← Chapters

ပြီးပြည့်စုံသော အောင်မြင်မှု

Vol. 4 Ch. 48

ပြီးပြည့်စုံသော အောင်မြင်မှု

Vol. 4 Ch. 48

~ချင်ယွင် ဟူသော နာမည်ကတော့ စစ်မှန်သိုင်းဂိုဏ်း၏ နှလုံးသားထဲမှာ စိုက်ဝင်နေသော ဆူးတစ်ချောင်းလိုပဲ။ ဆွဲနှုတ်လိုက်ပေမဲ့လည်း အမာရွတ်ကတော့ ကျန်နေခဲ့သည်။ ထို့အပြင် တာအိုဆရာလုံရှန်းကလည်း တံခါးပိတ်ကျင့်ကြံခန်း ဝင်သွားပြန်တော့ ဂိုဏ်းတစ်ခုလုံးအပေါ် သက်ရောက်မှုက မလွဲမသွေ ရှိခဲ့ပါ၏။ ဒီအချိန်အတောအတွင်းမှာ စိတ်ဓာတ်တွေက အနည်းငယ် ပြန်လည်တက်ကြွလာသယောင် ရှိပေမဲ့ တစ်ခုခုတော့ လျော့နေသလိုလို...။

အခုတော့...

ကျန်းပိုင်ရှန်းတစ်ယောက် ချီစွမ်းအင်နယ်ပယ်ကို အောင်မြင်စွာ ချိုးဖြတ်နိုင်ခဲ့ပြီဟူသော သတင်းက လူတိုင်း၏ စိတ်ဓာတ်ကို မိုးပေါ်ပျံတက်သွားမတတ် မြှင့်တင်ပေးလိုက်တော့သည်။

ချီစွမ်းအင်အဆင့် ပညာရှင်တစ်ယောက်သာ ရှိနေလျှင် အနည်းဆုံးတော့ မသမာသော စိတ်ထား ရှိသူများကို အလွယ်တကူ မစမ်းသပ်ရဲအောင် ဟန့်တားထားနိုင်သည် မဟုတ်လား။

အစစ်အမှန်သိုင်းတောင်ထိပ်မှာ တည်ထောင်ထားသော အစစ်အမှန်သိုင်းဂိုဏ်းကြီးတစ်ခုလုံးဟာ တောင်ပေါ်ကရသေ အရင်းအမြစ်တွေနှင့်ချည်းတော့

ဒီလောက် များပြားသော တပည့်တွေကို ဘယ်လိုမှ ထောက်ပံ့နိုင်မှာ မဟုတ်ဘူးလေ။

တကယ်တော့...

အစစ်အမှန်သိုင်းဂိုဏ်း၏ အဓိကဝင်ငွေက လမ်းကြောင်းနှစ်ခုက လာသည်။

တစ်ခုကတော့ ချမ်းသာသောမိသားစုတွေက သူတို့၏ သားသမီးတွေကို သိုင်းပညာသင်ကြားဖို့ စစ်မှန်သိုင်းဂိုဏ်းကို ပို့သည့်အခါ နှစ်စဉ်ကြေးအဖြစ် အမြောက်အမြား ပေးဆောင်ရခြင်းပဲ ဖြစ်၏။ ဟုတ်ပါသည်။.. အစစ်အမှန်သိုင်းဂိုဏ်းကလည်း သူတို့၏ လုံခြုံရေးကို အာမခံပေးရပြီး၊ တခြားသူတွေကလည်း ဒီအရှိန်အဝါကို အနည်းငယ်တော့ မျက်နှာထောက်ထားပြီး မကျူးကျော်ရဲကြတော့ပါ။

ဒီလို တဖြည်းဖြည်း မငြိမ်မသက်ဖြစ်လျာသော ခေတ်ကြီးထဲမှာ ဒီဝင်ငွေက တစ်နှစ်ထက်တစ်နှစ် တိုးလို့သာ လာနေခဲ့သည်။

ဒုတိယတစ်ခုကတော့ အစစ်အမှန်သိုင်းဂိုဏ်း၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေပင်။

သိုင်းပညာမှာ သိပ်ပြီး ပါရမီမပါသော တပည့်တချို့ကို တောင်အောက်ဆင်းပြီး စားသောက်ဆိုင်တွေ၊ ငွေလဲလုပ်ငန်းတွေလို စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲခိုင်းရာကနေ အချိန်ကြာလာတော့ အတော်လေး ချမ်းသာကြွယ်ဝလာခဲ့သည်။

တပည့်တွေ တောင်အောက်ကို လေ့ကျင့်ခန်းဆင်းသည့် အခါ ဒီလုပ်ငန်းတွေမှာ ကြုံတွေ့ရသော ပြဿနာတွေကိုလည်း တစ်ခါတည်း ဖြေရှင်းပေးခဲ့ကြ၏။

ကျန်တာတွေကတော့ သေးသေးမွှားမွှား ဝင်ငွေရင်းမြစ်တွေပါပဲ။

သို့ရာတွင် ဘယ်လို အမျိုးအစားပဲဖြစ်ဖြစ်...

