လက်တစ်ချက်ယမ်းရုံနဲ့ ဖျက်ဆီးလို့ရတယ်
Vol. 57 Ch. 794
အဆင့် ၇ မသေမျိုးအစီအမံပုံကြမ်း မှာ အသက်မသွင်းရသေးခင်မှာပင်...
၎င်းပေါ်မှ ထွင်းစာများက ဖိအားကို ထုတ်လွှတ်နိုင်ပါ၏။
ထို့ကြောင့်လည်း ယွမ်လောလင်တစ်ယောက် အစီအမံပုံကြမ်းများကို ထုတ်လိုက်ချိန်တွင်.. ခန်းမထဲရှိနေသော လူအားလုံး၏ မျက်နှာထားများ ပြောင်းသွားကြတော့သည်။
" ဒီဖိအားက.. အစွမ်းထက်လိုက်တာ.. "
" ဘုရားရေ... ယွမ်လောလင် ပြောသွားတာ တကယ်အမှန်တွေလား "
" အဆင့်၇ မသေမျိုးအစီအမံပုံကြမ်း .. သုံးထောင်ကျော်တောင်... ဒါယွိနိုင်ငံ တစ်ခုလုံးကိုများ ပေါင်း
ထားသလားကွာ "
အားလုံး အံ့သြတကြီး ရေရွတ်လိုက်ကြသည်။
ထိုစဥ် ယွမ်လွင်တစ်ယောက်မှာလည်း မျက်နှာကြီး အေးစက်တောင့်တင်းနေပါ၏။
ယွမ်လောလင်က ဤမျှများပြားသော အစီအမံပုံကြမ်းများကို ထုတ်ပြလာမည်ဟု သူ အမှန်တကယ်ပင် ထင်မထားခဲ့ပါ ။
" အဖေ ၊ ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ "
ယွမ်လွင် ထိတ်လန့်တုန်လှုပ်သွားကာ သူ့အဖေ ယွမ်ကျဲ့နန့်ဘက် လှည့်ကြည့်၍ ပြောလိုက်သည်။
ထိုစဥ်တွင် ယွမ်ကျဲ့နန်မှာလည်း မျက်နှာဆိုးရွားစွာ ပျက်နေပါ၏။
အားလုံးကို သူ သေချာစီစဥ်ထားခဲ့ချိန်၌.. အဘယ့်ကြောင့် ယခုလို ဖြစ်လာခဲ့ရပါသနည်း ။
ထိုစဥ် အစီအမံပုံကြမ်း အထပ်လိုက်ကြီးကို လက်ထဲ
ကိုင်ထားသော ယွမ်လောလင်က ယွမ်ကျဲ့နန်ဘက် လှည့်ကြည့်လာကာ ပြောသည်။
" သခင်ကြီး ၊ အခု အနိုင်ရတဲ့သူကို ကြေငြာလို့ ရပြီလားရှင် "
ယွမ်ကျဲ့နန်တစ်ယောက် မျက်မှောင်ကြုံ့သွားပြီး .. ယင်ကောင်များကို ပါစပ်နှင့်အပြည့် မြိုချလိုက်ရသည့်အလား ခံစားမိသွား၏။
အခြားသူ အနိုင်ရသွားကြောင်း ကြေငြာပြီး မိသားစုခေါင်းဆောင် နေရာကိုလည်း စွန့်လွတ်ရတော့မည်လား ...
သူ မည်သို့ လက်ခံရပါမည်နည်း ..
သို့သော် ထိုစဥ်မှာပင် ..
