အခန်း (၇၈၇)
Vol. 57 Ch. 787
လောထျန်း ခေါင်းမော့၍ လေထဲမှ သစ်ကိုင်းအား ကြည့်လိုက်သည်။ ၎င်းမှာ ဒါလောင်မသေမျိုးသစ်ပင်၏ အကိုင်း မဟုတ်ပါလား..
ထိုသစ်ကိုင်းက အဘယ့်ကြောင့် လေထဲရောက်နေရပါသနည်း ။
ထို ဓားစိတ်ဆန္ဒကရော ဘာပါလဲ ...
" ထားပါလေ "
လောထျန်း၏ မျက်နှာကြီး သုန်မှုန်သွားကာ ကောင်းကင်ဘုံ လက်ဝါးသိုင်းကို အသက်သွင်းလိုက်သည်။
ထို့နောက်.. ဧရာမ လက်ချောင်းနှစ်ခုက သစ်ကိုင်းအား ဆုပ်ကိုင်လိုက်၏။
တစ်ချိန်တည်းမှာပင်.. မိုင်ပေါင်းသန်းချီ ဝေးသည့်
တစ်နေရာ၌... ဒါလောင်မသေမျိုးဘုရင်ကြီး အော်လိုက်၏။
" ဖျက်ဆီးပစ်.. "
ထျန့်ကျီတောင်ဘက်ခြမ်းတွင် . .
ဝုန်း ...
သစ်ကိုင်းဆီမှ ဓားစိတ်ဆန္ဒတစ်ခု ရုတ်တရက် ပေါက်ထွက်လာကာ ထျန့်ကျီတောင် တစ်ခုလုံးအား မြေတွင်ပြားချပ်သွားအောင် လုပ်တော့မလို ....
သို့သော် ထိုစဥ်မှာပင်..
ဝုန်း ...
လောထျန်း၏ လက်ချောင်းနှစ်ခုက သစ်ကိုင်းကို ဆုပ်ကိုင်လိုက်သည်။
သစ်ကိုင်းမှာ ရုန်းကန်နေကာ .. လောထျန်းအား အဝေးလွင့်သွားအောင် လုပ်ရန် ကြိုးစားနေ၏။
လောထျန်း ၎င်းကိုကြည့်ပြီး မျက်မှောင်ကြုံ့လိုက်သည်။
" အမိန့် မနာခံချင်တဲ့ကောင်ပါလား ။ ကောင်းပြီလေ.. "
သူ ပြောကာ လက် လက်ချောင်းကို ခပ်ပြင်းပြင်း လိမ်လိုက်သည်။
ဝုန်း...
အစွမ်းထက် ဓားစိတ်ဆန္ဒနှင့် သစ်ကိုင်းမှ ကြောက်မက်ဖွယ်အစွမ်းတို့ ချက်ချင်းဖိခြေခံလိုက်ရကာ အမည်းရောင် မီးခိုးအဖြစ် ပြောင်းပြီး ... လေထဲ တက်သွား၏။
လောထျန်းက သစ်ကိုင်းအား ရှေ့သို့ ဆွဲယူကာ မျက်မှောင်ကြုံ့ ကြည့်လိုက်သည်။
" ဒီကောင်က ဘာဖြစ်လို့ ရုတ်တရက်ကြီး တိုက်ခိုက်လာတာလဲ ။ စိတ်ဝိဥာဥ် ဖြစ်လာတာလား ... ထားပါလေ.. ပြန်ပဲထားလိုက်မယ် "
သူ ပြောပြောဆိုဆိုပင် သစ်ကိုင်းအား ခြံစည်းရိုးထဲ ပြန်ထိုးထည့်ထားလိုက်သည်။
ဒါလောင်မသေမျိုးသစ်ပင်၏ အကိုင်းများနှင့် လုပ်ထားသော ခြံစည်းရိုးထဲတွင် ထိုသစ်ကိုင်းမှာ ဘာမှထူးခြားပုံ ပေါ်မနေတော့ပါ ။
ထိုစဥ် မိုင်သန်းချီဝေးသော တစ်နေရာ၌...
အွတ်...
