အခန်း (၇၉၀)
Vol. 57 Ch. 790
ရထားလုံးပေါ်၌ ...
လောထျန်းမှာ အခန်းတစ်ခုထဲ တစ်ယောက်တည်းထိုင်၍ အစီအမံပုံကြမ်းများ ဆက်ရေးနေ၏။
ယွမ်လောလင် နှင့် ရှောက်ရတို့မှာမူ အခြားအခန်းတစ်ခုထဲ ရှိနေကြသည်။
" မိန်းကလေးယွမ် ၊ ဒီလောက်များတဲ့ အဆင့်၇ မသေမျိုးအစီအမံပုံကြမ်းတွေကို ဘာလို့ ရုတ်တရက်ကြီး ဝယ်ချင်ရတာလဲ သိခွင့်များ ရှိမလား "
ရထားလုံး စရွေ့သွားသည်နှင့် ရှောက်ရ မေးလိုက်သည်။
ယွမ်လောလင်က သက်ပြင်းချ၍ ပြန်ပြော၏။
" အဲ့ဒါတွေက ကျွန်မတို့ ယွမ်မိသားစုအတွက် စမ်းသပ်မှုတစ်ခုပါရှင် "
" စမ်းသပ်မှု .. ဟုတ်လား.. "
ရှောက်ရ နားမလည်ဖြစ်သွားသည်။
ယွမ်လောလင် ခေါင်းညိတ်၍ စကားဆက်၏။
" ကျွန်မတို့ ယွမ်မိသားစုက တော်တော်ကြီးတယ်ရှင့် ။ မိသားစုထဲမှာ အဖွဲ့ခွဲတွေ အများကြီးရှိပြီးတော့ မိသားစုကို တစ်လှည့်စီ ဦးဆောင်အုပ်ချုပ်ကြတယ် "
" ပြီးတော့ ခေါင်းဆောင်နေရာအတွက် ယှဥ်ပြိုင်တဲ့အချိန်မှာလဲ မိသားစုအတွင်းမှာ ပြဿနာတွေ မဖြစ်အောင်လို့ အကြီးပိုင်းတွေကို ဝင်ပြိုင်ခွင့် မပေးထားဘူး ။ လူငယ်မျိုးဆက်ထဲက ကိုယ်စားပြုလူငယ်တွေကပဲ ဝင်ပြိုင်ကြတာ ။ အဲ့မှာ အနိုင်ရတဲ့ သူကတော့ မိသားစုကို နှစ်ပေါင်းတစ်ရာ အုပ်ချုပ်ခွင့် ရတာပေါ့ရှင် "
ရှောက်ရ သဘောပေါက်သွားသည်။
" ဒါဆိုရင်.. ဒီတစ်ခေါက် ပြိုင်ပွဲက အဆင့်၇ မသေမျိုးအစီအမံပုံကြမ်းတွေ ဝယ်ဖို့လား "
ယွမ်လောလင် ခေါင်းညိတ်လိုက်၏။
" ဟုတ်တယ်ရှင့် ။ ကျွန်မတို့ ယွမ်မိသားစုရဲ့ လက်ရှိဂုဏ်သိက္ခာက ကျွန်မတို့ရဲ့ စီးပွားရေးနဲ့ ဆက်စပ်နေတာ သခင်မကြီးလဲ သိမှာပါ ။ ဒီတော့ တခြားမိသားစုတွေကို တိုက်ခိုက်သတ်ဖြတ်တဲ့ ပြိုင်ပွဲမျိုးက ကျွန်မတို့အတွက် အဆင်မပြေဘူးလေ ။ အဲ့တော့ ကျွန်မတို့ မိသားစုမှာလုပ်တဲ့ ပြိုင်ပွဲတွေက စီးပွားရေး အမြော်အမြင်ရယ် ၊ ဆက်သွယ်မှုကောင်းကောင်း ရှိ၊မရှိရယ်.. အဲ့လိုဟာတွေကိုပဲ အခြေခံထားတာ "
ရှောက်ရ တအံ့တသြ မေးလိုက်သည်။
" ဒါပေမယ့်... အဆင့် ၇ မသေမျိုးအစီအမံပုံကြမ်း ဝယ်တာက အဲ့နှစ်ချက်နဲ့ ဘယ်လိုပတ်သက်လို့လဲ "
ယွမ်လောလင် အောင့်သက်သက် ပြုံးလိုက်၏။