" ဟား ဟား.. သခင်ကြီးယွမ် ၊ သူ့ရဲ့ အစီအမံပုံကြမ်းတွေက အတုတွေဗျ "
ဘေးတွင်ရပ်နေသော ပိုင်ဖုန့်လင်းက ရုတ်တရက် ပြောလာသည်။
" ဟင်... "
ယွမ်ကျဲ့နန်တစ်ယောက် ပိုင်ဖုန့်လင်းဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။
ထို့နောက် သူ ချက်ချင်း သဘောပေါက်သွားပြီး ယွမ်လောလင်အား အေးစက်စက်အသံဖြင့် ပြောလိုက်၏။
" ယွမ်လောလင် ၊ မင်းက မိသားစုစမ်းသပ်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် အစီအမံပုံကြမ်း အတုတွေကို သုံးရဲနေတယ်ပေါ့လေ ။ ဒါ လုံးဝ ခွင့်လွတ်လို့မရတဲ့ကိစ္စပဲ ။ ဒီနေ့တော့ မင်းကို အားလုံးရဲ့ရှေ့ ၊ ဒီနေရာမှာပဲ သတ်ပစ်ရမယ် "
သူ ပြောကာ တိုက်ခိုက်ရန် ပြင်လိုက်တော့သည်။
သို့သော် ထိုစဥ်တွင် ..
ဝုန်း ...
ယွမ်ချန်း၏ အရောင်အဝါ ပေါက်ကွဲထွက်လာကာ ယွမ်ကျဲ့နန်ရှေ့တွင် ရပ်လိုက်၏။
" ယွမ်ကျဲ့နန် မင်းက အတင့်ရဲလှချည်လား "
ယွမ်ချန်း ဒေါသတကြီး အော်သည်။
ယွမ်ကျဲ့နန် မျက်မှောင်အနည်းငယ် ကြုံ့သွားကာ ပြော၏။
" ယွမ်ချန်း ၊ မင်းက ဒီလောက်ပုန်ကန်နေတဲ့ ကောင်မလေးကို ကာကွယ်ပေးချင်သေးတာလား "
တဖက်မှ ယွမ်လောလင်မှာလည်း မျက်နှာလေး ဖြူရော်သွားပြီး ပြန်ပြောသည် ။
" ယွမ်ကျဲ့နန် ၊ ကျွန်မရဲ့ အစီအမံပုံကြမ်းတွေကို ဘာဖြစ်လို့ အတုဆိုပြီး ပြောရတာလဲ "
ယွမ်ကျဲ့နန် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
" သခင်ကြီးပိုင်ကိုယ်တိုင်က အတုလို့ ပြောလာတာလေ ။ အဲ့ဒါ မှားလို့လား "
ထိုတခဏ၌ အားလုံး ပိုင်ဖုန့်လင်းဘက် လှည့်ကြည့်လိုက်ကြသည်။
ပိုင်ဖုန့်လင်း ဖြည်းဖြည်းချင်း ထရပ်လိုက်၏။
" ကျုပ်ပြောတာ အမှန်တွေပဲ ။ မင်းရဲ့ အစီအမံ
ပုံကြမ်းက အတုတွေ "
ယွမ်ကျဲ့နန် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။
" မိစ္ဆာမ.. မင်း ဘာပြောချင်တာ ရှိသေးလဲ "
ယွမ်လောလင် နှာခေါင်းရှုံ့လိုက်၏။
" ဒါပေါ့.. ပြောစရာ ရှိတာပေါ့ ။ ဒီ ပိုင်ဖုန့်လင်းဆိုတာက ရှင်နဲ့ ရှင့်သားက ဖိတ်ထားတဲ့သူလေ ။ အဲ့တော့ သူက ရှင်တို့ဘက်ကနေ လိုက်ပြောတာ မဆန်းပါဘူး ။ အစီအမံပုံကြမ်းတွေက အစစ် ဟုတ် ၊ မဟုတ်ဆိုတာကို သူ့စကားအပေါ်ပဲ မူတည်ပြီးတော့ ဆုံးဖြတ်မှာလား "