လွန်ခဲ့သော စက္ကန့်ပိုင်းလေးတွင်ပင် အစွမ်းအပြည့်ဖြင့် မသေမျိုးဧကရာဇ် အဆင့်နီးပါး ရောက်လုနီး ဖြစ်နေခဲ့သော ဒါလောင် မသေမျိုးဘုရင်ကြီး.. ရုတ်တရက် သွေးအန်ကာ ကြမ်းပြင်သို့ ဒူးထောက်ကျသွားသည်။
" မသေမျိုးဘုရင်ကြီး "
" ဒါလောင် မသေမျိုးဘုရင်ကြီး.. "
သူ့ဘေးသို့ လူများ အပြေးရောက်လာကြ၏။
" ဒါ မဖြစ်နိုင်ဘူးလေ ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
ထိုစဥ် ဒါလောင် မသေမျိုးဘုရင်ကြီးမှာ အခြေအနေကို မယုံနိုင်ဖြစ်နေဟန် တူပါသည်။
" ဘာဖြစ်လို့လဲ မသေမျိုးဘုရင်ကြီး "
ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုက စိုးရိမ်တကြီး မေးလာ၏။
ဒါလောင် မသေမျိုးဘုရင်ကြီး၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားပြီးနောက်.. အချိန်အတန်ငယ်ကြာမှ သူ အံကြိတ်၍ ပြောသည်။
" တစ်ယောက်ယောက်က ငါ့ဓားကို ချိုးဖျက်သွားခဲ့တယ်ကွ "
" ဘယ်လို... သခင်ကြီး အဲ့ဓားကို လုပ်နေခဲ့တာ နှစ်တစ်သောင်းတောင် ကြာသွားခဲ့ပြီလေ ။ အဲ့ဓားရဲ့ အစွမ်းက ဒီလောက်ကြောက်စရာ ကောင်းတာကို ။ ဒါကို ဘယ်သူက လုပ်လိုက်နိုင်တာလဲ "
ခရမ်းရောင်ဝတ် အဘိုးအို တုန်လှုပ်စွာ ပြော
လိုက်၏။
ဒါလောင် မသေမျိုးဘုရင်ကြီးက ထိုဓားအား နှစ်ပေါင်းမည်မျှကြာ ပြင်ဆင်ခဲ့ရသည်ကို သူ ကောင်းကောင်းကြီး သိထားပါသည်။
ထို ကြောက်မက်ဖွယ် ဓားကြီးကို တစ်ယောက်ယောက်က ချိုးဖျက်သွားခဲ့တယ် တဲ့လား...
ဒါလောင်မသေမျိုးဘုရင်ကြီးက ပါးစပ်ထဲပြည့်နေသော သွေးများကို ထပ်ထွေးထုတ်ရင်း ပြော၏။
" ဘယ်သူဆိုတာ ငါလဲ မသိဘူးကွ ။ ဒါပေမယ့်.. အဲ့လူက ကြောက်စရာကောင်းလွန်းတယ် ။ သူက ငါနဲ့ ဓားနဲ့ကြားက ဆက်သွယ်မှုကိုပါ ဖျက်ဆီးပစ်ခဲ့တာ ။ အခု... ငါ အဲ့ဓားကို အာရုံခံလို့ မရတော့ဘူး "
သူ့စကားကြောင့် အားလုံး၏ မျက်နှာထားများ ပြောင်းသွားကြတော့သည်။
ဒါလောင်မသေမျိုးဘုရင်ကြီးက သူ့ဓားကို အာရုံခံ၍ မရတော့သည့် အကြောင်းအရင်း ဖြစ်နိုင်ချေနှစ်ခု ရှိပါသည်။
ပထမတစ်ခုမှာ.. တဖက်လူက သူ့အစွမ်းကို သုံး၍ ဓားပေါ်မှ ဒါလောင်မသေမျိုးဘုရင်ကြီး၏ လက်စလက်နများအားလုံးကို ဖျက်ဆီးလိုက်ခြင်း ဖြစ်ပြီး ...