" ပတ်သက်တာပေါ့ရှင် ။ အရင်ဆုံး.. အဆင့် ၇ မသေမျိုးအစီအမံပုံကြမ်းဆိုတာ အင်မတန်မှကို ရှားတယ်လေ ။ ဒါပေမယ့် အဲ့လောက်က အဖွဲ့ကြီးတွေကြားထဲမှာ ပြဿနာဖြစ်ရလောက်တဲ့အထိတော့ မဟုတ်ပြန်ဘူး ။ အဲ့တော့ စမ်းသပ်ပွဲအတွက် အကောင်းဆုံးအကြောင်းအရာပေါ့ရှင် "
" အဲ့ အစီအမံပုံကြမ်းကိုလဲ စီးပွားစျေးစွမ်းရည်နဲ့ အဆက်သွယ်ကောင်းတွေ မရှိထားရင် ဝယ်လို့မရဘူး မဟုတ်လား "
သူမ ပြောကာ သက်ပြင်းထပ်ချလိုက်သည်။
တိုင်လင်စင်မြင့်သို့ မရောက်ခင်တွင်.. သူမ ဒါယွိနိုင်ငံထဲမှ မရေမတွက်နိုင်သော အဖွဲ့ပေါင်းစုံသို့ လှည့်ပတ်သွားခဲ့သည့်တိုင်... အစီအမံပုံကြမ်း တစ်ခုလေးပင် မရခဲ့ပါ ။
ထိုသို့ ဖြစ်ရခြင်းမှာလည်း သူမ၏ ပြိုင်ဘက်များက ကြိုတင်စီစဥ်ထားသောကြောင့် ဖြစ်သည်ကို သူမ ကောင်းကောင်းသိပါသည်။
ထို့ကြောင့်လည်း အစပိုင်းတွင် သူမ စမ်းသပ်မှုကို အောင်မြင်မည်ဟု လုံးဝ မတွေးခဲ့ပါချေ။
သို့သော် သူမ တိုင်လင်စင်မြင့်၏ နာမည်ကို ရုတ်တရက် သတိရသွားခဲ့ကာ ကံစမ်းရန်အတွက် သွားခဲ့ပါ၏။
ထိုသို့ သွားခဲ့စဥ်တွင်လည်း သူမ ဘာကိုမှ သိပ်မမျှော်လင့်ခဲ့ပါ ။
ထိုသို့ တွေးနေရင်း ယွမ်လောလင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိသွားသည်။
သူမပါဝင်သော မိသားစုအခွဲသည် မိသားစုအား ဦးမဆောင်နိုင်ခဲ့သည်မှာ နှစ်ပေါင်းသုံးထောင်နီးပါး ရှိသွားခဲ့လေပြီ ။
သို့ဖြစ်ရာ... ဤတစ်ကြိမ်တွင် သူမ မဖြစ်မနေ အောင်မြင်မှ ဖြစ်ပါမည် ။
ထိုစဥ် မင်ယွိ မြို့ ၊ ယွမ် မိသားစု၌...
" ယွမ်ဖုန်း ၊ ဒီ စမ်းသပ်ပွဲမှာ ဘာပြဿနာမှ မရှိလောက်ဘူး မဟုတ်လား "
မိသားစုခေါင်းဆောင် ၊ ယွမ်ကျဲ့နန်က မသေမျိုးရေနွေးကြမ်း တစ်ခွက်ကို လက်ထဲတွင် ကိုင်ထားရင်း မေးလိုက်သည်။
" စိတ်မပူပါနဲ့ ဂိုဏ်းချုပ်ကြီး ၊ ကျူပ် အားလုံးကို စီစ
ဥ်ထားပြီးပါပြီ ။ ဟို ယွမ်လောလင် ဆိုတဲ့ မိန်းကလေး အဆင့် ၇ မသေမျိုးအစီအမံပုံကြမ်း တစ်ခုလေးတောင် ဝယ်လို့ရမှာ မဟုတ်ဘူး ။ ပြီးတော့ ကျုပ်မှာ တခြား အရံအစီအစဥ်တွေလဲ ရှိထားသေးတယ်ဗျ ။ အဲ့ မိန်းကလေးက ကံကောင်းပြီးတော့ အစီအမံပုံကြမ်း နည်းနည်းလောက် ဝယ်လို့ရခဲ့ရင်တောင် သခင်လေးကပဲ နိုင်မယ်ဆိုတာ ကျုပ် အာမခံနိုင်တယ် "
ယွမ်ဖုန်းက အပြုံးဖြင့် ပြန်ပြောသည်။
