← Chapters

ရှောင်ဖန် မှတ်ဉာဏ်များ နိုးထခြင်း

Vol. 10 Ch. 147

ရှောင်ဖန် မှတ်ဉာဏ်များ နိုးထခြင်း

Vol. 10 Ch. 147

ခေါင်းဆောင်ငယ်အဆောင်။

ရှန်မို အခန်းထဲမှ ပျင်းရိပျင်းတွဲ ထွက်လာသည်။

ထို့နောက် ကျယ်ပြောသော ကောင်းကင်ကြီးနှင့် ချင်းကန်တောင်တန်းအား ငေးကြည့်ရင်း ခေါင်းတငြိမ့်ငြိမ့် တွေးနေသည်။

“ရှောင်ဖန် ဒီနေ့ ဓားသိုင်းဉာဏ်အလင်းပွင့်သွားတာမလား”

ထိုအခြေအနေမျိုးတွင် ဉာဏ်အလင်းပွင့်ခြင်းမှာ အချိန်၊ နေရာ ပေါင်းစပ်မှန်ကန်မှသာ ဖြစ်နိုင်သည်။

ထိုကဲ့သို့ အခြေအနေရလျှင် ရှောင်ဖန်တင်မက ရှန်မိုလည်း အောင်မြင်နိုင်ပါသည်။

ရှန်မို တွေးတောရင်း ချင်းရွှမ်ဂိုဏ်းဝင်ပေါက်နားရှိ ဝါးတောထံ ထွက်လာခဲ့သည်။

လမ်းတစ်လျှောက် အကြီးအကဲများ၊ အလုပ်သမားများ၊ တပည့်များကို တွေ့ရပြီး တရိုတသေ နှုတ်ဆက်ကြ၏။

ထိုဝါးတောမှာ ချင်းရွှမ်ဂိုဏ်းမှ အထူးစောင့်ရှောက် စိုက်ပျိုးထားပြီး မြဝါးစိမ်းဟု သိကြလေသည်။

မြဝါးစိမ်းသည် ကြီးထွားမှုနှေးပြီး ရင့်သော်လည်း မျှစ်နုများနှာတော့ စိတ်ဝိညာဉ်စွမ်းအင် ကြွယ်ဝ၍ အရသာအလွန်ရှိ၏။

အစိမ်းလိုက်စားလျှင်ပင် မွှေးပျံ့၍ စားကောင်းသည်။

ထိုအချိန်တွင် အပြင်ဂိုဏ်းတပည့်များမှာ မျှစ်နုများ ချိုး၍ သိမ်းဆည်းရင်း အလုပ်ရှုပ်နေကြသည်။

လက်တစ်ဖက်ပြတ်နေသော အဖွဲ့ခေါင်းဆောင်မှ အလုပ်လုပ်နေသည်အား ကြီးကြပ်ပေး၏။

သူ ရှန်မို့ကိုတွေ့သောအခါ ပြုံးရွှင်၍ နှုတ်ဆက်လေသည်။

“ခေါင်းဆောင်ငယ် ဘာကိစ္စများ ရှိလို့ပါလဲ”

ထိုလူမှာ ကျန်းဝေ့ဟူပင်။

လက်နက်ကြီးဂိုဏ်းအကြီးအကဲနှင့် တိုက်ခိုက်စဉ်က လက်တစ်ဖက် ဆုံးရှုံးခဲ့ရခြင်း ဖြစ်၏။

ထိုစဉ်တည်းက ချင်းရွှမ်ဂိုဏ်းထဲတွင်သာ သစ္စာရှိရှိ အချိန်ပေးနေခဲ့သည်။

ဤသည်မှာ ချင်းရွှမ်ဂိုဏ်းမှလည်း သူတို့အတွက် စတေးခဲ့သူအား ဂုဏ်ပြုခြင်း ဖြစ်လေသည်။

ဂိုဏ်းအတွက် ကြိုးစားလျက်ဖြင့် ကောင်းကောင်း ဆက်ဆံမခံရပါက စိတ်ဓာတ်ပျက်စီးကာ ဆက်နေချင်တော့မည် မဟုတ်ချေ။

ရှန်မို ခေါင်းငြိမ့်ပြ၍ ပြန်နှုတ်ဆက်သည်။

မူယုံးယွဲ့ ပြန်ရောက်လာပြီးတည်းက ချင်းရွှမ်ဂိုဏ်း ပတ်ဝန်းကျင်လည်း အခြေအနေ တိုးတက်လာ၏။

လဲ့ယုံးကဲ့သို့ အနိုင်ကျင့်ဗိုလ်ကျမှုများလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ဝူဟွေ့ရန်ကဲ့သို့ တပည့်များ၏ ဆုလာဘ်ကို ခိုးယူနေသူပင် အတွင်းဂိုဏ်းတပည့်အဖြစ် ရာထူးကျသွားလေ၏။

