အခန်း (၁၇၄၁-၁၇၄၃)
Vol. 117 Ch. 1741-1743
အဆတစ်ရာစနစ် စာစဥ်(၁၁၇)
အခန်း(၁၇၄၁)
"ထာ၀ရဘုရားကျောင်းက ရန်ဖုန်း.. မိတ်ဆွေဆီက သင်ယူပါရစေ "
ငွေရောင်ဆံပင်နှင့် လူငယ်က တလေးတစား ပြောလိုက်သော်လည်း မျက်နှာထက်တွင်မူ အရေးမစိုက်သော အမူအရာ ဖြစ်ပေါ်နေခဲ့သည်။
"လခွမ်း.. ၇ပွဲမြောက်မှာ ကျန်းချန် ယှဉ်ဆိုင်ရမယ့် သူက ထာ၀ရဘုရားကျောင်းရဲ့ နာမည်ကျော် ပါရမီရှင်တပည့် ရန်ဖုန်း ဖြစ်နေတယ်ဟ.. မမျှော်လင့်ဘဲ ထာ၀ရဘုရားကျောင်းက ရန်ဖုန်းကို စေလွှတ်လိုက်တာပဲ. ကြည့်ရတာ ကျန်းချန်ရဲ့ နိုင်ပွဲဆက်မှုကို ရပ်တန့်ချင်နေပုံရတယ်"
"............"
လူတိုင်းက တိုက်ခိုက်ရေးကွင်း ပေါ်သို့ တက်လာသော ရန်ဖုန်းကို ကြည့်ကာ ရေရွတ်လိုက်ကြသည်။
ကျန်းချန်က ငွေရောင်ဆံပင်နှင့် လူငယ်ကို မဲ့ပြုံးပြုံး၍ ကြည့်ကာ ခေါင်းခါရမ်းလိုက်၏။
"မင်းငါ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး.. မင်းရဲ့ထာ၀ရဘုရားကျောင်းကို မင်းထက်ပိုပြီး အစွမ်းထက်တဲ့လူနဲ့ လဲခိုင်းလိုက်ပါ"
သူ့ရှေ့မှ ရန်ဖုန်း၏ ကျင့်ကြံခြင်းအဆင့်သည် ကျီယွင်ဂိုဏ်းသား လုရှင်းယွီထက် မနိမ့်ကျဘဲ ကောင်းကင်နတ်ဘုရား တတိယအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း ထိုကဲ့သို့ အစွမ်းရှိသော ကျင့်ကြံသူသည် သူ့အတွက် ခြိမ်းခြောက်မှု မဖြစ်စေနိုင်တော့ပေ။
ကျန်းချန်၏ စကားကို ကြားလျှင် လူတိုင်း၏ မျက်လုံးများသည် အံ့ဩထိတ်လန့်စွာဖြင့် ပြူးကျယ်သွားခဲ့ကြသည်။
ရန်ဖုန်းသည် ထာ၀ရဘုရားကျောင်း၏ နာမည်ကျော် ပါရမီရှင် ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်နတ်ဘုရား တတိယအဆင့်ကို ရောက်ရှိနေပြီး ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူကိုပင် အဆင့်ကျော် တိုက်ခိုက်ကာ အနိုင်ယူနိုင်စွမ်း ရှိ၏။
ဆိုရလျှင် ရန်ဖုန်းသည် ထာ၀ရဘုရားကျောင်းရှိ ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူ အားလုံးတွင် အစွမ်းထက်ဆုံး ကျင့်ကြံသူလည်း ဖြစ်သည်။
သို့သော်လည်း ရန်ဖုန်းက သူ့ကို ယှဉ်နိုင်မည်မဟုတ်ဟု ကျန်းချန်က မောက်မာစွာ ပြောဆိုခဲ့ပြီး ထာ၀ရဘုရားကျောင်းကိုပင် ပို၍ အစွမ်းထက်သည့် ပြိုင်ဘက်ဖြင့် အစားထိုးရန် တောင်းဆိုလိုက်သေး၏။
"ကောင်လေး ငါရန်ဖုန်း ရှေ့မှာတောင် လေလုံးထွားရဲတယ်"
ရန်ဖုန်း၏ မျက်နှာထက်တွင် ဒေါသရိပ်များ လွှမ်းခြုံသွားခဲ့သည်။
"ကျန်းချန် အပိုစကားတွေမပြောနဲ့တော့.. မင်းငါ့ကို အနိုင်ယူနိုင်ရင် နောက်ဆုံး၃ပွဲကို မယှဉ်ပြိုင်ရင်တောင် ဆယ်ပွဲဆက်တိုက် အောင်ပွဲကို တစ်ခါတည်း ရရှိနိုင်မယ်"
"သူရဲ့စကားက တကယ်ပဲ အကြုံးဝင်လား"
ကျန်းချန်က နံဘေးတွင် ရှိနေသော အကဲဖြတ်ဒိုင်လူကြီးကို ကြည့်ကာ မေးလိုက်သည်။
"ရန်ဖုန်းရဲ့ စကားက အကြုံးဝင်ပါတယ်"
အကဲဖြတ်ဒိုင်လူကြီးက ခေါင်းညိတ်ကာ အတည်ပြုပေးလိုက်သည်။
ရန်ဖုန်းသည် သူတို့ ထာ၀ရဘုရားကျောင်း၏ ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူများထဲတွင် အစွမ်းထက်ဆုံး ကျင့်ကြံသူ ဖြစ်သည်။
ရန်ဖုန်းသာ ရှုံးနိမ့်သွားခဲ့လျှင် ထာ၀ရဘုရားကျောင်းရှိ ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူများ ထဲတွင် မည်သူကမှ ကျန်းချန်၏ပြိုင်ဘက် ဖြစ်နိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် နောက်ထပ် စိန်ခေါ်ပွဲ၃ပွဲသည် အဓိပ္ပာယ် မရှိတော့ချေ။
"ကောင်းပြီ"
ကျန်းချန်က ပခုံးတွန့်လိုက်ပြီး ရန်ဖုန်းကို ပေါ့ပါးစွာကြည့်၍ ပြောလိုက်သည်။
"ဒီလိုဆိုမှတော့ မင်းငါ့ကို စတိုက်လို့ရပြီ"
"လေလုံးထွားတဲ့ကောင်လေး သေစမ်း"
ကျန်းချန်က သူ့ကို ဤမျှလောက်အထိ အထင်သေးနေသည်ကို မြင်လျှင် ရန်ဖုန်း၏ မျက်၀န်းထဲတွင် အေးစက်စက် အလင်းများ ပေါက်ကွဲထွက်လာခဲ့သည်။
ထို့နောက်တွင် သူ၏ခန္ဓာကိုယ်ကနေ တောက်ပသော ငွေရောင်အလင်းများ ထွက်ပေါ်လာခဲ့ပြီး သူ၏ ကျောဘက်တွင် ငွေရောင်တောက်ပနေသော ဖန်းငှက်တစ်ကောင်၏ ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ နတ်ခန္ဓာပုံရိပ်လဲ
.. ဒီနတ်ခန္ဓာပုံရိပ်က အင်ပါယာအဆင့်ကို ရောက်ရှိနေလောက်ပြီထင်တယ်.. ထာ၀ရဘုရားကျောင်းရဲ့နာမည်ကျော် ပါရမီရှင်တပည့်လို့ မပြောရဘူး.. ရန်ဖုန်းရဲ့ နတ်ခန္ဓာပုံရိပ်က တကယ့်ကို ကြောက်စရာပဲ.. ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူ အများစုတောင် သူရဲ့ နတ်ခန္ဓာပုံရိပ်ကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး.. ကျန်းချန်အနေနဲ့ ရန်ဖုန်းကို ယှဉ်နိုင်ဖို့က မလွယ်လောက်ဘူး ထင်တယ်"
"............."
