အခန်း (၁၇၅၃-၁၇၅၅)
Vol. 117 Ch. 1753-1755
အခန်း(၁၇၅၃)
"အသက်ဆယ်ရှိုက်စာ အချိန်အတွင်း မင်းရဲ့လူတွေကို ခေါ်ပြီး ရှေးဟောင်းနဂါး ကုန်သည်အသင်းကနေ ထွက်သွားလိုက်ပါ.. မဟုတ်ရင်တော့ အကုန်အသတ်ခံရမယ်"
ရှေးဟောင်းနဂါး ကုန်သည်အသင်းသို့ ရောက်ရှိလာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်မှာ ကျန်းချ န်ဖြစ်သည်။
သူက ဟုန်ယွမ်ကို အေးစက်စက် ကြည့်ကာ ရေရွတ်လိုက်၏။
"ကောင်လေး.. မင်းက သေခြင်းတရားကို ရှာဖွေနေတာပဲ"
ကျန်းချန်ထံမှ သူတို့ကို လုံးဝ အရေးမစိုက်သည့် အမူအရာကိုမြင်လျှင် ဟုန်ယွမ်၏ မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များ လင်းလက်သွားခဲ့သည်။
သူက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်ကာ အမိန့်ပေးလိုက်၏။
"ဒီကောင်လေးကို သတ်ပစ်လိုက်.."
"ဟုတ်ကဲ့ပါ သခင်လေး"
ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် အကြီးအကဲ တစ်ဦးက ဟုန်ယွမ်ကို ပြန်ဖြေလိုက်သည်။
ထို့နောက်တွင် ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်ကနေ သတ်ဖြတ်လိုသောစိတ်ဆန္ဒများ ပျံ့နှံ့လာခဲ့သည်။
"ကောင်လေး မင်းက ငါတို့ ဟုန်ယဲ့ ကုန်သည်အသင်းရဲ့ ကိစ္စကို ဝင်ပါရဲမှတော့ သွားသေလိုက်တော့"
အဘိုးကြီးက လှောင်ပြုံးပြုံးကာ ပြောလိုက်ပြီး ကျန်းချန်ဆီသို့ ချက်ချင်းပင် ပြေးဝင်သွားခဲ့သည်။
"ညီငယ်လေး သတိထား"
ထိုမြင်ကွင်းကိုမြင်လျှင် ကုမင်ဟဲ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သူက အကူအညီပေးရန် ပြင်ဆင်နေစဥ်မှာပင် သူ့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် လက်ညှိုးကို အသာအယာ ဆန့်ထုတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် အနက်ရောင်ဝတ်စုံဝတ် လူငယ်ဆီသို့ ပြေးဝင်လာခဲ့သော ကောင်းကင်နတ်ဘုရားဒုတိယအဆင့်အဘိုးအို၏ ပုံရိပ်သည် ရုတ်တရက် ရပ်တန့်သွားသည်ကို မြင်လိုက်ရ၏။
ထိုအဘိုးအို၏ မူလက ချောမွေ့သော နဖူးပြင်တွင် မျက်စိဖြင့်မြင်နိုင်သော သွေးပေါက်ရာတစ်ခု ရှိနေခဲ့ပြီး ထိုအပေါက်ကနေ နီစွေးသော သွေးများသည် စမ်းရေကဲ့သို့ ပန်းထွက်လာခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် အဘိုးအို၏ ခန္ဓာကိုယ်က လဲကျသွားခဲ့ပြီး အသက်ရှူသံ လုံးဝမရှိတော့ပေ။
ထိုမြင်ကွင်းက ခန်းမတစ်ခုလုံးကို ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်သွားစေခဲ့သည်။
ကျန်းချန်ကို ကြည့်နေသော လူတိုင်း၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
"မင်း မင်းဘယ်သူလဲ"
ဟုန်ယွမ်က မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ကျန်းချန်ကို ခပ်တင်းတင်း စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
ဒုတိယအဆင့် ကောင်းကင်နတ်ဘုရား တစ်ပါးကို တစ်ကွက်တည်းဖြင့် သတ်ပစ်နိုင်၍ သူ၏ရှေ့ရှိ ကောင်လေးသည် အနည်းဆုံး ကောင်းကင်နတ်ဘုရား တတိယအဆင့်နှင့် ယှဥ်နိုင်သော ပါရမီရှင်တစ်ဦး ဖြစ်နိုင်၏။
ရှေးဟောင်းနဂါး ကုန်သည်အသင်းသည် ဤမျှ ငယ်ရွယ်သော ပါရမီရှင်တစ်ဦးနှင့် မည်သည့်အချိန်က ဆက်နွှယ် ပတ်သက်မှု ရှိခဲ့သည်ကို သူအမှန်တကယ် နားမလည်နိုင်ခဲ့ပေ။
တကယ်တမ်းတွင် ဟုန်ယွမ် မပြောနှင့်၊ ကုမင်ဟဲပင် ဤအချိန်တွင် နားမလည်နိုင် ဖြစ်ကာ စိတ်ရှုပ်ထွေးနေခဲ့သည်။
သူ၏ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကျင့်ကြံခြင်းအဆင့် အလွန်မြင့်မားပြီး ထိုလူငယ်၏ ကျင့်ကြံခြင်းအဆင့်ကို သူ လုံးဝမမြင်နိုင်ခဲ့ပေ။
ထို့ကြောင့် ထိုလူငယ်က အနည်းဆုံး ကောင်းကင်နတ်ဘုရားတတိယအဆင့် ကျင့်ကြံသူ ဖြစ်မည်ဟု သူခန့်မှန်းခဲ့သည်။
ဤအသက်အရွယ်မျှဖြင့် ကောင်းကင်နတ်ဘုရား တတိယအဆင့်ကို ထိုးဖောက်နိုင်ခဲ့ခြင်းသည် နန်လီတစ်မြို့လုံးကို ကြည့်လျှင်ပင် အထွတ်အထိပ် ပါရမီရှင်ဟု ခေါ်ဆိုထိုက်နေချေပြီ။
သူတို့ ရှေးဟောင်းနဂါး ကုန်သည်အသင်းက သူ၏ ရှေ့ရှိ ပါရမီရှင်နှင့် မည်သည့်အချိန်က ဆက်နွယ်ပတ်သက်မှု ရှိခဲ့သည်ကို ကုမင်ဟဲ အမှန်တကယ် မသိတော့ပေ။
"ငါဘယ်သူလဲဆိုတာ မင်းသိဖို့မလိုဘူး"
ကျန်းချန်က မထီတရီ ပြုံးကာ ပြောလိုက်သည်။
"မင်းသိထားရမဲ့ အချက်က ဒီရှေးဟောင်းနဂါး ကုန်သည်အသင်းက မင်းတို့ ရိုင်းစိုင်းချင်တိုင်း ရိုင်းစိုင်းလို့ရတဲ့ နေရာမဟုတ်ဘူး ဆိုတာပဲ.. ချက်ချင်း ထွက်သွားကြတော့"
