အခန်း (၁၇၅၀-၁၇၅၂)
Vol. 117 Ch. 1750-1752
အခန်း(၁၇၅၀)
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက မျက်မှောင်ကြုတ်သွားခဲ့ပြီး နောက်ထပ် လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
ထိုအခါ လေထဲတွင် ဧရာမအနက်ရောင်လက်ဝါးရိပ် ဖြစ်ပေါ်လာခဲ့ပြီး ကျန်ရှိနေသေးသော မိုးကြိုးကို ထိပ်တိုက်ရင်ဆိုင်ကာ ချေဖျက်လိုက်သည်။
မိုးကြိုးကပ်ဘေး၂ခုကို ဆက်တိုက်ဆိုသလို တားဆီးနိုင်လိုက်ပြီးနောက်တွင် ဟင်းလင်းပြင်ရှိ မိုးကြိုးတိမ်တိုက်များသည် ပို၍ပင် ဒေါသထွက်လာသကဲ့သို့ မိုးခြိမ်းသံများသည် ကောင်းကင်ယံတွင် ကျယ်လောင်စွာ ဖြစ်ပေါ်လာခဲ့၏။
မိုးကြိုးတိမ်တိုက်ထဲတွင် ရေတွက်၍ မရနိုင်သော ငွေရောင်အလင်းတန်းများ ရှိနေခဲ့ပြီး ငွေရောင်မြွေများကဲ့သို့ တိမ်တိုက်များနှင့်ကောင်းကင်ကို ထိုးဖောက်ကာ ငွေရောင်မိုးကြိုး အဖြစ်သို့ စုစည်းသွားခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုဆီသို့ ကျဆင်းလာခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ခွန်အားကို အစွမ်းကုန် ထုတ်ဖော်ကာ ရုန့်ရင်းသောခွန်အားဖြင့် တတိယမြောက် မိုးကြိုးကပ်ဘေးကို ခုခံနိုင်ခဲ့သည်။
မိုးကြိုးကပ်ဘေးသုံးခုကို ဆက်တိုက်ဆိုသလို ခုခံပြီးနောက်တွင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်နှာသည် ဖြူဖျော့သွားခဲ့၏။
ကျန်းချန်က ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ကို ထိုးဖောက်ခြင်းဖြစ်၍ မိုးကြိုးကပ်ဘေးခြောက်ခုကို ရင်ဆိုင်ရမည်ဖြစ်သည်။
နောက်ဆက်တွဲ ကြုံတွေ့ရမည့် မိုးကြိုးကပ်ဘေးတိုင်းသည် ယခင် မိုးကြိုးကပ်ဘေးထက် ပိုမို၍ အစွမ်းထက်၏။
ထို့အပြင် ကျန်းချန်သည် ကောင်းကင်နတ်ဘုရား တတိယအဆင့် ဖြစ်သော်လည်း ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ထက်ပင် ပိုမို၍ အားကောင်းနေခဲ့သည်။
ယင်းအပြင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ သက်ရောက်မှုနှင့် ပေါင်းစပ်လိုက်သောအခါ ကောင်းကင်နတ်ဘုရားကပ်ဘေးသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။
ဆိုရလျှင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို ယနေ့ ရင်ဆိုင်ရသော ကောင်းကင်နတ်ဘုရားကပ်ဘေး (ဝါ) မိုးကြိုးကပ်ဘေးသည် သူ ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားအဆင့်သို့ ထိုးဖောက်စဥ်က ရင်ဆိုင်ခဲ့ရသော မိုးကြိုးကပ်ဘေးထက်ပင် ပိုမို၍ အစွမ်းထက်နေခဲ့၏။
ဤအတိုင်းသာဆိုလျှင် နောက်ထပ် မိုးကြိုးကပ်ဘေးသုံးခုကို ထပ်မံ ရင်ဆိုင်ရလျှင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်နေသည့်တိုင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် အခက်အခဲနှင့် ကြုံတွေ့ရပေတော့မည်။
သို့သော်လည်း ဟင်းလင်းပြင်ရှိ မိုးကြိုးကပ်ဘေးသည် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက အလွန်တရာ အင်အားကုန်ခန်းနေသည်ကို ခံစားမိပုံရပြီး အဘိုးအိုကို အသက်ရှုရန်အခွင့်အရေးပင် လုံးဝမပေးခဲ့ပေ။
မိုးကြိုးတိမ်တိုက်တွင် အချိန်ယူ၍ စုစည်းနေခဲ့သော စတုတ္ထမြောက် မိုးကြိုးကပ်ဘေးသည် သိပ်မကြာခင်မှာပင် ကျဆင်းလာခဲ့သည်။
စတုတ္ထမြောက် မိုးကြိုးကပ်ဘေးထံမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားမိလျှင် အနက်ရောင်ဝတ်စုံဝတ်အဘိုးအိုသည် အနည်းငယ်မျှပင် မပေါ့ဆရဲတော့ပေ။
သူက နတ်ခန္ဓာပုံရိပ်နှင့် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်အထွတ်အထိပ် စွမ်းအားအပြင် အခြားသော နည်းလမ်းများကို အစွမ်းကုန် အသုံးပြုခဲ့ကာ စတုတ္ထမြောက် မိုးကြိုးကပ်ဘေးကို အသေအလဲ ရင်ဆိုင်ပြီးမှ ခုခံနိုင်ခဲ့သည်။
သိပ်မကြာခင်မှာပင် ပဉ္စမမြောက် မိုးကြိုးကပ်ဘေးက ကျဆင်းလာပြန်သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့် အထွတ်အထိပ်ခွန်အားဖြင့် ကောင်းကင်နတ်ဘုရား ကမ္ဘာကို ဖန်တီးလိုက်၏။
"ဝုန်း.."
