အခန်း (၇၉၃)
Vol. 57 Ch. 793
" သူက.. ပါရမီရှင်လား.. "
ယွမ်မိသားစုမှ လူများအားလုံး ပိုင်ဖုန့်လင်းအား ထပ်ကြည့်လိုက်ကြသည်။
ပိုင်ဖုန့်လင်းမှာကား ထိုအဖြစ်မျိုးကို ရိုးနေဟန်ဖြင့် ထူးမခြားနားပုံသာ ရှိနေပါ၏။
ထိုအချိန်တွင် .. ယွမ်မိသားစု၏ ဘိုးဘေး၄ နှင့် ဘိုးဘေး၆ တို့ကပါ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြပါသည်။
ဒုတိယဘိုးဘေး၏ မျိုးဆက်များက ထိုအဆင့်ရှိသော ပါရမီရှင်မျိုးအား ဘယ်လိုရထားခဲ့သည်ကို သူတို့ မပြောတတ်ပါ ။
ယခုအတိုင်းဆိုပါက... နောက် နှစ်တစ်ရာအတွင်း...
မဟုတ်သေးပါ.
နောင် နှစ်ထောင်ပေါင်းများစွာ ကြာသည်အထိပင် ဒုတိယဘိုးဘေး၏ မျိုးဆက်က မိသားစုအား ချုပ်ကိုင်ထားပေတော့မည် ။
ယွမ်ကျဲ့နန်က အားပါးတရ ပြုံး၍ ပြောလာ၏။
" သိပ်ကောင်းတယ်ကွာ ။ ကဲ.. ဒါဆိုရင် ဒီစမ်းသပ်ပွဲမှာ အနိုင်ရတဲ့သူက ယွမ်လင် လို့ ကြေငြာပါတယ် "
သူ့စကားဆုံးသည်နှင့် ဒုတိယဘိုးဘေး မျိုးဆက်ဘက်မှ အော်ဟစ်အားပေးသံများ ထွက်လာသည်။
ဒုတိယဘိုးဘေးကလည်း ကျေနပ်စွာ ပြုံးနေပါ၏။
သို့သော် ထိုအချိန်မှာပင်..
"ခဏနေပါဦးရှင် "
ယွမ်လောလင် ပြောကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
" ဟင်.. မင်းက ဘာပြောစရာ ရှိလို့လဲ "
သူမကို မြင်သည်နှင့် ယွမ်ကျဲ့နန်၏ မျက်နှာကြီး
ချက်ချင်းပုတ်သိုးသွားသည်။
ယွမ်လောလင်က အံကြိတ်၍ ပြန်ပြော၏။
" ကျွန်မရဲ့ ပြိုင်ပွဲရလဒ်ကို ခုထိ မကြေငြာရသေးဘူးလေ ။ အဲ့တော့ သူက ဘယ်လိုလုပ်ပြီး နိုင်မှာလဲ "
ထိုစဥ် ယွမ်ကျဲ့နန် ပြန်ပြောသည်ကိုပင် မစောင့်ဘဲ ယွမ်လွင်က လှောင်ပြုံးဖြင့် ပြောလာသည်။
" ယွမ်လောလင် .. မင်းက ငါ့ထက်ပိုသာမယ်လို့ ထင်နေတာလား "
" ဘာလို့ မထင်ရမှာလဲ "
ယွမ်လောလင် မေးခွန်းပြန်ထုတ်လိုက်၏။
ယွင်လွင် အသံကျယ်ကြီးဖြင့် အော်ရယ်လိုက်သည်။
" ဟား ဟား.. ရယ်လိုက်ရတာကွာ ။ မင်းက အဲ့ အဆင့် ၇ မသေမျိုးအစီအမံပုံကြမ်းတွေကို ဘယ်ကနေ ရလာခဲ့တာလဲ ။ တိုင်လင်စင်မြင့်ကလား.. "
ယွမ်လောလင်က ပြန်ပြီး ခွန်းတုန့်ပြန်ရန် ပြင်လိုက်၏။
သို့သော် ထိုစဥ်မှာပင် ဘိုးဘေး ၆ က ရုတ်တရက် ပြောလာသည်။