ရှန်မို ပြုံးလျက်

“ဒီအတိုင်း လမ်းလျှောက်တာပါ… အခွင့်အရေး တစ်ခုခု ပေါ်လာမလား မသိနိုင်ဘူးလေ”

ကျန်းဝေ့ဟူလည်း ရယ်မော၍

“ခေါင်းဆောင်ငယ်က အရမ်းနောက်တတ်တာပဲ… ဒီဝါးတောမှာ လူတွေအများကြီး ဖြတ်သွားဖြတ်လာ လုပ်နေတာ… အခွင့်အရေးရှိရင် သူတို့ ယူပြီးပြီပေါ့”

သူ့စကားမှာ မရိုသေသလို ဖြစ်သွား၍ ချက်ချင်း ကိုယ်ဟန်ထိန်းကာ

“အဟမ်း အဟမ်း မဟုတ်သေးဘူး ခေါင်းဆောင်ငယ်အတွက် ကောင်းကင်ကပေးတဲ့ အခွင့်အရေး ရှိနိုင်ပါတယ်”

ရှန်မို ရယ်မောမိ၏။

“ဘာမှ မစိုးရိမ်ပါနဲ့ဗျာ… ဒါပေမဲ့ အပြင်ဂိုဏ်းတပည့်တွေကိုခေါ်ပြီး ဂိုဏ်းဆီ ပြန်ဖို့တော့ အကြံပေးချင်တယ်… မုန်တိုင်းကြီး လာတော့မယ်… လေပြင်းမယ်၊ မိုးကြိုးလျှပ်စီးတွေလည်း ပါတယ်”

ကျန်းဝေ့ဟူ ကောင်းကင်မှ တောက်ပသော နေမင်းနှင့် ကြည်လင်သော တိမ်တိုက်များအား မော့ကြည့်မိသည်။

မုန်တိုင်းလား။

မိုးရွာမယ့် အရိပ်အယောင်တောင် မရှိတာကို။

ထိုစဉ် ရုတ်တရက် ကောင်းကင်ကြီး မှောင်မည်းသွားလေသည်။

မျှစ်ခူးနေသော တပည့်များလည်း လန့်သွား၏။

ရာသီဥတုပြောင်းလဲမှုမှာ မြန်ဆန်လွန်းလှသည်။

ကျန်းဝေ့ဟူ မှင်တက်လျက်

“ခေါင်းဆောင်ငယ်ကတော့ ရာထူးနဲ့ လိုက်ဖက်ပါပေတယ်… ကွက်တိ ခန့်မှန်းနိုင်တာပဲ”

ထို့နောက် တပည့်များအား လှမ်းအော်လိုက်သည်။

“အားလုံး ဂိုဏ်းကို ပြန်ဖို့ ပြင်ကြဟေ့”

“ဟုတ်ကဲ့ပါ”

ကျန်းဝေ့ဟူမှ

“ခေါင်းဆောင်ငယ်ရော မလိုက်ဘူးလား”

ရှန်မို တောအုပ်ဘက် လက်ညှိုးထိုးပြ၍

“ကျွန်တော်က ဓားသိုင်းလေ့ကျင့်ရဦးမယ်”

ကျန်းဝေ့ဟူ ဆက်မေးချင်သော်လည်း ခေါင်းသာ ငြိမ့်ပြလိုက်သည်။

“ကောင်းပါပြီ ဒါဆို ကျွန်တော်တို့ သွားပြီနော်”

ဝါးတောမှာ ရာစုနှစ်ချီ၍ ပေါက်ရောက်နေပြီး နှစ်တစ်ရာကျော်ဝါးများမှာ ကျောက်စိမ်းထက်ပင် မာကျော၏။

တောနက်ထဲတွင် ထိုနှစ်တစ်ရာကျော်ဝါးများ ပေါက်ရောက်၏။

ရှန်မို ကျန်းဝေ့ဟူတို့ ပြန်သွားသည်ကို တွေ့ပြီးမှ ဝါးတောထဲ ဝင်သွားသည်။

အစပိုင်းလွယ်ကူသော သိုင်းစဉ်များမှာ အဆင့်မြင့်လာသည်နှင့် ပိုခက်ခဲလာပြီး အထူးသဖြင့် အမြင့်ဆုံးအဆင့်တွင် အတော်ကြိုးစားရသည်။

ရှန်မို အဆင့်အမြင့်ဆုံးအထိ တတ်မြောက်ထားသည်မှာ (၄) မျက်နှာ မှော်တံခါးသာ ရှိသည်။

နေမင်း (၉) သွယ် နတ်ဇာမဏီသိုင်းကို ဇာမဏီစားသောက်ဆိုင် ရောက်စဉ်က အနည်းငယ်မျှသာ တတ်မြောက်ခဲ့ခြင်း ဖြစ်၏။