ကြောက်မက်ဖွယ်ရာကောင်းသော ငွေရောင်မိုးကြိုးတစ်စင်းသည် မျက်စိတစ်မှိတ် အတွင်း အနက်ရောင်ဝတ်စုံဝတ် အဘိုးအို ဆီသို့ သက်ရောက်လာခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ တစ်ကိုယ်လုံးက တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ မညည်းညူဘဲ မနေနိုင်ခဲ့ပေ။
သူ၏ ကောင်းကင်နတ်ဘုရားကမ္ဘာသည် ငွေရောင်မိုးကြိုး၏ တိုက်ခိုက်မှုအောက်တွင် အဆက်မပြတ် တွန့်လိမ်နေခဲ့သည်။
သို့သော်လည်း အဆုံးသတ်တွင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် ပဉ္စမမြောက် မိုးကြိုးကပ်ဘေးအား ကောင်းကင်နတ်ဘုရားကမ္ဘာကို အားကိုး၍ ခုခံနိုင်ခဲ့သည်။
"ကောင်းကင်နတ်ဘုရား ကပ်ဘေးရဲ့ စွမ်းအားက ငါထင်ထားတာထက် အများကြီး ပိုကြောက်စရာကောင်းတာပဲ. ကြည့်ရတာ ဒီအဘိုးကြီးအနေနဲ့ နောက်ဆုံး မိုးကြိုးကပ်ဘေးကို ခံနိုင်ရည် ရှိချင်မှ ရှိတော့မယ်နဲ့ တူတယ်"
ကျန်းချန်က သူ၏ ရှေ့မှ မြင်ကွင်းကိုကြည့်ကာ စိတ်ထဲကနေ ရေရွတ်လိုက်သည်။
ယခုအခါတွင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် သူတတ်မြောက်ထားသည့် နည်းလမ်းများအပြင် သူ၏ခန္ဓာကိုယ်မှ ခွန်အားများစွာကို သုံးစွဲကာ မိုးကြိုးကပ်ဘေးငါးခုကို ခက်ခက်ခဲခဲ တားဆီးနိုင်ခဲ့သည်။
နောက်ဆုံး ကျန်ရှိသည့် မိုးကြိုးကပ်ဘေးသည် အစွမ်းအထက်ဆုံး မိုးကြိုးကပ်ဘေး ဖြစ်၏။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ လက်ရှိ အခြေအနေအရ နောက်ဆုံး မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရလျှင် မသေသည့်တိုင် ဒဏ်ရာအပြင်းအထန် ရလိမ့်မည်မှာ သေချာသလောက်ပင်။
"အနာဂတ်မှာ ကိုယ်ခံပညာ ဥပဒေသရဲ့ မူလစွမ်အားကို ပြီးပြည့်စုံတဲ့အဆင့် အထိ ရောက်ရှိသွားခဲ့ရင် ကောင်းကင်နတ်ဘုရားကပ်ဘေးကို လျှို့ဝှက်လက်နက် အဖြစ် အသုံးချနိုင်တော့မယ် ထင်တယ်"
ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
သူက နောက်ထပ် ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအားကို ပြီးပြည့်စုံသော အဆင့်ထိ ရောက်ရှိပြီး ကောင်းကင်နတ်ဘုရားပဉ္စမအဆင့်ကို ထိုးဖောက်မည် ဆိုလျှင် ထွက်ပေါ်လာမည့် ကောင်းကင်နတ်ဘုရား ကပ်ဘေးသည် ယခုထက်ပင် ပို၍ အစွမ်းထက်လာလိမ့်မည် ဖြစ်သည်။
ထိုအချိန်သို့ ရောက်လျှင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကဲ့သို့ အင်အားကြီးမားသော ကျင့်ကြံသူသည် သူ၏ ကောင်းကင်နတ်ဘုရား ကပ်ဘေးတွင် ပါဝင်ပတ်သက်မိလျှင် သေဆုံးမည်မှာ သေချာသလောက်ပင်။
"ဂျိန်း..ဂျိန်း.."
ကျန်းချန်က စဥ်းစားခန်း ဝင်နေစဥ်မှာပင် ဟင်းလင်းပြင်ရှိ မိုးကြိုးတိမ်တိုက်များ ထပ်မံ၍ လှိမ့်တက်လာခဲ့ပြီး မိုးခြိမ်းသံများသည် ကမ္ဘာတစ်ဝန်းလုံးတွင် ကျယ်လောင်စွာ ပဲ့တင်ထပ်သွားခဲ့သည်။
မိုးကြိုးတိမ်တိုက်များထဲတွင် ခမ်းနားထည်ဝါသော မိုးကြိုးစွမ်းအား တစ်ခုသည် လျင်မြန်စွာ စုစည်းသွားခဲ့၏။
ထို့နောက်တွင် ဟင်းလင်းပြင်လှေကနေ အနက်ရောင်မိုးကြိုးတိမ်တိုက်သည် စတင် ထွက်ပေါ်လာခဲ့သည်။
ဤအချိန်တွင် မျက်စိကျိန်းလောက်စရာ ငွေရောင်အလင်းသည် ပတ်ဝန်းကျင်ရှိ မိုင်ထောင်ချီ ပတ်ဝန်းကျင်ကို နေ့အလင်းရောင် ကဲ့သို့ ဖြစ်လာစေခဲ့သည်။
ငွေရောင်မိုးကြိုးက အရာအားလုံးကို ဖျက်ဆီးနေသောစွမ်းအားကို သယ်ဆောင်ကာ အောက်ဘက်သို့ ကျဆင်းလာခဲ့သည်။
ငွေရောင်မိုးကြိုး ဖြတ်သန်းသွားရာ နေရာတိုင်းရှိ နေရာလွတ်များတွင် ဆက်တိုက်ဆိုသလို နေရာလွတ် ပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့သည်။
"ဝုန်း.."
မည်သို့ပင်ဖြစ်စေ ငွေရောင်မိုးကြိုးသည် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ကောင်းကင်နတ်ဘုရား ကမ္ဘာပေါ်သို့ တစ်ဖန်ကျရောက်သွားခဲ့သည်။
မိုင်ထောင်ချီအကွာရှိ နေရာလွတ်ကိုပင် တုန်လှုပ်စေသော အံ့အားသင့်ဖွယ် ပေါက်ကွဲမှုသည် လေထုထဲတွင် ပေါ်ထွက်လာခဲ့သည်။
ပဉ္စမမြောက် မိုးကြိုးကပ်ဘေးကတည်းကပင် ပြိုလဲခါနီး ဖြစ်နေသော အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ကောင်းကင်နတ်ဘုရား ကမ္ဘာသည် ဆဋ္ဌမမြောက် မိုးကြိုးကပ်ဘေး၏ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကို ခံနိုင်ရည်မရှိတော့ပေ။
အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ကောင်းကင်နတ်ဘုရားကမ္ဘာသည် ဆဋ္ဌမမြောက် မိုးကြိုးကပ်ဘေး၏ တိုက်ခိုက်မှုအောက်တွင် ပြိုလဲသွားခဲ့သည်။
ကောင်းကင်နတ်ဘုရားကမ္ဘာ ပြိုလဲသွားသည်နှင့် တစ်ပြိုင်နက် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေလည်း သွေးများကို အန်ထုတ်လိုက်ရသည်။
မိုးကြိုးကပ်ဘေး၏ စွမ်းအားအောက်တွင် အနက်ရောင်ဝတ်စုံဝတ်အဘိုးအို၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လေထုထဲကနေ အောက်ဘက်သို့ လျင်မြန်စွာ ပြုတ်ကျသွားခဲ့သည်။
"ဝုန်း.."