လူတိုင်းက ရန်ဖုန်း ထုတ်ဖော်ထားသော နတ်ခန္ဓာပုံရိပ်ကို မြင်လျှင် အံအားသင့်သွားခဲ့ကြသည်။
"ကောင်လေး ငါ့ရဲ့နတ်ခန္ဓာပုံရိပ် စွမ်းအားကို မြည်းစမ်းကြည့်လိုက်စမ်း"
ရန်ဖုန်းက မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
ထို့နောက်တွင် ငွေရောင်အလင်းများဖြင့် တောက်ပနေသော ဖန်းငှက်သည် ကျန်းချန် ရှိရာသို့ ဦးတည်၍ ပျံသန်းလာခဲ့သည်။
ထိုသို့ ပျံသန်းလာစဉ် ဖန်းငှက်၏ ပတ်၀န်းကျင်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်းများ ဖြစ်ပေါ်နေခဲ့၏။
"မင်းရဲ့နတ်ခန္ဓာပုံရိပ်က မဆိုးပါဘူး.. ဒါပေမဲ့ ငါနဲ့ ယှဉ်မယ်ဆိုရင်တော့ အဆင့်နိမ့်နေသေးတယ်"
ကျန်းချန်က မထီတရီ ပြုံးလိုက်ပြီး သူ၏ နတ်ခန္ဓာပုံရိပ်ကို ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေသော ရွှေရောင်ဓားပုံရိပ်သည် သူ၏ နောက်ကျောတွင် ဖြစ်ပေါ်လာခဲ့သည်။
သူက ရွှေရောင်ဓားပုံရိပ်ကို ထိန်းချုပ်ကာ ဖန်းငှက်ကို ခုတ်ချလိုက်သည်။
"ဝုန်း.."
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ဖန်းငှက်သည် ရွှေရောင်ဓားအရိပ်၏ လက်ချက်ဖြင့် နှစ်ခြမ်းပြတ်ထွက်ကာ လေထုအလယ်တွင် ပေါက်ကွဲထွက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရန်ဖုန်း၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် နောက်သို့ ခြေဆယ်လှမ်းခန့် ဆုတ်လိုက်ရ၏။
သူက ခန္ဓာကိုယ်အတွင်းရှိ မတည်မငြိမ် ဖြစ်နေသော ဝိညာဉ်စွမ်းအားကို ဖိနှိပ်လိုက်ပြီးနောက်တွင် မျက်နှာချင်းဆိုင်မှ ကျန်းချန်ကို ကြည့်နေခဲ့သည်။
သူ၏ မျက်၀န်းထဲတွင် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
"ဒီကောင့်ရဲ့ နတ်ခန္ဓာပုံရိပ်က ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ"
ပကတိ နတ်ဘုရားအဆင့်ကို ထိုးဖောက်ပြီးနောက်တွင် သူစုစည်းထားသည့် နတ်ခန္ဓာပုံရိပ်မှာ အင်ပါယာအဆင့် နတ်ခန္ဓာ ပုံရိပ် ဖြစ်သည်။
သူ၏ ကောင်းကင်နတ်ဘုရား တတိယအဆင့် အထွတ်အထိပ် စွမ်းအားနှင့် နတ်ခန္ဓာပုံရိပ်ကို ပေါင်းစပ်လိုက်လျှင် ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူ အများစုသည် သူ့ကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ပေ။
နတ်ခန္ဓာပုံရိပ်ကို ထုတ်ဖော်လိုက်သည်နှင့် အဆင့်တူ အတွင်း ပြိုင်ဘက်ကင်းသည်ဟုပင် ဆိုနိုင်၏။
သို့သော်လည်း သူ့ရှေ့မှ ကောင်လေးသည် ကောင်းကင်နတ်ဘုရား တတိယအဆင့် အစောပိုင်းတွင်သာ ရှိသေးသော်လည်း နတ်ခန္ဓာပုံရိပ်ကို အားကိုးကာ သူ့ကို အသာစီးရယူနိုင်ခဲ့သည်။
သူ့အထင် ထိုကောင်လေး စုဖွဲ့ထားသော နတ်ခန္ဓာပုံရိပ်သည် သူ၏ အင်ပါယာအဆင့် နတ်ခန္ဓာပုံရိပ်ကို ကျော်လွန်နေသော သူတော်စင်အဆင့် နတ်ခန္ဓာပုံရိပ် ဖြစ်နိုင်လောက်၏။
"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
သူတော်စင်အဆင့် နတ်ခန္ဓာပုံရိပ်ကို စုဖွဲ့နိုင်သော ပါရမီရှင်သည် နတ်ဘုရားနယ်မြေ တစ်ခုလုံးကို ကြည့်လျှင်ပင် ရှားပါးသော ပါရမီရှင်ဟု ဆို၍ရသည်။
မဟာမြေရိုင်းနယ်မြေရှိ တစ်ခုတည်းသော နတ်ဘုရင်အဆင့် အင်အားစု ဖြစ်သော မဟာမြေရိုင်းနတ်ဂိုဏ်းမှာပင် ထိုကဲ့သို့ သူတော်စင်အဆင့် နတ်ခန္ဓာပုံရိပ်ကို စုဖွဲ့နိုင်သော ပါရမီရှင် တစ်ယောက်သာ ရှိသည်ဟု ဆိုကြ၏။
ထိုအချိန်မှာပင် ပရိတ်သတ်များသည် မှင်တက်နေခဲ့ကြပြီး သတိပြန်၀င်လာရန်အတွက် အချိန်အတော်ကြာ ယူခဲ့ရသည်။
သူတို့က ရန်ဖုန်း၏ နတ်ခန္ဓာပုံရိပ်ကို ကျန်းချန်က ခုခံရန် ခက်ခဲလိမ့်မည်ဟု ထင်ထားခဲ့ကြသော်လည်း ကျန်းချန်က မမျှော်လင့်ဘဲ နတ်ခန္ဓာပုံရိပ်ကို ထုတ်ဖော်ခဲ့ပြီး ရန်ဖုန်း၏နတ်ခန္ဓာပုံရိပ်ကို အလွယ်တကူပင် အနိုင်ယူသွားခဲ့သည်။
"ဒါ့ကြောင့်လည်း ဒီကောင်လေးက ၁၀ပွဲ ဆက်တိုက် အောင်ပွဲအတွက် လောင်းကြေးထပ်ဖို့ ယုံကြည်မှု ရှိနေတာကိုး"
လူတိုင်းက တအံ့တဩ ရေရွတ်လိုက်ကြသည်။
အထူးသဖြင့် ၁၀ပွဲ ဆက်တိုက်အောင်ပွဲကို လောင်းကြေးထပ်ထားသော လူများ၏ မျက်နှာထက်တွင် အလွန်တရာ စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာကြသည်။
ဖြစ်နိုင်သည်မှာ သူတို့သည် ဤတစ်ခေါက်တွင် အမှန်တကယ် လောင်းကြေးနိုင်တော့မည် ဖြစ်၏။
ကျန်းချန် ပြသခဲ့သော ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းရည်ဖြင့် ဆိုလျှင် သူတို့သည် ယနေ့တွင် ၁၀ပွဲဆက်တိုက်အောင်ပွဲကို ရရှိခဲ့သော ပါရမီရှင် တစ်ယောက် မွေးဖွားလာခြင်းကို မျက်မြင်ကြုံတွေ့ရရန် အခွင့်အရေး ရှိနေခဲ့ချေပြီ။