"ကောင်းပြီ ဒီနေ့ကိစ္စကို ငါတို့ ဟုန်ယဲ့အသင်းက မှတ်ထားလိုက်ပြီ.. မင်းငါ့ကို စောင့်နေပါ.. ငါတို့သွားကြစို့"
ဟုန်ယွမ်က မကျေမချမ်း အမူအရာဖြင့် ပြောလိုက်သည်။
သူ၏ ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ကျင့်ကြံသူကို တစ်ကွက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့ပြီး ခွန်အားက အတော်လေးနက်ရှိုင်းသည်။
ထိုကောင်လေး ရှိနေသရွေ့ ယနေ့ ကုမင်ဟဲကို ရင်ဆိုင်ရန်မှာ မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် သူက ဟုန်ယဲ့ကုန်သည်အသင်းသို့ပြန်ကာ ရေရှည်စီမံကိန်းဆွဲရန်သာ ဆုံးဖြတ်လိုက်တော့သည်။
ဟုန်ယွမ်က နောက်သို့ပင် လှည့်မကြည့်ဘဲ သူ၏ လက်အောက်ငယ်သားများကို ဦးဆောင်ကာ ရှေးဟောင်းနဂါး ကုန်သည်အသင်းကနေ လျင်မြန်စွာ ထွက်ခွာသွားခဲ့၏။
"ကျွန်တော်က ရှေးဟောင်းနဂါး ကုန်သည်အသင်းရဲ့ ခေါင်းဆောင် ကုမင်ဟဲပါ ညီငယ်လေးရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်.. နာမည်လေးသိခွင့်ရှိမလား"
ဟုန်ယွမ်တို့လူစု ထွက်ခွာသွားသည်ကို မြင်လျှင် ကုမင်ဟဲသည် အလျင်အမြန်ပင် ရှေ့တက်လာခဲ့ပြီး ကျန်းချန်ကို ကျေးဇူးတင်စကား ပြောကြားလိုက်သည်။
"ခေါင်းဆောင်ကု ဒီလောက်အထိ အားနာမနေပါနဲ့. အားလုံးက အချင်းချင်းတွေပဲ.. ရှေးဟောင်းနဂါး ကုန်သည်အသင်း အခက်အခဲ ကြုံနေမှတော့ ကျွန်တော်က ဘယ်လိုလုပ်ပြီး လျစ်လျူရှုထားနိုင်မှာလဲ"
ထိုစကားကိုပြောရင်း ကျန်းချန်သည် ရွှေနဂါးအဆင့် အကြီးအကဲ တံဆိပ်ပြားကို ချက်ချင်းပင် ထုတ်ပြလိုက်သည်။
"ဒါ ဒါက ရွှေနဂါးအဆင့် အကြီးအကဲ တံဆိပ်ပြားပဲ"
ကျန်းချန်၏ လက်ထဲမှ တံဆိပ်ပြားကို မြင်လျှင် ကုမင်ဟဲသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ၏ မျက်နှာထက်တွင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
"ညီငယ်လေးက ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ ရွှေနဂါးအဆင့်အကြီးအကဲလား"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်.. ငါက သိပ်မကြာခင်က ရှေးဟောင်းနဂါးမျိုးနွယ်စုမှာ ရွှေနဂါးအဆင့် အကြီးအကဲ အဖြစ် ရာထူး တိုးမြှင့်ခံခဲ့ရတဲ့ကျန်းချန်ပါ"
"ကုမင်ဟဲက အကြီးအကဲကျန်းကို အရိုအသေပေးပါတယ်"
ကုမင်ဟဲက အလွန်ပင် ဝမ်းမြောက်သွားခဲ့သည်။
သူ၏မျက်ဝန်းထဲတွင် ပျော်ရွှင်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ရှေးဟောင်းနဂါးမျိုးနွယ်စုတွင် ယေဘုယျအားဖြင့် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူများသာ ရွှေနဂါးအဆင့် အကြီးအကဲဖြစ်ရန် အရည်အချင်း ပြည့်မီကြသည်။
တစ်နည်းအားဖြင့် ပြောရလျှင် သူ၏ရှေ့ရှိ ပုဂ္ဂိုလ်သည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်နှင့် နှိုင်းယှဥ်နိုင်သော တိုက်ခိုက်ရေးစွမ်းရည် ရှိသည့် အစွမ်းထက် ကျင့်ကြံသူတစ်ဦး ဖြစ်၏။
ယခု သူတို့ ရှေးဟောင်းနဂါး ကုန်သည်အသင်းတွင် ထိုကဲ့သို့သော အစွမ်းထက် ကျင့်ကြံသူတစ်ဦး ရှိနေခဲ့ပြီဖြစ်ရာ ဟုန်ယဲ့ကုန်သည်အသင်းကို သူက အဘယ်ကြောင့် ကြောက်နေရပါမည်နည်း။
"ခေါင်းဆောင်ကု ဒီလောက်အထိ ယဥ်ကျေးစရာမလိုပါဘူး"
ကျန်းချန်က သူ၏ လက်ကို ဝှေ့ယမ်းပြီး စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
"ခေါင်းဆောင်ကု ခုနက ဘာတွေဖြစ်နေတာလဲ.. ဟုန်ယဲ့ ကုန်သည်အသင်းရဲ့ လူတွေက ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ဘာကြောင့် ဒုက္ခပေးဖို့ ရောက်လာရတာလဲ"
"ဒီကိစ္စက ကျွန်တော် လွန်ခဲ့တဲ့ ရက်အနည်းငယ်က မတော်တဆ ရရှိခဲ့တဲ့ မြေပုံကနေ စတင်ခဲ့တာပါ"
ကုမင်ဟဲက သူ၏ လက်ကို လှုပ်ရှားလိုက်ရာ လက်ဖဝါးအရွယ်အစားရှိ မြေပုံတစ်စိတ်တစ်ပိုင်းသည် သူ၏လက်ပေါ်တွင် ပေါ်လာခဲ့သည်။
ကုမင်ဟဲ၏ လက်ထဲမှ မြေပုံကိုကြည့်ကာ ကျန်းချန်က အနည်းငယ်အံ့အားသင့်သွားခဲ့သည်။
"ဒါက မပြည့်စုံတဲ့ မြေပုံတစ်ခုလား"
ထိုမြေပုံက မပြည့်စုံသော မြေပုံ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သော်လည်း ဟုန်ယဲ့ ကုန်သည်အသင်းသည် ဤနေရာအထိ လာရောက် လုယူပုံထောက်လျှင် ထိုမြေပုံသည် မရိုးရှင်းဟု ခန့်မှန်းရသည်။