" ငြင်းမနေကြနဲ့တော့... ။ စည်းမျဥ်းတွေအတိုင်းဆိုရင် ပြိုင်ပွဲမှာ အနိုင်ရတဲ့သူကို မဆုံးဖြတ်ခင် မိန်းကလေးရဲ့ ရလဒ်တွေကို အရင်ကြည့်ရမှာလေ ။ ဟုတ်တယ်မလား အကို ၄ "
ဘိုးဘေး ၄ ကလည်း ခေါင်းညိတ်၏။
" အမှန်ပဲ "
လက်ရှိတွင် ဒုတိယဘိုးဘေး၏ မျိုးဆက်ကသာ မိသားစုအား ထိန်းချုပ်ထားလေရာ ဘိုးဘေးနှစ်ယောက်လုံး ထိုအခြေအနေကို ပြောင်းလဲပစ်မည့် လူတစ်ယောက်အား လိုချင်နေကြပါသည်။
ထိုသို့ ဘိုးဘေးနှစ်ယောက်လုံးက ပြောလာသည့်အတွက် ယွမ်ကျဲ့နန်မှာလည်း ဘာမှ ထပ်မပြောနိုင်တော့ချေ။
သူ ချောင်းအသာဟန့်၍သာ ပြောလိုက်ရသည်။
" ကဲ.. ယွမ်လောလင် ၊ မင်း အဆင့် ၇ မသေမျိုးအစီအမံပုံကြမ်းတွေ ဘယ်လောက်ရခဲ့လဲ ပြောပါဦး
"
ထိုတခဏ၌ အားလုံး ယွမ်လောလင်အား လှည့်ကြည့်လိုက်ကြသည်။
ယွမ်လောလင်က ချက်ချင်းခေါင်းညိတ်၍ ပြန်ပြော၏။
" ဟုတ်ကဲ့ ။ ဘိုးဘေးတို့၊ မိသားစု ခေါင်းဆောင်ကြီး နဲ့ အကြီးအကဲအားလုံးကို သတင်းပို့ပါတယ် ။ ကျွန်မ အဆင့်၇ မသေမျိုးအစီအမံပုံကြမ်း ၃၂၂၁ ခု ရခဲ့ပါတယ် "
ထိုအရေအတွက်ကို ကြားသည်နှင့် ခန်းမတစ်ခုလုံး တိတ်သွားကြသည်။
အချိန်အတန်ကြာသွားပြီးမှ... တစ်ယောက်က ပြောလာ၏။
" ငါ နားကြားများ လွဲသွားသလားကွာ ။ မိန်းကလေးက... ဘယ်လောက်လို့ ပြောလိုက်တာလဲ "
" ငါထင်တာ.. သုံးထောင်ကျော်လို့ ပြောလိုက်တာလား.. "
ထိုသူ စကားဆုံးချိန်တွင် အားလုံး အားပါးတရ အော်ရယ်လိုက်ကြသည်။
ထိုစဥ်တွင် ယွမ်လွင်မှာလည်း ဗိုက်နှိပ်၍ ရယ်နေပြီး ရယ်ရလွန်း၍ မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်တော့ပါ ။
" ယွမ်လောလင် .. မင်း ဦးနှောက်ချောင်သွားပြီလား ။ အဆင့်၇ မသေမျိုးအစီအမံပုံကြမ်း အခုရေ သုံးထောင်ကျော်.. ဟုတ်လား ။ အဆင့်၇ မသေမျိုးအစီအမံပုံကြမ်း ကို မင်း ဘာထင်နေတာလဲ "
ယွမ်လွင် ခေါင်းတယမ်းယမ်းဖြင့် ပြောလိုက်သည်။
အစောပိုင်းတွင် ယွမ်လောလင် ရှေ့ထွက်လာစဥ်က သူ့ရင်ထဲ အနည်းငယ် စိုးရိမ်သွားခဲ့ပါသေး၏။
သို့သော် ယွမ်လောလင်ပြောသည့် အရေအတွက်ကို ကြားပြီးနောက်တွင်မူ သူ စိတ်သက်သာရာ ရာသွားခဲ့ပါသည်။
ထိုအရေအတွက်က အမှန်မဟုတ်နိုင်ပါချေ...