အဘိုးအိုက ပေထောင်ပေါင်းများစွာ အမြင့်ကနေ ပြုတ်ကျလာသည်ဖြစ်ရာ အောက်ဘက်ရှိ သစ်တောတစ်ခုလုံးကိုပင် တုန်ခါသွားစေခဲ့ပြီး ကျယ်လောင်သောအသံပင် ရုတ်တရက် ဖြစ်ပေါ်စေခဲ့သည်။
အဘိုးအို ပြုတ်ကျသွားသည့် မြေပြင်ထက်တွင် နက်ရှိုင်းသောချောက်နက်ကြီး တစ်ခုပင် ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်က ထိုချောက်နက်ကို အထက်စီးကနေကြည့်ကာ ပြောလိုက်သည်။
"အဘိုးကြီး ခင်ဗျားမသေသေးဘူးဆိုတာ ကျုပ်သိတယ်.. ခင်ဗျားဘာသာ အပြင်ထွက်လာမလား ဒါမှမဟုတ် ကျုပ်က ခင်ဗျားကို အပြင်ထွက်ဖို့ ဖိတ်ခေါ်ရမလား"
ကျန်းချန်၏ ကြုံးဝါးသံ အဆုံးသတ်သည်နှင့် သွေးရောင်ပုံရိပ်တစ်ခုသည် မြေပြင်ထက်ရှိ အက်ကွဲကြောင်းကနေ ထွက်ပေါ်လာခဲ့သည်။
ထိုသူမှာ တခြားသူမဟုတ်ပေ။ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုပင် ဖြစ်သည်။
ဤအချိန်တွင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ဆံပင်ဖြူများသည် ရှုပ်ပွနေခဲ့ပြီး ပါးစပ်ထောင့်တွင်လည်း သွေးများစွန်းပေနေကာ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်ဝတ်ရုံသည်လည်း သွေးများကြောင့် အနီရောင်အဖြစ်သို့ ပြောင်းလဲနေခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက နောက်ဆုံး မိုးကြိုးကပ်ဘေးကို အဆုံးသတ်တွင် ခံနိုင်ရည်ရှိခဲ့သော်လည်း ထိုမိုးကြိုးကပ်ဘေး၏ အောက်တွင် ပြင်းထန်သော ထိခိုက်မှုများကို ခံစားခဲ့ရသည်မှာ ထင်ရှား၏။
ယခုအခါတွင် သူက ခန္ဓာကိုယ်ထဲမှ ခွန်အားများကို သုံးစွဲခဲ့ရုံသာမက မိုးကြိုးကပ်ဘေး၏ အောက်တွင် ပြင်းထန်သော ပျက်စီးမှုများကို ခံစားခဲ့ရပြီး သူ၏ ခန္ဓာကိုယ်သည်ပင် ပျက်စီးလုနီးပါး ဖြစ်နေခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက သိုလှောင်လက်စွပ်ထဲကနေ ကုသရေးဆေးလုံးနှစ်လုံးကို ထုတ်ယူကာ သူ၏ ပါးစပ်ထဲသို့ ထည့်ကာ မျိုချလိုက်သည်။
ထို့နောက်တွင် သူက ကျန်းချန်ကို လှည့်၍ပင် မကြည့်တော့ဘဲ နန်လီမြို့ဆီသို့ လျင်မြန်စွာ ပြေးထွက်သွားခဲ့၏။
ယခုအခါတွင် သူက တိုက်ခိုက်ရေးစွမ်းအားကို အားလုံးနီးပါးဆုံးရှုံးသွားပြီ ဖြစ်သော်လည်း ကျန်းချန်ကမူ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို ထိုးဖောက်ခဲ့ပြီ ဖြစ်၍ တိုက်ခိုက်ရေးစွမ်းရည်သည် သာမန် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ထက် လုံးဝ မနိမ့်ကျနိုင်တော့ပေ။
သူသာ ဤနေရာတွင် ဆက်လက်ရှိနေလျှင် ကျန်းချန်၏ လက်ထဲတွင် အမှန်တကယ် ကျဆုံးသွားမည်ကို သူစိုးရိမ်လာမိသည်။
"အဘိုးကြီး ခင်ဗျား ထွက်ပြေးလို့လွတ်မယ် ထင်နေလား.. ခင်ဗျား ကျုပ်ကို သတ်ရဲမှတော့ သေဖို့အတွက် ပြင်ဆင်ထားလိုက်တော့"
လှောင်ပြောင်၍ ပြောလိုက်ပြီးနောက်တွင် ကျန်းချန်၏ ပုံရိပ်သည် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ဦးခေါင်းအထက်သို့ လျှပ်တစ်ပြက် ရောက်ရှိလာခဲ့သည်။
ထို့နောက်တွင် ကျန်းချန်က ကောင်းကင်နတ်ဘုရား ကမ္ဘာကို စုစည်းလိုက်ကာ မိုင်ရာချီ နေရာလွတ်ကို လွှမ်းခြုံလိုက်သည်။
"ကောင်လေး ငါက ကွေကျုံဂိုဏ်းရဲ့ အကြီးအကဲပဲ.. မင်းငါ့ကိုသတ်မယ်ဆိုရင် ကွေကျုံဂိုဏ်းက မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး"
သူ၏ရှေ့မှ မြင်ကွင်းကိုမြင်လျှင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
"မင်းငါ့ကိုလွှတ်ပေးသရွေ့ ငါမင်းကို နောက်ထပ် လုံးဝ ဒုက္ခမပေးတော့ဘူးလို့ ကတိပေးတယ်"
"စိတ်မကောင်းပါဘူး...ကျုပ် ခင်ဗျားစကားကို မယုံကြည်နိုင်ဘူး"
ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။
"ကျားကို တောဆီပြန်လွှတ်တဲ့ စကားပုံကို ကျုပ်ယုံကြည်တယ်.. ဒါကြောင့် ခင်ဗျားကို သတ်ပစ်တာက အကောင်းဆုံးပဲ"
စကားဆုံးသည်နှင့် ကျန်းချန်သည် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို အသက်ရှူရန်ပင် အခွင့်အရေးမပေးခဲ့ပေ။
ကောင်းကင်နတ်ဘုရားကမ္ဘာထဲရှိ ၇ရောင်ခြယ် ဓားအလင်းသည် ချက်ချင်းဆိုသလိုပင် ၇ရောင်ခြယ် ဓားကွန်ရက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို သက်ရောက်သွားခဲ့သည်။
"မသတ်ပါနဲ့"
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက မျှော်လင့်ချက် ကင်းမဲ့နေခဲ့ပြီး အထိတ်တလန့်ဖြစ်ကာ သူ၏ခန္ဓာကိုယ်ထဲမှ နောက်ဆုံးလက်ကျန်စွမ်းအားဖြင့် ခုခံလိုက်သည်။