"ဟုတ်ပါတယ် ဒီမြေပုံက မပြည့်စုံတဲ့ မြေပုံတစ်ခုပါ.. ဒါ့အပြင် ဒီမြေပုံက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နန်လီနယ်မြေမှာနေထိုင်ခဲ့တဲ့ အရှင် ဟော်ယွင်နှင့် ဆက်စပ်မှုရှိနေတယ်.. ဒီမီးတိမ်တိုက် အမှတ်အသားက အရှင်ဟော်ယွင်ရဲ့ အမှတ်အသားပဲ"
ကုမင်ဟဲက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ၏ လက်ချောင်းကို မြေပုံ၏ အပေါ် ညာဘက်ထောင့်ရှိ မီးတိမ်တိုက် သင်္ကေတကို ထိုးပြကာ လေးနက်စွာ ပြောလိုက်သည်။
"ကျွန်တော် ခန့်မှန်းတာမမှားရင် ဒီမြေပုံက အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်နဲ့ ပတ်သက်နေနိုင်တယ်"
ကျန်းချန်က ကုမင်ဟဲ၏ လက်ထဲမှ မပြည့်စုံသော မြေပုံတစ်စိတ်တစ်ပိုင်းကို ကြည့်ကာ ရုတ်တရက် စိတ်ဝင်စားလာခဲ့သည်။
"အရှင်ဟော်ယွင်နဲ့ ပတ်သက်ပြီး ငါ့ကို ပြောပြပါဦး"
"အရှင်ဟော်ယွင်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ဆိုရင် နန်လီနယ်မြေမှာ နာမည်ကျော်ကြားတဲ့ နယ်မြေနတ်ဘုရား တစ်ပါးပဲ.. သူက နန်လီနယ်မြေမှာ ပြိုင်ဘက်ကင်းခဲ့ပြီး ခေတ်တစ်ခေတ်လုံးကို ဦးဆောင်ထားတဲ့ ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ဦးလည်း ဖြစ်တယ်.. နန်လီမျိုးနွယ်စုရဲ့ဘိုးဘေးကိုယ်တိုင်တောင် အရှင်ဟော်ယွင်ကို ကြောက်ရွံ့ခဲ့ကြတယ်လို့ ပြောကြတယ်"
"တစ်နေ့မှာတော့ အရှင်ဟော်ယွင်ရဲ့ သက်တမ်းက အဆုံးသတ်ကို ရောက်ရှိလာခဲ့ပြီး ဟော်ယွင်တောင်တန်းမှာပဲ ထိုင်လျက် သေဆုံးသွားခဲ့တယ်.. သူသေဆုံးသွားချိန်မှာ သူပိုင်ဆိုင်ခဲ့တဲ့ ရတနာတွေနဲ့ ကိုယ်ခံပညာရပ်တွေ၊ ဥပမာ နယ်မြေနတ်ဘုရား သလင်းကျောက်၊ စတာတွေက ဟော်ယွင်တောင်ထဲမှာ ပျောက်ဆုံးသွားခဲ့တယ်.. ဒီမြေပုံက အရှင်ဟော်ယွင်ရဲ့ အမွေအနှစ် တည်နေရာကို ညွှန်ပြတဲ့မြေပုံ ဖြစ်လိမ့်မယ် ထင်တယ်"
ကုမင်ဟဲက သူသိထားသမျှကို အနည်းငယ်မျှပင် ချန်လှပ်မထားဘဲ အားလုံးပြောပြခဲ့သည်။
"နယ်မြေနတ်ဘုရားရဲ့ အမွေအနှစ်လား"
ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
သူက ရှေးဟောင်းနဂါး မျိုးနွယ်စုတွင် ရှိစဥ် ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေထဲသို့ ဝင်ရောက်ခဲ့ရာ၌ ထိုင်လျက်သေဆုံးသွားခဲ့သော နယ်မြေနတ်ဘုရားကို တွေ့ဆုံခဲ့ရသည့်အပြင် နတ်ဘုရင်အဆင့် အင်အားစုဖြစ်သော မဟာနဂါးနန်းတော်သို့ပင် ဝင်ရောက်နိုင်ခဲ့ပြီး အမွေအနှစ်များကိုပါ ရရှိခဲ့သည်။
ထို့ကြောင့် နယ်မြေနတ်ဘုရား အမွေအနှစ်နယ်မြေ အကြောင်းကို ကြားရသောအခါတွင် ကျန်းချန်သည် အလွန်အမင်း မအံ့သြခဲ့ပေ။
သို့သော်လည်း နယ်မြေနတ်ဘုရား တစ်ပါး၏ အမွေအနှစ်များထဲတွင် ကောင်းမွန်သော အရာများစွာ ရှိမည်မှာ သေချာ၏။
အထူးသဖြင့် အရှင်ဟော်ယွင် ထိုင်လျက်သေဆုံးပြီးနောက်တွင် စုစည်းထားသော နယ်မြေနတ်ဘုရားသလင်းကျောက်သည် အလွန်တရာ ရှားပါးသော ရတနာတစ်ခု ဖြစ်သည်။
ထို့ကြောင့် အခွင့်အရေးရရှိလျှင် သူက အရှင်ဟော်ယွင်၏ အမွေအနှစ်ကို သိမ်းပိုက်ရန် ဝန်လေးနေမည် မဟုတ်ပေ။
အခန်း(၁၇၅၃)ပြီး၏။
အခန်း(၁၇၅၄)
"အကြီးအကဲကု ဒီမြေပုံက မပြည့်စုံသေးဘူး.. အကြီးအကဲပဲ သိမ်းထားလိုက်ပါ"
ကျန်းချန်က ညင်သာစွာ ပြုံး၍ ပြောလိုက်သည်။
"ကျန်တဲ့ မြေပုံတွေကို အခွင့်အရေးရရင် စုဆောင်းပြီး အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်ကို သွားရှာကြတာပေါ့"
"အကြီးအကဲကျန်း စိတ်ချပါ.. ကျန်တဲ့ မြေပုံအပိုင်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော် သေချာ စုံစမ်းထားလိုက်မယ်"
ကုမင်ဟဲက ခေါင်းညိတ်လိုက်ပြီး မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန် ရောက်မလာမီက ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ဖြစ်သည့် သူ၏ခွန်အားဖြင့် ရှေးဟောင်းနဂါးကုန်သည်အသင်းသည် နယ်မြေနတ်ဘုရား၏ အမွေအနှစ် ကိစ္စတွင် ပါဝင်ပတ်သက်ရန် အရည်အချင်း မပြည့်မီခဲ့ပေ။
ယခုအခါတွင် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ ရွှေနဂါးအဆင့်အကြီးအကဲ ဖြစ်သည့် ကျန်းချန်က သူတို့ကို ဦးဆောင်နေပြီဖြစ်ရာ ရှေးဟောင်းနဂါး ကုန်သည်အသင်းသည် ကြိုးစားကြည့်နိုင်ပြီ မဟုတ်ပါလော။
"မလိုပါဘူး"
ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
"အကြီးအကဲကုမှာ မြေပုံရှိတဲ့သတင်း ပျံ့နှံ့သွားတာနဲ့ ကျန်တဲ့မြေပုံပိုင်ရှင်တွေက ငြိမ်နေလောက်မှာ မဟုတ်ဘူး.. သူတို့ ကျွန်တော်တို့ တံခါးဝအထိ ရောက်လာတာကို ကျွန်တော်တို့တွေ စောင့်ဆိုင်းနေရုံပါပဲ"
