ်လိုက်သည်။ ထို့နောက် ကျောက်တီကောင်ကြီးကို ပြန်ကြည့်နေလေသည်။ သူသည် သူတို့ကို အကူအညီပေးသူကို သတိရသွားပြီး ထိုသူနှင့်အတူ ပူးပေါင်းတိုက်ခိုက်ရန် နောက်ပြန်လှည့်လာခြင်းဖြစ်သည်။ သို့သော် မြင်လိုက်ရသော မြင်ကွင်းက သူ့ကို မင်သက်သွားစေသည်။ တီကောင်ကြီးသည် လေပေါ်တွင် ပျံဝဲနေပါသည်။ တကယ်ပင် ပျံဝဲနေပါသည်။
စုံတွဲ၂ယောက်လုံးသည် မျက်လုံးများ ပြူးသွားကြသည်။ သူတို့မြင်လိုက်ရသော မြင်ကွင်းကို မယုံနိုင်သဖြင့် မျက်လုံးများကို ပွတ်သပ်ကြည့်ကြရသေးသည်။
မြေပြင်ပေါ်ပြုတ်ကျလာသောအခါ တီကောင်ကြီး၏ ခန္ဓာကိုယ်ကြီးသည် သုံးလေးပတ် လိမ့်သွားပြီး ကန္တာရရှားစောင်းပင်နှင့် ဝင်တိုက်မိပြီး ရပ်တန့်သွားသည်။ ထို့နောက် အမျိုးသား၏ခြေထောက်နားသို့ အစိုင်အခဲကြီးတစ်ခု ပြုတ်ကျလာသံ ထွက်ပေါ်လာသည်။ ထိုအရာကို ငုံ့ကြည့်လိုက်သောအခါ တီကောင်ကြီးကိုယ်မှ ကျွတ်ထွက်လာသော အကြေးခွံများ ဖြစ်နေသည်။ထိုအကြေးခွံများသည် အတွင်းကိုယ်ထည်နှင့် ကော်နှင့်ကပ်ထားသလို ရှိနေခြင်းဖြစ်သည်။ ထိုအကြေးခွံများသည် ပိုးမွှားတစ်ကောင်၏ ချပ်ဝတ်များပင် ဖြစ်လေသည်။ အခုတော့ ထိုချပ်ဝတ်များ ကျွတ်ထွက်အောင် အကန်ခံလိုက်ရပြီ။
“ဒါက…ဒါက…” အမျိုးသားသည် တံတွေးမျိုလိုက်ပြီးနောက် “ဒါက ဘယ်သူလဲ” ဟုပြောလိုက်မိသည်။ ဓားကိုင်ထားသော သူ့လက်သည်တုန်လှုပ်လျက်ရှိသည်။ “အဲဒီကောင်ကို ဓားနဲ့ခုတ်ခွင့်ရရတောင် အပေါ်ယံအကြေးခွံတွေ ကျွတ်
ထွက်ပါ့မလား မသိဘူး…အကြေးခွံတွေက အရမ်းမာတော့ အစင်းရာလေးထင်ဖို့တောင် တော်တော်ခက်တယ်…ဒီလူကတော့ ဘာလက်နက်မှ မပါဘဲနဲ့ အကြေးခွံတွေ ကျွတ်ထွက် ကုန်အောင် လုပ်လိုက်ပါလား” ထို့နောက်သူသည် ဝမ်းဗိုက်ကို အကန်ခံနေရသော ပိုးကောင်ကြီးကို ဆက်ကြည့်နေမိသည်။
ခြေထောက်နှင့် လေထဲရောက်အောင် အကန်ခံရပြီး မြေပြင်ပေါ် ခွေးကျဝက်ကျ ပြုတ်ကျလာသည့်အချိန်ထိအောင် ရှောက်ရွှမ်၏ အရှိန်အဟုန်မှာ ကျဆင်းမသွားသေးပါ။ ရှောက်ရွှမ်သည် နောက်တစ်ချက်မကန်တော့သည်ကို သိလိုက်သောအခါ တီကောင်ကြီးသည် လှည့်ပြန်သွားလေသည်။ ထို့နောက် မြေပြင်ပေါ်တွင် တွားသွား၍ လျင်မြန်စွာ ထွက်ခွာသွားလေသည်။ ယခုရက်ပိုင်းများတွင်တော့ လည်ပင်းဒဏ်ရာရထား သောကြောင့် အစာ စားနိုင်ဦးမည်မဟုတ်ပါ။ အခြားသော ဒဏ်ရာများမှ သက်သာအောင်လည်း အချိန်ယူရဦးမည် ဖြစ်သည်။ ဒီရက်ပိုင်းအတွင်းတော့ ထိုတီကောင်ကြီးသည် အပြင်ထွက်
လာဦးမည်မဟုတ်ပါ။ ထွက်ဖြစ်လျှင်တောင် ယခုနေရာကိုတော့ ရှောင်ရှားသွားတော့မည် ဖြစ်သည်။