အားကောင်းသော သိုင်းပညာ စွမ်းအားကသာ အာမခံချက်ပင်။

အစစ်အမှန်သိုင်းဂိုဏ်းက အားနည်းနေပြီဆိုတာကိုသာ လူတွေသိသွားလျှင် ဝံပုလွေတွေလို ဝိုင်းအုံပြီး ကိုက်ဖြတ်စားသောက်ကြမှာ အသေအချာပါပဲ။

မကြာသေးခင်ကမှ လက်ရင်းတပည့်တစ်ယောက်က သစ္စာဖောက်သွားသည်၊ ပြီးတော့ တစ်ဦးတည်းသော ချီ စွမ်းအင်ပညာရှင်ကလည်း တံခါးပိတ်ကျင့်ကြံရေး ဝင်သွားသည်ဆိုတော့...။ လက်ရင်းတပည့်တွေက တာအိုဆရာ လုံရှန်းဟာ ကောင်းကင်ဘုံ လူသားနယ်ပယ်ကို

ချိုးဖြတ်ဖို့ ရည်ရွယ်နေမှန်း သိကြပေမဲ့ အပြင်လူတွေကတော့ သည်အကြောင်းကိုမသိကြပါ။ ထို့အပြင် တာအိုဆရာလုံရှန်းက မိစ္ဆာဂိုဏ်းက သခင်ကြီး တစ်ယောက်နှင့် ယှဉ်ပြိုင်ခဲ့ရသည် ဟူသော ကောလာဟလတွေက အခြေအနေကို ပိုပြီးခန့်မှန်းရခက်စေခဲ့သည်။

ကံကောင်းတာက တာအိုဆရာလုံရှန်း၏ ပြန်လာချိန်က သိပ်မကြာလိုက်ဘဲ၊ သူ၏ ဟန့်တားနိုင်စွမ်းကလည်း ရှိနေဆဲမို့

လော့ဝမ်ထျန်းတို့က ကိစ္စတွေကို ယာယီထိန်းချုပ်ထားနိုင်ခဲ့သည်။

ယခုတော့...

ကျန်းပိုင်ရှန်း၏ ချီစွမ်းအင်နယ်ပယ်သို့ တက်လှမ်းနိုင်မှုက သူတို့၏ စိန်ခေါ်မှုတွေကို လုံးဝဥဿုံ ငြိမ်သက်သွားစေဖို့ လုံလောက်နေခဲ့ပါပြီ။

သိုင်းပြိုင်ကွင်းထဲမှာ...

ကျန်းပိုင်ရှန်းကို တပည့်တွေက ဝိုင်းရံထားပြီး အားလုံးက အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။

“ပဉ္စမမြောက် အစ်ကိုကြီး ချီစွမ်းအင်နယ်ပယ်ကို တက်လှမ်းနိုင်တာကို ဂုဏ်ယူပါတယ်ဗျို့။”

နင်ချီတစ်ယောက် အဝေးကနေပြီး အားရပါးရ အော်ဟစ်နေကြတဲ့ အသံတွေကို ကြားနေရ၏။

လော့ဝမ်ထျန်းက ဒီသတင်းကိုဖြန့်ပြီး ဂိုဏ်းရဲ့အင်အားကို မြှင့်တင်ဖို့ တပည့်တွေကို တမင်တကာ စုဝေးစေခဲ့ခြင်းဖြစ်သည်။

သူကတော့ ပျော်ရွှင်နေသော မျက်နှာထားနှင့် ဘေးမှာ ရပ်နေပြီး ဘာမကျေနပ်မှုအရိပ်အယောင်မှ မပြခဲ့။ လက်ရင်းတပည့်အများစု၏ ကလေးဘဝနှင့် လူငယ်ဘဝကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည့် အစ်ကိုကြီးတစ်ယောက်ပဲ မဟုတ်ပါလား။

“ဂုဏ်ယူပါတယ်... အစ်ကို ငါး။”