"ကောင်လေး ငါမင်းကို လျှော့တွက်မိခဲ့တယ်.. မင်းက ဒီလို အစွမ်းထက်တဲ့ နတ်ခန္ဓာပုံရိပ်ကို ထုတ်ဖော်နိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ကောင်းပြီလေ ဒီလိုဆိုမှတော့ ငါ့ရဲ့သိုင်းစွမ်းအားပုံရိပ်ကို ထပ်ပြီး မြည်းစမ်းကြည့်လိုက်ပါဦး"
ရန်ဖုန်းက မှောင်မိုက်သော မျက်၀န်းများဖြင့် ကျန်းချန်ကိုစူးစိုက်ကြည့်ကာ ပြောလိုက်သည်။
ထို့နောက်တွင် သူ လေ့ကျင့်ထားသည့် နယ်မြေနတ်ဘုရားအဆင့် လျှို့ဝှက်နည်းစနစ်ကို ထုတ်ဖော်လိုက်သည်။
နောက်ထပ် တစ်ခဏမှာပင် တိုက်ခိုက်ရေးကွင်းပေါ်တွင် ငွေရောင် မိုးကြိုးမုန်တိုင်းများ လှိုင်းထန်နေသည်ကို အားလုံးက မြင်တွေ့ခဲ့ရပြီး ထိုကြောက်မက်ဖွယ် ငွေရောင် မိုးကြိုးမုန်တိုင်းသည် ငွေရောင်မိုးကြိုးဓား အဖြစ်သို့ တိုက်ရိုက်ပင် စုစည်းသွားခဲ့သည်။
"ကောင်းကင်ဖျက်ဆီး သိုင်းစွမ်းအားပုံရိပ်"
ရန်ဖုန်းက ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်နှင့် ငွေရောင်မိုးကြိုးဓားသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သယ်ဆောင်ကာ ကျန်းချန် ရှိနေသည့် နေရာလွတ် ပတ်၀န်းကျင်ကို ဘာမှ မကျန်ရှိတော့သည် အထိ ချေမှုန်းရန် သက်ရောက်လာခဲ့သည်။
"မင်းရဲ့ သိုင်းစွမ်းအားပုံရိပ်က နတ်ခန္ဓာပုံရိပ်ထက်တော့ ပိုအစွမ်းထက်ပါတယ်.. ဒါပေမဲ့ စိတ်မကောင်းပါဘူး.. ဒီလောက်နဲ့တော့ ငါ့ကို အနိုင်ရမှာ မဟုတ်ဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ ပထမတိုက်ကွက် ဖြစ်သည့် သိုင်းစွမ်းအားပုံရိပ်ကို ထုတ်ဖော်လိုက်ရာ သူ၏ ဦးခေါင်းထက်တွင် ဟင်းလင်းပြင်နဂါး ပုံရိပ်သည် လျင်မြန်စွာပင် စုစည်းသွားခဲ့ပြီး ငွေရောင်မိုးကြိုးဓားကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။
"ဝုန်း.."
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံသည် တိုက်ခိုက်ရေးကွင်းပေါ်တွင် ထွက်ပေါ်လာခဲ့သည်။
ရန်ဖုန်း၏ နယ်မြေနတ်ဘုရားအဆင့် လျှို့ဝှက်နည်းစနစ်ကနေ စုဖွဲ့စည်းထားသော သိုင်းစွမ်းအားပုံရိပ်သည် ကျန်းချန်၏ နတ်ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ကနေ စုဖွဲ့ထားသော သိုင်းစွမ်းအားပုံရိပ်ကို မည်ကဲ့သို့ ယှဉ်နိုင်ပါအံ့နည်း။
တစ်ခဏအတွင်းမှာပင် ကျန်းချန်၏ သိုင်းစွမ်းအားပုံရိပ် ဖိနှိပ်မှုအောက်တွင် ငွေရောင်မိုးကြိုးဓားသည် ကျိုးပဲ့သွားခဲ့သည်။
ရန်ဖုန်း၏ ခန္ဓာကိုယ်ကလည်း တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ပေအတော်ဝေးဝေးထိ လွင့်စင်သွားခဲ့ကာ ပါးစပ်ကနေလည်း သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။
ထိုမြင်ကွင်းကို မြင်လျှင် ပတ်၀န်းကျင် တစ်ခုလုံးသည် တစပြင်နှယ် လုံး၀ကို တိတ်ဆိတ်သွားခဲ့သည်။
ကျန်းချန်ကို ကြည့်ရှုနေသော လူတိုင်း၏ မျက်၀န်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
ထာ၀ရဘုရားကျောင်း၏ ကောင်းကင်နတ်ဘုရား တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သည့် ထိပ်တန်းပါရမီရှင် ရန်ဖုန်းသည် အဆင့်တစ်ဆင့်လုံးကိုပင် ကျော်ဖြတ်ကာ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူကိုပင် အနိုင်ယူနိုင်စွမ်း ရှိသူ ဖြစ်၏။
ထိုကဲ့သို့သော ကျင့်ကြံသူပင် ကျန်းချန်၏ အနိုင်ယူခြင်းကို ခံရလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။
"ဒီကောင်လေးက တကယ်ကို ကြောက်စရာပဲ"
အခန်း(၁၇၄၁)ပြီး၏။
အခန်း(၁၇၄၂)
"ဒီကောင်က ငါထင်ထားတာထက် အများကြီး ပိုအစွမ်းထက်တဲ့ပုံပဲ"
မင်လွေ့က တိုက်ခိုက်ရေးကွင်းပေါ်ရှိ အခြေအနေကို တွေဝေစွာစိုက်ကြည့်နေခဲ့သည်။
မဟာမြေရိုင်းနယ်မြေရှိ နတ်ဘုရားအဆင့် အင်အားစုတစ်ခု၏ ပါရမီရှင်တပည့်တစ်ဦး အနေဖြင့် မင်လွေ့သည် အဓိကအားဖြင့် အတွေ့အကြုံနှင့် အသိပညာများ တိုးပွားရန်အတွက် ထာဝရဘုရားကျောင်းသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။
သူက မဟာမြေရိုင်းနယ်မြေကနေ ထာဝရဘုရားကျောင်းသို့ ရောက်ရှိနေခဲ့သည်မှာ လပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်၏။
ထို့ကြောင့် ထာဝရဘုရားကျောင်း၏ တပည့် ဖြစ်သည့် ရန်ဖုန်း၏ စွမ်းရည်နှင့် ပတ်သက်၍ မင်လွေ့သည် ကောင်းစွာ သိရှိထားခဲ့သည်။