တီကောင်ကြီးထွက်ခွာသွားသောအခါ ရေစက်များ လိုက်လံစုဆောင်းနေသော စုံတွဲသည် မြူထဲမှ သူတို့ဆီလာနေသော လူရိပ်ကို ကြည့်နေမိကြသည်။
ထိုလူသည် သူတို့ကို ကယ်တင်ခဲ့သည်ကို ကျေးဇူးတင်သော်လည်း တီကောင်ကြီး၏ အဖြစ်ကို မြင်ထားရသဖြင့် သူတို့သည် စိတ်လှုပ်ရှားနေကြပြီး နဖူးများမှ ချွေးများ ယိုစီးကျနေသည်။ သူတို့ ပြောလိုသမျှ စကားလုံးများသည် လည်ပင်းထဲတွင် တစ်ဆို့နေကြသည်။ ပါးစပ်ဟလိုက်သော်လည်း ဘာစကားသံမှ ထွက်ပေါ်မလာပါ။ ဘယ်လိုအသံအနေအထားနှင့် စကားပြောရမည်လဲ သူတို့မသိတော့။ ထိုလူကို စိတ်ဆိုးအောင် လုပ်မိပါက သူတို့၂ယောက်ကော တီကောင်ကြီးလို အကန်ခံရမည်လား။
ရှောက်ရွှမ်သည် ထိုစုံတွဲဆီသို့ ဖြည်းညှင်းစွာလျှောက်သွားသည်။ ခုနကလေးတင် တိုက်ပွဲတစ်ပွဲ နွှဲထားရသောကြောင့် သူ့ကိုယ်တွင်းရှိအားများမှာ ပြန်ပြည့်မလာသေးပါ။ အချိန်ရှည်ကြာစွာ စောင့်နေရခြင်း ဆာလောင်မှုက ပိုမိုပြင်းထန်လာသည်။ ထို့ကြောင့် ရှောက်ရွှမ်၏ ခန္ဓာကိုယ်နားမှ လေထုမှာ ပြင်းထန်စွာ လှည့်ပတ်နေသည်။ ရှောက်ရွှမ်အနားမှ မြူငွေ့များပင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည်။
ပင်လယ်အောင်ကြမ်းပြင် အချိန်ကြာမြင့်စွာ အပြေးလေ့ကျင့်ခဲ့ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဖိအားများက သူ့စွမ်းအင်များကို ၂ဆတိုးစေသည်။ စွမ်းအင်များကို ထုတ်သုံးလိုက်ရသော်လည်း သူ့ခန္ဓာကိုယ်သည် အားနည်းမသွားပဲ ပို၍ အင်အားကြီးမားလာသည်။ တီကောင်ကြီးကို ကန်လိုက်သော ခြေထောက်ကတော့ အနည်းငယ်ထုံနေသည်။ သို့သော် နာတော့ မနာပါ။ လမ်းလျှောက်ကြည့်လိုက်သောအခါ သူ့ခြေထောက် ဘာမှမဖြစ်ကြောင်း သူသိသွားသည်။
ရှောက်ရွှမ်သည် အနားရောက်လာသောအခါ ထိုစုံတွဲသည် ရှောက်ရွှမ်မျက်နှာကို အနီးကပ်မြင်ခွင့်ရသွားသည်။ ရှောက်ရွှမ်သည် အဝတ်အစားမလဲရသည်မှာ ကြာလှပြီဖြစ်သဖြင့်၊ ဝတ်ထားသော အဝတ်အစားများမှာ ပေါက်ပြဲနေသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ကို မြင်နေရသည်။ ကြွက်သားများက အရောင်တင်ထားသော ကျောက်တုံးလေးများလို ကြွရွနေပါသည်။
တီကောင်ကြီးကို ထိုလူကန်လိုက်သည်ကို သူတို့စုံတွဲမမြင်လိုက်ရပါက ၊ ထိုသူ၏ စွမ်းအားမည်မျှ ကြီးကြောင်းကို ခန့်မှန်းနိုင်မည် မဟုတ်ပါ။
စုံတွဲသည် တီကောင်ကို ကန်လိုက်သောသူ၏ အသွင်အပြင်ကို ကြည့်နေကြသည်။ ထိုသူသည် အတော်ငယ်သေးသည်။ ထိုသူသည် စုံတွဲ၂ယောက်ကို ခင်မင်ရင်းနှီးလိုသော အကြည့်များဖြင့်ကြည့်နေသည်။ သူ့အကြည့်များမှာ ကြောက်မက်ဖွယ် မကောင်းပေ။
စုံတွဲ၂ယောက်ကတော့ အခုအချိန်ထိ ထိုသူ၏ စွမ်းအင်ကို မယုံနိုင်ဖြစ်နေကြသည်။