← Chapters

ထူးဆန်းသော ရေပယင်း

Vol. 10 Ch. 149

ထူးဆန်းသော ရေပယင်း

Vol. 10 Ch. 149

ကျင့်ကြံသူများမှာ တွန်းတိုက်ခြင်း၊ အော်ဟစ်ခြင်း မရှိဘဲ စည်းမျဉ်းများအတိုင်း တန်းစီ၍ အလှည့်ကျ ဝင်လေသည်။

ချင်းရွှမ်ဂိုဏ်းလက်အောက်မှ ငါးပျံမြို့တွင် ပြဿနာ မတက်ရဲ၍ ဖြစ်သည်။

မြို့ထဲတွင် အကြီးအကဲများလည်း လှည့်ပတ်သွားလာလျက် ရှိသည်။

လက်မှတ်မပြနိုင်သူများလည်း စိတ်ဝိညာဉ်ကျောက်တုံးများ ရှိပါက ဝင်ခွင့်ရပါသည်။

ရှန်မို့တွင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများစွာ ရှိသော်လည်း လောင်ရွှမ်ဟန်သည် ပယင်းလောင်းကစားတွင် ပါဝင်မည်ဖြစ်၍ အလယ်အဆင့်ခန်းမကိုသာ ဝင်လိုက်သည်။

အိမ်ကြီးထဲ ဝင်လာသောအခါ တပည့် (၂) ဦး စောင့်နေလေသည်။

“အဆင့်မြင့်ခန်းမကို တက်ရောက်မယ့်သူတွေက ကျွန်တော့်နောက် လိုက်ခဲ့ပေးပါ”

ဘယ်ဘက်မှ တပည့် ပြောလိုက်၏။

“အလယ်အဆင့် ခန်းမသွားမယ့်သူတွေက ကျွန်တော့်နောက် လိုက်ခဲ့ကြပါ”

ညာဘက်ရှိတပည့်မှ ထပ်ပြောလေသည်။

အားလုံး ပြဿနာတစ်စုံတစ်ရာ မရှိဘဲ အစီအစဉ်အတိုင်း လည်ပတ်နေသည်။

ရှန်မိုပင် အထင်ကြီးသွား၏။

ငါးပျံမြို့ကို တာဝန်ယူထားသည့် အကြီးအကဲမှာ အရည်အချင်း ရှိလှသည်။

မကြာမီ ရှန်မို အလယ်အဆင့်ခန်းမထဲ နေရာယူ ဝင်ထိုင်လိုက်၏။

ထို့နောက် ဝန်ထမ်းလေးမှ လက်ဖက်ရည်လာချကာ အပြစ်ပြောစရာမရှိအောင် အကောင်းဆုံး ဝန်ဆောင်မှု ပေးလေသည်။

“လောင်ရွှမ်ဟန်… မင်းကို ရှာတွေ့ပြီ”

ရှန်မို လူအုပ်ကြီးအား ဝေ့ဝဲကြည့်ပြီးနောက် ပစ်မှတ်ကိုတွေ့ကာ ပြုံးမိသည်။

လောင်ရွှမ်ဟန်မှာ မျက်နှာဖုံး မတပ်ထားဘဲ ရှေ့ဆုံးတန်းတွင် ခန့်ညားစွာ ထိုင်နေ၏။

ထိုနေရာရရန် စိတ်ဝိညာဉ်ကျောက်တုံးများစွာ သုံးထားပုံ ရသည်။

ရှန်မိုမှာတော့ (၁၀၀) အတိသာ ပေးထား၍ အနောက်နား ရောက်၏။

သူ့ဘေးတွင် တီးတိုးပြောဆိုနေသံအချို့ ကြားရပြီး စိတ်ဝင်စားစရာသတင်းများ ပါလာတတ်သည်။

ဥပမာအားဖြင့် ကျင့်ကြံသူများ ထိုအလယ်အဆင့် လေလံပွဲကို တက်ရောက်ခြင်းမှာ အခြားမဟုတ်။ ပယင်းလောင်းကစား အစီအစဉ်ကြောင့် ဖြစ်လေသည်။

ပယင်းလောင်းကစားဆိုသည်မှာ ရေပယင်းအပေါ် ကံစမ်းခြင်းကို ဆိုလိုသည်။

ရေပယင်းသည် ရွှမ်ကျန်းမြစ်တစ်လျှောက်ရှိ မြို့များတွင် ရနိုင်သော ထူးဆန်းသည့် ရတနာတစ်မျိုး ဖြစ်သည်။

