ဆေးစံအိမ်ကို တည်ထောင်ခြင်း
Vol. 50 Ch. 747
ဆေးပင်များမှ ဆေးဝါးအဖြစ် ပြောင်းလဲခြင်းက အရည်အသွေးပိုင်း ပြောင်းလဲမှုဖြစ်ပြီး အဓိကအချက်မှာ အာနိသင်များကို အမြင့်ဆုံးအထိ မြှင့်တင်ပေးနိုင်ခြင်း ဖြစ်သည်။ ထို့အပြင် ဆေးပင် တစ်မျိုးတည်းမှာ ဆေးဝါး အမျိုးမျိုးသို့ သန့်စင်ပေးနိုင်ပြီး ၎င်းမှ လူတစ်ယောက်မှ ဆယ်ယောက်အထိ ကယ်တင်ပေးနိုင်ပေသည်။
ထိုခြားနားချက်က ကြီးမားလွန်းလှပေသည်။
ထို့အပြင် အချို့သော ဆေးပင်များသည် ပြင်းထန်သော ဆေးဖက်ဝင် ဂုဏ်သတ္တိများ ရှိပြီး တိုက်ရိုက် စားသုံးပါက လူ့ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သည်။ သို့သော် သန့်စင်ခြင်းအဆင့်၌ ဘေးထွက်ဆိုးကျိုးများကို ဖယ်ရှားခြင်းဖြင့် ထိုပြဿနာအား လျှော့ကျစေနိုင်သည်။
သူ စိတ်ကူးယဉ်ခဲ့သည့် ဆေးဝါး ဖော်စပ်ခြင်း အိပ်မက်က တရုတ် တိုင်းရင်းဆေးပညာမှတစ်အဆင့် အမှန်တကယ် ဖြစ်လာသဖြင့် အံ့ဩသွားခဲ့ရသည်။ သူ၏ ဆေးစိုက်ခင်းသည် မကြာခင်၌ အလွန် အရေးပါသော ကဏ္ဍသို့ ရောက်ရှိလာနိုင်သည်။
ရဲ့လင်းချန် ခပ်ရေးရေး ပြုံးလိုက်မိသည်။ သူ့အတွက် ကြွားဝါးရန် အချိန်မတန်သေးပေ။ ဆေးဝါး သန့်စင်ခြင်း ပေါ်ထွက်လာခြင်းက လက်ရှိ ကမ္ဘာကြီး၏ ချန်ခွင်ညီမှုကို ပျက်စီးသွားစေနိုင်သည်။ စစ်သည်တော်ဌာနက ဥပေက္ခာ ပြုထားပေးလျှင်တောင်မှ အခြားနိုင်ငံများရှိ အခြား သိုင်းပညာရှင်များက မနာလို ဖြစ်လာပြီး သူ့အား ဒုက္ခများစွာ ပေးလာနိုင်သည်။
တစ်ဆင့်ပြီးမှ တစ်ဆင့် သွားသင့်ပေသည်။ ဆေးဝါးများကို သူ၏ ကျင့်ကြံခြင်းအတွက် တိတ်တဆိတ် သုံးစွဲပြီး နောက်အနာဂတ်၌ သူ သန်မာလာသည့်အချိန်မှသာ အများအား ချပြပေမည်။ အချိန် အတိုင်းအတာတစ်ခုအထိ သူ၏ ခွန်အားကို လျှို့ဝှက်စွာ တိုးတက်သန်မာလာအောင် လုပ်ဆောင်ရန် လိုအပ်ပေသည်။
လက်ရှိတွင် သူ၏ အခြေခံစွမ်းရည် အရေအတွက်သည် အလွန်အမင်း တိုးလာပြီး စုစုပေါင်း အခုနှစ်ဆယ်အထိ ဖြစ်လာသည်။
