← Chapters

ရှန်မိုကိုသာ ဂရုစိုက်သူများ

Vol. 10 Ch. 144

ရှန်မိုကိုသာ ဂရုစိုက်သူများ

Vol. 10 Ch. 144

ရှန်မို့အမူအရာမှာ အလွန်ပြုံးရွှင် ကျေနပ်နေ၏။

သူ့တွင် ရေခဲနဂါးသွေးလည်း (၃) အိုးခန့် ကျန်သေး၍ အချိန်အတော်ကြာအောင် သုံးနိုင်ပါသည်။

သားကောင်အစွယ်၌ သွေးများ ထပ်ပါ၍ ပိုအင်အားကြီးသော ဝှက်ဖဲအနေဖြင့် သုံးနိုင်၏။

“မိုင်တစ်ထောင်ကြာပွင့်နဲ့ အဆီအနှစ်တွေကိုလည်း ဒီမှာပဲ သုံးနိုင်လောက်မယ်”

ရှန်မို ဘေးဘီကိုကြည့်ကာ လုရှင်းယွဲ့၏ သိုလှောင်လက်စွပ်ထဲမှ အကာအကွယ် (၂) ခုထုတ်၍ ချထားလိုက်၏။

လုရှင်းယွဲ့မှာ ဂိုဏ်းခေါင်းဆောင်တစ်ဦး ပီသစွာဖြင့် အကာအကွယ်အင်းများစွာ ရှိသည်။

မြေအဆင့်ပင် (၃) ခု ရှိလေ၏။

ဝင်္ကပါအကာအကွယ်၊ နှင်းအဆိပ်အကာအကွယ်နှင့် ဖုံးကွယ်ခြင်း အကာအကွယ်တို့ ဖြစ်သည်။

ရှန်မို နှင်းအဆိပ်နှင့် ဖုံးကွယ်ခြင်းအကာအကွယ်တို့ သုံးရန် ဆုံးဖြတ်လိုက်၏။

ဖုံးကွယ်ခြင်းအကာအကွယ်မှာ သူ့ဖြစ်တည်မှုကို ကာပေးထား၍ လွတ်လွတ်လပ်လပ် ကျင့်ကြံနိုင်လိမ့်မည်။

နှင်းအဆိပ်အကာအကွယ်မှာတော့ သားကောင်ကြီးများနှင့် ကျင့်ကြံသူများ အနားမကပ်နိုင်ရန် ချက်ချင်း တုံ့ပြန်လိမ့်မည်။

အားလုံး ပြင်ဆင်ပြီးနောက် ရှန်မို ရတနာများထုတ်ကာ စတင်ကျင့်ကြံတော့သည်။

…

(၁၀) ရက် ကြာပြီးနောက်၊ ချင်းရွှမ်ဂိုဏ်း တောင်တန်းဂိတ်။

မူယုံးယွဲ့ ဧည့်ခန်းကြီးထဲ၌ စိတ်ရှုပ်ထွေးစွာဖြင့် အရှေ့လျှောက်လိုက်၊ အနောက်လျှောက်လိုက် ဖြစ်နေသည်။

သူ့ဘေး၌ စုန်းချောင်ဖုန်၊ ဝေ့ရှောင်းထီ၊ လျှိုယွမ်ဖုန်၊ အကြီးအကဲလီတို့ရှိနေပြီး အားလုံးလည်း စိုးရိမ်သော အမူအရာများ ရှိ၏။

လျှိုယွမ်ဖုန်၏ စိုးရိမ်မှုမှာတော့ စိတ်ရင်းဟုတ်မဟုတ် မသေချာပေ။

“ရှန်မို့သတင်း ဘာမှမကြားသေးဘူးလား”

မူယုံးယွဲ့ ထပ်မေး၏။

“ဟင့်အင်း မိုးမုန်တိုင်းဂိုဏ်းက ခေါင်းဆောင်လျှို ပြောတာတော့ သူတို့လည်း မျက်ခြေပြတ်သွားတယ်တဲ့”

ဝေ့ရှောင်းထီ ခေါင်းယမ်းပြကာ ပြန်ဖြေ၏။

စုန်းချောင်ဖုန်မှ

“ခရမ်းကြယ်ဂိုဏ်းက ခေါင်းဆောင်ယန် ဘာမှပြန်မပြောပေမဲ့ သူတို့ထဲက အကြီးအကဲတစ်ယောက်ကတော့ ဝိုင်းရှာပေးမယ် ပြောပါတယ်”