ရန်ဖုန်းသည် မဟာမြေရိုင်းနယ်မြေမှ မဟုတ်သော်လည်း အလွန်တရာ ပါရမီ ထူးခြားသူ ဖြစ်သည်။
အထူးသဖြင့် ထာဝရဘုရားကျောင်းတွင် လေ့ကျင့်ပြီးနောက်တွင် ရန်ဖုန်း၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်အမင်း တိုးတက်လာခဲ့၏။
သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် ရန်ဖုန်းနှင့် ရင်ဆိုင်ရလျှင် အမှန်တကယ် အရေးနိမ့်မည်မှာ သေချာသည်။
သို့သော်လည်း သူနှင့် ကျင့်ကြံခြင်းအဆင့် တူညီသော ကျန်းချန်ဟု ခေါ်သည့်ကောင်လေးသည် နတ်ခန္ဓာပုံရိပ်နှင့် သိုင်းစွမ်းအားပုံရိပ် တို့တွင် ရန်ဖုန်းကို လုံးဝ ဖိနှိပ်ထားနိုင်ခဲ့၏။
သိထားရမည့်အချက်မှာ ရန်ဖုန်း၏ နတ်ခန္ဓာပုံရိပ်သည် အင်ပါယာအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ကာ ကျင့်ကြံခြင်း လျှို့ဝှက်နည်းစနစ်သည်လည်း ထာဝရဘုရားကျောင်း၏ ပထမတန်းစား နယ်မြေနတ်ဘုရားအဆင့် နည်းစနစ် ဖြစ်နေခြင်းပင်။
ရန်ဖုန်း ကဲ့သို့ ကျင့်ကြံသူပင် ကျန်းချန်၏ ဖိနှိပ်ခြင်းကို လုံးဝ ခံနေခဲ့ရ၏။
ဤအခိုက်အတန့်တွင် မင်လွေ့သည် ကျန်းချန်၏ နတ်ခန္ဓာပုံရိပ်နှင့် ကျင့်ကြံခြင်းနည်းစနစ်၏ အဆင့်ကို တွေးပင် မတွေးရဲတော့ပေ။
သူက ကျန်းချန်ကို အရှုံးပေးခဲ့သည်မှာ မှန်ကန်သွားပုံရ၏။
အကယ်၍ သူသာ ကျန်းချန်နှင့် ဆက်လက် တိုက်ခိုက်ခဲ့လျှင် ဝှက်ဖဲတချို့ကို ထုတ်သုံးခဲ့သည့်တိုင် ကျန်းချန်၏ ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ပေ။
"ဒီကောင်က မဟာမြေရိုင်းနတ်ဂိုဏ်းက ပါရမီရှင်များ ဖြစ်နေမလား"
မင်လွေ့က စိတ်နှလုံးထဲကနေ တီးတိုး ရေရွတ်လိုက်သည်။
ဤကောင်လေး၏ ပါရမီသည် သူတို့ ထျန်းယွမ်ဂိုဏ်း၏ နံပါတ်(၁) ပါရမီရှင်ထက်ပင် ပို၍ အားကောင်းနေခဲ့၏။
ကျန်းချန်ကဲ့သို့ ပါရမီရှင်များကို မဟာမြေရိုင်းနတ်ဂိုဏ်း ကဲ့သို့ နတ်ဘုရင်အဆင့် အင်အားစုကသာ မွေးထုတ်နိုင်မည်ဟု သူထင်ခဲ့သည်။
"မင်းက ဘယ်လို ကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံခဲ့တာလဲ"
ရန်ဖုန်းက သူ၏ ခန္ဓာကိုယ်အတွင်းမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်သည်။
ထို့နောက်တွင် သူ၏ ကျန်းချန်ကို ကြည့်နေသော အကြည့်တွင် ကြောက်ရွံ့သော အမူအရာများ အဆုံးသတ်၌ ဖြစ်ပေါ်လာခဲ့၏။
"ငါလေ့ကျင့်ထားတာက မင်းကို အနိုင်ယူနိုင်တဲ့ နည်းစနစ်ပဲ"
စကားဆုံးသည်နှင့် ကျန်းချန်က ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကို ထုတ်ဖော်လိုက်ရာ သူ၏ ဦးခေါင်းအထက်တွင် ဘုံကိုးပါး နဂါးပုံရိပ်က ထွက်ပေါ်လာခဲ့သည်။
ထိုဘုံကိုးပါးနဂါးက ရုန့်ရင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။
"စွမ်းရည်နှစ်မျိုးရှိတဲ့ သိုင်းစွမ်းအားပုံရိပ် ပါလား.. ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ရန်ဖုန်းက သူ့ကို ဖိနှိပ်ထားသော ဘုံကိုးပါးနဂါးပုံရိပ်ကိုမြင်လျှင် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး ပါးစပ်ကနေ အထိတ်တလန့် ရေရွတ်လိုက်သည်။
ထာဝရဘုရားကျောင်း၏ ပါရမီရှင် တပည့်တစ်ဦး အနေဖြင့် ရန်ဖုန်းသည် သဘာဝကျစွာပင် လျှို့ဝှက်နည်းစနစ်များကို လူအများစုထက် ပိုမို နားလည်ခဲ့သည်။
သိုင်းစွမ်းအားပုံရိပ်ကို ထုတ်ဖော်နိုင်ခြင်းသည် နယ်မြေနတ်ဘုရားအဆင့် လျှို့ဝှက်နည်းစနစ်မှသာ ထုတ်ဖော်နိုင်မည် ဖြစ်၏။
သို့ရာတွင် နယ်မြေနတ်ဘုရားအဆင့် နည်းစနစ်သည် ယေဘုယျအားဖြင့် သိုင်းစွမ်းအားပုံရိပ် တစ်ခုကိုသာ ထုတ်ဖော်နိုင်လိမ့်မည် ဖြစ်သည်။
သိုင်းစွမ်းအားပုံရိပ်၂ခုကို ထုတ်ဖော်နိုင်သော နည်းစနစ်သည် အနည်းဆုံး နတ်ဘုရင် တစ်ပိုင်းအဆင့် နည်းစနစ် ဖြစ်လောက်၏။
နတ်ဘုရားမြေနယ်တွင် နတ်ဘုရင်အဆင့် နည်းစနစ်သည် ရှားပါးသော ထိပ်တန်းအဆင့် နည်းစနစ် ဖြစ်ပြီး ထိုကဲ့သို့ နည်းစနစ်ကို နတ်ဘုရင်အဆင့် အင်အားစုများသာ ပိုင်ဆိုင်ထားကြသည်။
နတ်ဘုရင်အဆင့် အင်အားစုများမှာပင် နတ်ဘုရင်အဆင့်နည်းစနစ်ကို တတ်မြောက်သူ အနည်းငယ်မျှသာ ရှိသည်။
အကြောင်းရင်းမှာ နတ်ဘုရင်အဆင့် နည်းစနစ်သည် လောကတွင် ရှားပါးရုံသာမက ကျင့်ကြံရန်လည်း အလွန် ခက်ခဲသောကြောင့်ပင်။
နတ်ဘုရားနယ်မြေရှိ အချို့သော ပါရမီရှင်များကမူ ကျင့်ကြံရာတွင် လွယ်ကူစေရန်အတွက် နတ်ဘုရင်အဆင့် နည်းစနစ်များကို အခြေခံ၍ နည်းစနစ် အသစ်များကို တီထွင်ခဲ့ကြသည်။