သန့်စင်ခြင်း ကာကွယ်ရေး (အခြေခံအဆင့်)၊ ငှက်ဘာသာစကား (အခြေခံအဆင့်)၊ ဝေဖန်တိုက်ခိုက်ခြင်း (အခြေခံအဆင့်)၊ နတ်တေးသံ (အခြေခံအဆင့်)၊ ရေဝိညာဉ် ခန္ဓာကိုယ် (အခြေခံအဆင့်)၊ နဂါး ရှာဖွေခြင်း နည်းစနစ် (အခြေခံအဆင့်)၊ အဆိပ်ပြီးခြင်း (အခြေခံအဆင့်)၊ ပိုးကောင် ဘာသာစကား (အခြေခံအဆင့်)၊ မရဏ အထိအတွေ့ (အခြေခံအဆင့်)၊ ငါးဘာသာစကား (အခြေခံအဆင့်)၊ လေအလျင် ခြေလှမ်းသိုင်း (အခြေခံအဆင့်)၊ ဝက်ဝံ ဘာသာစကား (အခြေခံအဆင့်)၊ နွားဘာသာစကား (အခြေခံအဆင့်)၊ ဝက်ဘာသာစကား (အခြေခံအဆင့်)၊ ဆင်ဘာသာစကား (အခြေခံအဆင့်)၊ အဆင့်မြင့်ဉာဏ်ရည် (အခြေခံအဆင့်)၊ တိုက်ခိုက်ရေး ပစ္စည်း သန့်စင်ခြင်း (အခြေခံအဆင့်)၊ အသက်ရှူ ထိန်းချုပ်ခြင်း (အခြေခံအဆင့်)၊ အဂ္ဂိရတ်ပညာ (အခြေခံအဆင့်)။
၎င်းတို့က အခြေခံ စွမ်းရည်များသာ ဖြစ်သော်လည်း ၎င်းတို့၏ အသုံးဝင်ပုံမှာ သေချာပေါက် အရေးပါလှသည်။ ၎င်းက ရဲ့လင်းချန်၏ ယေဘုယျ ခွန်အား၌ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှု ဖြစ်ပေါ်စေသည်။
အခြေခံစွမ်းရည် ဆယ့်တစ်ခု ကံစမ်းမဲနှိုက်ခြင်းအတွက် သူ၏ ရေပန်းစားမှုအမှတ် ၁.၁ သန်းသာ သုံးစွဲခဲ့ရသည်။ သူ့တွင် အမှတ် ၂၅ သန်းကျော် ကျန်ရှိနေဆဲဖြစ်ကာ သုံးစွဲခဲ့ရသည့် ပမာဏက အသေးအဖွဲလေးသာ ဖြစ်နေ၏။
အခြေခံစွမ်းရည် ကံစမ်းမဲနှိုက်ခြင်းက ဈေးပေါသော်လည်း ရဲ့လင်းချန်သည် ၎င်း၌ အကုန် သုံးစွဲရန် စိတ်ကူးမရှိပါ။ သူ စွမ်းရည်များများ အဆင့်မြှင့်လေလေ၊ သူ လိုချင်သည့် စွမ်းရည်ကို ရရှိရန် အခွင့်အရေး နည်းလေလေပင်။ တရုတ် တိုင်းရင်းဆေးပညာကို သူ ရရှိပြီးပြီ ဖြစ်သဖြင့် အခြေခံစွမ်းရည် ကံစမ်းမဲနှိုက်ခြင်းကို အချိန်တစ်ခုအထိ ရပ်ထားပေဦးမည်။
ရဲ့လင်းချန်၏ အကြည့်က အလယ်အလတ်အဆင့် စွမ်းရည်များထံ ရောက်သွားသည်။ ခွေးဘာသာစကား (အလယ်အလတ် အဆင့်)၊ အရှိန်အဝါ ဟောကိန်း (အလယ်အလတ်အဆင့်)၊ နဂါးဖမ်းလက် (အလယ်အလတ် အဆင့်)၊ စားကောင်း သောက်ဖွယ် ချက်ပြုတ်နည်း (အလယ်အလတ်အဆင့်) နှင့် ကျင့်ကြံခြင်း (အလယ်အလတ် အဆင့်)။
အဓိက အာရုံထားနေသည့်အရာမှာ ကျင့်ကြံခြင်းသာ ဖြစ်ပြီး ၎င်းကို ရရှိရန် အခွင့်အရေးက နှစ်ဆယ် ရာခိုင်နှုန်းသာ ရှိသည်။