ယွမ်ကျဲ့နန် ပြုံး၍ ခေါင်းညိတ်လိုက်၏။
" ကောင်းတယ်ကွာ "
ထို့နောက်တွင်... သူ့မျက်နှာထား ရုတ်တရက်အေးစက်သွားကာ အေးစက်စက်အသံဖြင့် ပြောလိုက်သည်။
" အဲ့ ယွမ်ချန်းမျိုးဆက်တွေက မိသားစုကို ပြန်အုပ်ချုပ်ဖို့ အိမ်မက် မက်နေရဲကြသေးတယ် ။ တကယ့်ကို အရူးကောင်တွေပဲ ။ ငါ့ကို စောင့်ကြည့်နေကြတဲ့ အကြီးအကဲတွေကြောင့်သာ မဟုတ်ရင် ငါ သူတို့အားလုံးကို သတ်ပစ်တာ ကြာလှပြီ "
ထိုစကားကို ကြားသောအခါ ယွမ်ဖုန်းက
တီးတိုးပြောသည်။
" ဂိုဏ်းချုပ်ကြီး ..စကားကို သတိထားပါဗျာ ။ အကြီးအကဲတွေက မိသားစုအတွင်းမှာ တိုက်ပွဲဖြစ်တာကို မုန်းကြတာ ဂိုဏ်းချုပ်ကြီးလဲ သိတာပဲ "
ယွမ်ကျဲ့နန် ပြန်တည်ငြိမ်သွား၏။
" ငါ သိတယ် ။ ဒါပေမယ့်.. အဲ့ မိန်းကလေး ယွမ်လောလင်က လက်ထပ်ဖို့တောင် အရွယ်ရောက်နေပြီ မဟုတ်လား "
ယွမ်ဖုန်းက တစ်ခုကို တွေးမိသွားဟန်ဖြင့် မျက်လုံးများ ရုတ်တရက် အရောင်လက်သွားသည်။
" အမှန်ပဲ ။ ဒီတစ်ခေါက် စမ်းသပ်ပွဲ ပြီးသွားရင် ကျုပ် သူ့အတွက် လက်ထပ်ပွဲတစ်ခု စီစဥ်လိုက်မယ်ဗျာ ။ ကျုပ်ဆီမှာ ဘာမှ မကျင့်ကြံနိုင်တဲ့ သုံးစားမရတဲ့ အမျိုးတစ်ယောက် ရှိနေတာနဲ့ အတော်ပဲ ။ သူ့အရပ်က လေးပေလောက်ပဲ ရှိပြီးတော့ .. အိမ်သာဆေးကြမ်းတိုက် လုပ်နေရတာ "
ယွမ်ကျဲ့နန် မျက်မှောင်ကြုံ့သွား၏။
" အင်း သူကတော့ တကယ်လိုက်ဖက်တယ် ။ ဒါပေမယ့်.. သူက မကျင့်ကြံနိုင်ဘူးဆိုတော့ သူတို့
လက်ထပ်ပြီးသွားရင် ကောင်မလေးက သူ့-ကို အနိုင်မကျင့်နိုင်ဘူးလား "
ယွမ်ဖုန်း ခေတ္တမျှ စဥ်းစားကာ ခေါင်းညိတ်လိုက်သည်။
" တကယ်တော့ ကျုပ်လဲ အဲ့ဒါကို စိုးရိမ်တာဗျ ။ အဲ့တော့ ယွမ်လောလင်အနေနဲ့ တခြားသူတွေကို အနိုင်ကျင့်ပြီး ကျုပ်တို့ ယွမ်မိသားစုရဲ့ နာမည်ကို မထိခိုက်နိုင်အောင်လို့ သူ လက်မထပ်ခင် သူ့ရဲ့ ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်လိုက်တာ မကောင်းဘူးလား ။ ဒါဆိုရင် သူတို့ရဲ့ အိမ်ထောင်ရေးလဲ အဆင်ပြေသွားမှာလေ "
ယွမ်ကျဲ့နန် ပြုံးသွားသည်။
" ဟုတ်တယ် ။ ငါတို့လို အကြီးအကဲတွေက လူငယ်မျိုးဆက်အတွက် ရေရှည်ကို စဥ်းစားပေးရမှာ "
" သခင်ကြီးက တကယ်ကို စိတ်နှလုံးကောင်း ရှိတာပဲဗျာ "
ယွမ်ဖုန်း ပြန်ဖားလိုက်သည်။
ထိုစဥ်မှာပင်...
