ဂိုဏ်းများ စုပေါင်းခြင်း
Vol. 10 Ch. 137
ကျောက်ဖြူမြို့၊ ထျန်ရှန်းစားသောက်ဆိုင်။
မိုးမုန်တိုင်းဂိုဏ်းခေါင်းဆောင် လျှိုမုန့်ဟူသည် အရက်များ အားရပါးရ သောက်လျက် ရှိ၏။
သူ့ဘေးတွင် အနက်ရောင်ဝတ်စုံဖြင့် မိန်းမလှတစ်ဦး ထိုင်နေသည်။
သူ့ခန္ဓာကိုယ်တွင် မြွေဖြူလေးတစ်ကောင်လည်း ရစ်ပတ် သွားလာနေလေ၏။
သူသည် အဆိပ်နွယ်ဂိုဏ်းခေါင်းဆောင်ငယ် မိုယုဟုန် ဖြစ်သည်။ နတ်ဆိုး ရွှေအမြုတေ (၁) သောင်း ဖွဲ့စည်းပြီးနောက် ကျောက်ဖြူမြို့သို့ ရောက်လာခြင်းပင်။
ထိုအနီးတွင် မိုးမုန်တိုင်းဂိုဏ်း လက်ထောက်ခေါင်းဆောင် ချင်းဖုန်နှင့် အကြီးအကဲတစ်ဦးတို့ ရပ်နေကြ၏။
လျှိုမုန့်ဟူမှ ဝိုင်တစ်အိုး သောက်ပြီးချိန်တွင် ကိုယ်ကို ရှေ့ကိုင်းလာကာ ခပ်တိုးတိုး ပြောလေသည်။
“ခေါင်းဆောင်ငယ် မိုင် (၁) ထောင် မွှေးရနံ့ရဲ့ အရင်းအမြစ်ဆိုတာ သေချာလား”
“တခြားရတနာတွေလည်း ကောလာဟလ ကြားဖူးတယ်နော်”
“အဲ့ဒါမျိုးနဲ့ဆို ခြေတည်ဝိညာဉ် မဖွဲ့စည်းနိုင်ဘူး”
မိုယုဟုန် ရယ်မောလျက်
“ခေါင်းဆောင်လျှို ကျွန်မရဲ့ ထူးခြားတဲ့ ဖွဲ့စည်းပုံကို မေ့သွားတာလား… ကျွန်မဘေးက သတ္တဝါက ရှားပါးတဲ့ ရတနာတွေကို အနံ့ခံနိုင်တယ်လေ”
လျှိုမုန့်ဟူ ရယ်မောကာ
“ဟုတ်သားပဲ ကျွန်တော် မေ့သွားတာ”
မိုယုဟုန် ပြုံးကာ
“ကျွန်မအဖေမှာ ခြေတည်ဝိညာဉ် တည်ဆောက်ဖို့ ရတနာ (၂) ခု ရှိပြီးပြီ… အခု ဒီရတနာသာ ထပ်ရရင် (၃) ခုမြောက် ဖြစ်လာမှာ”
လျှိုမုန့်ဟူ ခေါင်းကုတ်၍
“ဒါနဲ့ ရှန်မိုလည်း ကျောက်ဖြူမြို့ ရောက်နေတယ် ကြားတယ်နော်… ဒါပေမဲ့ ရောက်ပြီးတာနဲ့ တန်းပျောက်သွားတာပဲ”
မိုယုဟုန် မျက်လုံးအရောင်လက်ကာ
“ဪ ဒါဆိုရင် ပွဲကြည့်ရတော့မှာပဲ”
“ဘာကိုဆိုလိုတာလဲ”
မိုယုဟုန် မြွေဖြူလေး၏ခေါင်းကို ပုတ်လျက်
“နတ်ရေစင်ဂိုဏ်းလက်အောက် ဂိုဏ်းတွေထဲက ထိပ်တန်း (၃) ခုရှိတယ်… အဲ့က (၂) ခုကို ရှင်းပြီး အခု မြစ်ဖြူဂိုဏ်းပဲ ကျန်တော့တာလေ”