သို့သော်လည်း ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ အထွတ်အထိပ်အခြေအနေတွင် ရှိနေစဥ်က စွမ်းရည်ကိုပင် ရင်ဆိုင်ရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ လက်ရှိအခြေအနေဖြင့် ကျန်းချန်၏ စွမ်းအားကို ခုခံနိုင်စွမ်း လုံးဝမရှိတော့ပေ။
မျက်စိတစ်မှိတ် အတွင်းမှာပင် ၇ရောင်ခြယ် ဓားကွန်ရက်သည် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ နောက်ဆုံးကျန်ရှိသည့် ကာကွယ်ရေး အလွှာကို ထိုးဖောက်ကာ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို သတ်ဖြတ်ပစ်လိုက်သည်။
အခန်း(၁၇၅၀)ပြီး၏။
အခန်း(၁၇၅၁)
ကျန်းချန်က သူ၏ရှေ့မှ ရှေးဟောင်း အဆောက်အအုံ တစ်ခုကို တိတ်တဆိတ် ကြည့်ရှုနေခဲ့သည်။
အဆောက်အအုံ၏ ဆိုင်းဘုတ်ရှိ "ထျန်းကျီ"ဟူသော စကားလုံးသည် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။
ထျန်းကျီမျှော်စင်သည် မဟာမြေရိုင်းနယ်မြေ၏ နယ်မြေ၁၃ခုတွင် ဖြန့်ကျက်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် အင်အားစုတစ်ခု ဖြစ်သည်။
မဟာမြေရိုင်းနယ်မြေရှိ နယ်မြေ ၁၃ခုတွင် ထိုကဲ့သို့ ထျန်းကျီမျှော်စင်တစ်ခုစီ ရှိသည်ဟု ဆိုကြ၏။
ထျန်းကျီမျှော်စင်က အင်အားကြီးမားပြီး မဟာမြေရိုင်းနယ်မြေရှိ နယ်မြေနတ်ဘုရား အင်အားစုများပင် မထိပါးဝံ့ကြပေ။
ထျန်းကျီမျှော်စင်သည် အဓိကအားဖြင့် လုပ်ငန်း နှစ်ခုကို လုပ်ကိုင်သည်။
တစ်ခုမှာ ပစ္စည်းများကို လေလံတင်ရောင်းချခြင်း ဖြစ်သည်။
ဆိုရလျှင် ထျန်းကျီမျှော်စင်သည် အခါအားလျော်စွာ လေလံပွဲကြီးများကို ကျင်းပလေ့ရှိပြီး မမျှော်လင့်ထားသော ရတနာများကို လေလံပွဲတွင် ထည့်သွင်းလေ့ ရှိသည်။
လေလံလုပ်ငန်းအပြင် ထျန်းကျီမျှော်စင်သည် သတင်းရောင်းဝယ်မှုဖြင့်လည်း ကျော်ကြား၏။
ထျန်းကျီမျှော်စင်က လျှို့ဝှက်ဆန်းကြယ်၍ ခန့်မှန်း၍မရနိုင်သည့် ကိစ္စအားလုံးကို သိရှိထားသည်ဟု ဆိုကြသည်။
မိမိလိုချင်သည့် သတင်းအတွက် ကျသင့်သည့် အဖိုးအခကို ပေးဆောင်နိုင်သရွေ့ ထျန်းကျီမျှော်စင် ထံတွင် အလိုရှိသည့်မည်သည့် အချက်အလက်ကို မဆို ဝယ်ယူနိုင်၏။
ယခုအခါတွင် ကျန်းချန်သည် ရှေးဟောင်းနဂါး ကုန်သည်အသင်းက နန်လီမြို့တွင် ရှိနေသည်ကို သိသော်လည်း နန်လီမြို့က အလွန်တရာ ကြီးမားသဖြင့် ရှေးဟောင်းနဂါး မျိုးနွယ်စုကနေ နန်လီမြို့တွင် တည်ထောင်ထားသော ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ရှာဖွေခြင်းသည် သမုဒ္ဒရာထဲမှ ရေတစ်စက် ကဲ့သို့ ဖြစ်နေခဲ့ပြီး ရှာဖွေရန် အလွန်ခက်ခဲနေခဲ့သည်။
ထို့ကြောင့်လည်း ကျန်းချန်သည် ရှေးဟောင်းနဂါးကုန်သည်အသင်းကို အလျင်အမြန် ရှာဖွေလို၍ သတင်း အချက်အလက် ဝယ်ယူရန် ထျန်းကျီ မျှော်စင်သို့ ရောက်လာခြင်းသည် သံသယဖြစ်ဖွယ်ရာမရှိ အကောင်းမွန်ဆုံး ရွေးချယ်မှုပင် မဟုတ်ပါလား။
ထိုသို့ တွေးမိသည်နှင့် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ ထျန်းကျီမျှော်စင်၏ တံခါးဝဆီသို့ တိုက်ရိုက်ပင် လျှောက်လှမ်းသွားခဲ့သည်။
ထျန်းကျီမျှော်စင်၏ တံခါးဝသို့ ဝင်လိုက်သည်နှင့် မီတာရာချီကျယ်ဝန်းသော ခန်းမတစ်ခုသည် ကျန်းချန်၏ မြင်ကွင်းရှေ့တွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။
ခန်းမက အလွန်တရာ တိတ်ဆိတ်နေပြီး အထဲတွင် လူအနည်းငယ်မျှသာ ရှိသည်။
ထိုအချိန်မှာပင် ကျန်းချန်၏ နားထဲသို့ အသံတစ်သံက ဝင်ရောက်လာခဲ့သည်။
"ဒီက သခင်လေး.. ကျွန်မ ဘာများ အကူအညီပေးရမလဲ"
ကျန်းချန်က အသံလာရာသို့ လှည့်ကြည့်လိုက်သောအခါ စိမ်းပြာရောင် ဝတ်စုံဝတ် အစေခံ မိန်းကလေးတစ်ဦးက ခန်းမ၏ ဘေးဘက်ကနေ လျှောက်လာခဲ့ပြီး သူ့ကို အရိုအသေပေးနေသည်အား တွေ့လိုက်ရသည်။
ကျန်းချန်က စကားပလ္လင်ခံမနေတော့ဘဲ စိမ်းပြာရောင်ဝတ်စုံဝတ် အစေခံမိန်းကလေးကို တိုက်ရိုက်ပင် ပြောလိုက်သည်။
"မင်းတို့မျှော်စင်ဆီကနေ သတင်းအချက်အလက် ဝယ်ချင်လို့ပါ"
"ကောင်းပါပြီ သခင်လေး.. ဒါဆို ကျွန်မနဲ့အတူ လိုက်လာခဲ့ပေးပါ"
ထို့နောက်တွင် စိမ်းပြာရောင်ဝတ်စုံဝတ် အစေခံမိန်းကလေးသည် ကျန်းချန်ကို ဒုတိယအထပ်ရှိ တိတ်ဆိတ်သောအခန်းတစ်ခု ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