“ကျွန်မလည်း အလွတ်တန်းကျင့်ကြံသူတချို့ကို ပြောထားပါတယ်”

အကြီးအကဲလီ သက်ပြင်းချ၍

“ဒါပေမဲ့ ခေါင်းဆောင်ငယ်က ကျောက်ဖြူမြို့ကို သွားတဲ့အထိပဲ သိတာ… အဲ့နောက်ပိုင်း သူ ဘယ်ရောက်သွားလဲ ဘယ်သူမှ မသိကြဘူး”

“အဲ့ညက အရမ်းရှုပ်နေတာတဲ့… လူမသိသူမသိ ပျောက်သွားတဲ့သူတွေလည်း မနည်းဘူး… ခေါင်းဆောင်ငယ်က အင်အားကြီးပေမဲ့…”

လျှိုယွမ်ဖုန် ခပ်တိုးတိုး ရေရွတ်၏။

မူယုံးယွဲ့ သက်ပြင်းချကာ

“မဟုတ်ဘူး… သူ ကျောက်ဖြူမြို့မှာ သေသွားမယ့်သူမျိုး မဟုတ်ဘူး”

“ဆက်ရှာကြ… မို့ကို ပြန်တွေ့မှ ဖြစ်မယ်”

“ဟုတ်ကဲ့ပါ ခေါင်းဆောင်”

ထိုစဉ် မူယုံးယွဲ့တို့အားလုံး ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင် တုန်ခါသွားသည်ကို ခံစားမိသည်။

“ဒါက… မြုတေဖွဲ့စည်းခြင်းအဆင့် တက်သွားတာပဲ”

စုန်းချောင်ဖုန် လန့်ဖျပ်ကာ ပြော၏။

ဝေ့ရှောင်းထီ ပျော်ရွှင်မြူးတူးစွာဖြင့်

“ကျွန်တော် သွားကြည့်လိုက်ဦးမယ်”

မူယုံးယွဲ့တို့လည်း စိတ်ရှုပ်ထွေးမှုကို ဖယ်၍ အမြန် လိုက်သွားကြ၏။

ချင်းရွှမ်ဂိုဏ်း၏ မနီးမဝေး ချင်းကန်တောင်တွင် အလင်းရောင်များ တောက်ပနေ၏။

အလင်းရောင်ကြားတွင် လူတစ်ယောက်၏ အရိပ်ကို အနည်းငယ် မြင်ရသည်။

ချင်းရွှမ်ဂိုဏ်းမှ တပည့်များလည်း ထိုအလင်းရောင်ကို အံ့ဩစွာ ထွက်ကြည့်ကြသည်။

“ဒီလို ခမ်းနားတဲ့အလင်းရောင်က… ပြီးပြည့်စုံတဲ့ ရွှေအမြုတေပဲ”

လျှိုယွမ်ဖုန်မှ ရေရွတ်မိသည်။

“ဘယ်သူလဲ… ဘယ်လိုတပည့်က မြုတေဖွဲ့စည်းခြင်း အတင့်တက်တာလဲ”

အကြီးအကဲလီ အလွန်ဝမ်းသာနေ၏။

အလင်းရောင်မှာ အချိန်ခဏကြာပြီးနောက် တဖြည်းဖြည်း မှိန်သွားသည်။

ထိုအခါ အလယ်မှလူ၏ ရုပ်ရည်လည်း သဲကွဲလာ၏။

“သူလား… ဒီလူငယ်လေး မှတ်မိပြီထင်တယ်”

မူယုံးယွဲ့ မျက်ခုံးပင့်မိသည်။

လျှိုယွမ်ဖုန် မှင်တက်နေပြီးမှ ဝမ်းသာအားရ ထအော်သည်။

“ဒါ ငါ့တပည့် ရှောင်ဖန်ပဲ”

စုန်းချောင်ဖုန်နှင့် ဝေ့ရှောင်းထီတို့ အတင်းလက်ဆွဲ နှုတ်ဆက်၍

“ဂုဏ်ယူပါတယ် လက်ထောက်ခေါင်းဆောင်လျှိုရယ်”

အကြီးအကဲလီ နှာခေါင်းရှုံ့ကာ

“တကယ် ဂုဏ်ယူပါတယ်နော်”