ယွမ်ကျဲ့နန်ကလည်း မျက်ခုံးပင့်သွားကာ ယွမ်လောလင်အား အော်ပြောလိုက်သည်။
" ယွမ်လောလင် ၊ မင်းက လူတွေအာရုံစိုက်တာ ခံချင်တာနဲ့ပဲ ဘိုးဘေးတွေနဲ့ မိသားစုခေါင်းဆောင်ကို လှောင်တယ်ပေါ့လေ ။ ဒါ သေဒဏ်ပေးလို့ရတဲ့ ပြစ်မှုပဲကွ ။ လာကြဟေ့.. ဒီကောင်မလေးကို ဆွဲခေါ်သွားပြီး အသေရိုက်သတ်လိုက်ကြ "
သူ ဤအခွင့်ကောင်းကို အမိအရယူကာ ယွမ်လောလင်အား သတ်ရန် ဆုံးဖြတ်လိုက်ပါ၏။
သူ့စကား ဆုံးချိန်မှာပင် ယွမ်မိသားစုမှ လူနှစ်ယောက် ရှေ့ထွက်လာကာ ယွမ်လောလင်အား ဆွဲခေါ်လိုက်ကြသည်။
သို့သော် ထိုစဥ်တွင်..
ဘုတ်...
ယွမ်ချန်းက ယွမ်လောလင်ဘေးသို့ အပြေးရောက်လာကာ ဘိုးဘေးများနှင့် ယွမ်ကျဲ့နန် ရှိသည့်ဘက်သို့ ဒူးထောက်လိုက်၏။
" သခင်ကြီး နဲ့ ဘိုးဘေးတို့... ကျုပ်သမီးက ငယ်သေးတော့.. ဘယ်အချိန်မှာ ရပ်ရမယ်ဆိုတာ ကောင်းကောင်းမသိတာမို့ အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောခဲ့မိပါတယ် ။ ကျေးဇူးပြုပြီးတော့ သူ့ကို သနားညှာတာပေးပါဗျာ ။ ကျုပ်တို့ ပြန်ရောက်ကျရင် သူ့ကို ကျုပ်ကိုယ်တိုင် သေချာဆုံးမလိုက်ပါ့မယ် "
ယွမ်ချန်း အသံတုန်တုန်ဖြင့် ပြောလိုက်သည်။
သူ့သမီး ထိုသို့ အသတ်ခံမည်ကို သူ မည်သို့ ကြည့်နေနိုင်ပါမည်နည်း ။
၎င်းကို ကြည့်ရင်း ယွမ်ကျဲ့နန် မျက်မှောင်ကြုံ့သွား၏။
" ယွမ်ချန်း .. အဲ့လောက်လေးနဲ့ အပြစ်ကနေ ကင်းလွတ်ခွင့်ရမယ်လို့ ထင်နေတာလား ။ ဒီကောင်မလေး ခုလို ပုန်ကန်နေရတာ မင်းသင်ပေးတာ မသုံးမကျလို့ပဲ ။ အဲ့တော့ မင်းရဲ့ ကျင့်ကြံခြင်းကိုပါ ဖျက်ဆီးပစ်ပြီး မင်းကိုပါ ယွမ်မိသားစုကနေ ထုတ်ပစ်ရမယ် "
အမှန်တွင်မူ ယွမ်ချန်းမှာ ယွမ်ကျဲ့နန်အတွက် ရင်ထဲမှ ဆူးတစ်ချောင်းလို အမြဲဖြစ်နေခဲ့ပြီး ..
ထို့ကြောင့်လည်း ယခု အခွင့်အရေးရတုန်း သူ ယွမ်ချန်းကို ဖိနှိပ်လိုက်ခြင်းဖြစ်သည်။
ယခင်က ယွမ်မိသားစု စမ်းသပ်ပွဲ၌ သူ ယွမ်ချန်းအား ရှုံးနိမ့်တော့မလို ဖြစ်ခဲ့ဖူးပါ၏။
မဟုတ်သေးပါ.. အမှန်တွင်မူ ရှုံးနိမ့်ခဲ့သည်ဟု ပြော၍ရပါသည်။
ထိုစဥ်က ဒုတိယဘိုးဘေး၏ လျှို့ဝှက်ကူညီပေးမှုကြောင့်သာ သူ စမ်းသပ်ပွဲအား ခက်ခက်ခဲခဲ အနိုင်ရခဲ့ခြင်းပင် ..
ထို့ကြောင့်လည်း ယွမ်ချန်းက သူ့အတွက် အမြဲ ရန်သူတော်ကြီးတစ်ယောက် ဖြစ်ခဲ့ပါ၏။
သို့ဖြစ်ရာ ... ယခု အခွင့်ရေနေတုန်း သူ့ကို ရှင်းထုတ်လိုက်ခြင်းက အကောင်းဆုံးပါပင် ။
သူ့စကားကို ကြားသောအခါ ယွမ်ချန်း၏ မျက်နှာထား ရုတ်ချည်းပြောင်းသွားသည်။
သို့သော် ထိုစဥ်မှာပင်...