"သခင်လေး ခဏစောင့်ပေးပါဦး.. ကျွန်မ တာဝန်ခံကို သွားခေါ်လိုက်ပါဦးမယ်"
စိမ်းပြာရောင် ဝတ်စုံဝတ် အစေခံမိန်းကလေးက ကျန်းချန်အတွက် အကြမ်းရည် ငှဲ့ပေးပြီးနောက်တွင် အခန်းထဲကနေ ထွက်ခွာသွားခဲ့သည်။
ဤအခန်းက မီတာအနည်းငယ်မျှသာ ကျယ်ဝန်းပြီး ကျက်သရေရှိသော ပုံစံဖြင့် အလှဆင်ထားသော အခန်းဖြစ်သည်။
ထို့အပြင် ကျန်းချန်သည် အခန်း၏ ပတ်ပတ်လည်တွင် အပြင်ဘက်ကနေ နတ်ဘုရားစိတ်အာရုံဖြင့် အာရုံခံ၍ မရအောင် ပိတ်ဆို့နိုင်သည့် လျှို့ဝှက်ဆန်းကြယ်သော အစီအရင်တစ်ခု ရှိနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။
ဆိုရလျှင် ဤအခန်းသည် သတင်း အချက်အလက်များ ရောင်းဝယ်ရန်အတွက် အထူးပြုလုပ်ထားခြင်း ဖြစ်၏။
ကျန်းချန်က အခန်းကို အကဲခတ်နေစဥ်မှာပင် အခန်းတံခါးသည် ရုတ်တရက် အလိုအလျောက် ပွင့်လာခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးသည် အခန်းထဲသို့ ဝင်လာခဲ့သည်။
ထိုအဘိုးအို၏ အရှိန်အဝါသည် အလွန်တရာပင် အားကောင်းပြီး ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သည်မှာ ထင်ရှား၏။
"ဒီကညီလေးက ငါတို့ ထျန်းကျီမျှော်စင်မှာ သတင်းအချက်အလက် လာဝယ်တာလား"
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ခန်းမထဲကို ဝင်လာပြီးနောက်တွင် ကျန်းချန်ကို စတင် မေးခွန်းထုတ်လိုက်သည်။
"ဟုတ်ပါတယ်"
ကျန်းချန်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
"ထျန်းကျီမျှော်စင်မှာ သတင်း အချက်အလက်တွေကို အထွေထွေအချက်အလက်၊ အရေးကြီး အချက်အလက်နဲ့အထူးအချက်အလက် ဆိုပြီး ခွဲခြားထားတယ်"
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ကျန်းချန်ကို ရှင်းပြလိုက်သည်။
ကောင်းကင်နတ်ဘုရားအဆင့် အချက်အလက်များသည် သာမန်အချက်အလက် ဖြစ်သည်။
နယ်မြေနတ်ဘုရားအဆင့် အချက်အလက်ကမူ အရေးအကြီး အချက်အလက်များ ဖြစ်၏။
လျှို့ဝှက်ဆန်းကြယ်သည့် အချက်အလက်များကမူ အထူး အချက်အလက် ဖြစ်သည်။
ထျန်းကျီမျှော်စင်တွင် သတင်း အချက်အလက်များသည် ဘယ်သောအခါမှ စျေးမပေါဘဲ အဆင့်နိမ့် နတ်ခရစ္စတယ် ရာချီကနေ သန်းချီအထိ ကုန်ကျ၏။
"ဒီလိုဆိုရင် ကျွန်တော်မေးချင်တဲ့ အချက်အလက်က သာမန်သတင်းအချက်အလက်ပဲ ဖြစ်မယ်ထင်တယ်.. နန်လီမြို့မှာရှိတဲ့ ရှေးဟောင်းနဂါး ကုန်သည်အသင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို သိချင်ပါတယ်"
ထိုစကားကိုကြားလျှင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက လျှို့ဝှက်ဆန်းကြယ်သည့် ကျောက်တုံးတစ်တုံးကို ထုတ်ယူကာ ခဏမျှ စူးစိုက်ကြည့်လိုက်ပြီးနောက်တွင် ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
"ရှေးဟောင်းနဂါး ကုန်သည်အသင်းရဲ့ သတင်းက အဆင့်နိမ့်နတ်ခရစ္စတယ် ၁သန်း ကုန်ကျလိမ့်မယ်"
သာမန် သတင်းအချက်အလက် တစ်ခုအတွက် အဆင့်နိမ့်နတ်ခရစ္စတယ် ၁သန်းပင် တောင်းဆိုနေသော်လည်း ကျန်းချန်သည် အရေးမစိုက်ဘဲ ချက်ချင်းပင် ပေးချေလိုက်သည်။
"ရှေးဟောင်းနဂါး ကုန်သည်အသင်းက ရှေးဟောင်းနဂါးကုန်းမြေမှာ အခြေချတဲ့ ရှေးဟောင်းနဂါး မျိုးနွယ်စုကနေ မဟာမြေရိုင်းနယ်မြေမှာ ထူထောင်ထားတဲ့ ဌာနခွဲတစ်ခုပဲ.. ရှေးဟောင်းနဂါး ကုန်သည်အသင်းရဲ့ ခေါင်းဆောင် ကုမင်ဟဲက ကောင်းကင်နတ်ဘုရားဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်တယ်"
ထို့နောက်တွင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် ရှေးဟောင်းနဂါး ကုန်သည်အသင်းနှင့် ပတ်သက်သည့် အချက်အလက် အားလုံးကို ထုတ်ဖော်ပြောပြခဲ့သည်။
ကျန်းချန်က ရှေးဟောင်းနဂါး ကုန်သည်အသင်း၏ သတင်းကို သိရှိပြီးနောက်တွင် ထွက်သွားရန် မတ်တတ် ထရပ်လိုက်သည်။
"ညီငယ်လေး.. ရှေးဟောင်းနဂါးကုန်သည်အသင်းက မကြာသေးခင်ကပဲ နန်လီမြို့က နောက်ထပ် အင်အားစုတစ်ခုနဲ့ ပြဿနာဖြစ်ခဲ့တယ်.. အခုချိန်မှာ ရှေးဟောင်းနဂါး ကုန်သည်အသင်းရဲ့ အခြေအနေက အတော်လေး အန္တရာယ်ရှိနေခဲ့ပြီ.. မင်းအနေနဲ့ ရှေးဟောင်းနဂါး ကုန်သည်အသင်းဆီ သွားမယ်ဆိုရင် အမြန်သွားတာ အကောင်းဆုံးပဲ...ဒီလိုမှမဟုတ်ရင် ရှေးဟောင်းနဂါး ကုန်သည်အသင်းကို မြင်ရတော့မှာ မဟုတ်ဘူးလို့ ငါထင်တယ်"
အနက်ရောင်ဝတ်ရုံဝတ် အဘိုးအို၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ရှေးဟောင်းနဂါး ကုန်သည်အသင်းက အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း နားလည်သွားခဲ့သည်။