လျှိုယွမ်ဖုန် ပြုံးနေသော်လည်း စိတ်ထဲ၌ ရှုပ်ထွေးနေ၏။

ရှောင်ဖန်မှာ သူ့တပည့်ဖြစ်၍ ဤသို့ အောင်မြင်မှုကြီးကို ဝမ်းသာရမည်ဖြစ်သော်လည်း သူ့သမီးကို ထားသွား၍ နတ်ဓားဂိုဏ်းခေါင်းဆောင်၏ သမီးကို ရွေးချယ်သွားသူ ဖြစ်သည်။

ထို့ကြောင့် ရင်ထဲတွင် ဆူးတစ်ချောင်းစိုက်နေသကဲ့သို့ ဖြစ်လေသည်။

ယခုအခါ ပို၍ စိတ်ရှုပ်ထွေးသွား၏။

လေထဲတွင် ရှောင်ဖန် မျက်လုံးများ ပြန်ပွင့်လာပြီး စွမ်းအင်များကို ကြည့်ကာ အလွန်ပျော်နေသည်။

“နောက်ဆုံးတော့… မြုတေဖွဲ့စည်းခြင်းအဆင့် ရောက်ပြီပဲ”

“စိတ်ထဲမှာ မှတ်ဉာဏ်တွေ ရုတ်တရက် ပေါ်လာတယ်… ဘယ်သူ့မှတ်ဉာဏ်တွေလဲ… ငါက ဘယ်သူလဲ”

“ဒီအကြောင်းအတွက် အချိန်သေချာပေးမှ ဖြစ်မယ်”

ရှောင်ဖန် တွေးတောရင်း ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။

တပည့်များမှာ သူ့ကိုကြည့်ရင်း ချီးကျူးမြှောက်ပင့်နေကြ၏။

“ရွှေအမြုတေဖွဲ့စည်းနေတယ်ဆိုလို့ စီနီယာရှောင်ဖန် ဖြစ်နေတာပဲ”

“ဒီအတိုင်းကြည့်ရုံနဲ့ ပြီးပြည့်စုံခြင်းရွှေအမြုတေပဲ”

တပည့်မလေးများမှာလည်း အလွန် အထင်ကြီး လေးစားနေကြတော့သည်။

ရှောင်ဖန် သူ့အတွေးများ ခဏဖယ်ရှား၍ ရယ်မောကာ

“အားလုံး ခန့်မှန်းတာ မှန်ပါတယ်… ပြီးပြည့်စုံခြင်း ရွှေအမြုတေပဲ”

အချို့မှာ လေးစားအားကျစွာဖြင့်

“စီနီယာရှောင်ဖန်ရယ် ခေါင်းဆောင်ငယ်ပြီးတော့ ဒုတိယ ရွှေအမြုတေရတဲ့သူက စီနီယာ ဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ”

“ဒီအတိုင်းဆို ချင်းရွှမ်ဂိုဏ်း အဆင့်မြင့်လာဖို့ သေချာပြီ… ရွှမ်ကျန်းရဲ့ ထိပ်တန်း (၅) ဂိုဏ်းထဲ ပြန်ရောက်မှာ”

ရှောင်ဖန် အပြုံး ပျောက်ကွယ်သွား၏။

ဘာလို့ ရှန်မိုအကြောင်း ပါလာတာလဲ။

“ခေါင်းဆောင် ရောက်လာပြီ”

လူအုပ်ကြားမှ အသံတစ်ခု ထွက်လာ၏။

တပည့်များ လမ်းရှင်းပေးလိုက်ရာ မူယုံးယွဲ့၊ စုန်းချောင်းဖုန် စသဖြင့် ရောက်လာကြသည်။

လှပလွန်းသော ခေါင်းဆောင်ကိုတွေ့ကာ ရှောင်ဖန် ရင်ခုန်သွား၏။ ထို့နောက်မှ သတိဝင်ကာ ချက်ချင်း ဒူးတစ်ဖက်ထောက်၍ နှုတ်ဆက်လေသည်။

“မင်္ဂလာပါ ခေါင်းဆောင်”

ရှန်မို့ကိုရှာမတွေ့၍ စိတ်ညစ်နေသော မူယုံးယွဲ့မှာ ယခုအချိန်တွင် အလွန်ပြုံးပျော်နေ၏။

“ပြီးပြည့်စုံခြင်း ရွှေအမြုတေကို ဖွဲ့စည်းနိုင်တာပဲ… မဆိုးဘူး”

“ရှောင်ဖန် မင်း ဒီနေ့ကစပြီး ချင်းရွှမ်ရဲ့ အတွင်းဂိုဏ်း အကြီးအကဲ ဖြစ်သွားပြီ”

“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်”

