← Chapters

ပယင်းအတွဲလိုက် မယူနဲ့ ပစ္စည်းကောင်း မပါဘူး

Vol. 10 Ch. 150

ပယင်းအတွဲလိုက် မယူနဲ့ ပစ္စည်းကောင်း မပါဘူး

Vol. 10 Ch. 150

ရှန်မို အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

နားထောင်ကြည့်ရုံဖြင့် ထိုဆေးပင်အားလုံးမှာ ကိုယ်တွင်းဒဏ်ရာ ကုသရန် ဖြစ်သည်။

ရောင်းချသူမှာ သူကိုယ်တိုင်အတွက်ဖြစ်စေ၊ အခြားတစ်ဦးဦးအတွက်ဖြစ်စေ အသက်ကယ်ရန် သေချာသည်။

“ဒီဓားက တကယ့်ရတနာကောင်းပေမဲ့ ဆေးပင် အရေးတကြီးလိုနေတာနဲ့ ရောင်းရတော့မယ်… နှမျောစရာပဲ”

ရှန်မို ခေါင်းယမ်းမိ၏။

အဆင့်နိမ့်ကျင့်ကြံသူများအတွက် အန္တရာယ်ကို ခံနိုင်ရည်ရှိရန် အလွန်ခက်သည်။

ပြင်းပြင်းထန်ထန် ထိခိုက်မိသည်နှင့် အကုန်အကျ များတော့သည်။

အခြေခံအနည်းငယ် ရှိလျှင်တော့ စိတ်ဝိညာဉ်လက်နက်များ၊ ကျင့်စဉ်များဖြင့် လဲလှယ်နိုင်သေးသည်။ မဟုတ်လျှင် လုယက်သတ်ဖြတ်ခြင်းများအထိ ဖြစ်နိုင်ကာ ချောက်နက်ထဲမှ ပြန်မတက်နိုင်အောင် ကျသွားတော့သည်။

ဓားရှည်သည် အလွန်စိတ်ဝင်စားခံရပြီး မကြာမီ ဆေးပင် (၃) မျိုးဖြင့် လဲလှယ်နိုင်သွား၏။

ဤသို့ဖြင့် လေလံပစ္စည်းများ တစ်ခုပြီးတစ်ခု ဆက်တိုက် ရောင်းချလေသည်။

ရှန်မိုမှာ လေ့လာရုံသာဖြစ်ပြီး ဓားစွမ်းအင်ဆေးအတွက် တစ်ခေါက်သာ ဝယ်ရသေးသည်။

ဤသည်မှာလည်း သူ့အဆင့်တက်ရန် အကျိုးရှိပြီး အရင်ပုဂ္ဂိလ်၏ မှတ်ဉာဏ်များ ရလာခြင်းကြောင့် ဖြစ်သည်။

“နောက်ဆုံးတော့ အထူးရေပယင်း ကံစမ်းမဲအစီအစဉ် ကျရောက်လာပါပြီ… ဒါ အလယ်အဆင့်ပွဲမှာပဲ အထူးပါတာပါ”

အနီရောင်အမျိုးသမီးမှ ချိုသာစွာ မိတ်ဆက်သည်။

ကျင့်ကြံသူများလည်း ပိုစိတ်လှုပ်ရှားလာ၏။

အများစုမှာ ယခုအစီအစဉ်အတွက် ရောက်လာကြခြင်း ဖြစ်သည်။

အနီရောင်အမျိုးသမီး လက်ယမ်းပြလိုက်သောအခါ ဗလတောင့်တောင့် အမျိုးသား (၄) ဦးမှ ဘူး (၄) ဘူး သယ်ဆောင်လာ၏။

ဘူးများကို ဖွင့်လိုက်သောအခါ လက်ဝါးအရွယ် မည်းနက်နေသော ပစ္စည်းများကို တွေ့ရလေသည်။

ကျောက်မျက်နှင့် တူသော်လည်း ကျောက်မျက် မဟုတ်ပေ။

“ရေပယင်းတွေ နောက်ဆုံးတော့ ရောက်လာပြီ”

“ဟားဟား ဒီနေ့ပွဲအတွက် အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၁၀) ခုကျော် သိမ်းထားရတာ”

“အကုန်လုံး မဆုံးရှုံးဖို့ မျှော်လင့်ပါတယ်”