" ခဏနေကြပါဦး ... "
ယွမ်လောလင်က ရုတ်တရက် အသံကျယ်ဖြင့် အော်ပြောလာ၏။
" မင်းက ဘာပြောစရာ ရှိသေးလို့လဲ "
ယွမ်ကျဲ့နန်က သူမအား အေးစက်စက် လှည့်ကြည့်လိုက်သည်။
ယွမ်လောလင်ကလည်း နည်းနည်းမှ ကြောက်ရွံ့ဟန်မပြဘဲ ယွမ်ကျဲ့နန်အား အေးစက်စက်ကြည့်၍ ပြန်ပြော၏။
" သခင်ကြီး ၊ ဘာဖြစ်လို့ ကျွန်မကို သတ်ပြီးတော့ ကျွန်မအဖေရဲ့ ကျင့်ကြံခြင်းကိုပါ ဖျက်ဆီးပစ်ချင်ရတာလဲ မေးလို့ရမလားရှင် "
ယွမ်ကျဲ့နန် မျက်မှောင်ကြုံ့သွားသည်။
" ငါ မင်းကို ပြောပြီးသားလေ ။ မင်းက ဘိုးဘေးတွေ
နဲ့ မိသားစုခေါင်းဆောင်ကို လှောင်ခဲ့တာ "
" ကျွန်မ ဘယ်တုန်းက အဲ့လို လှောင်ခဲ့လို့လဲ "
ယွမ်လောလင် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ထပ်မေးလိုက်သည်။
ထို ခြေလှမ်းမှာ အားပါလွန်း၍ ယွမ်ကျဲ့နန် ရင်ထဲ စိုးရိမ်စိတ်ပင် ဖြစ်သွားပါ၏။
ဘိုးဘေး ၄ နှင့် ဘိုးဘေး၆ တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းအသာညိတ်လိုက်ကြသည်။
သူတို့ အကိုအကြီးဆုံး၏ မျိုးဆက် ပီသပါပေသည်ဟုလည်း သူတို့စိတ်ထဲ တွေးမိလိုက်ကြ၏။
ထိုစဥ် ယွမ်ကျဲ့နန် အသိပြန်ဝင်လာကာ ယွမ်လောလင်အား စိုက်ကြည့်၍ ဒေါသတကြီး ပြောလိုက်သည်။
" မင်းပဲ ပြောခဲ့တယ်လေ ။ မင်းဆီမှာ အဆင့်၇ မသေမျိုးအစီအမံပုံကြမ်းတွေ သုံးထောင်ကျော်တောင် ရှိတာဆို ။ ဒါ ငါတို့တွေကို လှောင်လိုက်တာပဲပေါ့ "
ယွမ်လောလင်က ထိုစကားကို စောင့်နေသည့်အလား အေးစက်စက် ပြန်ပြော၏။
" လှောင်တာ မလှောင်တာကို ခဏထားပါဦး ... အရင်ဆုံးတာ ကျွန်မပြောတာ အမှန်ဟုတ် ၊ မဟုတ်ဆိုတာကိုတော့ စစ်ဆေးသင့်တယ်မဟုတ်လား ။ အခု မိသားစုခေါင်းဆောင်ကြီးက တစ်ချက်လေးတောင် မစစ်ကြည့်ဘဲနဲ့ ကျွန်မကို တန်းပြီးတော့ သတ်မိန့်ချလိုက်တယ်လေ ။ အဲ့ဒါ မိသားစုရဲ့ ဘယ်စည်းမျဥ်းကို အခြေခံပြီး လုပ်လိုက်တာလဲဆိုတာ ကျွန်မ သိခွင့်ရှိမလား ။ ဒါမှမဟုတ်ရင်... အခု ယွမ်မိသားစုရဲ့ အရေးကိစ္စတွေအားလုံးမှာ သခင်ကြီးတစ်ယောက်တည်းကပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိသွားပြီ ဆိုတဲ့သဘောလား "
ထိုစကားကို ကြားသည်နှင့် ခန်းမထဲရှိ လူများထံမှ ဝိုးခနဲ ဝါးခနဲ ရေရွတ်သံများ ထွက်လာကြသည်။
ယွမ်ကျဲ့နန်တစ်ယောက် မျက်မှောင်ပိုကြုံ့သွား၏။
" ဒီကောင်မလေးက တော်တော်ပြဿနာရှာတာပဲ ။ ဒီနေ့တော့ သူ့ကို မဖြစ်ဖြစ်အောင် အပြတ်ရှင်းမှရမယ် "
ယွမ်ကျဲ့နန် စိတ်ထဲမှ ပြောလိုက်သည်။
ထို့နောက်.. ပြဿနာ ပိုမရှုပ်စေရန်အတွက် သူ့လူများများ ယွမ်လောလင်ကို ဆွဲခေါ်ထုတ်သွားကြဖို့ အမိန့်ပေးရန် ပြင်လိုက်၏။
သို့သော် ထိုအချိန်တွင်..