ရွှေမြစ်သည်လည်း ရွှမ်ကျန်း၏ အစိတ်အပိုင်း ဖြစ်သောကြောင့် ငါးပျံမြို့ကို ဖြတ်သည့် ထိုမြစ်တွင် ရေပယင်းများ ရနိုင်သည်။

ရွှမ်ကျန်းမြစ်ကြီးထဲ၌ ပယင်းငါးဟု သိကြသည့် နတ်ဆိုးသားကောင် နေထိုင်ပြီး လင်းလက်တောက်ပသော အရာများကို သဘောကျသည်။

ထိုငါးမှ တောက်ပသော ရတနာများကို တွေ့လျှင် အချွဲတစ်မျိုးဖြင့် ဖုံးအုပ်ထားလိုက်ပြီး အချိန်ကြာမြင့်လာသည်နှင့်အမျှ ရွှံ့များ၊ သဲများ ကပ်ငြိ၍ ရေပယင်းကျောက် ဖြစ်လာသည်။

ဤသို့ဖြင့် နှစ်ပေါင်းများစွာ ကြာပြီးနောက် ရေပယင်းမျက်နှာပြင်သည် မည်းနက်လာပြီး အထဲတွင် ဘာရှိနေမှန်း မသိနိုင်တော့ချေ။

ထို့ကြောင့် ယခုလို လောင်းကစားနည်း ပေါ်လာခြင်း ဖြစ်၏။

လျှို့ဝှက်သေတ္တာကိုဖွင့်သည့် ခံစားချက်နှင့် တူလေသည်။

ရေပယင်းကျောက်တစ်တုံးကို အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးဖြင့် ဝယ်ယူနိုင်ပြီး ဖွင့်ကြည့်၍ တန်ဖိုးကြီးရတနာရှိနေပါက အမြတ်များစွာ ရနိုင်၏။

အထဲတွင် ပစ္စည်းကောင်း မရှိလျှင်တော့ မိမိပိုင်ဆိုင်မှု ဆုံးရှုံးပေမည်။ သို့သော် ကျင့်ကြံသူ အများအပြားမှာ ထိုကံစမ်းခြင်းအတွက် အနယ်နယ် အရပ်ရပ်မှ လာကြ၏။

ရေပယင်းကျောက် ရွေးနည်းဟူ၍ စာအုပ်ပင် ရှိပြီး အောင်မြင်နိုင်ခြေ ၆၀% အထိ ရှိကြသည်။

ရှန်မိုလည်း စာအုပ်ကို ဘေးကျင့်ကြံသူထံမှယူ၍ လှန်လှောကြည့်ပြီးနောက် ခေါင်းယမ်းမိ၏။

အတိအကျ ယုံကြည်ရသည့် အခြေအနေမျိုး မဟုတ်ချေ။

ထို့နောက် အခြားစကားဝိုင်းများကို နားထောင်ရင်း တည်မြဲအဆင့် ရေကျားဆိုသူအကြောင်းလည်း ကြားရသည်။ သူ့လက်အောက်တွင် ချီစုစည်းခြင်းနှင့် တည်မြဲအဆင့် ကျင့်ကြံသူများရှိပြီး လုယက်ခြင်းမှ လူသတ်ခြင်းအထိ ဒုစရိုက်မှုမျိုးစုံကို ကျူးလွန်ကြသည်။

ချင်းရွှမ်အကြီးအကဲမှ ထိုအဖွဲ့ကို ရှင်းပစ်ချင်သော်လည်း ရွှေမြစ်အကူအညီဖြင့် အရှောင်အတိမ်း ကောင်းကြ၏။

“ဒီလိုအင်အားဆိုရင် သာမာန် အလွတ်တန်း ကျင့်ကြံသူတော့ မဟုတ်ဘူးပဲ”

ရှန်မို ရေရွတ်မိသည်။

မကြာမီ စင်မြင့်ပေါ်သို့ အားလုံး အာရုံစိုက်မိကြသည်။

အနီရောင်ဂါဝန်ကို ကျက်သရေရှိစွာ ဆင်မြန်းထားသည့် အမျိုးသမီးသည် စင်မြင့်ပေါ်သို့ ကျော့ရှင်းစွာ တက်လာ၏။