နင်ချီက ကျန်းပိုင်ရှန်းကို ပြုံးပြုံးရွှင်ရွှင်နှင့် ဂုဏ်ပြုစကားဆိုလိုက်ရင်း သူ့မျက်ဝန်းတွေထဲမှာတော့ စူးစမ်းလိုစိတ်တွေ အပြည့်။

သူ တွေ့ဖူးသော ချီစွမ်းအင် ပညာရှင်တွေက တာအိုဆရာလုံရှန်းနှင့် နတ်ဘုရားဓားသခင်ကြီးလို ထိပ်တန်းကျွမ်းကျင်သူတွေချည်းပဲ။ ချီစွမ်းအင်နယ်ပယ်ကို ယခုမှ

ချိုးဖြတ်နိုင်သည့် သူကို တစ်ခါမှမမြင်ဖူးသေးတော့၊ မိမိ၏ လက်ရှိစွမ်းအားနှင့်

မြူဖြူ နယ်ပယ်အဆင့်ကို နှိုင်းယှဉ်ကြည့်ချင်စိတ်က တဖွားဖွားပေါ်ပေါက်နေခဲ့သည်။

အခုတော့ အခွင့်အရေးရပြီ ထင်ပါရဲ့။

စီနီယာ အစ်ကို ကျန်းပိုင်ရှန်း တစ်ယောက် တက်ကြွလန်းဆန်းနေလိုက်တာများ...။

----

ကျန်းပိုင်ရှန်းက သူ့စွမ်းအားကို ခိုင်မာအောင်လုပ်ဖို့ တစ်နှစ်၊ နှစ်နှစ်လောက် လိုဦးမယ်လို့ အစကထင်ထားခဲ့ပေမဲ့၊

ချင်ယွင်၏ အဖြစ်အပျက်ကြောင့် စိတ်ဓာတ်ပိုခိုင်မာလာပြီး မထင်မှတ်ဘဲ ချီစွမ်းအင်နယ်ပယ်ကို ချိုးဖြတ်နိုင်ခဲ့တာ ဖြစ်လေ၏။

“ကိုးလေး... ချီဆိုတာ ဘယ်လိုမျိုးလဲဆိုတာ မျက်မြင်ကိုယ်တွေ့ ကြည့်ချင်လား။” ကျန်းပိုင်ရှန်းက အားရပါးရ ရယ်မောရင်း မေးလိုက်သည်။

နင်ချီက ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။

သူတို့ဘေးနားမှာ စတုတ္ထမြောက်တပည့် ဟယ်ယန်က ရယ်ကျဲကျဲဖြင့် ဆိုလာသည်။

“ဟား... မလွယ်ဘူးနော်...ငါးရာ။ တို့တွေ ဒီလောက်ကြာအောင် စကားပြောနေတာကျတော့ ဟန်လုပ်နေပြီးတော့။ အခု ကိုးလေးရောက်လာမှ၊ စကား တစ်လုံးတောင် မဟရသေးဘူး... ကိုယ့်အစွမ်းကို ထုတ်ကြွားချင်နေပြီလားကွ”

အားလုံးက ဝါးခနဲ ရယ်မောလိုက်ကြသည်။

“အစ်ကို လေး... ကြည့်ချင်၊ မကြည့်ချင်ပဲ ပြောစမ်းပါ။”

“ကြည့်မှာပေါ့ဟ... ကြည့်မှာပေါ့။”

တပည့်များအားလုံးက မျှော်လင့်တကြီးဖြင့် ဘေးသို့ ရှဲထွက်သွားကြသည်။

နင်ချီကတော့ ကျန်းပိုင်ရှန်းကိုသာ အာရုံစိုက်ထားလိုက်၏။

ကျန်းပိုင်ရှန်းက ညင်သာစွာ အသက်ရှူထုတ်လိုက်ပြီးနောက် သူ့မျက်ဝန်းများက တည်ကြည် လေးနက်သွားသည်။ သူ အတွင်းစွမ်းအင် နယ်ပယ်မှာ လေ့ကျင့်ခဲ့

သည့် နည်းစနစ်က ကောင်းကင်ကို တုန်ဟီးစေသော အားဖြစ်ပြီး၊ သူ ပြောင်းလဲကျင့်ကြံမည့် ချီစွမ်းအင်နယ်ပယ် နည်းစနစ်ကတော့ ကောင်းကင်ကို တုန်ဟီးစေသော အစစ်အမှန်ဂိုဏ်းစွမ်းအား ဖြစ်လေ၏။ ကျင့်စဉ်အသစ်သို့ ပြောင်းလဲလိုက်သည်နှင့်ပင် ထူးကဲသော အရှိန်အဝါ တစ်ခု ထွက်ပေါ်လာခဲ့သည်။