"ဟုန်ယဲ့ ကုန်သည်အသင်းမှာ မြေပုံတစ်စိတ်တစ်ပိုင်း ရှိနိုင်တယ်လို့ အကြီးအကဲကျန်း ဆိုလိုချင်တာလား"
ကုမင်ဟဲ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"ဟုန်ယဲ့ ကုန်သည်အသင်းမှာ မရှိရင်တောင် မြေပုံအပိုင်းအစတွေကို ပိုင်ဆိုင်တဲ့သူတွေက ဟုန်ယဲ့ ကုန်သည်အသင်းနှင့်ပတ်သက် ဆက်နွှယ်မှု ရှိနေနိုင်တယ်"
ကျန်းချန်၏ မျက်ဝန်းတွင် ထူးခြားသော အရိပ်အယောင်များ လင်းလက်သွားခဲ့သည်။
ထို့နောက်တွင် သူက ကုမင်ဟဲကို ချက်ချင်းဆိုသလို မေးလိုက်၏။
"ခေါင်းဆောင်ကု ဒါနဲ့ တစ်ခုလောက် မေးပါရစေ.. အဆင့်နိမ့်နယ်မြေကနေ မဟာမြေရိုင်းနယ်မြေကို ရောက်လာတဲ့သူတွေကို ဘယ်လိုရှာဖွေရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ခင်ဗျားသိထားလား"
"အကြီးအကဲကျန်း.. မဟာမြေရိုင်းနယ်မြေမှာ အဆင့်နိမ့်နယ်မြေက လူတစ်ယောက်ကို ရှာဖွေဖို့က လွယ်ကူမှာ မဟုတ်ဘူး"
ကုမင်ဟဲက ခဏမျှ အံ့အားသင့်သွားပြီးနောက်တွင် ခေါင်းခါရမ်းကာ ခါးသီးစွာ ပြုံး၍ ပြန်ဖြေလိုက်သည်။
နတ်ဘုရားနယ်မြေတွင် နယ်မြေများသည် ကြယ်များကဲ့သို့အဆုံးမဲ့ ပြန့်ကျဲနေခဲ့သည်။
သူတို့ ယခု ရောက်ရှိနေသောနေရာသည် မဟာမြေရိုင်းနယ်မြေကို ဗဟိုပြုသော နေရာ ဖြစ်သည်။
မဟာမြေရိုင်းနယ်မြေသည် နတ်ဘုရင်အဆင့် အင်အားစုတည်ရှိသည့် အထွတ်အထိပ် နယ်မြေတစ်ခု ဖြစ်သည်။
ဤကဲ့သို့သော အထွတ်အထိပ် နယ်မြေ၏ ကောင်းကင်ဥပဒေသသည် ပိုမိုပြည့်စုံပြီး နေရာလွတ် စွမ်းအားသည်လည်း သာမန် အလတ်စားနှင့် အသေးစား နယ်မြေများထက် ပိုမိုတည်ငြိမ်မှု ရှိသည်။
ထိုသို့ နေရာလွတ်စွမ်းအားများ တည်ငြိမ်မှု ရှိသောကြောင့် မဟာမြေရိုင်းနယ်မြေရှိ နယ်မြေနတ်ဘုရား အင်အားစုများစွာသည် အဆင့်နိမ့်နယ်မြေနှင့် ဆက်သွယ်သည့် လမ်းကြောင်းများကို ထူထောင်ကာ အဆင့်နိမ့်နယ်မြေမှ ပါရမီရှင်များကို ၎င်းတို့၏ အင်အားစု ဆီသို့ သိမ်းသွင်းကြလေ့ရှိသည်။
အဆင့်နိမ့်နယ်မြေမှ ပကတိနတ်ဘုရား ကပ်ဘေးကို ဖြတ်ကျော်ပြီး နတ်ဘုရားနယ်မြေသို့ တက်လာသူ အချို့သည် မဟာမြေရိုင်းနယ်မြေကဲ့သို့ အထွတ်အထိပ် နယ်မြေတွင်သာ ပေါ်လာလေ့ ရှိကြသည်။
သို့သော်လည်း နတ်ဘုရားနယ်မြေသည် အလွန်ပင် ကြီးမားကျယ်ပြန့်ပြီး အဆင့်နိမ့် နယ်မြေများသည်လည်း အများအပြား ရှိ၏။
မဟာမြေရိုင်းနယ်မြေမှာပင် နယ်မြေနတ်ဘုရား အင်အားစုများက ထူထောင်ထားသော လမ်းကြောင်းများသည် တူညီသော အဆင့် နိမ့်နယ်မြေသို့ ချိတ်ဆက်ထားခြင်း မရှိပေ။
ထို့ကြောင့် မည်သည့် အင်အားစုက မည်သည့်အဆင့်နိမ့်နယ်မြေနှင့် လမ်းကြောင်း ထူထောင်ထားကြောင်း ရှာဖွေရန်မှာ အလွန်ပင် ခက်ခဲသောအရာ ဖြစ်၏။
တစ်စုံတစ်ယောက်က ကောင်းကင်နတ်ဘုရား ကပ်ဘေးကို တိုက်ရိုက် ဖြတ်ကျော်ကာ နတ်ဘုရားနယ်မြေသို့ တက်လှမ်းလာခဲ့လျှင် နယ်ဘုရားနယ်မြေတွင် ကျပန်းပေါ်လာမည် ဖြစ်၍ ရှာဖွေရန် ပို၍ပင် ခက်ခဲ၏။
အချုပ်အားဖြင့် ဆိုရလျှင် နတ်ဘုရားနယ်မြေတွင် အဆင့်နိမ့်နယ်မြေမှ လူတစ်ဦးကို ရှာဖွေခြင်းသည် ကောင်းကင်ကို တက်လှမ်းရန်ထက်ပင် ပို၍ ခက်ခဲသည်။
ကုမင်ဟဲ၏ စကားကို ကြားပြီးနောက်တွင် ကျန်းချန်သည် မျက်မှောင်ကို ခပ်တင်းတင်း ကြုတ်လိုက်မိသည်။
သူ၏ဖခင် ကျန်းဝူရကို မဟာမြေရိုင်းနယ်မြေတွင် ရှာဖွေသောအလုပ်သည် လွယ်ကူသောအလုပ် မဟုတ်သည်မှာ ထင်ရှားနေခဲ့၏။
"အကြီးအကဲကျန်း ရှာဖွေနေတဲ့သူက တကယ်ပဲ မဟာမြေရိုင်းနယ်မြေမှာရှိတယ် ဆိုရင် ထျန်းကျီမျှော်စင်မှာ သတင်းစုံစမ်းရင်တော့ မျှော်လင့်ချက် ရှိနိုင်မယ်လို့ ထင်ပါတယ်"
ကုမင်ဟဲက အနည်းငယ် စဥ်းစားပြီးမှ ပြောလိုက်သည်။
"ထျန်းကျီမျှော်စင်က လောကမှာရှိတဲ့ အရာအားလုံးကို သိတယ်လို့ ကြွေးကြော်ထားတာ ဆိုတော့ သူတို့ မသိတဲ့ သတင်းမရှိသလောက်ပဲ.. သူတို့ သတ်မှတ်ထားတဲ့ တန်ဖိုးကို ပေးချေနိုင်ရင် ထျန်းကျီမျှော်စင်ကနေ အချက်အလက် တချို့ကို ရရှိနိုင်မယ်လို့ ထင်တယ်"
"ဟုတ်သားပဲ ထျန်းကျီမျှော်စင်ကို ငါမေ့သွားတယ်"
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်လာခဲ့သည်။
ဟုန်ယဲ့ ကုန်သည်အသင်း၏ ကိစ္စကို ဖြေရှင်းပြီး ရှေးဟောင်းနဂါးကုန်သည်အသင်း တည်ငြိမ်မှု ရရှိသွားခဲ့လျှင် သူ၏ဖခင်နှင့်ပတ်သက်၍ အချက်အလက်များ ရှာဖွေရန် ထျန်းကျီမျှော်စင်သို့ ထပ်မံ သွားရောက်ဖို့ ဆုံးဖြတ်လိုက်သည်။