" ဂိုဏ်းချုပ်ကြီးကို သတင်းပို့ပါတယ် ။ ယွမ်လောလင် ပြန်ရောက်လာပြီဗျ "
ယွမ်မိသားစုမှ အစေခံတစ်ယောက် ရောက်လာကာ သတင်းပို့သည်။
" ဟင်.. အဲ့လောက်မြန်မြန်ကြီး ရောက်လာတာလား ။ မိသားစု စည်းမျဥ်းတွေအတိုင်း ဆိုရင် စမ်းသပ်ပွဲရဲ့ ရလဒ်ကို ပြိုင်ပွဲဝင်တွေအားလုံး ပြန်ရောက်လာမှ ဆုံးဖြတ်ရမှာ ။ ဘိုးဘေးကို သွားပြောလိုက်ဦးကွာ.. ပြီးရင် ကျန်တဲ့သူတွေအားလုံးကိုရော ခန်းမရှေ့ လာခဲ့ဖို့ ပြောလိုက် "
ယွမ်ကျဲ့နန် ပြောလိုက်၏။
" ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်ကြီး "
တဖက်လူ ပြန်ပြောသည်။
ဤသို့ဖြင့် မကြာခင်မှာပင် ယွမ်မိသားစုခန်းမက လူများဖြင့် ပြည့်သွားပါတော့သည်။
ထိုစဥ်မှာပင် ယွမ်လောလင်၏ ရထားလုံးကလည်း ယွမ်မိသားစု ဂိတ်တံခါးဝသို့ ဆိုက်ရောက်လာ၏။
ယွမ်လောလင်မှာ စိုးရိမ်မှုကို မဖုံးကွယ်နိုင်ဘဲ အသက်ရှူ မြန်နေရှာပါသည်။ ထို့နောက် သူမ အသက်ပြင်းပြင်းရှိုက်ကာ ရုတ်တရက် နောက်လှည့်၍ မေးလိုက်သည်။
" လက်ထောက်ဂိုဏ်းချုပ်ကြီး လောထျန်း... ဟုတ််တယ်မလားရှင့် ။ သခင်ကြီးရဲ့ အဆင့်၇ မသေမျိုးအစီအမံပုံကြမ်း အရေအတွက်က ၇၀၀ ကျော်ဆိုတာ မှန်ရဲ့လား "
၎င်းမှာ သူမ ဤပြိုင်ပွဲတွင် နိုင်နိုင်သည့် ဝှက်ဖဲကြီးဖြစ်ရာ.. မှား၍ မဖြစ်ပါချေ။
သို့သော် လောထျန်း ပြန်ပြောလာ၏။
" မဟုတ်ဘူး.. အရေအတွက်က မှားနေတယ် "
" ဘယ်လို... "
ထိုစကားကို ကြားသည်နှင့် ယွမ်လောလင်တစ်ကိုယ်လုံး မိုးကြိုးအပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
မှားတယ် တဲ့လား ..
တဖက်လူက သူမကို မယုံသောကြောင့် အစီအမံပုံကြမ်းများအားလုံး မယူလာခြင်းပေလား ...
သို့ဆိုလျှင် သူမ ရှုံးသွားနိုင်ပါ၏။
သူမ ကူကယ်ရာမဲ့ ဖြစ်နေစဥ်မှာပင် လောထျန်းက ဆက်ပြောလာသည်။
" ၇၀၀ မဟုတ်ဘူး... အားလုံးပေါင်း ၃၂၂၁ ခု ရှိတယ် "
လောထျန်းက ပြောပြောဆိုဆိုပင် အဆောင်ကျောက်ပြား အထပ်ကြီးအား ထုတ်ပြလိုက်သည်။
သူ ထို အဆောင်ကျောက်ပြားများအား လမ်းတွင် ရေးခဲ့ခြင်းပင် ...