လူအုပ်ကြီးက ဖိအားကို စတင်ခံစားနေရပြီဖြစ်သည်။

သူက လက်ထဲမှ ဓားရှည်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်၏။

ဓားချီသည် ဥက္ကာခဲတစ်ခုလို လေထုကို ထိုးခွဲဖြတ်သန်းသွားပြီး၊ အလံသုံးဆယ်အကွာမှ ကျောက်တုံးကြီး တစ်တုံးကို သွားရောက်ထိမှန်သည်။

မြေကြီးတုန်ဟီးလောက်သည့် အသံကြီးတော့ ထွက်မလာခဲ့...။ ထက်မြက်တောက်ပသော ဓားချီကသာ အဆက်မပြတ် ဖြတ်တောက်သွားခဲ့သည်။

ဓားအလင်းတန်းက မျက်စိကျိန်းလောက်အောင် ထက်မြက်လှ၏။

ထို့နောက်...

လူအုပ်ကြီးထံမှ အာမေဋိတ်သံများ တညီတညွတ်တည်း ထွက်ပေါ်လာတော့သည်။

အဝေးမှ ကျောက်တုံးကြီးသည် အလွန်အမင်း ညီညာတိကျသော အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ဖြတ်တောက်ရာများက မယုံနိုင်လောက်အောင် ချောမွေ့နေကာ အရွယ်အစားများကလည်း တညီတည်းပင်။

“ဒါ... ဒါ ချီပဲ။ အလံသုံးဆယ်အကွာကနေတောင် ဒီလောက်ကြောက်ဖို့ ကောင်းတဲ့ စွမ်းအားရှိတာ... အတွင်းအားထက် အများကြီးသာတာပဲ။ အတွင်းစွမ်းအင် နဝမအဆင့်က ချီစွမ်းအင်နယ်ပယ်နဲ့တွေ့ရင် ထွက်ပြေးရုံကလွဲပြီး ရွေးချယ်စရာမရှိဘူးလို့ ပြောကြတာ မဆန်းတော့ပါဘူး။ ကွာဟချက်က ကြီးလွန်းတော့ အနီးကပ်တိုက်ခိုက်ဖို့တောင် ခက်တယ်။”

လော့ဝမ်ထျန်းတစ်ယောက် သက်ပြင်းချရင်း မနေနိုင်တော့ဘဲ ဆိုလိုက်၏။

အံ့ဩမှင်သက်နေသော မျက်ဝန်းများက သူ့နောက်တွင် တန်းစီလျက်။ လူအများစုအတွက်တော့ ဒါဟာ ချီ၏ စွမ်းအားကို ဒီလောက် အနီးကပ် မြင်ဖူးတာ ပထမဆုံးအကြိမ်ပင်။

သိုင်းပညာကို သိပ်စိတ်မဝင်စားတတ်သော ယဲ့ချင်းဟယ်ပင်လျှင် ချီစွမ်းအင်နယ်ပယ်ကို တောင့်တစိတ်က ရှားရှားပါးပါး ဖြစ်ပေါ်လာခဲ့သည်။

ကျန်းပိုင်ရှန်းကတော့ ပို၍ပင် အားရပါးရ ရယ်မောလေတော့သည်။ သူက ဓားသိုင်းကွက်အစုံအလင်ကို စတင်ဖျော်ဖြေပြသပြီး ချီ၏ အားဖြည့်မှုအောက်တွင် မူလက သာမန်ဓားသိုင်းကွက်များသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာ ဖြစ်လာတော့၏။

အံ့ဩထူးဆန်းသံများက အဆက်မပြတ် ထွက်ပေါ်နေသည်။

ဝန်းကျင်တစ်ခုလုံးက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လို့နေပါတော့သည်။

နင်ချီလည်း ကြည့်နေမိသည်။

သူ အထင်ကြီးသွားသည်။

‘ချီက အလံသုံးဆယ်အထိ ရောက်နိုင်တာ... ဒါတောင် အဆုံးစွန်မဟုတ်သေးဘူးထင်တယ်။ တကယ်ကို အားပါတယ်။’

