စီနီယာကြီး ကျွန်တော် တခြားနေရာ သွားပါမယ်
Vol. 10 Ch. 139
အားလုံး တုံ့ဆိုင်းတွေဝေသွားမိသည်။
ခရမ်းကြယ်ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် ရောက်နေ၏။
အခွင့်အရေး အရယူရန် မလွယ်တော့ပေ။
ထိုစဉ် ကောင်းကင်၌ အင်အားကြီးအရှိန်အဝါတစ်ခု တောက်ပလာသည်။
“ဟားဟား ခေါင်းဆောင်ယန်ကတော့ဗျာ… ကျောက်ဖြူမြို့က ခရမ်းကြယ်ဂိုဏ်းပဲ ပိုင်တာမှ မဟုတ်တာ… ခင်ဗျားလာနိုင်ရင် ကျွန်တော် လျှိုမုန့်ဟူလည်း လာနိုင်တာပေါ့”
လျှိုမုန့်ဟူလား။
ကျင့်ကြံသူများ လန့်သွားပြန်၏။
မိုးမုန်တိုင်းဂိုဏ်းခေါင်းဆောင် လျှိုမုန့်ဟူ။
မြုတေဖွဲ့စည်းခြင်းအဆင့် ထိပ်ဆုံး။
လျှိုမုန့်ဟူ စကားဆုံးသည်နှင့် ခပ်လှမ်းလှမ်းမှ စွမ်းအင်ကြီးတစ်ခုကို တွေ့ရလေသည်။
“နှစ်ယောက်လုံး တော်ကြပါတော့… ညီညီမျှမျှပေါ့… ခေါင်းဆောင်ယန်ကလည်း နယ်စားမင်းအိမ်တော်ကို ကြည့်ရုံပါဆို… တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး”
လရောင်အောက်တွင် လှပသော အမျိုးသမီးတစ်ဦး ပျံသန်းလာ၏။
သူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အလွန် ကျက်သရေရှိနေသည်။
မြစ်ဖြူဂိုဏ်းမှ ခေါင်းဆောင် လုရှင်းယွဲ့ပင်။
ဂိုဏ်းခေါင်းဆောင်များအားလုံး ပေါ်ပေါ်ထင်ထင် ရောက်နေ၍ ကျင့်ကြံသူများမှာ တုန်လှုပ်ကြောက်ရွံ့နေသည်။
ပုံမှန်အားဖြင့် ထိုကဲ့သို့အဆင့်များကို လွယ်လွယ် မတွေ့ရတတ်ပါ။
မကြာမီ ပြင်းထန်သော တိုက်ပွဲကြီး ဖြစ်လာတော့မည်ဟု ထင်ရ၏။
ရှန်မိုမှာတော့ တည်ငြိမ်စွာပင် လှမ်းကြည့်နေသည်။
သူ ထိုအခြေအနေများကို ကြိုသိပြီး ဖြစ်ပါသည်။ နောက်ဆုံးတွင် အရှုပ်အထွေးများကြား ရှောင်ဖန်သာ အခွင့်အရေးယူ၍ ရရှိသွားလိမ့်မည်။
“ခေါင်းဆောင်လုရဲ့စကားက စည်းကျော်နေတာပဲ… နယ်စားမင်းအိမ်တော်ဆိုတာ ခရမ်းကြယ်ဂိုဏ်းရဲ့ ပိုင်နက်လေ… အထဲမှာ ဘာရှိရှိ ခင်ဗျားတို့နဲ့ ဘာဆိုင်လဲ”
ယန်ထျန်ရှင်း နှာခေါင်းရှုံ့ကာ မကျေမနပ် ပြောလိုက်သည်။
လုရှင်းယွဲ့ ပြုံး၍
“နယ်စားမင်းအိမ်တော်က ရှင့်ပိုင်နက်လို့ ဘယ်သူပြောလဲ”
သူ့စကားဆုံးသည်နှင့် ရုတ်တရက် အိမ်တော်ထဲမှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်လာ၏။