------------------
ဟုန်ယဲ့ ကုန်သည်အသင်း၏ လျှို့ဝှက်အခန်း တစ်ခုတွင် ဟုန်ယဲ့ကုန်သည်အသင်း၏ခေါင်းဆောင် ဟုန်ချင်းဟော်သည် အဓိကထိုင်ခုံတွင် ထိုင်နေခဲ့သည်။
သူ၏ မျက်နှာချင်းဆိုင်တွင်မူ မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်နေခဲ့၏။
"ခေါင်းဆောင်ဟုန်.. ခင်ဗျား ရှေးဟောင်းနဂါးကုန်သည်အသင်းဆီ ခင်ဗျားလူကို စေလွှတ်လိုက်တာ ကြာနေပြီ.. ဘာလို့ အခုထိ သတင်းပြန်မရသေးတာလဲ"
မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး အခန်းထဲရှိ တိတ်ဆိတ်မှုကို ရုတ်တရက် ချိုးဖျက်လိုက်သည်။
"ညီနောင်စုန့် စိတ်အေးအေးထားပါ.. ငါ့သားက ဟုန်ယဲ့ကုန်သည်အသင်းက ကောင်းကင်နတ်ဘုရားဒုတိယအဆင့်နှစ်ပါးကို ရှေးဟောင်းနဂါးကုန်သည် အသင်းဆီ ခေါ်သွားခဲ့တယ်.. ရှေးဟောင်းနဂါး ကုန်သည်အသင်းမှာ ကုမင်ဟဲ ဆိုတဲ့ ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် တစ်ပါးပဲ ရှိတာဆိုတော့ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး"
ဟုန်ချင်းဟော်က သူ၏ ရှေ့မှ လက်ဖက်ရည်ခွက်ကို တစ်ငုံသောက်ကာ ယုံကြည်မှုအပြည့်ဖြင့် ပြုံး၍ပြောလိုက်သည်။
"ဒုန်း.."
သို့ရာတွင် ဟုန်ချင်းဟော်၏ စကားသံ အဆုံးသတ်သည်နှင့် အခန်းတံခါးကို ရုတ်တရက် တွန်းဖွင့်လိုက်သော အသံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
ဟုန်ချင်းဟော်က အံ့အားသင့်သွားပြီး အခန်းတံခါးဝသို့ ကြည့်လိုက်ရာ သူ၏သား ဟုန်ယွမ်က အပြင်ဘက်ကနေ အလျင်အမြန် ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။
"ဟုန်ယွမ်.. မင်းဘာလို့ ဒီလောက်တောင် အလန့်တကြား လုပ်ရတာလဲ.. ဟုန်ယဲ့ကုန်သည်အသင်းက လူတွေကို ရှေးဟောင်းနဂါးကုန်သည် အသင်းဆီ ခေါ်သွားဖို့ ငါမင်းကို မမှာထားဘူးလား.. ဘာတွေ ဖြစ်နေတာလဲ"
ဟုန်ယွမ်၏ အမူအရာကို မြင်လျှင် ဟုန်ချင်းဟော်၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခုကို ရရှိခဲ့သည်။
"အဖေ ပြဿနာတော့ကြီးပြီ"
ဟုန်ယွမ်က အလျင်အမြန်ပြောလိုက်သည်။
"ရှေးဟောင်းနဂါး ကုန်သည်အသင်းက အင်အားကြီးမားတဲ့ ကျင့်ကြံသူတစ်ဦးရဲ့ အကူအညီကို ရရှိခဲ့တယ် .. အဲဒီလူက ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် အကြီးအကဲကို တစ်ကွက်တည်းနဲ့ အလွယ်လေး သတ်ဖြတ်ပစ်လိုက်တယ်"
"ဘာ.."
"ဘုန်း"
ဟုန်ချင်းဟော်က စားပွဲကို လက်ဝါးဖြင့် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြီး ခန္ဓာကိုယ်ကို ထရပ်လိုက်သည်။
ဤအချိန်တွင် သူက မျက်နှာပူသလို ခံစားခဲ့ရသည်။
သူက သူ၏ ရှေ့မှ မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားကို ပြဿနာဘာမှမရှိဟု ယခုလေးတင် ပြောခဲ့သော်လည်း ဟုန်ယွမ်က သတင်းဆိုးကို ချက်ချင်းဆိုသလို ယူလာလိမ့်မည်ဟု မည်သူက ကြိုတင်သိနိုင်ပါအံ့နည်း။
"ရှေးဟောင်းနဂါး ကုန်သည်အသင်းကို အစွမ်းထက် ကျင့်ကြံသူ တစ်ယောက်က ဘယ်လိုလုပ်ပြီး ရောက်လာရတာလဲ"
ဟုန်ချင်းဟော်၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ သုန်မှုန်သွားခဲ့သည်။
ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို တစ်ကွက်တည်းဖြင့် သတ်ပစ်ရန်မှာ ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူသာလျှင် အလွယ်တကူ လုပ်နိုင်မည်ဟု သူခန့်မှန်းမိသည်။
ရှေးဟောင်းနဂါး ကုန်သည်အသင်းသည် ယွီမိသားစုနှင့်သာ မဟာမိတ် ဖွဲ့ထားခဲ့၏။
သို့ဆိုလျှင် ထိုကျင့်ကြံသူသည် ယွီမိသားစုမှ ကျင့်ကြံသူများဖြစ်နေပါသလော။
ထိုအချက်ကို တွေးမိသည်နှင့် ဟုန်ချင်းဟော်က သူ၏ မျက်နှာချင်းဆိုင်ရှိ မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်ကာ မေးလိုက်သည်။
"ညီနောင်စုန့် ဒီလူက ယွီမိသားစုက ဖြစ်နိုင်လား"
"မဖြစ်နိုင်ဘူး"
မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ဟုန်ချင်းဟော်၏ စကားကို အေးစက်စက် ပြန်ဖြေလိုက်သည်။
"ယွီမိသားစုက ငါတို့ စုန့်မိသားစုကို ဝင်မပါဘူးလို့ ကတိပေးထားတယ်.. သူတို့ဒီကိစ္စမှာ ရွှေရောင်နဂါး ကုန်သည်အသင်းဘက်ကနေ ရပ်တည်ရဲမှာ မဟုတ်ဘူး.. သူတို့တွေ နန်လီမြို့တော်မှာ မနေချင်တော့ရင် တစ်မျိုးပေါ့"