သို့သော် နင်ချီတစ်ယောက် တစ်ချက်စဉ်းစားကြည့်တော့... သူက ချီ စွမ်းအင်နယ်ပယ်ရဲ့ စွမ်းအားကို အထင်သေးလွန်းနေသလိုလို...။ ပြီးတော့... အထင်ကြီးလွန်းနေသလိုလို...။

အထင်သေးမိတာကတော့ ကျန်းပိုင်ရှန်းဟာ မြူဖြူနယ်ပယ်အဆင့်မှာပဲ ရှိသေးပေမဲ့ ချီကို အလံသုံးဆယ်အထိ ပစ်လွှတ်နိုင်ပြီး ရန်သူကို သတ်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့။ ချီက အတွင်းအားထက် အများကြီး ပိုအားကောင်းသည်။

အထင်ကြီးမိတာကတော့... သူ့ကိုယ်ပိုင်စွမ်းအားနှင့် နှိုင်းယှဉ်ကြည့်သည့် အခါ... ချီက အားကောင်းပေမဲ့ သူသာ အား အကုန်ထုတ်လိုက်လျှင်... သူက ပိုသာနေသလိုလိုပဲလေ။

‘ချီ စွမ်းအင် ပညာရှင်တွေရဲ့ အားသာချက်က ချီကို အပြင်ထုတ်နိုင်ပြီး ငါ့ထက် အကွာအဝေးမှာ အသာစီးရတာပဲ။ ဒါပေမဲ့ ငါသာ အနားကပ်နိုင်ခဲ့ရင်... ငါ့ရဲ့ ကြောက်စရာကောင်းတဲ့ ရုပ်ခန္ဓာစွမ်းအားရယ်၊ ပေါများလှတဲ့ အတွင်းအားရယ် ပေါင်းလိုက်ရင် ချီတောင်မှ ငါ့ကို အနိုင်ရနိုင်မှာ မဟုတ်ဘူး။’

နင်ချီက ချီစွမ်းအင်နယ်ပယ်နှင့် သူ၏ အားသာချက်၊ အားနည်းချက်တွေကို တွေးတောနေမိသည်။

သူက ကျန်းပိုင်ရှန်းကို စိတ်ကူးထဲက ပြိုင်ဘက်အဖြစ် သတ်မှတ်ပြီး နောက်ဆုံးမှာတော့ ကောက်ချက်တစ်ခုကို ချလိုက်သည်။

..ငါသာ အား အကုန်ထုတ်သုံးရင်... အစ်ကို ငါးက ငါ့ပြိုင်ဘက် မဟုတ်လောက်ဘူး... မဟုတ်လား။..

နင်ချီ့နှုတ်ခမ်းထောင့်စွန်းက အလိုလို အပေါ်သို့ ကွေးတက်သွားမိမလို ဖြစ်သွားသည်။

သူ မတိုက်ခိုက်ရသေးသော်လည်း၊ သူ၏ ယူဆချက်က မှန်ကန်နိုင်ခြေ များသည်ဟု သူယုံကြည်နေသည်။

မည်သို့ပင်ဆိုစေ... ချီ စွမ်းအင်၏ စွမ်းအားကတော့ သူ့ကို လေးစားစိတ် ဖြစ်စေတုန်းပဲ။ သူသာ ချီ စွမ်းအင် နယ်ပယ်က ပြိုင်ဘက် တစ်ယောက်နှင့် ရင်ဆိုင်ရလျှင်၊ ကိုယ်ဖော့သိုင်း သုံးပြီး ချီကိုရှောင်၊ ပြီးမှ အလျင်အမြန် အနားကပ်ပြီး တစ်ချက်တည်းနှင့် အနိုင်ယူတာ အကောင်းဆုံးပဲဟု သူ တွေးမိသည်။ မဟုတ်လို့ကတော့ ချီ စွမ်းအင်နယ်ပယ်က သူကို အကွာအဝေး ပိုရသွားအောင် ခွင့်ပြုလိုက်ရင် ဒုက္ခရောက်နိုင်သည်။

ကျန်းပိုင်ရှန်း ချီ စွမ်းအင်နယ်ပယ်သို့ တက်လှမ်းနိုင်သည့် သတင်းက ဟိုးလေးတကျော် ဖြစ်သွားလေ၏။

