ရတနာက လုရှင်းယွဲ့ဆီ ရောက်မှာပဲ
Vol. 10 Ch. 140
ရှန်မို ရယ်မော၍ ကျောက်ဥယျာဉ်ဘက် လှမ်းကြည့်လိုက်သည်။
ထို့နောက် လက်ဝါးသိုင်းဖြင့် ရိုက်လိုက်၏။
ဘုံး!
ကျောက်ဥယျာဉ်မှာ အပိုင်းပိုင်းအစစ ပျက်စီးသွားပြီး အောက်ဘက်တွင် တွင်းငယ်တစ်ခု ပေါ်လာသည်။
မွှေးရနံ့မှာလည်း ထိုနားတစ်ဝိုက်တွင် ပြင်းထန်စွာ ပျံ့နှံ့နေ၏။
ရှန်မို အရှိန်ဖြင့်ဝင်လိုက်သောအခါ အောက်ထဲတွင် မြေအောက်လိုဏ်ဂူကဲ့သို့ ရှိနေသည်ကို တွေ့ရသည်။ နယ်စားမင်းဟောင်းမှ အရေးပေါ်ထွက်ပေါက်အနေဖြင့် ဆောက်ထားခဲ့ပုံ ရ၏။
သူ သေဆုံးသောအခါ လိုဏ်ဂူကိုလည်း မေ့သွားကြသည်။
ရှန်မို လိုဏ်ဂူထဲ၌ ပြင်ပမှ သွေး၊ ချွေး၊ ညှော်နံ့များ မရသောကြောင့် လမ်းတစ်လျှောက် မွှေးရနံ့ကို ကောင်းစွာ လိုက်နိုင်သည်။
မကြာမီ မွှေးရနံ့ အပြင်းထန်ဆုံးနေရာသို့ ရောက်လာ၏။
ထိုနေရာတွင် ရေကန်တစ်ခုရှိလေသည်။
တောက် တောက်!
ရေစက်များ အပေါ်ဘက်မှ တတောက်တောက်ကျနေပြီး လက်ဝါးအရွယ်ခန့် ကြာပန်းမှာ အလယ်တွင် ဝဲနေသည်။
မိုင်တစ်ထောင် ကြာပွင့်ဖြစ်၏။
ထိုအချိန်တွင် ကြာပွင့်သည် လုံးဝ ပွင့်လန်းနေပြီး အလယ်၌ ကြည်လင်သော ပန်းအဆီအနှစ်များ ရှိနေသည်။
ဤသည်မှာ ပြင်ပအနှောင့်အယှက်များ မရှိ၍ လုံးဝ ပွင့်လန်းလာသည့် မိုင်တစ်ထောင်ကြာပွင့်၌သာ တွေ့ရနိုင်၏။
ရှန်မိုသည် ပြင်ဆင်လာသော ကျောက်စိမ်းပုလင်းဖြင့် ပန်းအဆီအနှစ်များ ယူလိုက်သည်။
ထို့နောက် ကျောက်စိမ်းကတ်ကြေးငယ်လေးဖြင့် ပွင့်လွှာများကို ညှပ်ယူလေ၏။
လက်ဖြင့်ခူးလျှင် ဆေးစွမ်းအင်များ ဆုံးရှုံးသွားမည်စိုး၍ ဖြစ်သည်။
ထိုအချိန်တွင် ကြာပန်းရနံ့မှာ ပို၍ ပြင်းထန်စွာ ပျံ့နှံ့သွားလေသည်။
တိုက်ခိုက်နေကြသော လုရှင်းယွဲ့၊ လျှိုမုန့်ဟူနှင့် ယန်ထျန်ရှင်းတို့လည်း သတိထားမိသွား၏။
တစ်ယောက်ယောက် မိုင်တစ်ထောင်ကြာပွင့်ကို ရသွားပြီလား။
ဘယ်သူ ရတာလဲ။
အားလုံး ထိုအတွေးကိုသာ တွေးနေမိကြ၏။
ထို့နောက် တိုက်ခိုက်မှု ရပ်တန့်ကာ လူစုလူဝေးဘက်သို့ လှမ်းကြည့်မိသည်။
ကျင့်ကြံသူအုပ်စုကြီးမှာ ကျောက်ဥယျာဉ်ဘက်သို့ ပြေးသွားကြသည်။
ဘုံး!