" ဟင်... "
ယွမ်လောလင်တစ်ယောက် မှင်သက်သွားရတော့သည်။
" ရှင်တို့ပြောတော့ ခုနစ်ရာပဲ ရှိတာဆို... "
သူမ လောထျန်းအား တုန်လှုပ်စွာ ကြည့်လိုက်၏။
ထိုစကားကို ကြားသောအခါ တဖက်လူက ထိုမျှမဝယ်နိုင်သောကြောင့် ဖြစ်ရမည်ဟု လောထျန်း ထင်သွားပြီး ပြောလိုက်သည်။
" ဟင်... အရမ်းကြီး များသွားလို့လား ။ ကျုပ် မင်းကို 10% လျှော့စျေးပေးပါ့မယ် "
10 % လျှော့စျေးပေးလျှင်ပင် သူ ပိုက်ဆံများစွာ ကျန်ဦးမည် ဖြစ်ပါသည်။
ထိုအချိန်မှာပင် ယွမ်လောလင်က တုန်လှုပ်နေရမှာ အသိပြန်ဝင်လာသည်။
" တိုင်လင်စင်မြင့်က အဆင့် ၇ မသေမျိုးအစီအမံပုံကြမ်းတွေ အဲ့လောက်အများကြီးကို လုပ်နိုင်တာလား ။ အပြင်မှာ ထွက်နေတဲ့ သတင်းတွေက သတင်းမှားတွေလား ။ တိုင်လင်စင်မြင့်က အကျဘက် ရောက်နေတာ မဟုတ်ဘဲနဲ့.. သူတို့ရဲ့အစွမ်းကို တမင်ဖွက်ထားတာလား မသိဘူး "
ထိုဖြစ်နိုင်ချေကို တွေးမိသည်နှင့် ယွမ်လောလင်၏ မျက်လုံးများ အရောင်ပြောင်းသွားကာ လောထျန်းနှ
င့် ရှောက်ရတို့အား တုန်လှုပ်စွာ ကြည့်လိုက်သည်။
" ခုလို ကျွန်မဘက်က စဥ်းစားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် သခင်ကြီး။ ကျွန်မ အားလုံးကို မူရင်းစျေးအတိုင်းပဲ ဝယ်ပါ့မယ်ရှင် "
ယွမ်လောလင် ပြောလိုက်သည်။
ထို အဆင့် ၇ မသေမျိုးအစီအမံပုံကြမ်း အားလုံးကို ဝယ်ရန်ဆိုလျှင် အကုန်အကျ များမည်ဖြစ်သော်လည်း ..
သူမတို့ ယွမ်မိသားစု၏ ဒါယွိနိုင်ငံတွင်း သြဇာလွှမ်းမိုးနိုင်မှုဖြင့်ဆိုလျှင်.. ၎င်းတို့ကို မြန်မြန်ပြန်ရောင်းထုတ်နိုင်မည်မှာ သေချာပါသည်။
ထိုအဆင့်မျိုးရှိသည့် အစီအမံပုံကြမ်းများကို ရောင်းထုတ်ရန်မှာလည်း မခက်လှလူး မဟုတ်ပါလား..
" အိုး ကောင်းတာပေါ့ "
လောထျန်း ခေါင်းညိတ်လိုက်သည်။
ယွမ်လောလင် ဆက်ပြော၏။
" အထဲမှာ ခဏစောင့်နေပါဦးနော် သခင်လေး ။ ကျွန်မ ဒီကိစ္စကို စမ်းသပ်ပွဲ ပြီးသွားတာနဲ့ ရှင်းပေးပါ့မယ် "
လောထျန်းမှာလည်း အလျင်မလိုလှသဖြင့် အေးဆေးပင် ခေါင်းညိတ်ပြလိုက်သည်။
သို့သော်... ထိုစဥ်မှာပင်..
" ဟား ဟား.. ကြည့်လိုက်ဦးဟေ့ ။ ယွမ်လောလင်.. မင်းက အရှုံးသမားပါလားကွာ ။ အဆင့်၇ မသေမျိုးအစီအမံပုံကြမ်းလေး တစ်ခုကိုတောင် အကြွေးတင်ခဲ့တာလား "
ဆံပင်များအားလုံးကို နောက်သို့ဖြီးထားပြီး မျက်နှာတွင် ပေါင်ဒါမှုန့်များ လိမ်းထားသော လူငယ်တစ်ယောက် အပြုံးဖြင့်ဆိုကာ လျှောက်လာသည်။
" ယွမ်လောလင် .. ဒီတစ်ကြိမ် မင်း ရှုံးမှာပါကွာ "
သူ ပြောလိုက်၏။