“နတ်ရေစင်ဂိုဏ်းဘက်က ရှန်မို့ကို သတ်ချင်လွန်းလို့ လက်ယားနေမှာပဲ… ဒါပေမဲ့ သူ့ဂုဏ်သိက္ခာနဲ့ တိုက်ရိုက်လည်း ရှေ့မထွက်နိုင်ဘူး… အဲ့တော့ မြစ်ဖြူဂိုဏ်းကိုပဲ အသုံးချမှာပဲ”
“အခု ရှန်မိုရောက်နေတာကို သူတို့ မသိဘဲ နေမလား”
“နောက်ပြီး မှတ်မိသလောက် ဒီမိုင် (၁) ထောင် မွှေးရနံ့အကြောင်း သတင်းစလွှင့်တာ မြစ်ဖြူဂိုဏ်းကပဲ”
လျှိုမုန့်ဟူ ခေါင်းကုတ်ကာ
“ဟုတ်တယ်နော် အလွတ်တန်း ကျင့်ကြံသူတွေ စပြောကြတာဆိုပေမဲ့ အဲ့ဒါ မြစ်ဖြူဂိုဏ်းကပဲ”
“ဟုတ်တယ် ရှန်မို ချင်းရွှမ်ဂိုဏ်းအပြင်ဘက် ရောက်လာအောင် မျှားထားတာ… ဒီရက်ပိုင်းအတွင်း လှုပ်ရှားလိမ့်မယ်”
“ရှန်မို အဖမ်းခံခဲ့ရရင် ကျွန်တော်တို့ ဝင်ပါရဦးမှာလား”
မိုယုဟုန် သူ့ကို စိုက်ကြည့်၍
“သူတို့ထောင်ချောက်ထဲ ဝင်စရာလား… ခေါင်းဆောင်လျှို ရှန်မို့လက်ရှိအင်အားက ရှင့်လောက် ရှိတယ်… မြစ်ဖြူဂိုဏ်းဘက်က အကြီးအကဲ (၁၀) ယောက်လောက်နဲ့ ဝိုင်းဖမ်းတာတောင် မလွယ်ဘူး”
ထို့နောက် ပြုံး၍ ဆက်ပြောလေသည်။
“သူတို့ရဲ့ ရှေးအကြီးအကဲမှမဟုတ်ရင် ရှန်မို့ကို ဖမ်းနိုင်စရာအကြောင်း မရှိဘူး”
“ဒါပေမဲ့ ကျွန်မအဖေ ပြောတာတော့ သူကလည်း အခန်းပိတ် ကျင့်ကြံနေတုန်းတဲ့… ဒီတော့ ပွဲကိုပဲ အေးအေးဆေးဆေး ထိုင်ကြည့်ကြတာပေါ့”
“နားလည်ပါပြီ”
…
ကျောက်ဖြူမြို့၊ နယ်စားမင်းအိမ်တော်။
အရပ်ရှည်ရှည် သက်လတ်ပိုင်းလူတစ်ဦး ငြိမ်သက်စွာ မတ်တပ်ရပ်၍ မည်းနက်နေသော ကောင်းကင်ပြင်အား ကြည့်နေ၏။
သူသည် အကောင်းစား ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကော်လံနှင့် ရင်ဘက်နားတွင် ရွှေချည်များ ထိုးထားသည်။
ထိုလူမှာ ခရမ်းကြယ်ဂိုဏ်းခေါင်းဆောင် ယန်ထျန်းရှင်း ဖြစ်လေ၏။
သူ့အနောက်တွင် အမျိုးသား (၂) ဦး တိတ်ဆိတ်စွာ ရပ်နေပြီး ခရမ်းရောင်ဝတ်ရုံများပင် ဝတ်ဆင်ထားကြသည်။ (၂) ဦးစလုံး မြုတေဖွဲ့စည်းခြင်းအဆင့်များ ဖြစ်၏။
ယန်ထျန်းရှင်းမှ
“မြစ်ဖြူဂိုဏ်းနဲ့ မိုးမုန်တိုင်းဂိုဏ်းကလူတွေရော ရောက်လာပြီလား”
“ဟုတ်ကဲ့ ရောက်ပါပြီ ခေါင်းဆောင် မြစ်ဖြူဂိုဏ်းက လုရှင်းယွဲ့ ဦးဆောင်ပြီး အားလုံးပေါင်း (၄) ယောက် ရောက်နေပါတယ်”