"ကျေးဇူးတင်ပါတယ်"
ကျန်းချန်က အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို ကျေးဇူးတင်စကားပြောကြားလိုက်ပြီးနောက်တွင် အခန်းထဲကနေ လျှပ်တစ်ပြက် ပျောက်ကွယ်သွားခဲ့သည်။
"ဒီကောင်လေးက ဒီလောက် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ကိုတောင် ရောက်နေခဲ့ပြီ.. သူ့ရဲ့ပါရမီက တကယ်ကို ကြောက်စရာပဲ.. နန်လီမြို့မှာတောင် သူ့ကို လူအနည်းလောက်ပဲ ယှဥ်နိုင်လိမ့်မယ်ထင်တယ်"
ထွက်ခွာသွားသော ကျန်းချန်၏ နောက်ကျောကို ငေးကြည့်ရင်း အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာတစ်ခု ယှက်သန်းသွားခဲ့သည်။
သူက အနည်းငယ် စဥ်းစားလိုက်ပြီးနောက်တွင် ထျန်းကျီမျှော်စင်၏ ထူးခြားသော ဆက်သွယ်ရေးနည်းလမ်းဖြင့် အမိန့်တစ်ခုကို ချက်ချင်းပင် ပေးပို့လိုက်သည်။
အခန်း(၁၇၅၁)ပြီး၏။
အခန်း(၁၇၅၂)
ထျန်းကျီမျှော်စင်မှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် လုံးဝ တုံ့ဆိုင်းမနေတော့ဘဲ နန်လီမြို့၏ တောင်ဘက်အရပ်သို့ လျင်မြန်စွာ ဦးတည်သွားခဲ့သည်။
နန်လီမြို့သည် အလွန်ကြီးမားပြီး ကောင်းကင်ယံကနေ ပျံသန်းခြင်းကို တားမြစ်ထား၏။
ထို့ကြောင့် ကျန်းချန်သည် နန်လီမြို့၏ တောင်ဘက်အရပ်သို့ရောက်ရန် အချိန်အနည်းငယ် ယူခဲ့ရသည်။
နန်လီမြို့ကို နန်လီနယ်မြေရှိ နယ်မြေနတ်ဘုရား အင်အားစုဖြစ်သော နန်လီမျိုးနွယ်စုက တည်ထောင်ခဲ့ပြီး နန်လီနယ်မြေတစ်ခုလုံးရှိ ဗဟိုချက်မဖြစ်ကာ အင်အားစုများစွာ အခြေချသောမြို့လည်း ဖြစ်သည်။
နန်လီနယ်မြေသည် မဟာမြေရိုင်းနယ်မြေ၏ နယ်မြေ၁၃ခုတွင် တောင်ဘက်အစွန်ဆုံးနယ်မြေ ဖြစ်သည့်အလျောက် အလွန်ထူးခြားသော ပထဝီဝင် အနေအထားလည်း ရှိသည်။
နန်လီနယ်မြေရှိ ဒေသခံအင်အားစုများ အပြင် မဟာမြေရိုင်းနယ်မြေ၏ တောင်ဘက်ရှိ နယ်မြေ တစ်ဒါဇင်ကျော်သည် နန်လီမြို့တွင် ၎င်းတို့၏ ဌာနခွဲများကို ထူထောင်ထားကြသည်။
ထို့ကြောင့် နန်လီမြို့၏ အခြေအနေသည် အလွန်တရာပင် ရှုပ်ထွေး၏။
ရှေးဟောင်းနဂါးကုန်းမြေသည် မဟာမြေရိုင်းနယ်မြေရှိ နယ်မြေများနှင့် ယှဥ်လျှင် အလွန်တရာပင် နိမ့်ကျသည်။
နန်လီမြို့တွင် ရှေးဟောင်နဂါးမျိုးနွယ်စုမှ တည်ထောင်ထားသော ဌာနခွဲတွင် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ကျင့်ကြံသူသာ ဦးစီးနေခဲ့သည်။
ထိုခွန်အားသည် ရှေးဟောင်းနဂါးကုန်းမြေတွင် အင်အားမနည်းသော်လည်း အင်အားကြီးမားသူ များပြားလှသော မဟာမြေရိုင်းနယ်မြေတွင်မူ သာမန်လောက်သာ ဖြစ်သည်။
ထိုကဲ့သို့ အားနည်းသော ခွန်အားကြောင့်ပင် ရှေးဟောင်းနဂါးကုန်သည် အသင်းကို နန်လီမြို့၏ အစွန်အဖျားတွင်သာ တည်ထောင်နိုင်ခဲ့သည်။
ထျန်းကျီမျှော်စင်မှ ပေးလိုက်သော အချက်အလက်များ အရ ကျန်းချန်သည် မြို့၏ တောင်ဘက်အရပ်တွင် ခဏတာလှည့်ပတ်ပြီးနောက် အဆုံးသတ်တွင် လမ်းကြားတစ်ခု၌ ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ရှာတွေ့ခဲ့သည်။
"နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီ"
ကျန်းချန်က လမ်း၏ အဆုံးရှိ အဆောက်အအုံကို ကြည့်ကာ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
ထိုအဆောက်အဦးက ရိုးရှင်းပြီ ဟောင်းနွမ်းနေသော အဆောက်အဦး တစ်ခုသာ ဖြစ်သည်။
အဆောက်အဦး၏ ပင်မဝင်ပေါက် အထက်တွင် "ရှေးဟောင်းနဂါးကုန်သည်အသင်း"ဟူသော ဆိုင်းဘုတ်တစ်ခု ရှိနေခဲ့၏။
သို့သော်လည်း ရှေးဟောင်းနဂါး ကုန်သည်အသင်း၏ တံခါးဝသည် အလွန်တရာ ရှုပ်ပွနေပြီး တံခါးဝရှိ ကျောက်ခြင်္သေ့နှစ်ကောင်ပင် မြေပြင်ထက်တွင် ကျိုးပဲ့နေသည်ကို ကျန်းချန်တွေ့ရှိခဲ့သည်။
ထို့ကြောင့် ကျန်းချန်က ရှေးဟောင်းနဂါး ကုန်သည်အသင်းနှင့် ပတ်သက်၍ စိုးရိမ်စိတ်များ ဝင်လာခဲ့၏။
"တစ်ခုခု ဖြစ်နေတာ အသေအချာပဲ"
ကျန်းချန်၏ မျက်ဝန်းက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ယင်းနောက်တွင် ကျန်းချန်သည် ရှေးဟောင်းနဂါး ကုန်သည်အသင်း ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
ရှေးဟောင်းနဂါး ကုန်သည်အသင်း၏ ခန်းမတွင် လက်ရှိအချိန်၌ လူအများအပြား စုဝေးနေခဲ့ပြီး လေထုသည် အထူးတလည် တင်းမာနေခဲ့သည်။
ကျယ်ဝန်းသော ခန်းမထဲတွင် အုပ်စုနှစ်စု ရှိနေခဲ့၏။