လက်ရှိတွင် သူ့၌ အခြေခံစွမ်းရည်များစွာ ရှိနေပြီ ဖြစ်သည်။ အကယ်၍ သူ အလယ်အလတ်အဆင့် စွမ်းရည် အဆင့်မြှင့်တင်ခြင်းအတွက် ရွေးချယ်ပါ အလယ်အလတ်အဆင့် စွမ်းရည်များစွာ သူ ရရှိလာပေလိမ့်မည်။ ထိုသို့ဆိုလျှင် အဆင့်မြင့်စွမ်းရည် အဆင့်မြှင့်တင်ခြင်း၌ ကျင့်ကြံခြင်းကို ရရှိရန် သူ့အတွက် ပို၍ အခွင့်အရေး နည်းသွားပေမည်။ ထို့ကြောင့် သူသည် အလယ်အလတ်အဆင့် စွမ်းရည် မြှင့်တင်ခြင်းကို ခေတ္တ ကျော်လွှားသွားရန် စိတ်ကူးလိုက်သည်။
ရေပန်းစားမှုအမှတ် ၂၅ သန်းသည် သူ၏ အဆင့်မြှင့်စွမ်းရည် မြှင့်တင်ခြင်းအား နှစ်ကြိမ်သာ ပြုလုပ်ရန် လုံလောက်ပေသည်။
*အဲ့လိုဆိုမှတော့ … စလိုက်တာပေါ့ကွာ*
နက်မှောင်သော ရွှေရောင်အလင်းတန်းက စတင်၍ ရွေ့လျားလာပြီးနောက် “ဒင်” ဟူသော ခပ်သဲ့သဲ့ အသံနှင့်အတူ ရပ်သွားလေသည်။
ခွေးဘာသာစကား (အလယ်အလတ် အဆင့်)။
ထို့နောက် အလင်းတန်းတစ်ချက် တောက်ပလာပြီးနောက် အဆင့်မြင့်အဆင့်သို့ အဆင့်တက်သွားလေသည်။
[ခွေးဘာသာစကား (အဆင့်မြင့် အဆင့်): ယခုအခါ၌ သင်သည် မည်သည့် ခွေးအမျိုးအစားနှင့်မဆို အတားအဆီးမရှိ ဆက်သွယ်နိုင်ပြီ ဖြစ်သည်။]
*လုပ်ပြန်ပြီလား*
သူ့တွင် အဆင့်မြင့်အဆင့် ကြောင်ဘာသာစကား ရှိနေပြီးသား ဖြစ်ကာ အခုအခါ၌ အဆင့်မြင့်အဆင့် ခွေးဘာသာစကားကို ရလာပြန်သည်။
ဘာသာစကားအတွက် အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အဆင့်ကြားမှ ခြားနားမှုကြောင့် သူ အမှန်တကယ် ဒွိဟ ဖြစ်နေရသည်။ အဆင့်မြှင့်ပြီးနောက် မည်သည့် ကွဲပြားမှုကိုမှ သူ မခံစားရသဖြင့် သူ စိတ်မပျက်မိအောင်သာ ဆုတောင်းနေရသည်။
*နောက်ထပ် အခွင့်အရေးတစ်ကြိမ် ရှိနေသေးတာပဲ၊ ထပ်လုပ်မယ်ကွာ*
ရဲ့လင်းချန် အံကြိတ်၍ ဆက်သွားရန် ရွေးချယ်လိုက်သည်။
“ဒင်”
[နဂါးဖမ်းလက် (အဆင့်မြင့်အဆင့်): သင်၏ ချီကို လက်သည်းအဖြစ် စုစည်း၍ အဝေးမှ သင်၏ ရန်သူကို ဖမ်းချုပ်နိုင်ခြင်း]