ယွမ်ကျဲ့နန် ပြန်ပြောရန် ပြင်လိုက်စဥ်မှာပင် ယွမ်လွင်က ဖြတ်ပြောလာသည်။
" သခင်ကြီးပိုင်က အကြောင်းရင်း မရှိဘဲနဲ့ လျှောက်ပြောမယ့်လူစား မဟုတ်ဘူးကွ ။ သူပြောတာကို လက်မခံရင် သခင်ကြီးပိုင် ကိုယ်တိုင် မင်းကို သက်သေပြပေးလိမ့်မယ်.. ဘယ်လိုလဲ "
ထိုစကားကို ကြားသည်နှင့် ယွမ်ကျဲ့နန် မျက်နှာကြီး သုန်မှုန်သွားသည်။
သူ့သားက အရူးတစ်ယောက်မှန်း သူ အဘယ့်ကြောင့် မသိခဲ့ရပါသနည်း ။
သူ ယွမ်လွင်အား ဒေါသတကြီး ထပ်ကြည့်လိုက်သည်။
သို့သော် ယွမ်လွင်ကမူ သူ့အဖေ၏ ဒေါသအကြည့်ကို သတိထားမိပုံ မတူဘဲ ယုံကြည်ချက်အပြည့်ဖြင့် ဆက်ပြော၏။
" အဖေ ၊ ဒီမိန်းကလေး ယုံသွားအောင် သခင်ကြီးပိုင်ကို သက်သေပြခွင့် ပေးလိုက်ပါဗျာ "
ယွမ်ကျဲ့နန် ၏ မျက်နှာကြီး ရှုံ့မဲ့လျက် ...
အကယ်၍ ယွမ်လွင်သာ သူ့သား မဟုတ်ပါက ကိုကောင့်ကို သူ အသေရိုက်သတ်ပစ်မိပေမည်။
သို့သော် တဖက်မှ ပိုင်ဖုန့်လင်းက အေးဆေးသာ ပြန်ပြောလာပါ၏။
" သခင်လေးယွမ် ပြောတာမှန်တယ် ။ ဒီနေ့တော့ ဒီကောင်မလေး ယုံသွားအောင် သက်သေပြပေးရမှာပေါ့ ။ မင်းရဲ့ အစီအမံပုံကြမ်းက ဘာမဟုတ်တဲ့
အမှိုက်ထွင်းစာတွေပါပဲတဲ့ အတုဆိုတာ ပြပေးမယ် "
ယွမ်လောလင် သူ့အား အေးစက်စက်လှည့်ကြည့်၍ မေးလိုက်သည်။
" ဘယ်လို သက်သေပြမှာလဲ "
ပိုင်ဖုန့်လင်း တည်တည်ငြိမ်ငြိမ် ပြန်ပြော၏။
" အဲ့ဒါက ရိုးရှင်းပါတယ် ။ ခနနေကျရင် မင်းရဲ့ အစီအမံပုံကြမ်းကို အသက်သွင်းပြီးတော့ အဲ့ဒါနဲ့ ငါ့ကို တိုက်ခိုက်လေ ။ တကယ်လို့ ငါ ထိခိုက်ဒဏ်ရာရသွားရင် မင်းရဲ့ အစီအမံပုံကြမ်းက အစစ်ပဲ ။ ဒါပေမယ့်.. အစီအမံက သူ့အလိုလို ပြိုကွဲသွားရင်တော့ အတုပေါ့ "
ထိုစကားကို ကြားသောအခါ ယွမ်ကျဲ့နန် စိတ်မသက်မသာ ခံစားသွားရပြီး တိတ်တဆိတ် အသံလွှင့်နည်းဖြင့် ချက်ချင်းပြောလိုက်သည်။
" သခင်ကြီးပိုင် ၊ အဲ့ အစီအမံပုံကြမ်းတွေက အတု ဖြစ်နိုင်ပါ့မလား "
ပိုင်ဖုန့်လင်း သူ့အား တစ်ချက်လှည့်ကြည့်ကာ တိတ်တဆိတ်အသံလွှင့်နည်းဖြင့်ပင် ပြန်ပြောသည်။
" အဲ့ အစီအမံပုံကြမ်းတွေက အစစ်ဗျ "
" ဒါဆိုရင်... "
ယွမ်ကျဲ့နန် ရင်တစ်ခုလုံး ဗြောင်းဆန်သွားတော့သည်။
ထိုအစီအမံပုံကြမ်းများကသာ အစစ်ဆိုလျှင် ဒုက္ခရောက်ပြီမဟုတ်ပါလား...