" ကျုပ်ကတော့ ယွမ်လောလင် ပြောတာ မှန်တယ်လို့ ထင်တယ် ။ တကယ်လို့ မိသားစုခေါင်းဆောင်က ပြစ်မှုကို ဆုံးဖြတ်တယ်ဆိုရင်တောင်.. စည်းမျဥ်းတွေကိုတော့ လိုက်နာရမှာပဲလေ ။ အကို ၄ ရော ဘယ်လိုထင်လဲ "
ဘိုးဘေး၆ က ရုတ်တရက် ပြောလာပါသည်။
ဘိုးဘေး၄ ကလည်း ခေါင်းညိတ်၏။
" အမှန်ပဲ.. စည်းမျဥ်းတွေကို လိုက်နာမှဖြစ်မယ် ။ ကျုပ်တို့ ယွမ်မိသားစုက သိုင်းပညာတွေကို အားကိုးပြီး ရှင်သန်နေတာ မဟုတ်ဘူးလေ ။ အဲ့တော့.. အားလုံး စည်းစည်းလုံးလုံး ရှိထားမှ အဆင်ပြေမှာ "
ထို ဘိုးဘေးနှစ်ယောက်၏ စကားကြောင့် ယွမ်ကျဲ့
နန် နှလုံးခုန် မြန်သွားသလိုပါပင်..
သူသည် ဉာဏ်ထက်သော သူတစ်ယောက်ဖြစ်ရာ ထိုဘိုးဘေးနှစ်ယောက်၏ ဆိုလိုရင်းကို နားမလည်ဘဲ မနေပါချေ။
" အဖေ ၊ ကောင်မလေး ပြောတဲ့အတိုင်း ကြည့်ပေးလိုက်ပါဗျာ။ သူ့ဆီမှာ အဆင့်၇ မသေမျိုးအစီအမံပုံကြမ်း သုံးထောင်ကျော် ဘယ်လိုမှ မရှိနိုင်ပါဘူး "
ထိုစဥ် ယွမ်လွင်က ပြောလာသည်။
ယွမ်ကျဲ့နန်တစ်ယောက် နှုတ်ခမ်းမဲ့သွားကာ သူ့သားအား ဒေါသတကြီး လှမ်းကြည့်လိုက်၏။
သူ့သားက အဘယ့်ကြောင့် ဤမျှ အသုံးမကျရပါသနည်း ။
သို့သော် ယခုလို အခြေအနေပင် ရောက်နေပြီဖြစ်ရာ .. သူဘာမှလည်း မတတ်နိုင်တော့ပါ ။
သူ ခေါင်းညိတ်၍သာ ပြန်ပြောလိုက်ရသည်။
" ဒါဆိုလဲ ကောင်းပြီလေ ။ ယွမ်လောလင် .. မင်းပြောတဲ့ အဆင့်၇ မသေမျိုးအစီအမံပုံကြမ်း သုံးထောင်ကျော်ကို ထုတ်ပြစမ်း ။ တကယ်လို့ ထုတ်မပြနိုင်ရင်တော့ မင်းကိုငါ ချက်ချင်းသတ်ပစ်မှာ "
ယွမ်လွင်ကလည်း ယွမ်လောလင်အား ပြုံးကြည့်ကာ ပြောလာ၏။
" လုပ်လေ. . ထုတ်ပြစမ်း "
ယွမ်လောလင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။
" ကောင်းပါပြီ ။ စောင့်ကြည့်နေလိုက်ပါ.. "
သူမ ပြောပြောဆိုဆိုပင် လက်ထဲမှ ဟင်းလင်းပြင်လက်စွပ် တစ်ကွင်းကို အသာပွတ်လိုက်၏။
ထို့နောက်တွင်.... သူမလက်ထဲ အစီအမံပုံကြမ်း အထပ်လိုက်ကြီး ပေါ်လာတော့သည်။
ဝုန်း ...
အစွမ်းထက်သော တာအိုသံစဥ်များလည်း ရုတ်
ချည်း စီးမျောလာ၏။