ဒုတိယတစ်ခုမှာ တဖက်လူက ဓားအား လုံးဝ ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်ပါ၏။
ထိုနှစ်ခုထဲမှ မည်သည့်တစ်ခုမဆို အလွန် ကြောက်စရာကောင်းလှပါသည်။
အဘယ့်ကြောင့်ဆိုသော် ... မည်သည့် ဖြစ်နိုင်ချေတွင်မဆို... တဖက်လူ၏ အစွမ်းက ဒါလောင်မသေမျိုးဘုရင်ကြီးထက် များစွာသာသည်မှာ သိသာနေသောကြောင့်ပင် ။
" ဒီသတင်းကို အပြင်မထွက်စေနဲ့နော် ။ ငါ့ဓား ဖျက်ဆီးခံလိုက်ရတဲ့အကြောင်းကို လုံးဝ ထုတ်မပြောကြနဲ့ "
ထိုစဥ် ဒါလောင် မသေမျိုးဘုရင်ကြီး ရုတ်တရက် ခေါင်းမော့လာပြီး ခရမ်းရောင်ဝတ် အဘိုးအိုကိုကြ
ည့်၍ ပြော၏။
အဘိုးအိုကလဲ ချက်ချင်း သဘောပေါက်ကာ ခန်းမ တံခါးများအားလုံးကို ရုတ်ချည်း ပိတ်ချလိုက်သည်။
" ဒါလောင်မြို့ဝင်ပေါက်ကို စောင့်ကြပ်နေတဲ့ သူတွေကို သတိပိုထားကြဖို့ သွားပြောလိုက် ။ နတ်ဆိုးတွေ လုံးဝ မကျူးကျော်လာစေနဲ့ "
ဒါလောင်မသေမျိုးဘုရင်ကြီး ဆက်ပြော၏။
" ဟုတ်ကဲ့ပါ သခင်ကြီး "
ခရမ်းရောင်ဝတ်အဘိုးအို ပြန်ပြောလိုက်သည်။
" ပြီးတော့ အားလုံးကိုလဲ ထျန့်ကျီတောင်နား မကပ်ဖို့ ပြောလိုက် ၊ လုံးဝ မကပ်ရဘူးလို့ သေချာမှာလိုက်နော် "
ဒါလောင်မသေမျိုးဘုရင် ဆက်ပြောသည်။
" ဟုတ်ကဲ့ပါ သခင်ကြီး "
ခရမ်းရောင်ဝတ် အဘိုးအို ခေါင်းထပ်ညိတ်ပြလိုက်၏။
" ငါ ဒဏ်ရာတွေ ပြန်သက်သာအောင် ကုလိုက်ဦးမယ် ။ ဒီကြားထဲမှာ လူတွေ ခေါင်းရှုပ်အောင်လို့ ငါ ဒဏ်ရာရထားတယ်ဆိုပြီး သတင်းဖြန့်လိုက်ကွာ.. "
ဒါလောင်မသေမျိုးဘုရင်ကြီး ထပ်ပြောလိုက်သည်။
" ဟင်... "
ခရမ်းရောင်ဝတ်အဘိုးအို ရုတ်တရက် မှင်သက်သွားသော်လည်း ချက်ချင်းမှာပင် အသိဝင်သွားပါသည်။
ယနေ့ ဖြစ်ပျက်ခဲ့သော အဖြစ်ပျက်ကို ဒေသကြီးကိုးခုမှ မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများစွာပင် မြင်တွေ့ခဲ့ကြသည်ဖြစ်ရာ အားလုံးကို ဖုံးကွယ်ထား၍ မဖြစ်ပါချေ ။
သတင်းကို ဖုံးထားပါက အားလုံး သို့လောသို့လောဖြင့် အခြေအနေ ပိုဆိုးရန်သာ ရှိပါ၏။
သို့သော်... ဒါလောင်မသေမျိုးဘုရင်ကြီး ဒဏ်ရာရထားသည်ဟုသာ သတင်းလွှင့်ထားလိုက်လျှင်မူ... တဖက်လူများက သံသယဝင်ရုံသာ ဝင်မည်ဖြစ်ပြီး... မသေမျိုးဘုရင်ကြီးလည်း ဒဏ်ရာများကို ကု
သရန် အချိန်ပိုရသွားပေမည် ။
" ဟုတ်ကဲ့ပါ သခင်ကြီး "
ခရမ်းရောင်ဝတ်အဘိုးအို ပြောလိုက်သည်။
ကိစ္စများအားလုံး စီစဥ်ပြီးသွားသည့် နောက်တွင်မူ .. ဒါလောင်မသေမျိုးဘုရင်ကြီးက ကောင်းကင်ယံသို့ မော့ကြည့်ရင်း ခြောက်ကပ်ကပ်အပြုံးဖြင့် ပြော၏။
" ထျန်းမင်တောင်က ဗျာဒိတ်မှာ ပြောထားတာတော့ ဒီသက်တမ်းမှာ မသေမျိုးဧကရာဇ် တစ်ယောက် ပေါ်လာမယ်တဲ့ ။ ဒါပေမယ့်... မဟာတာအိုစစ်ပွဲကြီး မစသေးတာတောင်.. ငါ ကျရှုံးသွားခဲ့ရပြီ ။ ရယ်စရာ ကောင်းလိုက်တာကွာ... "
သူ ထိုသို့ ပြောပြီးသည်နှင့် နောက်လှည့်၍ ထွက်ခွာသွားတော့သည် ။
ထိုစဥ်.. တဖက်မှ ထျန့်ကျီတောင်တွင် ရှိနေသော လောထျန်းမှာကား အပြင်ကမ္ဘာ၌ ဘာတွေဖြစ်နေသည်ကို လုံးဝ မသိရှာပါ ။
နောက် ရက်အနည်းငယ်အတွင်း၌လည်း သူ အိမ်တွင်သာနေ၍ အစီအမံများကို အစွမ်းပိုတိုးအောင် လုပ်နေခဲ့ပါ၏။
ဆယ်ရက်ကျော် ကြာသွားပြီးနောက်တွင်မူ .... ထျန့်ကျီတောင်အနီးမှ အစီအမံများအားလုံး အစွမ်းအထက်ဆုံး အခြေအနေသို့ ရောက်လာခဲ့တော့သည်။
" ဘာမှလဲ လုပ်စရာ မရှိတော့ဘူးကွာ ။ ပျင်းလိုက်တာ "
လောထျန်းတစ်ယောက် တောင်ပေါ်တွင် အနှံ့ရှိနေသော အစီအမံများကို ကြည့်ရင်း အလွန်ပျင်းလာတော့၏။
ထိုစဥ်မှာပင် ...