သို့သော် ပိုင်ဖုန့်လင်းက အသံလွှင့်နည်းဖြင့် အေးဆေးဆက်ပြောလာသည်။
" အဲ့အစီအမံပုံကြမ်းတွေက အစစ်ဆိုပေမယ့်.. ကျုပ်က အတုလို့ ပြောလိုက်ရင် အားလုံးက အတုလို့ပဲ ထင်သွားကြမှာလေ ။ သူ အစီအမံပုံကြမ်းကို အသက်သွင်းလိုက်တာနဲ့ ကျုပ်က အဲ့ဒါကို ချက်ချင်းဖျက်ဆီးလိုက်မှာ ။ အဲ့ကျရင် အတုမဟုတ်ရင်တောင် အတုဖြစ်သွားပြီ "
ထိုစကားကို ကြားသောအခါ ယွမ်ကျဲ့နန် ဝမ်းသာသွားတော့သည်။ သို့သော် သူ့ရင်ထဲ စိုးရိမ်စိတ်လည်း အနည်းငယ်ရှိနေသေးကာ တီးတိုးပြောလိုက်ပါ၏။
" အစီအမံကို ချက်ချင်းကြီး ဖျက်ဆီးပစ်ဖို့က မခက်နိုင်ဘူးလား "
ပိုင်ဖုန့်လင်းက လှောင်ပြုံးဖြင့် ပြန်ပြောသည်။
" တခြားသူတွေအတွက်တော့ ခက်ရင်ခက်နိုင်တယ်ဗျ ။ ဒါပေမယ့် ကျုပ်အတွက်တော့ အဲ့လိုမဟုတ်ဘူး ။ စိတ်မပူပါနဲ့ဗျာ ... အဆင့်၇ မသေမျိုးအစီအမံတွေကို ကျုပ်ထက်ပိုပြီး နားလည်တဲ့သူ ဘယ်သူမှ မရှိဘူးဗျ ။ တကယ်လို့ မူလအဆင့် မသေမျိုးအစီအမံပညာရှင် တစ်ယောက်က ဖန်တီးထားတာ ဆိုရင်တောင်.. အဆင့်၇ အစီအမံဖြစ်ရုံနဲ့ ကျုပ် အဲ့ဒါကို လက်ဖျောက်တစ်ချက် တီးပြီး ဖျက်ဆီးနိုင်တယ် "
ထိုအချိန်မှ ယွမ်ကျဲ့နန် စိတ်အေးသွားတော့သည်။
" ကျေးဇူးအများကြီး တင်ပါတယ် သခင်ကြီးပိုင် ။ ဒီကိစ္စတွေပြီးသွားရင် ကျုပ်နဲ့ ကျုပ်အဖေက သခင်ကြီးအတွက် နှစ်စဥ်ပူဇော်ခကို 10 % ထပ်တိုးပေးပါ့မယ် "
ပိုင်ဖုန့်လင်းလို လူတစ်ယောက်က ယွမ်မိသားစုသို့လာပြီး သူတို့ကို ကူညီပေးခြင်းမှာ ယွမ်ကျဲ့နန်က သူ့
အား အခကြေးငွေ များစွာပေးထားသောကြောင့်ပါပင် ။
ထို့နောက်တွင် ယွမ်ကျဲ့နန်က ယွမ်လောလင်ဘက် လှည့်ကြည့်၍ ပြောလိုက်၏။
" မိစ္ဆာမ.... သခင်ကြီးပိုင်ကို မင်းရဲ့ အစီအမံပုံကြမ်းတွေကို စစ်ဆေးခွင့် ပေးရဲလား "