အစစ်အမှန် သိုင်းဂိုဏ်း၏ အခြေအနေက တည်ငြိမ်သွားတော့သည်။

ချီ စွမ်းအင်ပညာရှင် တစ်ယောက်၏ သက်တမ်း အနှစ်လေးရာဟာ မဟာယန်နိုင်ငံမှာ သူ့ကို နာမည်ကျော်စွမ်းအားရှင်တစ်ယောက်အဖြစ် သတ်မှတ်စေခဲ့ပြီး၊ သာမန်အင်အားစုတွေ မစော်ကားရဲသည့့် အင်အား တစ်ခု ဖြစ်လာခဲ့သည်။ ချောင်းမြောင်းနေသည့် မျက်လုံးများစွာလည်း ချက်ချင်း ပျောက်ကွယ်သွားလေတော့၏။

နင်ချီလည်း စိတ်အေးလက်အေးဖြင့် သူ၏ ပဉ္စမမြောက် အသေတုအဖြစ်ကို စတင်ကျင့်ကြံလိုက်တော့သည်။

လတစ်ဝက်ခန့် ကြာပြီးနောက်...

နင်ချီ နိုးထလာခဲ့သည်။

သူ၏ ရုပ်ခန္ဓာက နောက်တစ်ကြိမ် ပြောင်းလဲသွားပြီး၊ ခွန်အားမှာ ခန္ဓာကိုယ်သန့်စင်ခြင်း ပြီးပြည့်စုံမှုအဆင့်၏ ခြောက်ဆအထိ ရောက်ရှိသွားခဲ့သည်။ ဒါက အလွန်အမင်းကို ချဲ့ကားပြောသလို ဖြစ်နေပါသည်။

သို့သော် နင်ချီ့ကို အပျော်ဆုံးဖြစ်စေခဲ့သည်က...

သူ့အတွင်းအား ချိုးဖြတ်နိုင်ခဲ့ခြင်းပင်။

ဆဋ္ဌမအဆင့်နယ်ပယ်၊ အတွင်းစွမ်းအင်ပြီးပြည့်စုံမှု။

လက်ကို ဆန့်တန်းလိုက်ရာ အလွန်အမင်းခိုင်မာသော အတွင်းအားက သူ၏လက်ဖဝါးမှ ထွက်ပေါ်လာပြီး ဆယ်ပေကျော်အထိ ဆက်တိုက်စုစည်းကာ ရှည်ထွက်သွားသည်။ နောက်ဆုံးတွင် သူ၏လက်ဖဝါးမှ ဓားတစ်စင်း ပေါက်ထွက်လာသလိုပင်။

စိတ်တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့်...

မူလက မမြင်နိုင်သော ‘အတွင်းအားဓား’ သည် ပြောင်းလဲသွားပြီး၊ တစ်ခါတစ်ရံ ပူလောင်သောအရှိန်၊ တစ်ခါတစ်ရံ နှင်းခဲများပြည့်နှက်နေသောအရှိန်၊ တစ်ခါတစ်ရံ ပိအန်း၏ ဟိန်းဟောက်သံ၊ တစ်ခါတစ်ရံ ရှေးဟောင်းသိမ်းငှက်၏ စူးရှသော မြည်ဟိန်းသံတို့နှင့်အတူ တုန်ခါလည်ပတ်မှုများနှင့် အခြားသော လျှို့ဝှက်ဆန်းကြယ် ဖြစ်ရပ်မျိုးစုံတို့ဖြင့် ရောယှက်နေပါတော့သည်။

နင်ချီက ပြုံးလိုက်သည်။

“သာမန် နဝမအဆင့် သိုင်းပညာရှင်တွေတောင် ငါ့လောက် အတွင်းအားမခိုင်မာဘူး။ ဆယ်ပေကျော်ရှည်တဲ့ ဒီအတွင်းအားနဲ့ဆိုရင်တော့ အခု ငါ တွက်ဆနိုင်ပြီ။ အစ်ကို ငါးက ငါ့ပြိုင်ဘက်မဟုတ်တော့ဘူး။ သူ့ကို ငါ တော်တော်လေး

လွယ်လွယ်ကူကူတောင် အနိုင်ယူနိုင်လောက်တယ်။”

ထိုအတွေးက ဖျတ်ခနဲဝင်လာပြီးနောက်

နင်ချီ၏ အာရုံက မျောက်ဖြူထံသို့ စိတ်ဝင်တစား ရောက်သွားပြန်သည်။

“အခု အတွင်းအားကို ခန္ဓာကိုယ်အပြင်ဘက် ထုတ်လွှတ်နိုင်ပြီဆိုတော့... သူ့ရဲ့ မွေးရာပါ သွေးကြောထဲက အစွမ်းကို စူးစမ်း လေ့လာကြည့်လို့ ရလောက်ပြီ

ထင်တယ်။”

All Chapters