ထိုကဲ့သို့သော နည်းစနစ်များသည် နတ်ဘုရင်အဆင့် နည်းစနစ် အစစ်အမှန်နှင့် နှိုင်းယှဥ်၍ မရသော်လည်း နတ်မြေနတ်ဘုရား အဆင့် နည်းစနစ်များထက် များစွာ အားကောင်းသောကြောင့် နတ်ဘုရင် တစ်ပိုင်းအဆင့် နည်းစနစ်ဟု ခေါ်ဆိုကြ၏။
နတ်ဘုရင် တစ်ပိုင်းအဆင့် နည်းစနစ်သည် နယ်မြေနတ်ဘုရား နည်းစနစ်ထက် အားကောင်းရုံသာမက နယ်မြေနတ်ဘုရားအဆင့် နည်းစနစ်နှင့် အထင်ရှားဆုံး ကွာခြားချက်မှာ သိုင်းစွမ်းအားပုံရိပ် နှစ်ခုကို ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။
ဒဏ္ဍာရီလာ အစစ်အမှန် နတ်ဘုရင်အဆင့် နည်းစနစ် ဆိုလျှင် သိုင်းစွမ်းအားပုံရိပ် ၃မျိုးကိုပင် ထုတ်ဖော်နိုင်စွမ်း ရှိသည်ဟု ဆိုကြ၏။
ဤအခိုက်အတန့်တွင် ကျန်းချန်က သူ၏ သိုင်းစွမ်းအားပုံရိပ်ကို အဘယ်ကြောင့် ချေမှုန်းနိုင်ခဲ့မှန်း ရန်ဖုန်း ကောင်းစွာ နားလည်သွားခဲ့သည်။
ထိုကောင်လေးသည် အနည်းဆုံး နယ်မြေနတ်ဘုရား အဆင့်နည်းစနစ်ထက် များစွာ အားကောင်းသည့် နတ်ဘုရင်တစ်ပိုင်းအဆင့် နည်းစနစ်ကို ကျင့်ကြံထားခြင်း ဖြစ်ပုံရ၏။
ယင်းသို့ တွေးမိပြီးနောက်တွင် ရန်ဖုန်းသည် အနည်းငယ်မျှပင် ပေါ့ဆရဲခြင်း မရှိတော့ပေ။
သူက သူ၏ခန္ဓာကိုယ်မှ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ ကောင်းကင်နတ်ဘုရားကမ္ဘာ အဖြစ် ပြောင်းလဲ၍ ကျန်းချန်၏ ဘုံကိုးပါး နဂါးပုံရိပ်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
သို့သော်လည်း ကျန်းချန် ထုတ်ဖော်ထားသော ဒုတိယမြောက်သိုင်းစွမ်းအားပုံရိပ်သည် သာမန်ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရားများကိုပင် နောက်ဆုတ်သွားစေရန် လုံလောက်သည်အထိ အစွမ်းထက်ရာ ရန်ဖုန်းသည် မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။
တစ်ခဏအတွင်းမှာပင် ဘုံကိုးပါး နဂါးပုံရိပ်၏ ဖိနှိပ်မှုအောက်တွင် ရန်ဖုန်း၏ ကောင်းကင်နတ်ဘုရား ကမ္ဘာသည် လုံးဝအက်ကွဲကာ ပျက်စီးသွားခဲ့သည်။
ကောင်းကင်နတ်ဘုရားကမ္ဘာ ပျက်စီးပြီးနောက်တွင် ရန်ဖုန်း၏ ပုံရိပ်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် တိုက်ခိုက်ရေးကွင်းပြင်သို့ လွင့်စင်သွားခဲ့၏။
"ထာဝရဘုရားကျောင်းရဲ့ နာမည်ကျော် ပါရမီရှင်တပည့် ရန်ဖုန်းက ရှုံးနိမ့်သွားတယ်လား"
ဤမြင်ကွင်းကို မြင်လျှင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တစပြင်နှယ် တစ်ဖန် တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ပင် သူတို့၏ မျက်လုံးကို မယုံကြည်နိုင် ဖြစ်နေခဲ့၏။
ကျန်းချန် ဘက်ကနေ ၁၀ပွဲ ဆက်တိုက်အောင်ပွဲ အတွက် လောင်းကြေးထပ်ခဲ့သူ တချို့ပင် ကျန်းချန်က ရန်ဖုန်းကို ဤမျှ လွယ်လွယ်ကူကူ အနိုင်ယူလိမ့်မည်ဟု မမျှော်လင့်ထားပေ။
"ဒီကောင်လေးက တကယ်ကို ကြောက်စရာပဲ"
တိုက်ခိုက်ရေးကွင်းပြင်ရှိ လူတိုင်းက သူတို့ရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့် တုန်လှုပ်နေချိန်တွင် ထာဝရဘုရားကျောင်း၏ ဗဟိုခန်းမတွင်လည်း ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုသည် တိုက်ခိုက်ရေး ကွင်းပေါ်၌ ဖြစ်ပျက်ခဲ့သမျှကို ကြည့်ရှုကာ မှင်တက်နေရာကနေ ပြန်လည် အသိဝင်လာရန် အချိန်အနည်းငယ် ယူခဲ့ရသည်။
"ခန်းမသခင်ရဲ့ အမြင်က အရင်ကလို ထက်ရှနေသေးတာပဲ.. မမျှော်လင့်ဘဲ ဒီကလေးရဲ့ နတ်ခန္ဓာပုံရိပ်က ရန်ဖုန်းထက် ပိုအားကောင်းတဲ့အပြင် လျှို့ဝှက်နည်းစနစ်ကလည်း ရန်ဖုန်း ကျင့်ကြံထားတဲ့ နည်းစနစ်ထက် အများကြီး ပိုမို အားကောင်းနေတယ်.. အကယ်၍ ဒီကလေးကို ထာဝရဘုရားကျောင်းဆီ သိမ်းသွင်းနိုင်မယ်ဆိုရင် နောင်လာမဲ့ ထာဝရဘုရားကျောင်းအကဲဖြတ်ပွဲမှာ ငါတို့ဌာနခွဲရဲ့ အဆင့်သတ်မှတ်ချက်ကို တိုးမြှင့်နိုင်မှာပဲ"
ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။
သူ၏ အိုမင်းသော မျက်ဝန်းထက်တွင် ပဟေဠိဆန်သောအလင်းရောင် တစ်ခု ရှိနေခဲ့၏။
"အဘိုးကြီးရှ.. မင်းအရမ်း အတွေးလွန်နေတာပဲ"
ငွေရောင်ဝတ်ရုံဝတ် အမျိုးသားက ခေါင်းခါရမ်းလိုက်ကာ ပေါ့ပါးစွာ ရယ်မော၍ ပြောလိုက်သည်။
"သိုင်းစွမ်းအားပုံရိပ်၂မျိုးကို ထုတ်ဖော်နိုင်တဲ့ ပါရမီရှင်ကို သာမန် နယ်မြေနတ်ဘုရားအဆင့် အင်အားစုတွေက မွေးထုတ်နိုင်မှာ မဟုတ်ဘူး"
"ငါသတိမေ့သွားတယ်.. နှမြောစရာပဲ"
ရွှေရောင်ဝတ်ရုံဝတ်အဘိုးအိုက ငွေရောင်ဝတ်စုံဝတ်ကျင့်ကြံသူ၏ စကားကိုကြားလျှင် အနည်းငယ် စိတ်ပျက်သွားသော အမူအရာဖြင့် ခေါင်းခါရမ်းလိုက်သည်။