ဝီ ...
သူ့ ဆက်သွယ်ရေးအဆောင်က ရုတ်တရက် အရောင်လက်လာသည်။
" ဟင်... "
လောထျန်း အံ့အားသင့်သွားကာ အဆောင်ကို ချက်ချင်းကောက်ကိုင်လိုက်၏။
တိုင်လင်စင်မြင့်မှ ရှောက်ရ၏အသံ ရုတ်တရက် ထွက်လာသည်။
" လက်ထောက်ဂိုဏ်းချုပ်ကြီး.. အခု ဒါယွိနိုင်ငံမှာပဲ ရှိနေသေးတာလား "
သူမ၏ အသံမှာ အရေးတကြီးပုံ ပေါက်နေပါသည်။
" ဟုတ်တယ်ဗျ ။ ဒီမှာပဲ ရှိသေးတာ.. ဘာလို့လဲ "
လောထျန်း ပြန်မေးလိုက်သည် ။
ရှောက်ရ၏ အသံက သိသိသာသာပင် စိတ်လှုပ်သွားဟန် တူ၏။
" အလုပ်ဖြစ်ပြီ သခင်ကြီး.. အလုပ် အကြီးကြီးပဲ "
" အလုပ်ကြီး.. ဟုတ်လား ၊ ဘယ်လို အလုပ်ကြီးလဲ "
လောထျန်း နားမလည်နိုင်စွာ ထပ်မေးလိုက်သည်။
ရှောက်ရက စိတ်လှုပ်ရှားစွာ ဆို၏။
" တစ်ယောက်ယောက်က အဆင့်ခွန် အစီအမံတစ်ခု လာဝယ်နေတယ် သခင်ကြီးရဲ့ ။ သူ ပေးတဲ့စျေးကလဲ အပြင်က ပေါက်စျေးထက်ကို ဆယ်ဆလောက် ပိုများတယ် ။ ပြီးတော့... သူက အစီအမံတွေကို ရသလောက်ယူမှာတဲ့ ။ ဒါပေမယ့်.. ကျွန်မတို့က အဲ့လိုအဆင့်ရှိတဲ့ အစီအမံကို မလုပ်နိုင်ဘူးလေ ။ ဒါပေမယ့်... လက်ထောက်ဂိုဏ်းချုပ်ကြီးသာ လာခဲ့မယ်ဆိုရင်တော့ သေချာပေါက် ဖြစ်နိုင်မှာ "
လောထျန်း ခဏတာမျှ မှင်သက်သွားပြီးမှ ပြန်ပြောလိုက်သည် ။
" သူတို့က ဘယ်လောက်လိုချင်တာတဲ့လဲ "
" အင်း .... "
လောထျန်း စဥ်းစားကာ ခေါင်းညိတ်လိုက်၏။
" ကောင်းပြီ ၊ ကျုပ် မကြာခင် လာခဲ့ပါ့မယ် "
ကောင်းကင်ဘုံစင်မြင့်အား ကိုယ်တိုင်တည်ဆောက်ရန် ဆိုလျှင်.. ပစ္စည်းများလည်း များစွာပင် ဝယ်ယူရပေမည် ။
ထိုသို့ ဝယ်ရန်မှာလည်း ငွေကြေးအရင်းအမြစ်များ လိုအပ်ပါ၏။
သို့ဖြစ်ရာ... ယခုလို ပိုက်ဆံရနိုင်သော အခွင့်ကောင်းမျိုးက အရေးကြီးလှပါသည်။
သို့မဟုတ်လျှင်.. သူ ပိုက်ဆံပြတ်ချိန်၌ အခြားသူများကို ဓားပြသွားတိုက်၍လည်း မရဘူး မဟုတ်ပါလား ...