"ဒါပေမဲ့ ယွီမိသားစုက လွဲရင် ရှေးဟောင်းနဂါးကုန်သည်အသင်းက တခြားအင်အားစုတွေနဲ့ မဟာမိတ်ဖွဲ့ထားတာ မရှိဘူး ထင်တယ်.. ဒီလို အစွမ်းထက် ကျင့်ကြံသူ တစ်ယောက်က ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ဘယ်လိုလုပ်ပြီး အကူအညီ လာပေးရတာလဲ"
ဟုန်ချင်းဟော်က မျက်မှောင်ကို ခပ်တင်းတင်း ကြုတ်လိုက်သည်။
"ဒါက ယွီမိသားစုရဲ့လက်ချက် မဟုတ်ဘူးဆိုရင် အဖြေက တစ်ခုတည်းပဲ ရှိတော့တယ်"
မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာက တောက်ပသွားခဲ့ပြီး လေးနက်စွာ ပြောလိုက်သည်။
"ကုမင်ဟဲရဲ့ လက်ထဲမှာ ရှိနေတဲ့ မြေပုံတစ်စိတ်တစ်ပိုင်းကို ရယူဖို့ ကြိုးစားနေတာ ငါတို့ချည်းပဲ မဟုတ်ဘူး ထင်တယ်"
ထိုစကားကို ကြားလျှင် ဟုန်ချင်းဟော်က အံ့အားသင့်သွားခဲ့သည်။
"ဒါဆို ရှေးဟောင်းနဂါး ကုန်သည်အသင်းမှာ ရုတ်တရက် ထွက်ပေါ်လာတဲ့ အစွမ်းထက် ကျင့်ကြံသူက မြေပုံတစ်စိတ်တစ်ပိုင်း အတွက် ရောက်လာတာ ဖြစ်နိုင်တယ်လို့ ညီနောင်စုန့် ဆိုလိုချင်တာလား"
"ခေါင်းဆောင်ဟုန်.. နယ်မြေနတ်ဘုရားရဲ့ အမွေအနှစ်က ဘယ်လောက်အထိ မက်မောစရာကောင်းလဲ ဆိုတာ ခင်ဗျားလည်း သိသားပဲ.. သတင်းပေါက်ကြားသွားပြီ ဆိုရင် ငါတို့လိုပဲ မြေပုံတစ်စိတ်တစ်ပိုင်းကို စိတ်ဝင်စားကြမှာ မဆန်းပါဘူး"
မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ညင်သာစွာ ပြုံးလိုက်သည်။
သူ၏ မျက်ဝန်းတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။
"ခေါင်းဆောင်ဟုန်.. ငါနဲ့အတူ ရှေးဟောင်းနဂါးကုန်သည်အသင်းဆီ သွားကြရအောင်.. ငါတို့ စုန့်မိသားစုရဲ့ ပစ္စည်းကို လုယူရဲတဲ့သူက ဘယ်လောက်အထိ အစွမ်းထက်လဲ ဆိုတာ ငါကြည့်ချင်သေးတယ်"
အခန်း(၁၇၅၄)ပြီး၏။
အခန်း(၁၇၅၅)
ကျန်းချန်က ကုမင်ဟဲနှင့် စကားပြောပြီးနောက်တွင် မဟာမြေရိုင်းနယ်မြေ တစ်ခုလုံး၏ အခြေအနေကို အကြမ်းဖျင်းနားလည်သွားခဲ့သည်။
မဟာမြေရိုင်း နယ်မြေသည် နယ်မြေ၁၃ခုအဖြစ် ပိုင်းခြားထားပြီး နယ်မြေတစ်ခုစီတွင် အနည်းဆုံး နယ်မြေနတ်ဘုရားအင်အားစုတစ်ခုစီက အုပ်ချုပ်လျက် ရှိသည်။
၎င်းတို့၏ ခွန်အားသည် ပတ်ဝန်းကျင်ရှိ နယ်မြေငယ်များထက် သာလွန်၏။
အထူးသဖြင့် မဟာမြေရိုင်းနယ်မြေ၏ အလယ်ဗဟိုရှိ နယ်မြေကြီးသုံးခုတွင် နယ်မြေနတ်ဘုရား အင်အားစုတစ်ခုထက် မက ရှိသည်။
ချုံပြောရလျှင် မဟာမြေရိုင်းနယ်မြေတွင် မဟာမြေရိုင်းနတ်ဂိုဏ်း အပြင် နယ်မြေ၁၃ခု၌ ဖြန့်ကျက်ထားသော နယ်မြေနတ်ဘုရား အင်အားစု အနည်းဆုံး ၂၀ခန့် ရှိပြီး ၎င်းတို့၏ ခွန်အားမှာ အလွန်အမင်း ကြီးမားသည်။
ကျန်းချန် ယခုရောက်ရှိနေသော နန်လီနယ်မြေသည် မဟာမြေရိုင်းနယ်မြေ၏ တောင်ဘက်အစွန်အဖျားတွင် တည်ရှိပြီး မဟာမြေရိုင်းနယ်မြေ၏ နယ်မြေ ၁၃ခုတွင် ခွန်အားအဆင့်အတန်း နိမ့်ကျသောနယ်မြေ ဖြစ်သည်။
နန်လီနယ်မြေကို နယ်မြေနတ်ဘုရား အင်အားစု ဖြစ်သည့် နန်လီမျိုးနွယ်စုက စိုးမိုးထား၏။
သို့ရာတွင် နန်လီနယ်မြေရှိ နန်လီမျိုးနွယ်စု၏ ခွန်အားသည် ပတ်ဝန်းကျင်ရှိ နယ်မြေနတ်ဘုရား အင်အားစုများထက်ပင် ကျော်လွန်နေခဲ့၏။
နန်လီမျိုးနွယ်စုသည် နန်လီမြို့တွင် လွန်ခဲ့သော နှစ်ပေါင်းသန်း၃၀ကျော် ကြာကတည်းကပင် တည်ရှိခဲ့သည်။
နန်လီမျိုးနွယ်စုကို တည်ထောင်ပြီး နောက်ပိုင်းတွင် နယ်မြေနတ်ဘုရား ၄ပါးဆက်တိုက် ပေါ်ပေါက်လာခဲ့၍ နန်လီမျိုးနွယ်စု၏ နောက်ခံသည် တောင့်တင်းလာခဲ့၏။
ယနေ့တွင် နန်လီမျိုးနွယ်စု၌ နယ်မြေနတ်ဘုရားတစ်ပါး အပြင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ခြောက်ပါးနှင့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများစွာ ရှိသည်။
ထို့အပြင် မဟာမြေရိုင်းနယ်မြေမှ ကျင့်ကြံသူများသည် အခြားနယ်မြေလေးများမှ ကျင့်ကြံသူများနှင့် နှိုင်းယှဥ်လျှင် အဆင့်တူအတွင်း ခွန်အားနှင့် တိုက်ခိုက်ရေးစွမ်းအားသည် ပိုမို မြင့်မား၏။
"အကြီးအကဲကျန်း.. ဟုန်ယဲ့ ကုန်သည်အသင်းက လက်လျှော့လိုပုံမရဘူး.. ကျွန်တော်တို့ ကြိုတင်ပြင်ဆင်မှုတချို့ လုပ်ရမယ်ထင်တယ်.. မကြာသေးခင်က ကျွန်တော်တို့ ရှေးဟောင်းနဂါးကုန်သည်အသင်းနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ ယွီမိသားစုကို ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းပြန်မလာခဲ့ဘူး.. ကျွန်တော် ခန့်မှန်းတာ မမှားရင် ဟုန်ယဲ့ ကုန်သည်အသင်းရဲ့ နောက်ကွယ်က အင်အားစုက ယွီမိသားစုကို ကြောက်ရွံ့စေတာ ဖြစ်မယ်ထင်တယ်"