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်လာ၏။
လူတစ်ယောက် မြေအောက်ထဲမှထွက်ကာ အရှိန်မြင့်စွာ ပြေးသွားသည်။
“သူပဲ”
တစ်ယောက်မှ စအော်လိုက်၏။
“လိုက်ကြ လိုက်ကြ… ရတနာက ငါ့အတွက်ပဲ”
“ဟေ့ကောင် မပြေးနဲ့… ရတနာကို ပေးစမ်း”
ကျင့်ကြံသူများ ချက်ချင်း ပြေးလိုက်ကြသည်။
ရှောင်ဖန်လည်း သတင်းကြားသည်နှင့် လှမ်းကြည့်လိုက်သောအခါ ရေကန်ထဲတွင် လစ်ဟာနေသည်ကို တွေ့ရသည်။
ဒီနေရာမှာ ရှိခဲ့တာပေါ့။
သူ ထိုနေရာတွင်ရှိမည်ဟု ခံစားမိခဲ့ပါသည်။
ကံဆိုးစွာဖြင့် မြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ တစ်ဦးနှင့်တွေ့ကာ လက်ရှောင်လိုက်ရသည်။
မဟုတ်လျှင် သူ့အပိုင် ဖြစ်နေလေပြီ။
“အာ… စိတ်ရှုပ်စရာပဲ”
ရှောင်ဖန် ဒေါသထွက်နေ၏။
ထိုလူမှာ သူစိမ်းတစ်ယောက်ဟု သေချာနေသော်လည်း ရှန်မိုဟုလည်း ခံစားရလေသည်။
“အစ်ကိုရှောင်ဖန် အဆင်ပြေရဲ့လား”
ဝူယန်ချန်း စိုးရိမ်တကြီး မေးလိုက်သည်။
“အဆင်ပြေပါတယ်… အဲ့ရတနာကိုတော့ မရနိုင်တော့ဘူးပေါ့”
ရှောင်ဖန် သက်ပြင်းချမိ၏။
ဝူယန်ချန်း တခစ်ခစ် ရယ်မော၍
“ဟုတ်ပါပြီ ဟုတ်ပါပြီ အစ်ကိုရှောင်ဖန်သာ လိုချင်ရင် ကျွန်မ ရအောင်ယူပေးမှာပေါ့”
“ရွှေအမြုတေဖွဲ့စည်းဖို့ ရတနာ (၂) ခု လိုသေးတယ်မလား… ကျွန်မ စီစဉ်ပေးမယ်”
သူ ပြောပြောဆိုဆိုနှင့် ရတနာ (၂) ခု အတင်း ထုတ်ပေးလိုက်သည်။
ရှောင်ဖန် အံ့ဩသွားပြီးနောက် လှမ်းယူ၍
“ချန်းရယ် မင်းရဲ့အချစ်တွေက တကယ် အစစ်အမှန်ပဲ”
ဝူယန်ချန်း ပါးလေးများရဲလျက်
“အစ်ကိုရှောင်ဖန်ကလည်း….”
“ကို အခု ကျင့်ကြံမှဖြစ်မယ်… တိတ်ဆိတ်တဲ့နေရာ သွားတာပေါ့”
“အင်း… ကျွန်မ စောင့်ရှောက်ပေးမယ်လေ”
နှစ်ယောက်သား ပျော်ရွှင်စွာ ထွက်သွားကြလေသည်။
…
ဝှစ် ဝှစ် ဝှစ်!