“သိထားသလောက်တော့ အခန်းပိတ်ကျင့်ကြံနေတဲ့ အကြီးအကဲ ထွက်မလာသေးပါဘူး”
“မိုးမုန်တိုင်းဂိုဏ်းက (၃) ယောက်ကတော့ ခေါင်းဆောင် လျှိုမုန့်ဟူရယ်၊ လက်ထောက် ခေါင်းဆောင်ရယ်၊ နောက်ထပ်အကြီးအကဲရယ်ပါ”
“ဒါပေမဲ့ အဆိပ်နွယ်ဂိုဏ်း ခေါင်းဆောင်ငယ် မိုယုဟုန်လည်း ရောက်နေပြီး သူတို့ ပူးပေါင်းထားကြတဲ့ပုံပါပဲ”
ယန်ထျန်းရှင်း မျက်ခုံးပင့်လျက်
“အဆိပ်နွယ်ဂိုဏ်းက ငြိမ်နေတာ ကြာပြီကို အခုတော့ ဝင်လာပြီပဲ”
“ငါတို့လူတွေကို မိုင် (၁) ထောင် မွှေးရနံ့ မြန်မြန်ရှာဖို့ ပြောလိုက်… သူတို့ထက် အရင်ရှာတွေ့မှ ဖြစ်မယ်”
“ဟုတ်ကဲ့ပါ”
“ခေါင်းဆောင် ချင်းရွှမ်က ခေါင်းဆောင်ငယ် ရှန်မိုလည်း ရောက်နေတယ်လို့ ကြားတယ်နော် ကျွန်တော်တို့…”
သူတို့သာ ရှန်မို့ကို ဖမ်းနိုင်လျှင် အကျိုးအမြတ်များ ရနိုင်ပါသည်။
“အခုတော့ စောင့်ကြည့်ကြတာပေါ့”
“ရှန်မို ရူးရူးမိုက်မိုက်နဲ့ ဝင်ရှုပ်တဲ့အခါမှ ရှင်းကြမယ်”
…
တစ်ချိန်တည်းတွင်။
ကျောက်ဖြူမြို့ အရှေ့ပိုင်း။
ရှန်မိုတစ်ယောက် ရတနာရှိရာ အဆောက်အဦဆီ ထွက်လာခဲ့သည်။
အဆောင်ရှေ့ ရောက်သောအခါ တံခါးကို အသာ တွန်းဖွင့်၍ အထဲဝင်လာ၏။
အိမ်ထဲမီ အပြင်အဆင်အရ ပိုင်ရှင်မှာ မုဆိုးတစ်ဦး ဖြစ်ဟန်တူသည်။
ရှန်မို အထဲရောက်သည်နှင့် မွှေးရနံ့မှာ ပိုပြင်းထန်နေသည်ကို ခံစားမိပြီး မြို့ထဲတွင် ရသကဲ့သို့ လတ်ဆတ်သည့်အနံ့မျိုး မဟုတ်ပေ။
ရှန်မို စိတ်ဝိညာဉ်စွမ်းအင်ကြိုးအချို့သုံး၍ မြေအောက်ကို တူးလိုက်သည်။
သူ့လက်ရှိ ကျင့်ကြံမှုဖြင့် အသံမထွက်ဘဲ ဖြိုဖျက်နိုင်လေသည်။
ထိုအခါ ပြင်းထန်သောရနံ့ ပိုထွက်လာပြီး အထဲ၌ လက်ဝါးအရွယ်ခန့် ပန်းနီနီရဲရဲကို တွေ့ရသည်။
ပန်းပွင့်မှာ အပင်ဆွေးနှင့် အသားခြောက်များကြား ပေါက်နေလေ၏။
“ဒီလိုညစ်ပတ်တဲ့နေရာကနေ ရနံ့မွှေးတာမျိုး ထုတ်လုပ်နိုင်တယ်ပေါ့”
ရှန်မို လောကကြီးကို အံ့ဩနေမိသည်။
ထို့နောက် ကြာနီပန်းပွင့်အား နုတ်ယူလိုက်၏။
သူ ခဏစဉ်းစားကာ ထိုနေရာ၌ပင် တင်ပျဉ်ခွေထိုင်၍ မွမ်းမံရန် ပြင်လေသည်။