ယန်ထျန်ရှင်း လန့်ဖျပ်၍ လှည့်ကြည့်ရာ နယ်စားမင်းအိပ်ရာဆီမှ အသံ ဖြစ်သည်။
မကြာမီ ကျင့်ကြံသူအုပ်စုမှာ နယ်စားမင်း၏ သားကို ဝန်းရံလျက် နယ်စားမင်းအိမ်တော်ထဲမှ ထွက်လာကြ၏။
“ခေါင်းဆောင်လု ပြည်သူတွေနဲ့ ဆန့်ကျင်ခဲ့တဲ့ နယ်စားမင်းဟောင်းကိုတော့ ရှင်းပြီးပါပြီ… အခု သူ့သားကို နယ်စားမင်းအသစ်အဖြစ် တင်ချင်ပါတယ်… ကျွန်တော်တို့ကို ကာကွယ်ပေးပါ ခေါင်းဆောင်လု”
အလွတ်တန်းကျင့်ကြံသူတစ်ဦးမှ လှမ်းအော်သည်။
ယန်ထျန်ရှင်း အလွန်ဒေါသထွက်သွား၏။
မြစ်ဖြူဂိုဏ်းမှာ နယ်စားမင်းအိမ်ကို စီးထားပြီးလေပြီ။
“မြစ်ဖြူဂိုဏ်းဆိုတာ အမြဲတမ်း တရားမျှတမှုအတွက် ကြိုးစားခဲ့တာပဲ… အကူအညီတောင်းတဲ့သူကို ဘယ်လို ငြင်းမလဲ”
ထို့နောက် အိမ်ထဲဝင်ရန် ပြင်လေသည်။
ယန်ထျန်ရှင်းမှ
“အဖေကိုသတ်တဲ့သားက အဆိုးဆုံးပဲ… သေဒဏ် ကျခံရမယ်”
သူ စိတ်ဝိညာဉ်စွမ်းအင်များ သုံး၍ အိမ်ဝင်ပေါက်မှ ကျင့်ကြံသူများနှင့် နယ်စားမင်း၏သားအား လွှမ်းခြုံထားလိုက်သည်။
ဘုံး!
လရောင်နှင့် ကြယ်ရောင်များ ရစ်ပတ်ရောယှက်ကာ ပတ်ဝန်းကျင် အဆောက်အဦများ ပြိုကျပျက်စီးကုန်သည်။
ထိုစဉ် လုရှင်းယွဲ့တို့ ရောက်လာပြီး နယ်စားမင်း၏ သားကိုကာကွယ်ပေးထားလိုက်သည်။
“ခေါင်းဆောင်ယန် နယ်စားမင်းက တစ်ကိုယ်ကောင်းဆန်ပြီး ကြမ်းတမ်းရက်စက်တယ်… သူ့သားက တရားတဲ့ဘက်က ပါဝင်တာကို ဆုတောင် ချရဦးမယ်မလား”
လုရှင်းယွဲ့ မျက်မှောင်ကြုတ်ကာ
“ခရမ်းကြယ်ဂိုဏ်းက ကျောက်ဖြူမြို့မှာ နေရာမရှိတော့ဘူး ထင်ပါတယ်”
“ကျောက်ဖြူမြို့ တည်ငြိမ်ရေးအတွက် ကျွန်မတို့ မြစ်ဖြူဂိုဏ်းကပဲ တာဝန်ယူပြီး ခရမ်းကြယ်ဂိုဏ်းကို ရှင်းလိုက်ပါမယ်”
လျှိုမုန့်ဟူလည်း ရယ်မောလျက်
“ညီမလုပြောတာ မှန်တယ်… ကျွန်တော်လည်း ကူညီပါ့မယ်”
ထိုအခါ အလွတ်တန်းကျင့်ကြံသူများမှလည်း ထအော်လေသည်။
“ကျွန်တော်တို့လည်း ကူညီပါမယ်”
“ဟုတ်တယ် မြို့တွင်းတညိငြိမ်ရေးအတွက်ပဲ”
ညကောင်းကင်အောက်တွင် တိုက်ပွဲကြီး စတင်လေသည်။
ဂိုဏ်းကြီး (၃) ခု တိုက်ခိုက်မှုကြားတွင် အလွတ်တန်း ကျင့်ကြံသူများမှာ အခွင့်အရေး ချောင်းနေ၏။
ရှန်မိုမှာတော့ တည်းခိုဆောင်ဘက်မှ ပြုံး၍ ကြည့်နေလေသည်။
ဝှစ် ဝှစ် ဝှစ်!
