အခန်း (၇၈၆)
Vol. 57 Ch. 786
" ဒေသကြီးကိုးခုကို ပေါင်းစည်းမယ်.. ဟုတ်လား "
ထိုစကားကြောင့် လောထျန်း မနေနိုင်ဘဲ ယခင် လက်ချောင်းအရိုးနှင့် တိုက်ပွဲကို ပြန်တွေးမိသွားသည်။
" အဲ့ကောင်ကြီးရဲ့ ခန္ဓာကိုယ်အစစ်က အပေါ်ကမ္ဘာရဲ့ ဒေသကိုးခုမှာ ရှိလား ၊ မရှိလားဆိုတာ ငါ မသိဘူး ။ တကယ်သာ ရှိနေရင်တော့ ငါ လောလောဆယ်မှာ သူနဲ့ ယှဥ်နိုင်ဦးမှာ မဟုတ်ဘူး "
ထိုတခဏ၌ သူ့ရင်ထဲမှ ဖိအားကြီးလည်း ပိုကြီးလာသလိုပါပင် ...
သူ မြန်နိုင်သမျှမြန်မြန် ကျင့်ကြံခြင်းအဆင့်တက်ရပေမည် ။
ထိုသို့တွေးကာ လောထျန်း တည်တည်ငြိမ်ငြိမ် ပြော
လိုက်သည်။
" လောလောဆယ် အဲ့ကိစ္စကို ခဏထားလိုက်ပါဦး ။ အခု ပြန်ကြတာပေါ့ "
" ဟုတ်ကဲ့ "
တဖက်လူနှစ်ယောက်မှာလည်း များစွာ ပြောမနေဘဲ လောထျန်းနှင့်အတူ တည်နေရာရွှေ့ပြောင်း၍ ထျန့်ကျီတောင်သို့ ပြန်ရောက်လာကြ၏။
" ရော့... ဒါ မသေမျိုး ရေနွေးကြမ်းပဲ ။ ဒါနဲ့ဆို ခင်ဗျားရဲ့ ဒဏ်ရာတွေကို ပြန်ကုသတဲ့နေရာမှာ အထောက်အကူ ဖြစ်နိုင်တယ် "
လောထျန်း ပြောကာ အမျိုးသမီးအား မသေမျိုးရေနွေးကြမ်း တစ်ခွက် လှမ်းပေးလိုက်သည်။
" ဒါ... ကျေးဇူးတင်ပါတယ် သခင်ကြီး "
လုဟုန်လင်း တုန်လှုပ်သွားရပြန်တော့သည်။
တဖက်လူက သူမအား မသေမျိုးရေနွေးကြမ်းကို ဒီတိုင်းကြီး ပေးနေသည် မဟုတ်ပါလား ...
ကြည့်ရသည်မှာ ထျန့်ကျီတောင်သခင်ကြီးက သူ့လက်အောက်ငယ်သားများအား ကောင်းကောင်းမွန်မွန် ဆက်ဆံပုံပင် ...
" စိတ်မပူပါနဲ့ သခင်ကြီး ၊ ကျွန်မ မျောလွင့်တိမ်တိုက်ငှက်မွေးကို မြန်နိုင်သမျှ အမြန်ဆုံး ပြန်ပြင်ပါ့မယ် "
လုဟုန်လင်း အံကြိတ်၍ ပြောလိုက်သည်။
လောထျန်းက လက်ကာပြလိုက်ပြီးနောက် တဖက်လူအား အေးဆေးနေရန် ပြောပြီး သူ့အခန်းဆီသို့သာ ပြန်သွားလိုက်တော့သည်။
" ပစ္စည်းနှစ်ခုလုံး စုံဖို့ဆိုရင် နောက်ထပ် တစ်လလောက်ကြာဦးမှာ ။ ဒီကြားထဲမှာ အစီအမံတွေကိုပဲ ပိုအားကောင်းကောင် လုပ်ထားတာ ကောင်းပါတယ်လေ "
လောထျန်းမှာ တခြား ဘာမှလည်း လုပ်စရာမရှိသဖြင့် အစီအမံများကိုသာ ပိုအားကောင်းအောင်လုပ်ရန် စဥ်းစားလိုက်၏။
" အင်း.. အခါ သေချာကြည့်လိုက်တော့မှ ဒီအစီအမံ
ကို ပိုကောင်းအောင် လုပ်လို့ရသေးတာပဲ ။ ဒါကို ပြင်လိုက်မယ်ကွာ "
သူ အစောပိုင်းက လုပ်ထားခဲ့သော အစီအမံတစ်ခုကို ကြည့်ရင်း လောထျန်း အတွေးနက်သွားသည်။
ထို့နောက်.. သူ အစီအမံအား ပိုအားကောင်းအောင် လုပ်လိုက်၏။
တစ်ချိန်တည်းမှာပင် ... ထျန့်ကျီတောင် တောနက်တစ်နေရာ၌ ...