" ဒါ... "
ထိုစကားကို ကြားသောအခါ ယွမ်လောလင်ရင်ထဲ စိုးရိမ်စိတ် အနည်းငယ်ဖြစ်သွားရပါသည်။
ထို သခင်ကြီးပိုင်ဆိုသူက ဘာတွေတွေးနေမည်ကို သူမ မစဥ်းစားမိဘဲ မနေပါချေ။ သို့သော် လက်ရှိတွင် သူမငြင်းလိုက်လျှင်လည်း သူတို့အား အကြောင်းပြချက် ပေးလိုက်သလိုသာ ဖြစ်သွားပေမည်။
သို့ဆိုလျှင် ယွမ်ကျဲ့နန်ဘက်မှ သူမကိုသတ်ရန် ထပ်ကြိုးစားလာမည် ဖြစ်ပါ၏။
ထိုသို့တွေးကာ သူမ ရွေးချယ်စရာ မရှိတော့ဘဲ
အံကြိတ်၍ ပြောလိုက်ရသည်။
" ကောင်းပါပြီ "
" ကောင်မလေး ထောင်ချောက်ထဲ ရောက်လာပြီ "
ယွမ်ကျဲ့နန် တွေးကာ မျက်နှာကြီးဝင်းသွားသည်။
ထိုစဥ် ပိုင်ဖုန့်လင်းက ရှေ့တိုးလာပြီး ယွမ်လောလင်အား ပြော၏။
" ကဲ.. ငါ မင်းကို အခွင့်အရေး သုံးကြိမ်ပေးမယ် ။ မင်းရဲ့ အစီအမံပုံကြမ်းတွေထဲကနေ သုံးခုကို သေချာရွေးလိုက်ပါ ။ ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်တာနဲ့ မင်းနိုင်ပြီ "
သူ့ ပြုမူပုံကြောင့် ယွမ်လောလင် ရင်ထဲမှ စိုးရိမ်စိတ်ပိုကြီးလာသည်။
" သခင်ကြီးလောထျန်းရဲ့ အစီအမံပုံကြမ်းတွေ အလုပ်ဖြစ်ပါ့မလား မပြောတတ်ဘူး ။ မတတ်နိုင်ဘူးလေ.. ကြိုးစားကြည့်ရုံပေါ့ "
သူမ တွေးပြီး လက်ထဲမှ အစီအမံပုံကြမ်းများအား သေချာကြည့်လိုက်၏။
နောက်ဆုံးတွင်မူ တိုက်ခိုက်ရေး အစီအမံပုံကြမ်း တစ်ခုကို သူမ တွေ့သွားသည်။
" ဟုတ်ပြီ.. ဒါပဲ "
ယွမ်လောလင် ပြောပြောဆိုဆိုပင် အစီအမံပုံကြမ်းကို ကိုင်ကာ ပိုင်ဖုန့်လင်းအား စိုက်ကြည့်လိုက်သည်။
" သခင်ကြီးပိုင်.. ဟုတ်တယ်နော်.. ၊ ကျွန်မရဲ့ ပထမ အစီအမံပုံကြမ်းကို သေချာကြည့်ထားပါ "
ထို့နောက် သူမ၏ မသေမျိုးစွမ်းအင်များကို စုစည်း၍ အစီအမံပုံကြမ်းအား အသက်သွင်းလိုက်၏။
ဝီ ..