ရှန်မို အရပ် (၈) မျက်နှာ မိုးကြိုးလှုပ်ရှားမှုသိုင်းဖြင့် နယ်စားမင်းအိမ်တော်မှ ထွက်လာသည်။
သူ့ရည်ရွယ်ချက်မှာ ကျင့်ကြံသူများကို မျက်ခြေဖြတ်၍ ကျောက်ဖြူမြို့မှ ပြန်ရန် ဖြစ်၏။
အလွတ်တန်းကျင့်ကြံသူများကို သတ်ရန် လွယ်သော်လည်း ဂိုဏ်းခေါင်းဆောင် (၃) ဦးမှာတော့ သူ့ကို အလွတ်ပေးမည် မဟုတ်ပေ။
သူ ရတနာကို ယူထားလျှင် ထိုအန္တရာယ်ကိုတော့ ရင်ဆိုင်ရပေမည်။
သို့သော် သူ့အရည်အချင်းဖြင့် မြုတေဖွဲ့စည်းခြင်း ထိပ်တန်းအလွှာနှင့် တွေ့လျှင်ပင် ထွက်ပြေးနိုင်လောက်သေးသည်။
မြစ်ဖြူဂိုဏ်းမှ အကြီးအကဲကိုသာ သတိထားရမည် ဖြစ်၏။
ထိုအချိန်တွင် လရောင်မှာ ရုတ်တရက် လက်ခနဲဖြစ်ပြီး သူ့ထံသို့ ဖျက်ဆီးရန်ကျရောက်လာသည်။
ရှန်မို တိုက်ခိုက်မှုအား အလွယ်တကူ ရှောင်ရှားလိုက်၏။
လရောင်စွမ်းအင်မှာ အိမ်တော်ထဲမှ ကျောက်သားများကို ကန်ထွက်စေပြီး ရှန်မို့ညာဘက်ခြေထောက်တွင် အနည်းငယ် ထိခိုက်သွားသည်။
သို့သော် ထိုကဲ့သို့ဒဏ်ရာမှာ စာမဖွဲ့လောက်ပေ။
စက္ကန့်ပိုင်းအတွင်း အနာကျက်သွားလေ၏။
ခပ်လှမ်းလှမ်းမှ ကြည့်နေသော လုရှင်းယွဲ့ မျက်ခုံးပင့်လိုက်မိသည်။
တစ်ချက်ကြည့်ရုံဖြင့် မြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူမှန်း သိသာသည်။
“ဟိုကျင့်ကြံသူ… ဒီရတနာက ကျောက်ဖြူမြို့နဲ့ပဲ ဆိုင်တယ်… အပြင်လူ ယူလို့မရဘူး”
လုရှင်းယွဲ့မှ လှမ်းပြော၏။
ရှန်မို အသံဩအောင်ပြုလုပ်၍ ရယ်မောကာ
“အဖိုးတန်လွန်းတဲ့ရတနာဆိုတာ ကံကြမ္မာအရပဲ ပတ်သက်တယ်”
“မင်း လုရှင်းယွဲ့က ကျောက်ဖြူမြို့မှာ မွေးဖွားရုံနဲ့ ရတနာကိုရမယ့်ကံ ပါတယ်ထင်လား”
လုရှင်းယွဲ့ ဒေါသထွက်သွား၏။
“မင်းလည်း မြုတေဖွဲ့စည်းခြင်းတစ်ယောက်ပဲ… ရန်သူတွေက တော်ရုံမဟုတ်ဘူးနော်… ဈေးပြောကြည့်လေ… အဆင်ပြေရင်ပြန်ဝယ်ပေးမယ်”
ရှန်မို နှာခေါင်းရှုံ့၍
“ဟားဟား မိုင်တစ်ထောင်ကြာပွင့်ကို ဝယ်မယ်လား… အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၁) သောင်းပေးရင် ရမယ်”
လုရှင်းယွဲ့ မျက်မှောင်ကြုတ်မိသည်။
သူ ပြန်ပေးရန် စိတ်ကူးမရှိမှန်း သိသာသည်။
“ဒါဆိုလည်း သေပေတော့”
လုရှင်းယွဲ့ လက်ယမ်းလိုက်သည်နှင့် လရောင် (၆) စင်း ထွက်လာပြီး ရှန်မိုအား အရပ်မျက်နှာတိုင်းမှ တိုက်ခိုက်လေသည်။
အခြားဂိုဏ်းခေါင်းဆောင်များလည်း မျက်မှောင်ကြုတ်၍ အခြေအနေ စောင့်ကြည့်နေ၏။
လရောင်အေး (၆) ချက်သိုင်းဟု ခေါ်သည်။
လရောင်မှာ အေးစက်၍ ယင်ဓာတ်ကြွယ်ဝပြီး ကြီးမားသော အင်အားဖြင့်သာ ထိုစွမ်းအင်ကို ဖြိုခွဲနိုင်သည်။
သို့သော် ကျင့်ကြံမှုအဆင့်တူသူများအနေဖြင့် မည်သူမျှ ခံနိုင်ရည်မရှိဖူးပေ။
ချက်ချင်း ရှောင်နိုင်မှ ဖြစ်လိမ့်မည်။
“ရတနာကတော့ လုရှင်းယွဲ့ဆီ ရောက်တော့မှာပဲ”
ယန်ထျန်ရှင်း မျက်မှောင်ကြုတ်ကာ ရေရွတ်မိသည်။
လျှိုမုန့်ဟူလည်း ခေါင်းကုတ်နေ၏။
အခြားကြည့်နေသူများလည်း သက်ပြင်းချ၍ ကြည့်နေ၏။
ရတနာမှာ လုရှင်းယွဲ့ထံ ရောက်မည်ဟုသာ သတ်မှတ်ထားလိုက်ကြသည်။