" ဟူး... တစ်ရက် ကြာပြီးသွားတော့ ဒီ အစီအမံကနေ နောက်ဆုံးထွက်နိုင်တော့မယ် "
ထျန့်ကျီတောင်သခင်ကြီး သွေးချောင်းဆိုးရင်း အစီအမံအောက်မှ ခက်ခက်ခဲခဲ တွားသွားထွက်လာသည်။
ပြီးခဲ့သည့် တစ်ရက်လုံး သူ လောထျန်း၏ အစီအမံကြောင့် ဖိနှိပ်ခြင်း ခံခဲ့ရပါ၏။
အကယ်၍ သူသာ ကျင့်ကြံခြင်းအဆင့် မမြင့်ထားခဲ့
လျှင်... အသက်ပင် သေသွားနိုင်ပါသည်။
ယခုမှသာလည်း သူ အစီအမံ၏ အစွန်းနားသို့ ခက်ခက်ခဲခဲ တွားသွားထွက်လာနိုင်ခြင်း ဖြစ်ပါ၏။
ရှေ့သို့ နောက်တစ်လှမ်း ထပ်လှမ်းလိုက်လျှင်မူ.. သူ လွတ်မြောက်နိုင်ပေတော့မည် ။
သို့သော်... ထိုစဥ်မှာပင် ...
" ဟင် .... "
တစ်စုံတစ်ခု လွဲနေသည်ကို သူ့ မသိစိတ်ထဲမှ ရုတ်တရက် ခံစားမိသွားပါသည်။
ထို့နောက်တွင်ကား ...
ဝုန်း ...
ဘေးပတ်လည်မှ ဖိအားကြီးက ရုတ်တရက်.. အဆပေါင်းများစွာ ပိုတိုးလာ၏။
အွတ်...
ထျန့်ကျီတောင်သခင်ကြီး ထပ်ဖိနှိပ်ခံလိုက်ရကာ.. သွေးအန်သွားပြီး သူ့ကိုယ်ထဲမှ အရိုးများစွာလည်း ကျိုးကုန်ကြတော့သည်။
" နင့်မေကလွှား %###$% "
သူ ဒေါသတကြီး ဆဲရေးလိုက်ပြီးနောက်... ခဏအကြာမှာပင် မျက်လုံးများ ပြာဝေကာ မေ့လဲကျသွားတော့၏။
ထိုစဥ်.. အခြားတဖက်မှ လောထျန်းမှာ ၊ ပြုပြင်ထားသော အစီအမံကို ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။
" အင်း.. ကောင်းသွားပြီ ။ အစောပိုင်းက ငါတွေးထားတာ မှန်နေတာပဲ ။ အဆင့် ၇ အစီအမံကို ပိုအားကောင်းအောင် တကယ်ကြီးပြင်လို့ရတယ် ။ နည်းနည်းလေး ထပ်လေ့လာဖို့ပဲ လိုနေတာ "
လောထျန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် အခြား အစီအမံများကိုလည်း ထပ်ပြီး ပြင်ဆင်နေလိုက်၏။
ထိုအချိန်တွင် ... ချင်းယွမ်ဒေသ. ၊ ဒါလောင် မြို့၌...
" ဒါလောင် မသေမျိုးဘုရင်ကြီး ၊ ထျန့်ကျီတောင်မှာ ဟိုမိစ္ဆာဝိဥာဥ်ကြီး ပြန်ပေါ်လာပြီဗျ ။ ချင်းယွမ်ဒေသတော့ ကပ်ဘေးကြီးနဲ့ ရင်ဆိုင်နေရပါပြီဗျာ ။ မသေမျိုးဘုရင်ကြီး ၊ ကျေးဇူးပြုပြီးတော့ ဒီနတ်ဆိုးကြီးကို ထပ်ဖိနှိပ်ပြီး ချင်းယွမ်ဒေသက လူတွေကို ကယ်တင်ပေးပါဦးဗျာ "
ခန်းမတစ်ခု၏ အပြင်ဘက်တွင် အဘိုးအိုတစ်စုက ကြမ်းပြင်၌ ဒူးထောက်နေကြပြီး ခန်းမဆောင် ရှိသည့်ဘက်သို့ အော်ဟစ်တောင်းဆိုနေကြ၏။
ထိုစဥ် ခန်းမဆောင်တွင်း ရှိနေသော ဒါလောင် မသေမျိုးဘုရင်၏ မျက်လုံးများ ဖြည်းညင်းစွာ ပွင့်လာသည်။
ဝုန်း ..