သူ တလေးတစား ပြန်ဖြေ၏။

မူယုံးယွဲ့မှ ဆက်၍

“အကြီးအကဲလီ အခုချိန်ကစပြီး အကြီးအကဲရှောင်ကို အတွင်းဂိုဏ်းအကြီးအကဲတစ်ယောက်ရဲ့ တာဝန်နဲ့ ဝတ္တရားတွေအတိုင်း ဆက်ဆံပါ… အမှားဖြစ်တာ မကြားချင်ဘူး”

“ဟုတ်ကဲ့ပါ”

ရှောင်ဖန် အလွန်ဝမ်းသာသွား၏။

ယခုလို အသက်ငယ်ငယ်ဖြင့် ပြီးပြည့်စုံခြင်း ရွှေအမြုတေ ဖွဲ့စည်းနိုင်ခဲ့သောကြောင့် မူယုံးယွဲ့အကြည့်များ ပြောင်းလဲသွားလေပြီ။

နောက်ပိုင်း ခေါင်းဆောင်ချောချောလေးနှင့် ထူးခြားသော ဆက်ဆံရေးအထိ ရှိလာရန် မျှော်လင့်မိပါသည်။

သူ စကားများ ထပ်ပြောချင်သေးသော်လည်း ရုတ်တရက် ဝမ်းသာအားရ အော်သံတစ်ခု ထွက်လာ၏။

“ခေါင်းဆောင် တင်ပြစရာ ရှိလို့ပါ… ခေါင်းဆောင်ငယ် ပြန်လာပါပြီ”

“ဘေးကင်းပါတယ်”

ထိုစကားကြောင့် မူယုံးယွဲ့ ရုတ်တရက် တုန်သွားကာ မျက်နှာလေး ဝင်းပသွား၏။

“မို… မို”

မူယုံးယွဲ့ စိတ်လှုပ်ရှားစွာ ရေရွတ်ရင်း ဂါဝန်ရှည်ကို မ၍ ဂိုဏ်းဝင်ပေါက်သို့ ပြေးလေသည်။

ဖြစ်နိုင်လျှင် အလင်းတန်းအဖြစ် ချက်ချင်း ပြေးသွားချင်၏။

အခြားအကြီးအကဲများလည်း စိတ်လှုပ်ရှားစွာဖြင့် လိုက်သွားကြသည်။

“ခေါင်းဆောင်ငယ် ပြန်ရောက်လာတာလား”

“သူ ဘေးကင်းတယ်ဆို တော်သေးတာပေါ့… လာ သွားတွေ့ကြမယ်”

“ခေါင်းဆောင်ငယ် ပျောက်နေလို့ စိုးရိမ်နေခဲ့တာ… ငါ့ကိုကြည့်ဦး… မစားမသောက်နိုင်တာ (၁၅) မိနစ်တောင် ရှိပြီ”

အကြီးအကဲများ၊ တပည့်များ အားလုံး ဝင်ပေါက်ဆီ ရောက်လာကြသည်။

ရှောင်ဖန်ဘေးမှလူများမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။

သို့သော် ကျန်ခဲ့သည်မှာ လျှိုယွမ်ဖုန်၊ လျှိုယွန်းရွှမ်နှင့် လျှိုဖေး… လျှိုမိသားစု ဖြစ်သည်။

အောင်မြင်မှုကို ခံစားနေသည့် ရှောင်ဖန်တစ်ယောက် နေရခက်နေတော့သည်။

“ရှောင်ဖန် မင်း ဘယ်ကနေ အခြေခံ ရလာတာလဲ”

လျှိုယွန်းရွှမ် ရုတ်တရက် မေးလိုက်၏။

လျှိုဖေးမှာလည်း မုန်းတီးစွာ စိုက်ကြည့်နေသည်။

ရှောင်ဖန်မှာ ဘာပြောရမည်မသိ ကြောင်အမ်းနေ၏။

“ထားလိုက်ပါတော့ ဘာပဲဖြစ်ဖြစ် သူက ငါ့တပည့်ပဲ… အရမ်း ဖိအားမပေးပါနဲ့”

လျှိုယွမ်ဖုန် ဝင်တား၏။

“ရှောင်ဖန် သွားနားတော့လေ… ပင်ပန်းသွားပြီ”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ”

ရှောင်ဖန် သက်ပြင်းချကာ အမြန် ထွက်ပြေးသွား၏။

လျှိုဖေးအကြည့်များမှာ စူးရှလွန်း၍ မကြာမီ ပေါက်ထွက်နိုင်ပါသည်။

All Chapters