သူ့ဘေးတွင် အနီရောင်အဝတ်ဖြင့် ဖုံးထားသော ပုံးငယ်လေးအား မိန်းမငယ် (၂) ဦးမှ တွန်းလာကြသည်။

အနီရောင်အမျိုးသမီးမှာ အနည်းငယ် မိတ်ဆက်စကားပြောပြီး အဝတ်နီအား ဖယ်ရှားလိုက်ရာ ငါးကန်တစ်ခု ဖြစ်လေသည်။

ကန်ထဲ၌ လက်တစ်ဝါးခန့် ငါးနီလေး ကူးခတ်သွားလာနေ၏။

လူအများ၏အကြည့်ကို သတိထားမိသွားသောအခါ ချွန်ထက်သောသွားများဖြဲ၍ စူးစူးရှရှ အော်လိုက်သည်။

“ဒါ သွေးငါးပျံမလား”

“မနေ့က ကံကောင်းတဲ့ တံငါသည်တစ်ယောက် သွေးငါးပျံမိတယ်ဆိုပြီး ကြားလိုက်တာ… တကယ် မှန်နေတာပဲ”

“ကျစ် ကျစ် ဒီကောင်က သွေးကိုစုပ်ယူပြီးသုံးလည်း ခန္ဓာကိုယ်အင်အားကောင်းတယ်… ချက်စားရင်တောင် ကလေးတွေ ဉာဏ်ကောင်းစေတယ်တဲ့”

ကျင့်ကြံသူများ အံ့ဩစွာ ပြောဆိုနေကြ၏။

အနီရောင်ဝတ် အမျိုးသမီးမှ

“အားလုံးပဲ ဒီနေ့အတွက် ပထမဆုံး လေလံပစ္စည်းကတော့ သွေးငါးပျံ ဖြစ်ပါတယ်”

“အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၃၀) နဲ့ ကြမ်းခင်းဈေး စပါမယ်… အနည်းဆုံး အလယ်အဆင့် ကျောက်တုံး (၂) တုံးစီ တိုးသွားပေးပါ အခုစပါမယ်”

သူ့စကားဆုံးသည်နှင့် ဈေးများ စခေါ်တော့သည်။

စက္ကန့်ပိုင်းအတွင်း (၆၀) အထိ (၂) ဆ ခုန်တက်သွား၏။

ရှန်မိုလည်း သေချာကြည့်မိသည်။

သို့သော် တတိယအဆင့် နတ်ဆိုးသားကောင်မှန်းသိကာ စိတ်ဝင်စားမှု လျော့သွား၏။

နတ်ဆိုးချပ်ဝတ်မှပင် ယခုလို ပြောနိုင်သည်။

“ငါ့ကို ဒီအမှိုက်တွေ ကျွေးမလို့လား သွားစမ်းပါ”

ဟူ၍ ဖြစ်သည်။

မကြာမီ အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၇၀) ဖြင့် ကျင့်ကြံသူတစ်ဦး ရသွား၏။

“နောက်ထပ် လေလံပစ္စည်းကို ပြပါမယ်”

အနီရောင်အမျိုးသမီး လက်ပြ၍ ပုံးပေါ်မှ အဝတ်စအနီကို ဖယ်ခိုင်းလိုက်သည်။

ထိုအခါ (၁၀) ပေကျော်ရှည်သည့် ဓားတစ်လက်ကို တွေ့ရ၏။

ဓားတွင် ခြစ်ရာ၊ အက်ရာအချို့ ရှိသော်လည်း တိုက်ပွဲများစွာကို ဖြတ်သန်းလာမှန်း သိသာကာ ပိုကြည့်ကောင်းနေ၏။

စစ်သည်အစစ်များမှာ တန်ဖိုးကို ကောင်းကောင်း နားလည်ကြသည်။

“ဒီဓားကတော့ အလယ်အဆင့် သိမ်မွေ့နက်နဲခြင်း ဝက်ဝံတောင်လက်နက် ဖြစ်ပါတယ်… ဒါပေမဲ့ ရောင်းတဲ့သူက စိတ်ဝိညာဉ်ကျောက်တုံး မလိုချင်ဘူး ပြောပါတယ်… သိမ်မွေ့နက်နဲခြင်းအဆင့် ဆေးပင်တွေနဲ့ လဲပေးပါတဲ့”

အမျိုးသမီးမှ ဆေးပင်အမည်များ ရွတ်ပြလေသည်။

All Chapters