တစ်ဖက်အုပ်စု၏ ခေါင်းဆောင်မှာ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသား ဖြစ်သည်။
ထိုအမျိူးသားသည် တခြားသူ မဟုတ်ပေ။
ရှေးဟောင်းနဂါးကုန်သည် အသင်း၏ ခေါင်းဆောင် ကုမင်ဟဲပင်ဖြစ်သည်။
အခြားတစ်ဖက်မှ အုပ်စုကမူ အနီရောင်ဝတ်စုံများကို ဝတ်ဆင်ထားပြီး လူ၁၀ဦးကျော်ခန့် ရှိကာ ဝင့်ကြွားစွာ ရပ်နေခဲ့ကြသည်။
အထူးသဖြင့် ခေါင်းဆောင်ဖြစ်သည့် အနီရောင်ဝတ်စုံဝတ်လူငယ်၏ မျက်နှာထက်တွင် မောက်မာသော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
ထိုအနီရောင်ဝတ်စုံဝတ် လူငယ်သည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ဖြစ်သည်။
၎င်း၏ နံဘေးတွင် အနီရောင်ဝတ်စုံဝတ် အဘိုးအိုနှစ်ဦး ရှိပြီး ၎င်းတို့သည်လည်း ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ပင် ဖြစ်၏။
"ဟုန်ယွမ်...ငါတို့ ရှေးဟောင်းနဂါး ကုန်သည်အသင်းနဲ့ မင်းတို့ ဟုန်ယဲ့ ကုန်သည်အသင်းတို့က အမြဲတစေ ကိုယ့်အကန့်နဲ့ကိုယ် နေခဲ့ကြတယ်.. အခုတော့ မင်းက ငါတို့ ရှေးဟောင်းနဂါးကုန်သည် အသင်းကို ပိုင်စိုးပိုင်နင်း ဝင်ရောက်လာခဲ့တယ်.. ဒါ ဘာသဘောလဲ"
ကုမင်ဟဲက ဖိတ်ခေါ်ခြင်းမရှိဘဲ ရောက်လာသော ဧည့်သည်များကို မနှစ်မြို့သော အမူအရာဖြင့် ကြည့်ကာ လေးနက်စွာပြောလိုက်သည်။
"ခေါင်းဆောင်ကု.. ငါသခင်လေးရှေ့မှာ ဟန်ဆောင်မနေနဲ့"
အနီရောင်ဝတ်စုံဝတ် လူငယ်က ကုမင်ဟဲကို လှောင်ပြုံး ပြုံးကာ စိုက်ကြည့်၍ ပြောလိုက်သည်။
"မင်းတို့ ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ဘာမှမဖြစ်စေချင်ဘူး ဆိုရင် လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းရထားတဲ့မြေပုံတစ်စိတ်တစ်ပိုင်းကို ငါ့ဆီ ပေးအပ်လိုက်ပါ"
ထိုစကားကိုကြားလျှင် ကုမင်ဟဲ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
"သခင်လေးဟုန်ယွမ်.. မင်းဘာတွေပြောနေတာလဲ"
လွန်ခဲ့သည့်ရက်အနည်းငယ်က လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူ တစ်ဦးသည် ရှေးဟောင်းနဂါး ကုန်သည်အသင်းတွင် ဆန်းကြယ်သော မြေပုံတစ်ပုံကို ရောင်းချခဲ့သည်။
သို့သော်လည်း ထိုကိစ္စသည် အလွန်တရာပင် လျှို့ဝှက်ပြီး ရှေးဟောင်းနဂါး ကုန်သည်အသင်းမှ လူအနည်းငယ်သာ သိထားခဲ့ရာ ဟုန်ယဲ့ ကုန်သည်အသင်းမှ လူများသည် မည်ကဲ့သို့ သိရှိသွားပါသနည်း။
"ကုမင်ဟဲ.. မင်းက ကောင်းကောင်းမွန်မွန် ပြောနေတာကို လက်မခံချင်ဘူးကိုး"
ကုမင်ဟဲ၏ စကားကိုကြားလျှင် အနီရောင်ဝတ်စုံဝတ် လူငယ်သည် မကျေမချမ်း အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူက ကုမင်ဟဲကို အေးစက်စက် မျက်ဝန်းများဖြင့် စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"နောက်ဆုံးအနေနဲ့ ငါမင်းကို အခွင့်အရေးပေးမယ်.. မြေပုံတစ်စိတ်တစ်ပိုင်းကို ငါ့ဆီ အပ်လိုက်ပါ.. ဒီလိုမှ မဟုတ်ရင်တော့ ငါမင်းရဲ့ ရှေးဟောင်းနဂါး ကုန်သည်အသင်းကို နင်းချေပြီးတဲ့အခါမှ ငါ့ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့"
အနီရောင်ဝတ်စုံဝတ် လူငယ်၏ မောက်မာသောစကားကို ကြားလျှင် ကုမင်ဟဲ၏ မျက်နှာထက်တွင် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ကုမင်ဟဲသည် လျှို့ဝှက်ဆန်းကြယ်သော မြေပုံတစ်စိတ်တစ်ပိုင်းကို ရရှိပြီးနောက်တွင် ထိုမြေပုံကို လေ့လာခဲ့ရာ မြေပုံပေါ်ရှိ အမှတ်အသားသည် နန်လီနယ်မြေတွင် နာမည်ကျော်ကြားသော နယ်မြေနတ်ဘုရား တစ်ဦးနှင့် အလွန်တရာ ဆက်နွှယ်မှု ရှိကြောင်း တွေ့ရှိခဲ့ရသည်။
ဤအချက်တစ်ခုတည်းဖြင့်ပင် မြေပုံတစ်စိတ်တစ်ပိုင်းသည် တန်ဖိုးဖြတ်၍ပင် မရသော ရတနာ ဖြစ်ကြောင်း ကုမင်ဟဲ သိရှိခဲ့၏။
သို့သော်လည်း ထိုမြေပုံတစ်စိတ်တစ်ပိုင်း၏ သတင်းသည် ဤမျှ လျင်မြန်စွာ ပေါက်ကြားသွားပြီး ဟုန်ယဲ့ ကုန်သည်အသင်းက သူတို့ တံခါးဝအထိ တစ်ခါတည်း ရောက်ရှိလာမည်ဟု ကုမင်ဟဲ မထင်ထားခဲ့ပေ။
ဟုန်ယဲ့ ကုန်သည်အသင်းသည် မဟာမြေရိုင်းနယ်မြေရှိ ဟုန်ယဲ့နယ်မြေဟု ခေါ်သော နယ်မြေကနေ တည်ထောင်ထားသည့် ဌာနခွဲတစ်ခုဖြစ်သည်။
ဟုန်ယဲ့နယ်မြေ၏ ခွန်အားက အားမနည်း၍ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတချို့ကို ဟုန်ယဲ့ ကုန်သည်အသင်းဆီ စေလွှတ်ထားခဲ့သည်။