၎င်းသည် အလယ်အလတ်အဆင့်၌ ရှိနေစဉ်က လေထဲမှ အရာများကိုသာ လှမ်းယူနိုင်ခဲ့သည်။ သို့သော် အဆင့်မြင့်အဆင့်၌ ၎င်းသည် လေထဲမှနေ၍ အခြားသူများကို ဖမ်းချုပ်နိုင်ပြီ ဖြစ်သည်။ ခြားနားမှုက နေ့ညအလား သိသာလွန်းလှသည်။ သူ ကျင့်ကြံခြင်းကို မရသော်လည်း ယင်းက သူ့အား ခွန်အားပိုင်း၌ သိသိသာသာ မြှင့်တင် ပေးလာသည်။
အလယ်အလတ်အဆင့် စွမ်းရည် သုံးခုသာ ရှိတော့သဖြင့် သူ ရေပန်းစားမှုအမှတ် ထပ်စုဆောင်းရန် လိုလာလေပြီ။ နောက်တစ်ကြိမ်၌ ကျင့်ကြံခြင်းကို ရရှိရန် သူ့အတွက် အခွင့်အရေး ပိုများလာပြီ ဖြစ်သည်။
စနစ်ထဲမှ ထွက်လိုက်ပြီးနောက် ရဲ့လင်းချန် မျက်နှာရှုံ့မဲ့ကာ ခေါင်းခါယမ်းလိုက်သည်။ အဆင့်မြင့်အဆင့် အဆင့်မြှင့်တင်ခြင်းနှင့် ပတ်သက်လာလျှင် သူ၏ ရေပန်းစားမှုအမှတ်များက ချက်ချင်း ကုန်သွားခဲ့ရသည်။ တစ်ခဏအတွင်း သူ့တွင် အမှတ် ငါးသန်းသာ ကျန်ရှိတော့သည်။
ထို့နောက် ရဲ့လင်းချန်သည် ဆေးစံအိမ်သို့ တန်း၍ လျှောက်သွားလိုက်သည်။ ၎င်း၏ အတွင်းပိုင်းသည် ခမ်းနားထည်ဝါပြီး တော်တော်များများကို အလိုအလျောက်စနစ်ဖြင့် စီမံထားသည်။ ၎င်းသည် ထုတ်လုပ်ရေး စက်ရုံတစ်ခုနှင့် မတူဘဲ အခြား ရုံးအဆောက်အဦးများထက် ပို၍ ဇိမ်ခံပစ္စည်းများနှင့် ပြည့်စုံနေ၏။
“ဥက္ကဋ္ဌရဲ့”
“ဥက္ကဋ္ဌရဲ့”
လမ်းတစ်လျှောက်၌ ဆေးစံအိမ်အတွင်းမှ လူများစွာက ရဲ့လင်းချန်ကို နှုတ်ဆက်ကြသည်။ သူတို့သည် ထုတ်လုပ်ရေးကို တာဝန်ယူထားရသည့် ဝန်ထမ်းများဖြစ်သောကြောင့် သူတို့အားလုံးက ယူနီဖောင်းများ ဝတ်ထားကြလေသည်။
သူတို့ ရဲ့လင်းချန်ကို ကြည့်သည့် အကြည့်၌ လေးစားမှုတို့နှင့် ပြည့်နှက်နေသည်။ ၎င်းသည် ဟန်ဆောင်ထားခြင်း မဟုတ်ဘဲ သူတို့၏ နက်ရှိုင်းသော နှလုံးသား တစ်နေရာမှ လာသည့် လေးစားမှုစစ်စစ် ဖြစ်သည်။ ဆေးဝါးပညာရှင် တစ်ဦးအနေဖြင့် သူတို့၏ ရည်မှန်းချက်မှာ လူများကို ကယ်တင်ရန်ဖြစ်ပြီး ရဲ့လင်းချန်သည် ထိုအရည်အချင်းများကို သေချာပေါက် ပြသခဲ့သည်။
သားရဲရန်စွယ်ဆေး တစ်ခုတည်းကတင် လူပေါင်းများစွာနှင့် မိသားစုများကို ကယ်တင်နိုင်ခဲ့သည်။ သူတို့ မျက်လုံးထဲတွင် ဆေးပညာ၌ အလွန် ကျွမ်းကျင်သည့်အပြင် ရဲ့လင်းချန်အား ကယ်တင်ရှင်နှင့်ပင် နှိုင်းယှဉ်နေကြသည်။