သို့သော်... အမှန်တွင်မူ သူ ထိုသို့လုပ်ချင်လျှင် လုပ်၍ရပါ၏။
မည်သို့ပင်ဆိုစေ ... အစီအမံများ ရောင်းပြီး ပိုက်ဆံရှာခြင်းက ရာဇဝတ်မှု ကျူးလွန်ရာ မရောက်သလို ၊ ကျိုးကြောင်းလည်း ဆီလျော်ပါသည်။ ထို့အပြင် သူ့အတွက် အစီအမံများအား လေ့ကျင့်ရာတွင်လည်း အကူအညီ ဖြစ်သေးရာ... မလုပ်စရာ အကြောင်းမရှိပါချေ။
ထို့နောက်တွင် သူ လီချင်းယွမ်အား
အကျိုးအကြောင်း အနည်းငယ်ပြောပြပြီး.. တည်နေရာရွှေ့ပြောင်းကာ ထွက်လာခဲ့လိုက်သည်။
မကြာခင်မှာပင်.. လောထျန်းတစ်ယောက် တိုင်လင်စင်မြင့် ရှေ့သို့ ရောက်လာခဲ့၏။
" လက်ထောက်ဂိုဏ်းချုပ်ကြီး.. ပြန်ရောက်လာပြီ "
လောထျန်း ရောက်လာသည်ကို မြင်သည်နှင့် ရှောက်ရ၏ မျက်နှာ ချက်ချင်းဝင်းပသွားသည်။
" အင်း... ဧည့်သည်တွေက ဘယ်မှာလဲ "
လောထျန်း မေးလိုက်၏။
" အဲ့မှာပါ.. "
ရှောက်ရ ပြောရင်း တစ်နေရာသို့ လက်ညိုးညွှန်ပြလိုက်သည်။
လောထျန်း လှည့်ကြည့်လိုက်ရာ... ခန်းမထောင့် တစ်နေရာ၌ မိန်းမချောလေးတစ်ဦး မျက်နှာငယ်လေးဖြင့် ထိုင်နေသည်ကို မြင်လိုက်ရသည် ။
လောထျန်း ဝင်လာသည်ကို မြင်ချိန်တွင်မူ မိန်းမချော
လေးက သိသိသာသာပင် အံ့သြသွားပုံတူကာ.. ရှောက်ရကို လှည့်ကြည့်၍ မေးသည်။
" အဲ့ဒါ ရှင်ပြောတဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီး ဆိုတာလား... "
ရှောက်ရက မြန်မြန် ခေါင်းညိတ်ပြလိုက်၏။
" လက်ထောက်ဂိုဏ်းချုပ်ကြီး အစစ်ပါ "
မိန်းမပျိုက လောထျန်းအား ခေါင်းစခြေဆုံး ကြည့်လိုက်ပြီးနောက် မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။
" သူက အဲ့လောက်ငယ်သေးတာ.. ပြီးရင် မသေမျိုးစွမ်းအင်လဲ မရှိသေးဘူး... စိတ်စွမ်းအင်ပဲ ရှိသေးတာ ။ သူ့လို လူတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ တိုင်လင်စင်မြင့်ရဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီး ဖြစ်လာခဲ့တာလဲ ။ ကြည့်ရတာ တိုင်လင်စင်မြင့်က တော်တော်လေး အကျဘက်ရောက်နေပြီနဲ့ တူတယ် "
မိန်းမငယ် စိတ်ထဲမှ တွေးကာ မနေနိုင်ဘဲ သက်ပြင်းချလိုက်၏။
" ကျွန်မ တောင်းပန်ပါတယ်ရှင် ။ ကြည့်ရတာ ကျွန်မ နေရာမှားပြီး လာခဲ့မိတယ်နဲ့ တူတယ် "
ထို့နောက် သူမ နောက်လှည့်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။
" ဟေ့ ... မိန်းကလေး ၊ ခဏလေး နေပါဦးရှင် ။ အဆင့်ခွန် မသေမျိုးအစီအမံ မဝယ်ချင်တော့ဘူးလား "
ရှောက်ရက မြန်မြန် အော်ခေါ်၏။
ထိုစကားကို ကြားသောအခါ မိန်းမပျို ခေတ္တမျှ ရပ်လိုက်ပြီးနောက်.. လောထျန်းဘက် တစ်ချက်လှည့်ကြည့်၍ ပြောလိုက်သည်။
" ကျွန်မ ဝယ်ချင်ပါတယ် ။ ဒါပေမယ့်... သူက လုပ်နိုင်ပါ့မလား "