သိုင်းစွမ်းအားပုံရိပ်၂မျိုးကို အနည်းဆုံး နတ်ဘုရင်တစ်ပိုင်းအဆင့် လျှို့ဝှက်နည်းစနစ်မှသာလျှင် ထုတ်ဖော်နိုင်လိမ့်မည် ဖြစ်သည်။
နတ်ဘုရားနယ်မြေရှိ နယ်မြေနတ်ဘုရား အင်အားစု အများစုမှာပင် နတ်ဘုရင်တစ်ပိုင်း အဆင့် နည်းစနစ်ကို ပိုင်ဆိုင်ရန် မဖြစ်နိုင်ပေ။
ယခု ကျန်းချန်က နတ်ဘုရင် တစ်ပိုင်းအဆင့် လျှို့ဝှက်နည်းစနစ်ကို ကျင့်ကြံထားသည်ဖြစ်ရာ ကျန်းချန်၏ ဇာစ်မြစ်သည် အလွန်တရာ ထူးခြားမှန်း သက်သေပြရာ ရောက်နေသည် မဟုတ်ပါလော။
"နှမြောစရာတော့ မရှိပါဘူး.. ဒီကောင်လေးမှာ ကောင်းမွန်တဲ့နောက်ခံအင်အားစု ရှိရင်တောင် ငါတို့ ထာဝရဘုရားကျောင်းက သူနဲ့ ဆက်ဆံရေးကောင်း တစ်ခု ထူထောင်နိုင်ပါသေးတယ်"
ငွေရောင်ဝတ်စုံဝတ် အမျိုးသားက ခပ်ယဲ့ယဲ့ ပြုံးကာ ပြေလိုက်သည်။
"အဘိုးကြီးရှ.. မင်းတိုက်ခိုက်ရေးကွင်းကို သွားပြီး ဒီကောင်လေးကို ရွှေရောင်တံဆိပ်ပြား ပေးလိုက်ပါ"
ထိုစကားကိုကြားလျှင် ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက တုန်လှုပ်သွားခဲ့သည်။
"ခန်းမသခင် ရွှေရောင်တံဆိပ်ပြားက နှစ်၁၀၀မှာ၁ကြိမ်ပဲ ပေးအပ်ခွင့်ရှိတယ်.. ခန်းမသခင်သာ ဒီအခွင့်အရေးကို ဒီကောင်လေးအတွက် တကယ်ပဲ အသုံးပြုမလို့လား"
ရွှေရောင်ထာဝရတံဆိပ်ပြားသည် ထာဝရဘုရားကျောင်းတွင် အလွန်မြင့်မားသော အခွင့်ထူးများကို ခံစားနိုင်သော တံဆိပ်ဖြစ်သည်။
သိထားရမည့်အချက်မှာ နယ်မြေနတ်ဘုရားအဆင့် အင်အားစုများပင် ထာဝရဘုရားကျောင်းတော်၌ ငွေရောင်ထာဝရ တံဆိပ်ပြားကိုသာ ပိုင်ဆိုင်နိုင်ကြ၏။
"သူ့ရဲ့ပါရမီနဲ့ဆိုရင် နတ်ဘုရင်အဆင့် အင်အားစုက ပါရမီရှင်တွေတောင် သူ့ကို ယှဥ်နိုင်ဖို့ မလွယ်လောက်ဘူး.. သူ့အတွက် ဒီအခွင့်အရေးကို ငါအသုံးပြုတာက ထိုက်တန်ပါတယ်"
ငွေရောင်ဝတ်ရုံဝတ် အမျိုးသားက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
သူ၏မျက်ဝန်းတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့၏။
အခန်း(၁၇၄၂)ပြီး၏။
အခန်း(၁၇၄၃)
တိုက်ခိုက်ရေးကွင်းထဲတွင် ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ၀င့်ကြွားစွာ ရပ်နေခဲ့ပြီး နံဘေးရှိ အကဲဖြတ် ဒိုင်လူကြီးကို ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။
"အကြီးအကဲ ရလဒ်ကို ကြေညာဖို့သင့်ပြီ ထင်တယ်"
"တိုက်ခိုက်ရေးကွင်းမှာ ၁၀ပွဲဆက်တိုက် အောင်ပွဲကို အောင်မြင်စွာ စိန်ခေါ်နိုင်ခဲ့ခြင်း အတွက် ဂုဏ်ပြုပါတယ်"
အကဲဖြတ် ဒိုင်လူကြီးက သတိပြန်၀င်လာပြီး နောက်တွင် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ရလဒ်ကို ကြေညာလိုက်သည်။
ကျန်းချန်က ၇ပွဲဆက်တိုက်သာ အနိုင်ရခဲ့သော်လည်း ထာ၀ရဘုရားကျောင်းတော်၏ အားအကောင်းဆုံး ကောင်ကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူကိုပင် အနိုင်ယူခဲ့ပြီးပြီ ဖြစ်ရာ နောက်ထပ် ၃ပွဲကို ဆက်လက် ယှဉ်ပြိုင်လျှင်ပင် အဓိပ္ပာယ်မရှိတော့ပေ။
ထို့ပြင် ကျန်းချန် ပြသခဲ့သည့် ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ဖြင့် ဆိုလျှင် ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူများ ထဲတွင် ကျန်းချန်ကို စိန်ခေါ်ရဲသူ မည်သူ ရှိပါဦးမည်နည်း။
"ကျန်းချန်.. ငါတို့ ထာ၀ရဘုရားကျောင်းရဲ့ စည်းမျဉ်းတွေအရ တိုက်ခိုက်ရေးကွင်းမှာ ၁၀ပွဲဆက် အနိုင်ရရှိပြီး နောက်ကွယ်က အင်အားစုက နယ်မြေနတ်ဘုရားအဆင့် အင်အားစု မဟုတ်ဘူး ဆိုရင် ထာ၀ရဘုရားကျောင်းကို ၀င်ရောက်ဖို့ အရည်ချင်းပြည့်မီတယ်.. မင်းအနေနဲ့ မ၀င်ရောက်ချင်ဘူး ဆိုရင်လည်း ထာ၀ရဘုရားကျောင်းရဲ့ ငွေရောင် ထာ၀ရ တံဆိပ်ပြားကို လက်ခံရရှိမှာ ဖြစ်တယ်"
အကဲဖြတ်ဒိုင်လူကြီးက ပြုံးရွှင်စွာ ပြောလိုက်သည်။
ကျန်းချန်က ခေါင်းခါရမ်းကာ တုံ့ပြန်ပြောဆိုလိုက်၏။
"တောင်းပန်ပါတယ် အကြီးအကဲ.. ကျွန်တော်က ထာ၀ရဘုရားကျောင်းကို ၀င်ရောက်ဖို့အတွက် စည်းမျဉ်းတွေနဲ့ ကိုက်ညီမှု ရှိမနေပါဘူး"
"ကိစ္စမရှိပါဘူး.. ဒီလိုဆိုရင်လည်း မင်းအတွက် ငွေရောင် ထာ၀ရ တံဆိပ်ပြားကို သွားယူခိုင်းလိုက်ပါ့မယ်"
အကဲဖြတ်ဒိုင်လူကြီးက ကျန်းချန် ထိုသို့ ဖြေဆိုမည်ကို ကြိုတင် မျှော်လင့်ထားခဲ့၍ ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
ကျန်းချန်ကဲ့သို့ ပါရမီရှင်မျိုးသည် မဟာမြေရိုင်းနယ်မြေရှိ နယ်မြေနတ်ဘုရား အင်အားစုများပင် မွေးထုတ်နိုင်ရန် မလွယ်ကူပေ။