ထို့အပြင် သူ၏ ဝန်ထမ်းအများစုက အွန်လိုင်းမှတဆင့် အလုပ်လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း ရဲ့လင်းချန် သိထားသည်။ သူတို့ထဲက အချို့သည် ဂုဏ်သတင်း ကြီးမားပြီး အထင်ကြီးစရာ ဆေးပညာ ကျွမ်းကျင်မှုများ ရှိသည်။ သို့သော် သူတို့၏ အဆင့်အတန်းနှင့် ယခင်က ရရှိသော အကျိုးခံစားခွင့်များကို စွန့်လွှတ်ကာ သူတို့က သူနှင့် ပူးပေါင်း လုပ်ကိုင်ရန် ရွေးချယ်ခဲ့ကြသည်။
သူတို့ အဘယ်ကြောင့် ရောက်လာခဲ့ကြသလဲ။
ယင်းမှာ လူအများကို ပို၍ ကယ်တင်နိုင်ရန် ဖြစ်သည်။ ဆေးစံအိမ်၏ ထုတ်လုပ်မှုက ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် အကန့်အသတ် ဖြစ်နေကြောင်း သူတို့ ကြားသိရသောအခါ မရေတွက်နိုင်သော လူများစွာက တုံ့ဆိုင်းခြင်းမရှိဘဲ ကူညီရန် ကမ်းလှမ်းလာကြသည်။
ကူညီဖေးမသည့် လက်တစ်စုံ ပိုလာခြင်းနှင့်အတူ သားရဲရန်စွယ်ဆေးကို တစ်နေ့တာ ထုတ်လုပ်နိုင်သည့် ပမာဏက ပိုများလာပြီး အသက်များစွာကို ပိုမိုကယ်တင်နိုင်မည် ဖြစ်သည်။ ယင်းက သူတို့၏ အရင်းခံ အကြောင်းတရားပင်။
တကယ်တမ်းတွင် သူတို့သည် သူတို့ ရရှိမည့် လစာကိုပင် မတွေးမိကြချေ။ သူတို့သည် သူနှင့် ပူးပေါင်းခြင်းဖြင့် လူ့အသက်ကို ပိုကယ်တင်နိုင်ရန်သာ အာရုံစိုက်ခဲ့ကြသည်။ ထိုလူများအားလုံးသည် စိတ်နှလုံး ဖြူစင်ကြလေသည်။
ထို့အပြင် သူတို့၏ ဆေးပညာအပေါ် စိတ်အားထက်သန်မှုလည်း ပါရှိလေသည်။ ဆေးစံအိမ်၏ ဆေးပညာ ဗဟုသုတက ကမ္ဘာ့အဆင့်ထက် များစွာ သာလွန်နေ၏။ ဆေးပညာ လောကမှ နာမည်ကြီးများပင် သတင်းကြားပြီးနောက် ရောက်လာကြသည်။ သူတို့သည် သူတို့ကိုယ်သူတို့ တိုးတက်အောင် လုပ်နိုင်မည့် အခွင့်အရေးသာ ရရှိမည်ဆိုလျှင် အောက်ခြေအလုပ်ကိုပင် လုပ်ရန် ဆန္ဒရှိနေကြသည်။
သူတို့က မည်မျှ ထူးချွန်နေပါစေ၊ ရဲ့လင်းချန်ကို ယှဉ်နိုင်မည် မဟုတ်ပါ။ သူ့တွင် သူတို့ကို စွဲဆောင်ထားနိုင်မည့် အတောမသတ်နိုင်သော ဗဟုသုတ ကြွယ်ဝစွာ ရှိသဖြင့် ထိုလူများ သူ့ထံမှ ထွက်သွားမည်ကို ရဲ့လင်းချန် လုံးဝ စိုးရိမ်ခြင်း မရှိပေ။