ကောင်းကင်နှင့်မြေကြီး ချက်ချင်း အရောင်ပြောင်းသွား၏။
ဒါလောင်မြို့တခွင် ရှိနေကြသော ဓားကျင့်ကြံသူများမှာလည်း သူတို့၏ ဓားစွမ်းရည်များက မတည်မငြိမ် ဖြစ်လာသည်ကို ရုတ်ချည်း ခံစားလိုက်ကြရသည်။
သူတို့၏ ဓားများမှာလည်း သူတို့ထံမှ အချိန်မရွေး ထွက်ခွာသွားကြတော့မည့်အလား အဆက်မပြတ် တုန်ခါလာကြသည်။
" ဒါ... ဒါလောင် မသေမျိုးဘုရင်ကြီးရဲ့ ဓားပညာလား ။ ကြောက်စရာ ကောင်းလိုက်တာကွာ "
" မသေမျိုးဘုရင် ဘွဲ့ရထားတဲ့ သူက သာမာန် မသေမျိုးဘုရင်တွေနဲ့ တကယ်ကြီးကို ကွာတာပဲ ။ ဒီလိုအစွမ်းမျိုးက ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နိုင်မှာနော် "
မရေမတွက်နိုင်သော လူများစွာပင် ဖိအားကြီးကြောင့် ဆံပင်များ ထောင်သွားသလို ခံစားလိုက်ကြရပါသည်။
ထိုစဥ် ဒါလောင် မသေမျိုးဘုရင်ကြီးက ဖြည်းဖြည်း
ချင်း ထရပ်ကာ မျက်မှောင်ကြုံ့ရင်း မေး၏။
" ထျန့်ကျီတောင်သခင်ကြီး ပြန်နိုးလာတယ်.. ဟုတ်လား "
သူ့အသံမှာ ကြမ်းရှရှနိုင်ပြီး အားလုံးနားထဲ၌ မိုးကြိုးသံကို ကြားလိုက်ရသလို ပဲ့တင်ထပ်သွားသည်။
" ဟုတ်တယ်ဗျ ၊ မကြာသေးခင်က ထျန့်ကျီတောင် အနီးတဝိုက်မှာရှိတဲ့ မသေမျိုးစွမ်းအင်သွေးကြောတွေ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုမျိုး လုပ်လာခဲ့ကြတယ် ။ ကျုပ်တို့ အခြေအနေကို သွားချောင်းကြည့်တဲ့ အချိန်မှာတော့ တဖက်လူက ကျုပ်တို့ကို ဖိအားနဲ့ မောင်းထုတ်ခဲ့တယ် ။ တော်တော်များများလဲ ဒဏ်ရာရသွားခဲ့ကြတယ်ဗျ "
အဘိုးအိုတစ်ယောက်က အသံတုန်တုန်ဖြင့် ပြန်ဖြေသည်။
ဒါလောင် မသေမျိုးဘုရင်ကြီး၏ မျက်နှာထား သုန်မှုန်နေပြီးနောက်... သူ့ စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်လိုက်သည်။
တခဏအကြာတွင်မူ.. သူ တအံ့တသြ ရေရွတ်၏။
" ဟင်... ဒါက.. "
" မသေမျိုးဘုရင်ကြီး.. ဘာဖြစ်လို့လဲဗျ "
သူ့ဘေးမှ ခရမ်းရောင်ဝတ် အဘိုးအိုက မြန်မြန်မေးလာသည်။
ဒါလောင် မသေမျိုးဘုရင်ကြီး မျက်မှောင်ကြုံ့၍ ပြန်ပြော၏။
" ငါ အခု စစ်ဆေးကြည့်တာတော့.. ထျန့်ကျီတောင်က ကောင်ကြီးက တကယ်လဲ နိုးလာပြီကွ ။ ဒါပေမယ့်... သူ့ အခြေအနေက တော်တော်ထူးဆန်းတယ် "
" ထူးဆန်းတယ်.. ဘယ်လို ထူးဆန်းတာလဲဗျ "
အားလုံး နားမလည်နိုင် ဖြစ်ကုန်ကြသည်။
ဒါလောင် မသေမျိုးဘုရင်ကြီးက မျက်မှောင်ကြုံ့၍ ဆက်ပြော၏။
" ကြည့်ရတာ.. သူ တစ်ခုခုနဲ့ ချုပ်နှောင်ခံထားရတဲ့ပုံ ... မဟုတ်သေးဘူး ၊ ဖိနှိပ်ခံထားရတဲ့ပုံပဲ "