ထိုစဉ် ရှန်မို လမ်းကြားဘက် လှမ်းကြည့်လိုက်ပြီး ပစ်မှတ်များကို တွေ့လေ၏။
ရှောင်ဖန်နှင့် ဝူယန်ချန်း
နှစ်ယောက်သား အခွင့်ကောင်းယူ၍ အိမ်တော်ထဲ အရှိန်ဖြင့် ဝင်သွားသည်။
ရှန်မိုလည်း ရယ်မော၍ အနောက်မှ ချက်ချင်း လိုက်သွား၏။
သူကိုယ်တိုင် ရှာနေလျှင် ခက်ခဲလိမ့်မည်။
ရှောင်ဖန်မှာတော့ ကံကြမ္မာရှိပြီး၍ အလွယ်တကူ ရပေမည်။
တိုက်ပွဲမှာ ရှုပ်ယှက်ခတ်၍ အလောင်းများစွာ ပြန့်ကျဲနေ၏။
ရှန်မိုလည်း အရပ် (၈) မျက်နှာ မိုးကြိုးလှုပ်ရှားမှုကို သုံး၍ လူအုပ်ကြီးကို ဖြတ်လာသည်။
ထို့နောက် လက်ဖျောက်တစ်ချက်တီးရုံဖြင့် လမ်းတွင် ပိတ်နေသော ရန်သူများအား သတ်ပစ်လိုက်သည်။
“ပန်းအနံ့က ရှာဖို့ ပိုခက်လာတာပဲ”
ရှန်မို လေထုထဲ ရှူရှိုက်ရင်း တွေးမိသည်။
သို့သော် သွေးနံ့၊ ချွေးနံ့၊ ညှော်နံ့များသာ ဖုံးလွှမ်းနေ၏။
“ဒီကံကြမ္မာက…”
ရှန်မို ရှောင်ဖန်နောက် တောက်လျှောက်လိုက်ရင်း တွေ့ရသည်မှာ အံ့ဩစရာကောင်းလွန်း၏။
အလွတ်တန်းကျင့်ကြံသူများမှာ သူ့ကို ရှိမှန်းပင် သတိမထားမိကြဘဲ လမ်းတစ်လျှောက် လာတိုက်ခိုက်သည်မှာ (၄) ယောက်သာ ရှိသည်။
ထိုထဲမှ (၃) ဦးမှာ မတိုက်ခိုက်ရသေးမီပင် အခြားကျင့်ကြံသူမျာကြောင့် သေဆုံးသွားရသည်။
သေချာတိုက်ခိုက်ရသူမှာ ခြေတည်အဆင့်ဖြစ်၍ ရှောင်ဖန် အလွယ်တကူ သတ်လိုက်နိုင်၏။
“သူ ကျောက်ဥယျာဉ်ဆီ သွားနေတာလား”
ရှန်မို အနောက်မှလိုက်ရင်း တွေးမိ၏။
ပန်းရနံ့လည်း ပိုပြင်းထန်လာသည်။
ထို့နောက် ရှန်မို ရုတ်တရက် သူ့ကို ကျော်တက်ကာ လမ်းကြောင်းပေါ်သို့ ရိုက်ချလိုက်သည်။
ဘုံး!
ကျောက်ခင်းလမ်းမှာ ချိုင့်ဝင်၍ အပေါက်ကြီး ဖြစ်သွား၏။
ရှောင်ဖန် လန့်ဖျပ်၍ စွံ့အနေသည်။
ဒီအင်အားက… မြုတေဖွဲ့စည်းခြင်းပဲ။
“စီနီယာကြီး ကျွန်တော် တခြားနေရာ သွားလိုက်ပါ့မယ်”
ရှောင်ဖန် သူ့အဆင့်သူသိကာ ချက်ချင်း ဦးညွှတ် နှုတ်ဆက်၍ အခြားဘက်သို့ ပြေးသွားလေ၏။