ဟုန်ယဲ့ကုန်သည်အသင်းတွင် အစွမ်းအထက်ဆုံးမှာ ဟုန်ယဲ့ကုန်သည်အသင်း၏ ခေါင်းဆောင်ဖြစ်သည့် ကောင်းကင်နတ်ဘုရား တတိယအဆင့်ကျင့်ကြံသူ ဖြစ်သည်။
ဟုန်ယဲ့ ကုန်သည်အသင်း၏ခွန်အားသည် အင်အားကြီးမားသော ကျင့်ကြံသူများ တိမ်တိုက်ကဲ့သို့ များပြားလှသော နန်လီမြို့တွင် သာမန်လောက်သာ ဖြစ်သော်လည်း ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ကုမင်ဟဲ တစ်ဦးတည်းသာရှိသော ရှေးဟောင်းနဂါး ကုန်သည်အသင်း အတွက်မူ အလွန်တရာ အစွမ်းထက်သော အင်အားစုတစ်ခု ဖြစ်နေခဲ့၏။
"သခင်လေး ဟုန်ယွမ်.. မင်းဘာပြောနေလဲဆိုတာ ငါတကယ်နုားမလည်တော့ဘူး.. ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့လူတွေနဲ့ ငါ့ရဲ့ရှေးဟောင်းနဂါး ကုန်သည်အသင်းကို အတင်းဝင်ရောက်လာတာက လွန်လွန်းတယ်လို့ မထင်ဘူးလား.. မင်းတို့ ဟုန်ယဲ့ ကုန်သည်အသင်းက အစွမ်းထက်တယ် ဆိုပေမဲ့ ငါတို့ ရှေးဟောင်းနဂါး ကုန်သည်အသင်းကလည်း ဘယ်သူမဆို အနိုင်ကျင့်လို့ရတဲ့ အဖွဲ့အစည်း မဟုတ်ဘူး"
ကုမင်ဟဲက တင်းမာသော မျက်နှာထားဖြင့် ဟုန်ယွမ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
ဟုန်ယဲ့ ကုန်သည်အသင်း၏ ခွန်အားသည် ရှေးဟောင်းနဂါး ကုန်သည်အသင်းထက် ပိုမို အစွမ်းထက်သည်မှာ မှန်သော်လည်း သူက နန်လီမြို့တွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့၍ ဟုန်ယဲ့ ကုန်သည်အသင်းထက် အားမနည်းသော အင်အားစုများနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိထားခဲ့သည်။
သူ၏ မိတ်ဖက်အင်အားစုများ၏ အကူအညီကို ရရှိသရွေ့ ရှေးဟောင်းနဂါး ကုန်သည်အသင်းသည် ဟုန်ယဲ့ ကုန်သည်အသင်းကို ကြောက်ရွံ့နေစရာ မလိုအပ်ပေ။
"ကုမင်ဟဲ.. မင်းရဲ့ ရှေးဟောင်းနဂါး ကုန်သည်အသင်းက ယွီမိသားစုနဲ့ မိတ်ဖွဲ့ထားတာ ငါသိတယ်.. ဒါပေမဲ့ မင်း ယွီမိသားစုခေါင်းဆောင်ကို ဆက်သွယ်ကြည့်လိုက်လေ.. မင်းကို ကူညီဖို့သတ္တိရှိမလား ဆိုတာ ကြည့်ရသေးတာပေါ့"
ဟုန်ယွမ်က မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ကုမင်ဟဲ၏ စိတ်နှလုံးထဲတွင် အနည်းငယ် လေးလံသွားခဲ့၏။
ဤတစ်ခေါက် လှုပ်ရှားမှုအတွက် ဟုန်ယဲ့ ကုန်သည်အသင်းသည် အပြည့်အဝ ပြင်ဆင်ထားပုံရ၏။
သူတို့ ရှေးဟောင်းနဂါး ကုန်သည်အသင်း၏ မဟာမိတ် မိသားစု ဖြစ်သည့် ယွီမိသားစုသာ သူ့ကို မကူညီခဲ့လျှင် ရှေးဟောင်းနဂါး ကုန်သည်အသင်းသည် ဤတစ်ကြိမ်တွင် အန္တရာယ်ထဲ ကျရောက်သွားနိုင်ပေသည်။
"ကုမင်ဟဲ.. ငါသခင်လေးက မင်းနဲ့ အချိန်ဖြုန်းဖို့ စိတ်ကူးမရှိဘူး.. ငါ မင်းကို အခွင့်အရေးပေးခဲ့ပေမဲ့ မင်းက တန်ဖိုးမထားမှတော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့တော့"
မြေပုံ တစ်စိတ်တစ်ပိုင်းကို လက်လွှဲရန် ဆန္ဒမရှိသော ကုမင်ဟဲကိုကြည့်ကာ ဟုန်ယွမ်၏ တစ်ကိုယ်လုံးတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပြည့်နှက်သွားခဲ့သည်။
"ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ဖျက်ဆီးပစ်လိုက်တော့"
ဟုန်ယွမ်ထံမှ အမိန့်ကို ရသည်နှင့် ဟုန်ယွမ်၏ အနောက်တွင် ရပ်နေသော အဘိုးအို နှစ်ဦး ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။
သို့ရာတွင် နှစ်ဖက်အင်အားစု တိုက်ပွဲ စတင်တော့မည် အချိန်၌ ရယ်သံတစ်သံသည် ခန်းမထဲတွင် ပဲ့တင်ထပ်လာခဲ့၏။
"ဟားဟား.. သခင်လေးဟုန်ယွမ်က လေလုံးထွားလှချည်လား.. ကောင်းပြီလေ ဒီနေ့ ရှေးဟောင်းနဂါး ကုန်သည်အသင်းက လူတွေရဲ့ ဆံချည်တစ်မျှင်ကို ဘယ်သူထိအောင် လုပ်နိုင်မလဲဆိုတာ ငါကြည့်ချင်တယ်"
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ခန်းမထဲရှိ လူတိုင်းသည် အံ့အားသင့်သွားခဲ့ကြသည်။
သူတို့က အသံလာရာဆီသို့ လှမ်းကြည့်လိုက်ရာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ပိန်ပါးပါး လူငယ်တစ်ဦးသည် ရှေးဟောင်းနဂါး ကုန်သည်အသင်း၏ အပြင်ဘက်ကနေ ဖြည်းဖြည်းချင်း လျှောက်ဝင်လာသည်ကို တွေ့ရှိခဲ့သည်။
"နို့နံ့တောင် မစင်သေးတဲ့ ကောင်လေးက ငါတို့ ဟုန်ယဲ့ ကုန်သည်အသင်းရဲ့ ကိစ္စမှာ ဝင်ရှုပ်ရဲတယ်လား"
ခန်းမထဲသို့ လှမ်းဝင်လာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ကြည့်ကာ ဟုန်ယွမ်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"ကောင်လေး မင်းက အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ်"
အခန်း(၁၇၅၂)ပြီး၏။