" ဘယ်လို... ဖိနှိပ်ထားတယ် ။ တားမြစ်နယ်မြေရဲ့ သခင်ကြီးကို ဖိနှိပ်ထားတယ်.. အဲ့လိုက ဖြစ်နိုင်လို့လား "
အဘိုးအို တုန်လှုပ်သွားသည်။
" တခြား မသေမျိုးဘုရင် ဘွဲ့ရထားတဲ့သူ တစ်ယောက်ယောက်ကများ ချင်းယွမ်ဒေသကို ရောက်နေတာများလား "
ထိုစဥ် ဒါလောင် မသေမျိုးဘုရင်ကြီးက ရုတ်တရက် နှာခေါင်းရှုံ့လိုက်၏။
" အဲ့သူ ဘယ်သူပဲ ဖြစ်ဖြစ်ပါ ... ဒီကောင်က ဒီနေရာမှာ နိုးလာရဲတာဆိုတော့ သူ့ကို သေမိန့်ချရတော့မှာပေါ့ "
သူ ပြောကာ လက်တစ်ချက် ယမ်းလိုက်သည်။
ချွှင် ..
ခန်းအလယ်တွင် ရှိနေသော သစ်ကိုင်းတစ်ခု သူ့လက်ထဲသို့ ပျံသန်းလာ၏။
သူ ထိုသစ်ကိုင်းအား လက်ထဲကိုင်လိုက်သည်နှင့်
ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
ခန်းမထဲ ရှိနေသူများထဲမှ ကျင့်ကြံခြင်းအဆင့် နိမ့်ထားသူများဆိုလျှင် ထိုဓားစိတ်ဆန္ဒကြောင့် ချက်ချင်း မေ့လဲကျကုန်ကြ၏။
ကျန် အစွမ်းထက် ကျင့်ကြံသူများမှာလည်း မေ့လဲမကျသွားသည့်တိုင် ထို ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒကြောင့် မအီမသာ ဖြစ်ကုန်ကြပါသည်။
" ဒါ... ဒါလောင် မသေမျိုးသစ်ပင်ရဲ့ အကိုင်းကနေ လုပ်ထားတဲ့ မသေမျိုးဓားလား .. ။ သူ့အစွမ်းက ထိပ်တန်းအဆင့် မူလမသေမျိုးလက်နက်ထက် လုံးဝ မနိမ့်ဘူး "
" အစွမ်းအထက်ဆုံးဓား နဲ့... အစွမ်းအထက်ဆုံး ဓားသမား ပေါင်းလိုက်တော့... ၊ ဒီကမ္ဘာထဲမှာရှိတဲ့ ဘယ်သူကမှ အဲ့ဓားချက်ကို ခံနိုင်မှာ မဟုတ်ဘူး "
အားလုံး တုန်လှုပ်စွာ ဆိုလိုက်ကြသည်။
ထိုစဥ် ဒါလောင် မသေမျိုးဘုရင်က ထျန့်ကျီတောင် ရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။
" ငါ ဒီဓားကို သွေးနေခဲ့တာ နှစ်တစ်သောင်းလောက် ရှိသွားခဲ့ပြီ ။ အခုတော့ အချိန်ကျလာခဲ့ပြီပေါ့ကွာ .... ငါ အဲ့နတ်ဆိုးကို မသေသေအောင် သတ်မယ်လို့ ဆုံးဖြတ်ထားတယ် "
ဝုန်း ...
ဒါလောင် မသေမျိုးဘုရင် ထိုသို့ပြောပြီးနောက်.. သူ့လက်ထဲရှိ ဒါလောင်မသေမျိုးသစ်ပင် အကိုင်းမှ လုပ်ထားသော ဓားရှည်အား ပစ်လွှတ်လိုက်သည်။
ဓားစွမ်းအင်များ လေထဲသို့ ချက်ချင်းတက်သွားပြီး... လေထုပြိုကွဲသွား၏ ။ မရေမတွက်နိုင်သော ထွင်းစာများလည်း အရောင်လက်လာကြသည်။
ထို ကြောက်မက်ဖွယ် အရောင်အဝါကြီးက အပေါ်ကမ္ဘာ တစ်ခုလုံးကိုပင် တုန်ခါသွားအောင် လုပ်လိုက်နိုင်ပါ၏။
မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများလည်း ထိုဓား၏ အရောင်အဝါကြောင့် တုန်လှုပ်ကုန်ကြသည်။
ထိုဓားက ဒေသကြီးကိုးခုလုံးကိုပင် အောင်နိုင်တော့မယောင် ...