ဤကောင်လေး၏ နောက်ကွယ်မှအင်အားစုသည် အလွန်တရာ ထူးခြားသောကြောင့် ထာ၀ရဘုရားကျောင်းသို့ ၀င်ရောက်ရန်မှာ သဘာဝအားဖြင့် မဖြစ်နိုင်ပေ။
ထိုအချိန်မှာပင် တိုက်ခိုက်ရေးကွင်း၏ အထက်တွင် ရုတ်တရက်ပြင်းထန်သော နေရာလွတ် လှိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ရွှေရောင်၀တ်ရုံ၀တ် အဘိုးအိုတစ်ဦးက တိုက်ခိုက်ရေးကွင်း အထက်ရှိ လေထုထဲတွင် ပေါ်ထွက်လာသည်ကို အားလုံးက တွေ့လိုက်ရ၏။
"ဒီအဘိုးကြီးက သန်မာလှချည်လား"
လေထုထဲတွင် ပေါ်ထွက်လာသည့် ရွေရောင်၀တ်ရုံ၀တ် အဘိုးအိုကို ကြည့်ကာ ကျန်းချန်၏ မျက်၀န်းများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
ထိုအဘိုးအို၏ အရှိန်အဝါသည် ဖန်းချင်ယွမ် အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိစဥ်ကထက် မနိမ့်ကျပေ။
အဘိုးအိုသည် အနည်းဆုံး ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အထွက်အထိပ် ကျင့်ကြံသူ ဖြစ်လောက်၏။
"အကြီးအကဲရှကို အရိုအသေပေးပါတယ်"
အကဲဖြတ်ဒိုင်လူကြီးက ရွေရောင်၀တ်ရုံဝတ် အဘိုးအိုကို မြင်လျှင် အံ့အားသင့်သွားခဲ့သည်။
ကျန်းချန်၏ ၁၀ပွဲဆက်တိုက် အောင်ပွဲသည် ထိုပုဂ္ဂိုလ်ကို ထွက်ပေါ်လာစေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"ထာ၀ရဘုရားကျောင်းရဲ့ အကြီးအကဲချုပ် ရှချန်းပါလား"
ကွင်းပြင်တွင် ရှိနေသည့် လူများသည် ရွှေရောင်ဝတ်ရုံ၀တ် အဘိုးအိုကို မြင်လျှင် တအံ့တဩ ရေရွတ်လိုက်ကြ၏။
သူ့တို့ရှေ့မှ ထာ၀ရဘုရားကျောင်း၏ အကြီးအကဲချုပ် ရှချန်းသည် ထာ၀ရဘုရားကျောင်း၏ သခင် ပြီးလျှင် ဒုတိယနေရာတွင် ရှိပြီး ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ တစ်ဦးလည်း ဖြစ်သည်။
ကျန်းချန်၏ ရန်ဖုန်းကို အနိုင်ယူလိုက်ခြင်းသည် ထာ၀ရဘုရားကျောင်းမှ ထိပ်တန်းပုဂ္ဂိုလ်၏ အာရုံစိုက်မှုကို ရရှိခဲ့သည်မှာ ထင်ရှား၏။
"ကောင်လေး.. ငါက ထာ၀ရဘုရားကျောင်းရဲ့ အကြီးအကဲချုပ် ရှချန်းပဲ.. မင်းက ရှစ်နှစ်အတွင်း တိုက်ခိုက်ရေးကွင်းမှာ ၁၀ပွဲဆက်တိုက် အောင်ပွဲ ကို အနိုင်ရရှိတဲ့ ပထမဆုံးလူ ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်"
ရွှေရောင်၀တ်ရုံ၀တ် အဘိုးအိုက ပြုံးရွှင်စွာ ပြောလိုက်သည်။
ကျန်းချန်က သူ၏ ရှေ့မှ ရွှေရောင်၀တ်ရုံ၀တ် အဘိုးအိုကို ကြည့်ကာ ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
"အကြီးအကဲ ဒီတစ်ခေါက် ပေါ်လာတာက ကျွန်တော့်ကို ဂုဏ်ပြုဖို့သက်သက်တော့ ဟုတ်မယ် မထင်ဘူး"
နတ်ဘုရားနယ်မြေတွင် ထာ၀ရဘုရားကျောင်းသည် နာမည်ဂုဏ်သတင်းကောင်းဖြင့် ကျော်ကြားသည်။
ထို့ကြောင့် ကျန်းချန်သည် ရှချန်းက သူ့ကို ဒုက္ခပေးမည်ကို စိုးရိမ်ခြင်း မရှိခဲ့ပေ။
"မင်းက နတ်ဘုရားနယ်မြေရဲ့ ရှားပါးလှတဲ့ ပါရမီရှင်တစ်ယောက်ပဲ.. ငါက ခန်းမသခင်ရဲ့အမိန့်နဲ့ မင်းအတွက် ရွှေရောင်ထာ၀ရ တံဆိပ်ပြား ပေးအပ်ဖို့ ရောက်လာတာပဲ"
စကားဆုံးသည်နှင့် ရှချန်း ထံကနေ ရွှေရောင်တံဆိပ်ပြားတစ်ခုသည် ကျန်းချန်ဆီသို့ ပျံသန်းလာခဲ့သည်။
"ဝိုး...ရွှေရောင် ထာ၀ရတံဆိပ်ပြားပါလား "
လူတိုင်းက တိုက်ခိုက်ရေးကွင်းပေါ်မှ အခြေအနေကိုကြည့်ကာ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။
သိထားရမည့်အချက်မှာ ထာ၀ရဘုရားကျောင်း၏ အထူးဧည့်သည်တော် သင်္ကေတ ဖြစ်သည့် ထာ၀ရတံဆိပ်ပြားကို ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများသည် ရယူရန်မလွယ်ကူပေ။
အနိမ့်ဆုံးအဆင့် ဖြစ်သည့် ငွေရောင် ထာ၀ရတံဆိပ်ပြားကို ရရှိရန် အတွက်ပင် တိုက်ခိုက်ရေးကွင်း၌ ၁၀ပွဲဆက်တိုက်အောင်ပွဲကို စိန်ခေါ်ရန် လိုအပ်သည်။
ရွှေရောင်ထာ၀ရတံဆိပ်ပြား အတွက်မူ တိုက်ခိုက်ရေးကွင်းတွင် ပွဲ၂၀ဆက်တိုက် အောင်ပွဲကို စိန်ခေါ်ရန် လိုအပ်၏။
ထိုပွဲ၂၀ဆက်တိုက် အောင်ပွဲအတွက် စိန်ခေါ်ရာတွင် မိမိ၏ ကျင့်ကြံခြင်း အဆင့်ထက် တစ်ဆင့် ပိုမြင့်သော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
အမြင့်ဆုံးအဆင့် ဖြစ်သည့် အထွတ်အထိပ် ထာ၀ရတံဆိပ်ပြားကို ရယူလိုလျှင် ပွဲ၃၀ဆက်တိုက် အနိုင်ရရန် လိုအပ်ပြီး ထိုပွဲ၃၀ စလုံးကို ကျင့်ကြံခြင်း အဆင့်၂ဆင့် ပိုမြင့်သည့် ပြိုင်ဘက်များအား အနိုင်ယူရမည် ဖြစ်၏။
ထို့ကြောင့် အထူးဧည့်သည်တော် သင်္ကေတ ဖြစ်သည့် ထာ၀ရတံဆိပ်ပြားကို ရယူရန်မှာ အလွန်တရာပင် ခက်ခဲလှ၏။