ကုမင်ဟဲက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
ကျန်းချန်က ခဏမျှ စဥ်စားပြီးမှ မေးခွန်းထုတ်လိုက်သည်။
"ယွီမိသားစုရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပါဦး"
"ယွီမိသားစုက နန်လီမြို့ရဲ့ တောင်ဘက်မှာ အတော်လေးနာမည်ကြီးတဲ့ မိသားစုပဲ.. ယွီမိသားစုရဲ့ ခေါင်းဆောင်က ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူဖြစ်တဲ့အတွက် ယွီမိသားစုရဲ့ ခွန်အားက အားမနည်းဘူးလို့ ဆိုလို့ရတယ်"
ကုမင်ဟဲက လေးနက်စွာ ပြောလိုက်သည်။
"နန်လီမြို့တောင်ဘက်မှာ ယွီမိသားစုကို ကြောက်ရွံ့စေတာ အင်အားစုနှစ်ခု၊သုံးခုပဲရှိတယ်"
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက ကျဥ်းမြောင်းသွားခဲ့သည်။
ယွီမိသားစုတွင် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူ ရှိသည်ဖြစ်ရာ ယွီမိသားစုကို ကြောက်ရွံ့စေနိုင်သူသည် အနည်းဆုံး ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူ ဖြစ်လိမ့်မည်ဟု သူခန့်မှန်းမိခဲ့သည်။
သို့သော်လည်း ကျန်းချန်က သိပ်ဂရုမစိုက်ခဲ့ပေ။
သူ၏ လက်ရှိခွန်အားဖြင့် ဆိုလျှင် နတ်ဘုရားနယ်မြေရှိ မည်သည့် အင်အားစုကိုမှ ကြောက်ရွံ့နေမည် မဟုတ်ချေ။
နန်လီမြို့တစ်ခုလုံးတွင် ကျန်းချန်ကို စိုးရိမ်စေသော အင်အားစုမှာ နန်လီမျိုးနွယ်စုသာ ဖြစ်သည်။
"ကုမင်ဟဲ အမြန်ထွက်လာပြီး အသေလာခံစမ်း"
ကျန်းချန်က စဥ်းစားခန်း ဝင်နေစဥ်မှာပင် ရှေးဟောင်းနဂါး ကုန်သည်အသင်း၏ လေထု အထက်တွင် ဒေါသတကြီး ကြုံးဝါးလိုက်သောအသံ တစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုစကားကိုကြားလျှင် ကုမင်ဟဲ၏ မျက်နှာအမူအရာသည် အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
"ဒီအသံက ဟုန်ယဲ့ ကုန်သည်အသင်းရဲ့ ခေါင်းဆောင် ဟုန်ချင်းဟော်ရဲ့ အသံပဲ.. သူဒီလောက်အထိ မြန်မြန်ဆန်ဆန်ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
"ဒါဆိုလည်း သူတို့ကို သွားတွေ့ကြတာပေါ့"
ကျန်းချန်က ညင်သာစွာပြုံး၍ ပြောလိုက်သည်။
သူ၏ပုံရိပ်က ဖျတ်ခနဲ ပျောက်သွားခဲ့ပြီး ရှေးဟောင်းနဂါး ကုန်သည်အသင်း အထက်ရှိ လေထုထဲတွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။
ကုမင်ဟဲကလည်း ကျန်းချန်၏ အနောက်သို့ ချက်ချင်းဆိုသလို လိုက်လာခဲ့ပြီး မကြာမီမှာပင် ကျန်းချန်၏ နံဘေးသို့ ရောက်ရှိလာခဲ့သည်။
သူတို့နှစ်ဦး၏ အကြည့်က ရှေးဟောင်းနဂါး ကုန်သည်အသင်းနှင့် ပေထောင်ချီ အကွာအဝေးရှိ လေထုဆီသို့ ကျရောက်သွားခဲ့သည်။
ထိုနေရာတွင် လူတစ်စုသည် ဝင့်ကြွားစွာ ရပ်နေခဲ့ကြ၏။
ထိုလူစုကို ခေါင်းဆောင်လာသူမှာ ဟုန်ယဲ့ ကုန်သည်အသင်း၏ ခေါင်းဆောင် ဟုန်ချင်းဟော် ဖြစ်ပြီး ဟုန်ချင်းဟော်၏ နံဘေးတွင် သူနှင့် ခွန်အား မတိမ်းမယိမ်း ရှိသည့် မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးလည်း ရှိနေခဲ့သည်။
ဟုန်ချင်းဟော်၏ နံဘေးရှိ မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားကို မြင်လျှင် ကုမင်ဟဲသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
"အကြီးအကဲကျန်း.. အနီရောင်ဝတ်စုံဝတ် အမျိုးသားက ဟုန်ယဲ့ ကုန်သည်အသင်းရဲ့ ခေါင်းဆောင် ဟုန်ချင်းဟော်ပဲ.. သူ့ရဲ့နံဘေးက မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက စုန့်မိသားစုက ကျင့်ကြံသူပဲ.. စုန့်မိသားစုက နန်လီမြို့ရဲ့ တောင်ဘက်မှာဆိုရင် ထိပ်ဆုံးသုံးနေရာမှာ အဆင့်သတ်မှတ်ခံရလောက်အောင်အထိ အစွမ်းထက်တယ်"
နန်လီမြို့တော်၏ အလယ်ဗဟိုတွင် နန်လီမျိးနွယ်စု ရှိသည့်အပြင် အရှေ့ဘက်နှင့် အနောက်ဘက်တွင် နယ်မြေနတ်ဘုရားအဆင့် အင်အားစုများ ရှိကြသည်။
သို့သော်လည်း နန်လီမြို့၏ တောင်ဘက်သည် အားလုံးထဲတွင် အရှုပ်ထွေးဆုံး ဖြစ်သည်။
အကြောင်းရင်းမှာ မြို့တောင်ဘက်ကို ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူများ ဦးဆောင်သည့် အင်အားစု သုံးခုက စိုးမိုးထားသောကြောင့် ဖြစ်သည်။
မြို့တောင်ဘက်ရှိ စုန့်မိသားစုသည် ထိုအင်အားစု သုံးစုထဲမှ တစ်စု ဖြစ်၏။
ဤကိစ္စတွင် စုန့်မိသားစုမှ လူများ ပါဝင်ပတ်သက်လာသည် ဖြစ်ရာ ယွီမိသားစုက ကူညီရန် သတ္တိမရှိသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ကုမင်ဟဲက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ဟုန်ချင်းဟော်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