“မဖြစ်နိုင်တာ… ငါ ဒီနေ့ အမြတ်ကောင်းကောင်းရပြီး ဘဝကို ပြောင်းလဲပစ်မှာ”

ကျင့်ကြံသူများ အချင်းချင်း စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်။

အနီရောင်အမျိုးသမီးမှ ပြုံး၍

“ဒီမှာ လာနေကျလူတွေ များပေမဲ့ လူသစ်တွေလည်း ပါတာကို တွေ့ရပါတယ်”

“ဒီတော့ ရေပယင်းရဲ့ မူလအစနဲ့ ဒီကံစမ်းမဲပွဲ ရည်ရွယ်ချက်လေးကို ရှင်းပြပေးပါမယ်နော်”

သူ တည်ငြိမ်သောအသံဖြင့် အကြောင်းအရာများ ရှင်းပြနေသည်။

ရှန်မို အခန်းထဲကို ဝေ့ဝဲကြည့်ကာ ခေါင်းယမ်းမိသည်။

သူအပါအဝင် ကျင့်ကြံသူအားလုံးနီးပါး ရေပယင်းကံ မကောင်းကြပေ။

လောင်ရွှမ်ဟန်သာ မိုးကြိုးစွမ်းအင် (၂) ခု ရနိုင်မည့်ကံ ရှိသည်။

ရှန်မို မလောဘဲ လောင်ရွှမ်ဟန်၏ ရွေးချယ်မှုအား စောင့်နေသည်။

ထိုစဉ် အခြားကျင့်ကြံသူများမှာ ကြိုက်နှစ်သက်ရာ ရေပယင်းရွေး၍ ကျွမ်းကျင်ပညာရှင်ထံ ဖွင့်ဖြတ်ရန် အပ်ထားပြီးလေပြီ။

မကြာမီ စိတ်ပျက်လက်ပျက် သက်ပြင်းချသံများ ထွက်လာ၏။

တစ်ခါတစ်ရံ ပျော်ရွှင်အော်ဟစ်သံအချို့လည်း ရှိသည်။

အချို့မှာ ကံဆိုးလွန်းပြီး ဆက်တိုက်ဝယ်၍ ဖွင့်ကြည့်သော်လည်း အထဲတွင် ဘာမှမပါဘဲ ပိုင်ဆိုင်မှုသာ ဆုံးရှုံးသွား၏။

တချို့သည် အချင်းချင်း ပစ္စည်းများ ချေးငှါးကာ ဆက်လက် ကြိုးစားနေဆဲပင်။

ခဏအကြာမှ လောင်ရွှမ်ဟန် စင်မြင့်ပေါ် တက်လာပြီး ကျန်ရေပယင်းများကို သေချာကြည့်လေသည်။

ထိုစဉ် ရှန်မိုလည်း စင်ပေါ်တက်ကာ လောင်ရွှမ်ဟန် ရွေးချယ်မှုအား လိုက်ကြည့်နေ၏။

မကြာမီ လောင်ရွှမ်ဟန်မှာ ရေပယင်း နှစ်ခုကိုကြည့်၍ မျက်စိကျသွား၏။

သူ လက်လှမ်းရန် ပြင်လိုက်စဉ် ရုတ်တရက် လက်တစ်စုံ သူ့အရှေ့မှ ဝင်လာပြီး ယူသွားလေသည်။

သူ မကျေမနပ်ဖြင့် လှည့်ကြည့်လိုက်ပြီး အကြည့်ချင်း စုံသွား၏။

လောင်ရွှမ်ဟန် ခြေတစ်လှမ်း နောက်ပြန်ဆုတ်မိသည်။

အကြည့်များမှာ စူးရှလွန်းပြီး အန္တရာယ်ရှိမည်ဟု ခံစားရ၏။

ထို့နောက် ရှန်မို့အကြည့်များကို သတိရသွားသည်။

ကျီရှီလုံ အရေးပေးလွန်းသောကြောင့် ရှန်မိုအား အမြင်ကတ်နေသော်လည်း သူကိုယ်တိုင် မယှဉ်နိုင်မှန်း လက်ခံပါသည်။

“ငါ စိတ်ထင်တာ ဖြစ်မှာပါ”

သူ ချက်ချင်း အကြည့်လွှဲလိုက်၏။

“မင်း လိုချင်လို့လား”