အမြင့်ဆုံးဖြစ်သည့် အထွတ်အထိပ် ထာ၀ရ တံဆိပ်ပြား ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
ရွှေရောင် ထာ၀ရတံဆိပ်ပြားကို ရယူရန်အတွက်ပင် နတ်ဘုရားနယ်မြေရှိ အင်းအားကြီးမားသော ကောင်းကင်နတ်ဘုရားများ အတွက် လွယ်ကူမည် မဟုတ်ချေ။
နတ်ဘုရားနယ်မြေတွင် ကောင်းကင်နတ်ဘုရားအဆင့်၌ မိမိထက် ကျင့်ကြံခြင်းအဆင့် ၁ဆင့် ပိုမို မြင့်မားသော ပြိုင်ဘက်ကို အနိုင်ယူနိုင်သည့် ပါရမီရှင် မရှားပါးပေ။
သို့သော်လည်း ပြိုင်ဘက်၂၀ဦးလုံးကို အဆင့်ကျော် တိုက်ခိုက်ကာ ဆက်တိုက် အနိုင်ယူရန်ကမူ လုံး၀ မဖြစ်နိုင်သလောက်ပင်။
ထို့အပြင် ထိုပြိုင်ဘက်၂၀တွင် အဆင့်ကျော် တိုက်ခိုက်နိုင်သည့် ပါရမီရှင် အချို့လည်း ပါ၀င်လာဦးမည် မဟုတ်ပါလား။
ဥပမာအားဖြင့် ကျန်းချန်သည် ထာ၀ရဘုရားကျောင်းမှ ရွှေရောင်တံဆိပ်ပြားကို ရယူလိုလျှင် ကောင်းကင်နတ်ဘုရားစတုတ္ထအဆင့် ကျင့်ကြုံသူ ၂၀ကို ဆက်တိုက်ဆိုသလို အနိုင်ယူရမည် ဖြစ်သည်။
ထိုကျင့်ကြံသူ၂၀ထဲတွင် ရန်ဖုန်းကဲ့သို့ ပါရမီရှင်များလည်း ပါ၀င်ကောင်း ပါ၀င်နိုင်၏။
ရန်ဖုန်း၏ ပါရမီဖြင့်သာ ဆိုလျှင် သူ၏ ကျင့်ကြံချင်းအဆင့်သည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် အထွက်အထိပ်ကို ရောက်ရှိသည်နှင့် တိုက်ခိုက်ရေးစွမ်းရည်က ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူများနှင့်ပင် ယှဉ်ပြိုင်နိုင်လိမ့်မည် ဖြစ်သည်။
ထိုသို့သော ပါရမီရှင်ကို ကျန်းချန်သည် အနည်းငယ်မျှပင် ကြောက်ရွံ့မှုမရှိပေ။
သို့သော်လည်း ထိုကဲ့သို့ ပါရမီရှင် ၈ဦး သို့မဟုတ် ၁၀ဦးကို ဆက်တိုက်ဆိုသလို ရင်ဆိုင်ရမည်ဆိုလျှင် ကျန်းချန်၏ ခွန်အားဖြင့်ပင် ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
အဆုံးသတ်ပြုရလျှင် ထာ၀ရဘုရားကျောင်း၏ ရွှေရောင် ထာ၀ရ တံဆိပ်ပြားကို ပိုင်ဆိုင်သူသည် နတ်ဘုရားနယ်မြေတွင် လက်တစ်ဆုပ်စာသာ ရှိ၏။
ထာ၀ရဘုရားကျောင်း၏ ခန်းမသခင်က ကျန်းချန်ကို ရွှေရောင် ထာ၀ရ တံဆိပ်ပြားအား တိုက်ရိုက် ပေးအပ်လိုက်မည်ဟု မည်သူမှ မထင်မှတ်ခဲ့ပေ။
ရွှေရောင် ထာ၀ရ တံဆိပ်ပြားသည် ထာ၀ရဘုရားကျောင်းနှင့် မဟာမိတ်ဖွဲ့ထားသော နယ်မြေနတ်ဘုရားများပင် အလွယ်တကူ မရနိုင်သည့် အထူးဧည့်သည်တော် သင်္ကေတလည်း ဖြစ်၏။
"ရွှေရောင် ထာ၀ရတံဆိပ်ပြားလား "
ကျန်းချန်က သူ့ရှေ့တွင် ပျံဝဲနေသော ရွှေရောင်ထာ၀ရတံဆိပ်ပြားကို ကြည့်နေခဲ့ပြီး လှမ်းယူခြင်း မပြုခဲ့ပေ။
သူက ရှချန်းအား လက်သီးဆုပ်ကာ အရိုအသေပေး၍ ပြောလိုက်သည်။
"အကြီးအကဲ.. ကျွန်တော် ကျန်းချန်က ခန်းမသခင်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်. ဒါပေမဲ့ ဒီရွှေရောင်ထာ၀ရတံဆိပ်ပြားကို ကျွန်တော် လက်မခံပါရစေနဲ့"
စကားပုံအရ အကျိုးမရှိဘဲ မည်သူမျှ ညောင်ရေလောင်းနေမည် မဟုတ်ပေ။
ထာ၀ရဘုရားကျောင်း၏ ရွှေရောင်ထာ၀ရ တံဆိပ်ပြားသည် ကောင်းမွန်သောအရာ ဖြစ်သော်လည်း ကျန်းချန်သည် ထာ၀ရဘုရားကျောင်း၏ ရည်ရွယ်ချက်ကို မသိသောကြောင့် လက်ခံရန်ဆန္ဒ မရှိခဲ့ပေ။
"ကောင်လေး မင်းအရမ်းကြီး တွေးနေဖို့မလိုဘူး.. ခန်းမသခင်က ဒီရွှေရောင်ထာ၀ရ တံဆိပ်ပြားကို အသုံးပြုပြီး မင်းနဲ့ဆက်ဆံရေးကောင်း တစ်ခု ထူထောင်ချင်ရုံ သက်သက်ပါပဲ.. မင်းရဲ့ပါရမီနဲ့ဆိုရင် ခန်းမသခင်က ဒီရွှေရောင်ထာ၀ရ တံဆိပ်ပြားကို မချီးမြှင့်ရင်တောင် မင်းရဲ့ အရည်အချင်းနဲ့ ရယူနိုင်မှာပါ"
ရှချန်းက ကျန်းချန်၏ အတွေးကို ရိပ်စားမိခဲ့ပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။
ရှချန်း၏ စကားများက မှန်ကန်နေ၍ ကျန်းချန်က ငြင်းဆိုခဲ့ခြင်း မရှိပေ။
တိုက်ခိုက်ရေးကွင်းတွင် ပွဲ၂၀ဆက်တိုက် အောင်ပွဲရရှိရန်သည် အလွန်တရာ ခက်ခဲပုံရသော်လည်း ကျန်းချန်အတွက် ဘာမှမဟုတ်ပေ။
ထာ၀ရဘုရားကျောင်းသည် ရန်ဖုန်း ကဲ့သို့ ပါရမီရှိသည့် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် အထွတ်အထိပ် ၁၀ဦးကို မွေးထုတ်နိုင်ခြင်း မရှိသရွေ့ သူ့အနေဖြင့် ပွဲ၂၀ ဆက်တိုက်အောင်ပွဲကို ရရှိရန်မှာ ပြဿနာကြီးကြီးမားမား ရှိမည်မဟုတ်ချေ။
"ဒါဆိုလည်း ကျန်းချန်က ခန်းမသခင် ချီးမြှင့်တဲ့ ရွှေရောင် ထာ၀ရ တံဆိပ်ပြားကို တလေးတစား လက်ခံယူပါမယ်"
ကျန်းချန်က ခဏမျှ စဉ်းစားလိုက်ပြီးနောက်တွင် သူ၏ ရှေ့မှရွှေရောင် ထာ၀ရတံဆိပ်ပြားကို လှမ်းယူလိုက်သည်။
အခန်း(၁၇၄၃)ပြီး၏။