ချက်ချင်းမှာပင်.. အဆောင်ကျောက်ပြားထဲမှ အစီအမံတစ်ခု ထွက်လာကာ ပိုင်ဖုန့်လင်းပေါ် ကျလာသည်။
ပိုင်ဖုန့်လင်းက အထင်သေးသည့် မျက်နှာထားဖြင့် မျက်လုံးများ မှိတ်လိုက်ပြီး စိတ်ဝိဥာဥ်အစွမ်းကို စုစည်းနေရင်း တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်၏။
" ငါက ချင်းယွမ်ဒေသ တစ်ခုလုံးမှာ အထူးချွန်ဆုံး မသေမျိုးအစီအမံပညာရှင်လို့ သတ်မှတ်ခံထားရတဲ့သူပဲ ။ ဒါ ပေါ့သေးသေး မဟုတ်ဘူး "
" အဆင့်၇ မသေမျိုးအစီအမံချင်း တူရင်တောင် အစီအမံကို ဖန်တီးခဲ့တဲ့သူရဲ့ အစွမ်းအပေါ် မူတည်ပြီးတော့ တစ်ခုနဲ့တစ်ခု ကွဲသေးတယ်လေ "
" အထူးသဖြင့်.. အစီအမံရဲ့ အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ အစီအမံ အခြေခံအုတ်မြစ်ပဲ ။ အဲ့ အခြေခံအုတ်မြစ်သာ ပျက်စီးသွားရင် အစီအမံက ချက်ချင်းပြိုကွဲသွားမှာ "
" သာမာန် မသေမျိုးအစီအမံပညာရှင် တစ်ယောက်က အဆင့်၇ မသေမျိုးအစီအမံရဲ့ အခြေခံအုတ်မြစ်ကို လုပ်တဲ့အချိန်မှာ ၊ အလွန်ဆုံးမှ ထွင်းစာတွေကို ဒေါင်လိုက် ကိုးလုံးနဲ့ အလျားလိုက် ကိုးလုံးပဲ
အသုံးပြုတာ "
" ဒါပေမယ့်... ပုံမှန် ငါလုပ်တဲ့ အစီအမံတွေမှာတော့ ထွင်းစာ ၈၁ လုံးကို ဒေါင်လိုက်နဲ့ အလျားလိုက်ရေးပြီး အခြေခံအုတ်မြစ်အဖြစ် သုံးတယ် "
" အဲ့တော့ ထွင်းစာကိုးလုံးနဲ့ရေးတဲ့ အစီအမံက ငါ့ရှေ့မှာ ခဏလေးနဲ့ ဖျက်ဆီးခံရမှာ "
နောက်ဆုံးစကားကို ရေရွတ်လိုက်ချိန်မှာပင် ပိုင်ဖုန့်လင်း၏ စိတ်ဝိဥာဥ်အစွမ်းက ကြောက်မက်ဖွယ် အတိုင်းအတာထိ ရောက်လာပြီး.. သူ မျက်လုံးပြန်ဖွင့်လိုက်၏။
" ကဲ... လာစမ်းကွာ.. "
သို့သော် တခဏအကြာမှာပင်.. သူ မှင်သက်သွားရပါတော့သည်။
အဘယ့်ကြောင့်ဆိုသော်.. ထိုစဥ် သူ့ခေါင်းပေါ်ရှိနေသော အဆင့်၇ မသေမျိုးအစီအမံ ၏ အခြေခံအုတ်မြစ်က ကောင်းကင်ဘုံကို ကာရံထားသော
ခေါင်မိုးအခုံးကြီးတစ်ခုလို ဖြစ်နေသောကြောင့်ပင် ။
ထွင်းစာများမှာလည်း ပြွတ်သိပ်နေပြီး အဆုံးသတ်ကိုပင် မမြင်ရပါချေ။
ထိုထွင်းစာများက ဒေါင်လိုက် ကိုးကြောင်း ၊ အလျားလိုက် ကိုးကြာင်း ရှိနေကာ... အားလုံး ပေါင်းလိုက်လျှင်... သန်းချီ၍ ရှိနိုင်ပါသည်။
" ဒီမအေ %##$ "
ပိုင်ဖုန့်လင်း လုံးဝ မှင်သက်သွားတော့သည်။