ဆေးစံအိမ်သို့ ဝင်ရောက်နိုင်ရန် သူတို့သည် တုန်းမြောင်မြောင်၏ အရည်အသွေး စစ်ဆေးခြင်းကို ကျော်ဖြတ် ရပေသည်။ ဆေးစံအိမ်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ပြီးနောက် အကျိုးအမြတ်များက အလွန် စွဲဆောင်မှု ရှိလှသည်။ ၎င်းတွင် အခြေခံလစာ၊ အာမခံ၊ နှစ်ကုန် အပိုဆုကြေးနှင့် ဈေးကွက်ပေါက်ဈေးထက် များစွာ ကျော်လွန်သည့် အခြားသော အကျိုးခံစားခွင့်များ ပါဝင်လေသည်။ အထူးသဖြင့် ဆေးစံအိမ်၌ နေထိုင်ခြင်းသည် သူတို့အတွက် ကြီးးမားသော လေ့ကျင့်ရေးကွင်း ဖြစ်ကာ သူတို့အား ကြီးမားသော ကျော်ကြားမှု ပေးနိုင်လေသည်။
လက်ရှိတွင် တစ်ယောက်ယောက်က ဆေးစံအိမ်၌ သူ အလုပ်လုပ်ကြောင်း လူအများအား ပြောပြပါက မည်သူက သူ့ကို လက်မထောင်၍ မလေးစားဘဲ နေမည်နည်း။
ထိုသို့သော အကြောင်းရင်းများကြောင့် ဆေးစံအိမ်တွင်း၌ ရဲ့လင်းချန်၏ အဆင့်အတန်းက မထင်မှတ်ထား လောက်အောင် မြင့်မားနေ၏။ လူတိုင်းက သူ့အား စိတ်ရင်းနှင့် လေးစားကြသည်။
ရဲ့လင်းချန်က လူတိုင်းကို အပြုံးနှင့် နှုတ်ဆက်နေသည်။ ဆေးစံအိမ်က တည်ဆောက်မှု ပြီးလုနီးပါး ဖြစ်ကာ သားရဲ ရန်စွယ်ဆေး ထုတ်လုပ်မှု ပမာဏက ဝယ်လိုအားနှင့် အမီလိုက်နိုင်ပြီ ဖြစ်သည်။ ၎င်းသည် တရုတ်နိုင်ငံ၏ နယ်နိမိတ်အတွင်းမှ ဝယ်လိုအားအတွက် လုံလောက်ရုံမျှသာ ရှိသေးသည်။
ရဲ့လင်းချန် မနားတမ်း ဆက်လျှောက်သွားပြီး ဆေးစံအိမ်၏ အတွင်းပိုင်းသို့ ဦးတည်သွားခဲ့သည်။
“ဥက္ကဋ္ဌရဲ့”
တုန်းမြောင်မြောင် ရောက်လာပြီး သူ့ကို နှုတ်ဆက်လာသည်။ သူမလက်ထဲတွင် စာရွက်စာတမ်း အထပ်လိုက် ရှိနေ၏။
“ဒါတွေက ကျွန်မတို့ ထုတ်ကုန်တွေရဲ့ ရောင်းဝယ်ပိုင်ခွင့် ရဖို့ ကြိုးစားနေတဲ့ နိုင်ငံပေါင်းစုံက စာချုပ်တွေပါ”
သူတို့သာ ရောင်းဝယ်ပိုင်ခွင့်ကို ရရှိသွားလျှင် သူတို့နိုင်ငံတွင်းမှ ဈေးကွက်ကို လက်ဝါးကြီးအုပ်ပြီး မထင်မှတ်ထားလောက်သည့် အကျိုးအမြတ်များ ရရှိသွားမည် ဖြစ်သည်။ ထို့ကြောင့်ပင် နိုင်ငံခြား ကုမ္ပဏီများစွာက ထိုလုပ်ပိုင်ခွင့်အတွက် အပြိုင်အဆိုင် ကြိုးစားနေကြခြင်း ဖြစ်လေသည်။
…