ကမ္ဘာတစ်ခုလုံးကို အဆုံးမဲ့ ဖိနှိပ်နိုင်မည့်အသွင် ရှိသော ဓားအစွမ်း အပြည့်ပါသည့် ထိုဓားကြီးက... ရှေ့သို့ တဟုန်ထိုး တိုးသွားသည်။ ၎င်းက မိုင်သန်းချီ အကွာအဝေးအား ခဏလေးအတွင်း ဖြတ်ပြီး မကြာခင်မှာပင် ထျန့်ကျီတောင်သို့ ရောက်လာ၏။
ထိုစဥ်.. ချင်းယွမ်ဒေသ အပြင်ဘက်တွင်ရှိသော အဘိုးအိုတစ်ယောက် ရုတ်တရက် ထရပ်ကာ ... ထျန့်ကျီတောင် ရှိသည့်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။ သူ့မျက်နှာထားလည်း ရုတ်ချည်းပြောင်းသွား၏။
" ဒါလောင် မသေမျိုးဘုရင်ကတော့ တကယ်ပါပဲ.... ။ သူက မသေမျိုးဘုရင်ကို ဓားတစ်ချက်တည်းနဲ့ အနိုင်ယူပြီးတော့ မသေမျိုးဧကရာဇ် အဆင့်နီးပါး
ရောက်အောင် ကြိုးစားချင်နေတာလား "
အဘိုးအို မျက်နှာတည်ဖြင့် ရေရွတ်လိုက်သည်။
အကယ်၍ ဒါလောင်မသေမျိုးဘုရင် သာ မသေမျိုးဧကရာဇ် အဆင့်နီးပါး ရောက်သွားခဲ့ပါက ဒေသကိုးခုလုံးတွင် သူ့ကိုတားနိုင်သူ တစ်ယောက်မှ ရှိတော့မည်မဟုတ်ပါ ။
သို့သော်.. လက်ရှိမှာလည်း သူ့ကို တားရန် နောက်ကျသွားခဲ့လေပြီ ။
ဓားစွမ်းအင်က အသွင်ပြောင်းနေပြီကို သူ ခံစားမိနေသည် မဟုတ်ပါလား ...
ဤကမ္ဘာတွင် မည်သူတစ်ဦးတစ်ယောက်ကမှ ၎င်းကို တားနိုင်မည် မဟုတ်ပါ ။
ထိုဓား အောက်ကျသွားသည်နှင့် ရန်သူအား သတ်ပစ်တော့မည်ဖြစ်ပြီး ... ဒါလောင်မသေမျိုးဘုရင် မှာလည်း နှစ်ပေါင်းသောင်းချီကြာ သွေးထားခဲ့သော ထိုဓားအစွမ်းဖြင့် ကျင့်ကြံခြင်းအဆင့်သစ်သို့ အောင်အောင်မြင်မြင် တက်သွားပေတော့မည်။
အခြား ဒေသကြီးကိုးခုမှ မသေမျိုးဘုရင်များမှာလည်း ၎င်းကို သတိထားမိနေကြပါ၏။ သို့သော် အားလုံးမှာ မည်သို့မှ မတတ်နိုင်ကြဘဲ အတွေးကိုယ်စီဖြင့် ဖြစ်လာတော့မည့် အဖြစ်ကိုသာ ကူကယ်ရာမဲ့ ကြည့်နေကြတော့သည်။
ထိုစဥ် ထျန့်ကျီတောင်၌ ...
" ဟင်... "
အစီအမံများကို ပြင်ဆင်နေသော လောထျန်းတစ်ယောက် တစ်ခုကို သတိထားမိသွား၏။
သူ ကောင်းကင်ယံသို့ ခေါင်းမော့ကြည့်လိုက်သည်။
ချွှင် ...
ထိုစဥ်တွင် ဒါလောင်မသေမျိုးဘုရင် ၏ ဓားက အောက်ကျလာခဲ့လေပြီ ...
လောထျန်း ၎င်းကိုကြည့်ပြီး မျက်မှောင်အနည်းငယ်
ကြုံ့သွားကာ ပြောလိုက်၏။
" ဘယ်ကောင်က ငါ့ရဲ့ ခြံစည်းရိုးကို ယူသွားခဲ့တာလဲ... "