"ဟုန်ချင်းဟော်.. မင်းငါ့ရဲ့ ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ဘာအတွက် ရောက်လာတာလဲ"
"ကုမင်ဟဲ.. ငါ့ရှေ့မှာ ရိုးဖြောင့်သလို ဟန်ဆောင်မနေနဲ့"
ဟုန်ချင်းဟော်၏ မျက်ဝန်းများတွင် ထက်ရှသောအလင်းရောင် တစ်ခု လင်းလက်သွားခဲ့သည်။
"မြေပုံတစ်စိတ်တစ်ပိုင်းကို ငါ့ဆီ အခု ချက်ချင်းအပ်လိုက်.. ဒါဆိုရင် မင်းကို ခန္ဓာကိုယ် အပြည့်အစုံနဲ့ သေခွင့်ပေးဖို့ ငါစဥ်းစားပေးမယ်"
"ဟားဟား ခင်ဗျားက ခင်ဗျားရဲ့ သားလိုပဲ လေလုံးထွားလှချည်လား"
ကျန်းချန်က ဟုန်ချင်းဟော်၏ စကားကိုကြားလျှင် အေးစက်စက်ပြုံးကာ ပြောလိုက်သည်။
"ခင်ဗျားက ဟုန်ယဲ့ကုန်သည်အသင်းရဲ့ ခေါင်းဆောင်ဟုန် ထင်တယ်.. ခုနလေးတင် ဟုန်ယဲ့ ကုန်သည်အသင်းက အကြီးအကဲကို ကျုပ် သတ်ဖြတ်ခဲ့ပြီးပြီ.. ခင်ဗျားလည်း အကောင်းအဆိုးကို နားမလည်ဘူးဆိုရင် ကျုပ်ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့"
"ကောင်လေး ငါတို့ ဟုန်ယဲ့ ကုန်သည်အသင်းရဲ့ အကြီးအကဲကို သတ်လိုက်တာ မင်းလား"
ဟုန်ချင်းဟော်၏ ကျန်းချန်ကို ကြည့်နေသော အကြည့်တွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က ဟုန်ချင်းဟော်ကို ကြည့်ကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
"ဟုတ်တယ်.. မင်းက ဘာလုပ်ချင်လို့လဲ"
"ကောင်လေး မင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ"
ဟုန်ချင်းဟော်က ဒေါသထွက်ကာ တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ထိုအချိန်တွင် မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ဟုန်ချင်းဟော်ကို တားမြစ်လိုက်သည်။
"မလောနဲ့.. ဒီလူငယ်ရဲ့ အရှိန်အဝါက ထူးခြားတယ်.. ငါတောင် သူ့ရဲ့ နက်နဲမှုကို မမြင်နိုင်ဘူး.. မလိုအပ်ဘဲ အကြမ်းမဖက်တာ အကောင်းဆုံးပဲ"
မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ဟုန်ချင်းဟော်ကို ဖျောင်းဖျလိုက်ပြီး ချက်ချင်းဆိုသလိုပင် ကျန်းချန်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"ဒီက ညီငယ်လေး.. ဒီကိစ္စက ငါတို့နဲ့ ရှေးဟောင်းနဂါးကုန်သည်အသင်းကြားက ကိစ္စဖြစ်တဲ့ အတွက် မင်းအနေနဲ့ ဝင်မစွက်ဖက်ဖို့ မျှော်လင့်ပါတယ်.. ဒီအတွက် နောက်ကျရင် ငါတို့မင်းကို လေးလေးနက်နက် ကျေးဇူးဆပ်ပါ့မယ်"
"မင်းက ဝင်မစွက်ဖက်နဲ့လို့ ပြောတိုင်း ငါက ဝင်မစွက်ဖက်ရအောင် မင်းကိုမင်း ဘယ်သူလို့ ထင်နေတာလဲ"
ကျန်းချန်က မဲ့ပြုံးပြုံးကာ အရေးမစိုက်သော အမူအရာဖြင့်ပြောလိုက်သည်။
"ဒီရှေးဟောင်းနဂါး ကုန်သည်အသင်းက ငါ့ရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိတယ်...ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ဘယ်သူဒုက္ခပေးရဲလဲ.. အဲဒီလူက ငါကျန်းချန်ရဲ့ ရန်သူပဲ"
"မင်း သူတို့ကို ကာကွယ်ပေးနေတာက ကုမင်ဟဲရဲ့ လက်ထဲမှာ ရှိတဲ့ မြေပုံတစ်စိတ်တစ်ပိုင်းကြောင့် မဟုတ်လား.. မင်းသိထားရမှာက ငါတို့ စုန့်မိသားစု လိုချင်တဲ့အရာကို ဘယ်သူကမှ မလုယူနိုင်ဘူး ဆိုတာပဲ"
မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက အေးစက်စက် အမူအရာဖြင့် ပြောလိုက်သည်။
"ခင်ဗျား ဘာတွေပြောနေလဲတော့ ကျုပ်မသိဘူး.. ခေါင်းဆောင်ကု ဆီမှာ ခင်ဗျားပြောတဲ့ မြေပုံတစ်စိတ်တစ်ပိုင်းရှိနေရင်တောင် ဒါက သူ့ရဲ့ ပိုင်ဆိုင်မှုပဲ.. အခုလို ရှေးဟောင်းနဂါး ကုန်သည်အသင်းဆီ ပေါ်ပေါ်ထင်ထင်လာပြီး လုယက်တာက အကြောင်းမဲ့ လုပ်လွန်းရာ ကျမနေဘူးလား"
ကျန်းချန်က သူ၏နှုတ်ခမ်းကို ကွေးညွတ်၍ လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။
မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ကျန်းချန်ကို ခပ်တင်းတင်း စိုက်ကြည့်လိုက်၏။
သူ၏ခန္ဓာကိုယ်တွင် လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့သည်။
"ငါက အကြောင်းမဲ့ ပြုမူတော့ရော မင်းက ဘာလုပ်နိုင်မှာမို့လဲ"
ထိုစကားကိုကြားလျှင် ကျန်းချန်က မီးခိုးရောင်ဝတ်စုံဝတ်လူလတ်ပိုင်းအရွယ် အမျိုးသားကို မထီတရီပြုံးကာ တုံ့ပြန် ပြောဆိုလိုက်သည်။
"တကယ်တော့ ငါလည်းမင်းလိုပဲ အကြောင်းမဲ့ပြုမူရတာကို သဘောကျတယ်"
အခန်း(၁၇၅၅)ပြီး၏။