ဆက်ကျင့်ကြံသော်လည်း ပို၍ ချောချောမောမော သုံးနိုင်ရုံသာ ဖြစ်လေသည်။

အခြားသိုင်းများမှာတော့ ဒုတိယအဆင့်များ၊ ပဉ္စမအဆင့်များ စသဖြင့် ရှိကြ၏။

“မိုးကြိုးအရိပ်ဓားသိုင်းက အလယ်အဆင့် သိမ်မွေ့နက်နဲခြင်းကျင့်စဉ်ပဲ… တတိယအလွှာအထိ တတ်မြောက်ရင်တောင် ဓားသိုင်းအသစ် ရပြီ”

ရှန်မို ဝါးတောထဲ လျှောက်လာရင်း အလယ်နားတွင် လူတစ်ယောက်ကို တွေ့လေသည်။

ခြေသံကြား၍ ထိုလူလည်း ရှန်မို့ကို လှည့်ကြည့်၏

ထိုလူမှာ အခြားမဟုတ် ရှောင်ဖန်ပင်။

ရှောင်ဖန့်အမူအရာမှာ အလွန်ရှုပ်ထွေးသွားမှန်း သိသာသည်။

ဘာလို့ သူပဲလဲ။

“မင်္ဂလာပါ ခေါင်းဆောင်ငယ်”

ရှောင်ဖန် မတတ်သာဘဲ နှုတ်ဆက်လိုက်ရသည်။

ရှန်မိုမှာ တည်ငြိမ်စွာဖြင့်

“ဂျူနီယာရှောင်က ပြီးပြည့်စုံခြင်း ရွှေအမြုတေကို ဖွဲ့စည်းနိုင်ပြီး အတွင်းဂိုဏ်းအကြီးအကဲ ဖြစ်သွားတယ်လို့ ကြားတယ်နော်”

“ဟုတ်ပါတယ်”

“အထင်ကြီးစရာပဲ… နောက်လည်း ပိုအောင်မြင်ပါစေနော်”

ရှန်မို ပြုံး၍ ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ်ဗျ”

“ဒါနဲ့ ခေါင်းဆောင်ငယ်က ဒီကို ဘာကိစ္စရှိလို့လဲ”

“မိုးကြိုးအရိပ်ဓားသိုင်းက အဆင့်မတက်လို့လေ… ဝါးတောထဲမှာဆို အခွင့်အရေး ရှိမလားလို့”

“ဟုတ်ကဲ့ နားလည်ပါပြီ… ကျွန်တော် တခြားနေရာ ရှာလိုက်ပါမယ်”

ရှောင်ဖန် နှုတ်ဆက်ကာ အမြန်ထွက်သွားလေသည်။

ထို့နောက် ခဏအတွင်း ချင်းကန်တောင်ထဲ ဝင်ရောက် ပျောက်ကွယ်သွား၏။

ရှန်မို မျက်ခုံးပင့်မိ၏။

သူ ခုနက ရှောင်ဖန့်ကံကြမ္မာကို ကြည့်လိုက်စဉ် ထူးခြားချက်ကို တွေ့ပါသည်။

[လတ်တလော ကံကြမ္မာ: ရှောင်ဖန် ယခုမနက် နိုးထလာသောအခါ အတိတ်မှတ်ဉာဏ်များ သတိရပြီး ပြန်လည်မွေးဖွားခဲ့သည်အား သိသွားမည်]

“ရှောင်ဖန် အရင်ဘဝမှတ်ဉာဏ်တွေ ပေါ်လာတာပဲ”

“နတ်ဘုရားပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူရဲ့ မှတ်ဉာဏ်တွေ ပေါင်းသွားရင် အများကြီး ပြောင်းလဲလာမှာ”

ရှန်မို ခဏစဉ်းစားနေပြီးနောက် အချိန်မဆွဲတော့ဘဲ မိုးကြိုးဓားကို တင်းကြပ်စွာ ဆုပ်ကိုင်၍ စတင် လေ့ကျင့်လေသည်။

ဝှစ်!

ဓားအရောင်မှာ လျှပ်စီးကဲ့သို့ တလက်လက် တောက်နေ၏။

ချွမ်!

မလှမ်းမကမ်းမှ မြစိမ်းဝါးပင်တွင် ခြစ်ရာထင်သွား၏။ သူ စိတ်ဝိညာဉ်စွမ်းအင် မထည့်၍ လုံးဝ ပြတ်သွားသည်အထိတော့ မဖြစ်ပေ။

ဓားအလင်းရောင်မှာ အမှောင်ထုကို ဖောက်ထွင်း၍ လောကကြီးပေါ် ကျရောက်လာသည်။

All Chapters