ရှန်မို အသံဩဩလုပ်ပြော၍ မေးသည်။

လောင်ရွှမ်ဟန် ခေါင်းယမ်းကာ

“ရေပယင်းအတွဲလိုက်တွေက ရတနာပါတာ ရှားတယ်… လိုချင်လည်း ယူလေ”

ဤသို့ဖြင့် သူ အခြားတစ်ခုကိုသာ ထပ်ရွေးလိုက်သည်။

ရှန်မို ထိုပယင်းအတွဲကိုယူကာ အနီရောင်အမျိုးသမီးထံ လျှောက်သွား၏။

“ကျွန်တော် ဒါ ယူပါမယ်”

“ပယင်းအတွဲတွေမှာ ရတနာပါနိုင်ချေ အရမ်းနည်းတယ်နော်… ရှင် ယူမှာ သေချာလား”

အမျိုးသမီးမှ ပြန်မေး၏။

ပစ္စည်းဖြတ်ပေးသည့် အဘိုးအိုမှလည်း ခေါင်းကုတ်၍

“ဟုတ်တယ် ငါ ဒီအလုပ်လုပ်လာတာ (၁၀) နှစ်ကျော်ပြီ… ရေပယင်းပေါင်း ထောင်ကျော် တွေ့ဖူးတယ်… အတွဲလိုက်တွေမှာ ဘာမှ တန်ဖိုးကြီးတာ မပါတတ်ဘူး”

“ဟေ့လူ လမ်းညွှန်စာအုပ် မဖတ်ခဲ့ဘူးလား”

အောက်မှ ကျင့်ကြံသူတစ်ဦးကလည်း လှမ်းအော်သည်။

ရှန်မို ရယ်မောမိ၏။

“မလိုပါဘူး… ကျွန်တော် ဒါတွေပဲ ရွေးပါမယ်”

“ကောင်းပါပြီ ဟိုဘက်မှာ သွားဖြတ်ကြည့်ပါ”

ဖွင့်ပေးသည့် အဘိုးအိုလည်း ပုခုံးတွန့်၍

“လူကြီးစကား နားမထောင်လည်း ခံ…”

သူ့စကားပင် မဆုံးလိုက်ဘဲ မှင်တက်နေသည်။

အနည်းငယ် ဖွင့်ရုံဖြင့် အထဲမှ အလင်းရောင်များ တောက်လာ၏။

အခန်းထဲမှ ကျင့်ကြံသူများအားလုံးလည်း ဝိုင်းကြည့်နေသည်။

“တစ်ယောက်တော့ ကံကောင်းပြီဟေ့… ဒီအလင်းရောင်အရတော့ သိမ်မွေ့နက်နဲခြင်းအဆင့် အနည်းဆုံး ရှိတယ်”

“အံ့ဩစရာပဲ… (၂) လအတွင်း တွေ့ဖူးသမျှမှာ အကောင်းဆုံး ရတနာပဲ”

“ရေပယင်းအတွဲတွေမှာ ပစ္စည်းကောင်း မပါတတ်ဘူးဆို”

“လမ်းညွှန်စာအုပ်က မှားနေတာလား”

လောင်ရွှမ်ဟန်လည်း စွံ့အ၍ ငေးကြည့်နေသည်။

သူ ရခါနီးမှ လွဲသွားခြင်း ဖြစ်၏။

အဘိုးအိုမှ

“ကျင့်ကြံသူလေးက အမြင်ကောင်းရှိတာပဲ… အထဲမှာ မိုးကြိုးစွမ်းအင်အနှစ်ပါတယ်… အဆင့်မြင့် သိမ်မွေ့နက်နဲခြင်းအဆင့်ပဲ”

ရှန်မိုပြုံး၍

“နောက်တစ်ခု ဖွင့်ပေးပါဦး… နောက်ထပ် ရတနာရှိရင် ရှိမှာပေါ့”

အဘိုးအို မယုံကြည်နိုင်စွာဖြင့် ဖွင့်လိုက်၏။

ဂျွတ်!

နောက်ထပ် အလင်းရောင် ပေါ်လာပြန်သည်။

“မိုးကြိုးစွမ်းအင်အနှစ် နောက်တစ်ခု”

အဘိုးအို လန့်ကာ ထအော်၏။

သူ့တစ်သက်တာတွင် ထိုအခြေအနေမျိုး တစ်ခါမှ မကြုံခဲ့ဖူးပေ။

All Chapters