အခန်း (၇၉၅)
Vol. 57 Ch. 795
ပိုင်ဖုန့်လင်းမှာ သူ့ခေါင်းထက်မှ ထွင်းစာများကို ကြည့်ရင်း အလွန်စိတ်ဓာတ်ကျပြီး ကူကယ်ရာမဲ့ ခံစားလိုက်ရတော့သည်။
ထိုထွင်းစာများ၏ အရေအတွက်မှာ သူ၏ အစီအမံအပေါ် နားလည်မှုထက်ပင် ကျော်လွန်နေခဲ့လေပြီ ။
ထိုအရာကို အဆင့်၇ ထွင်းစာလို့ ခေါ်ပါသလား ...
နောက်နေပါသလား ...
ထိုစဥ်မှာပင်..
ဝုန်း...
သူ့ခေါင်းပေါ်၌ ထွင်းစာများ စုစည်းသွားပြီး အစီအမံကလည်း အစွမ်းကိုထုတ်လွှတ်ရန် အသင့်ဖြစ်လာပါ၏။
ကြောက်မက်ဖွယ် အစွမ်းကြီးတစ်ခု ရုတ်ချည်း စုစည်းလာတော့သည်။
" ဒါ... "
ပိုင်ဖုန့်လင်းမှာ ကိုယ်တိုင်ပင် သတိမထားမိဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိသွားသည်။ သို့သော် သူ့အတွက် နောက်ဆုတ်စရာ နေရာ ရှိမနေပါ ။
၎င်းကို ရင်ဆိုင် တိုက်ခိုက်ရုံသာ ရှိပါတော့၏။
ပိုင်ဖုန့်လင်း အံကြိတ်လိုက်ပြီး သူ့ ဟင်းလင်းပြင်လက်စွပ်ထဲမှ အသေးစိတ်ထွင်းထုထားသော မျှော်စင်လေးတစ်လုံးကို ထုတ်လိုက်သည်။
ဝီ ...
ထို လင်းလုံမျှော်စင် လေထဲရောက်လာသည်နှင့် ၎င်းမှ တလက်လက်တောက်နေသော မသေမျိုးအလင်းတန်း ထုတ်လွှတ်လာကာ ပိုင်ဖုန့်လင်းအား ကာကွယ်ပေးလာ၏။
" ဒီ ထိပ်တန်းအဆင့် မသေမျိုးလက်နက်နဲ့ဆို ငါ့အတွက် အချိန်နည်းနည်း ရနိုင်တယ် ။ ထွင်းစာတွေကို အစီစဥ်မကျ ဖြစ်သွားအောင် လုပ်ပြီးတော့ အစီအမံရဲ့ ဟာကွက်လေးတစ်ခု ရှာနိုင်ရင် ငါ ထွက်ပြေးနိုင်မှာ "
ပိုင်ဖုန့်လင်း စိတ်ထဲမှ ကြိတ်၍ ရေရွတ်လိုက်သည်။
လက်ရှိတွင် သူ့ခေါင်းထဲ၌ အစီအမံအား ဖျက်ဆီးမည့်အတွေး မရှိတော့ပါချေ။
သူ အသက်ရှင်လျက် ထွက်နိုင်လျှင်ပင် တော်လှလေပြီ ။
သို့သော် ..
ဝုန်း ...
ထိုစဥ်မှာပင် ကြောက်မက်ဖွယ် အစွမ်းကြီးက လင်းလုံမျှော်စင်ဆီ တိုက်ရိုက် ရောက်လာခဲ့ပါ၏။
ဝီ ...
လင်းလုံမျှော်စင်မှ ထုတ်လွှတ်နေသော မသေမျိုးအလင်းတန်းမှာ တခဏလေးသာ ခံလိုက်ပြီး.. ပြိုကွဲသွားတော့သည်။ ၎င်းအလင်းတန်းနှင့်အတူ မျှော်စင်လည်း ပြိုကွဲသွား၏။
" ဘယ်လိုဖြစ်ပြီး... "
ပိုင်ဖုန့်လင်း တုန်လှုပ်သွားရတော့သည်။
ထိပ်တန်းအဆင့် မသေမျိုးလက်နက်သည်ပင် အစီအမံ၏ အစွမ်းကို ခဏလေးတောင် မခံနိုင်ခဲ့ဘူးတဲ့လား ...
ထို အစီအမံက ဘယ်လောက် အစွမ်းထက်ပါသလဲ...
သို့သော် လက်ရှိတွင် ထိုအကြောင်းကို တွေးရန်အတွက် သူ အချိန်များစွာ မရပါချေ။
သူ ချက်ချင်းနောက်လှည့်ပြီး အသည်းအသန် ထွက်ပြေးလိုက်ရပါ၏။
ထိုစဥ်မှာပင် ..
ဝုန်း ..
ကြောက်မက်ဖွယ် အစွမ်းကြီး ကျလာခဲ့သည်။
အကယ်၍သာ အစီအမံက အပြင်လေထုကို သတ်သတ်မခွဲထားခဲ့လျှင်... ၎င်းအစွမ်းက ယွမ်မိသားစု တစ်ခုလုံးအား အပြောင်ရှင်းပစ်နိုင်ပေလိမ့်မည် ။
အွတ်...
တဖက်မှပိုင်ဖုန့်လင်းတစ်ယောက် သွေးအန်သွားကာ ဒယိမ်းဒယိုင်ဖြင့် လဲကျမလို ဖြစ်သွားသည်။
" ဒါ ဘယ်လိုအစွမ်းမျိုးလဲ.. "
သူ တုန်လှုပ်နေသလို ဒေါသလည်း ထွက်နေပါတော့၏။
ထိုစဥ်မှာပင် အစီအမံ၏ ဒုတိယမြောက် အားတစ်ခု စတင်စုစည်းလာပြန်သည်။
" ငါ အစီအမံကို ချိုးဖျက်တာ ကျရှုံးသွားပါတယ် ။ ငါ အရှုံးပေးပါတယ်ကွာ "
ပိုင်ဖုန့်လင်း၏ မျက်လုံးများ ကူကယ်ရာမဲ့လျက်...
အခြားတဖက် ယွမ်မိသားစု ခန်းမထဲတွင် ...
ယွမ်လောလင်က အစီအမံအား အသက်သွင်းလိုက်သည်ကို ကြည့်နေသော ယွမ်လွင်၏ မျက်နှာထက်တွင် ဂုဏ်မောက်နေဟန် အထင်းသား ရှိနေပါ၏။
" ဟား ဟား.. ယွမ်လောလင် ၊ မင်းက အစီအမံပုံကြမ်း အတုကို သုံးပြီးတော့တောင် ဝင်ပြိုင်ရဲတယ်ပေါ့လေ ။ သေဖို့သာ ပြင်ထားလိုက်တော့ "
ယွမ်လွင် အပြုံးဖြင့် ပြောလိုက်သည်။
ယွမ်လောလင်ကမူ စိုးရိမ်နေဟန် ရှိနေသော်လည်း လက်မလျှော့ဘဲ ခပ်မာမာပြန်ပြော၏။
" အတု ဟုတ်လား ၊ မဟုတ်ဘူးလားဆိုတာ နင့်မှာ ပြောပိုင်ခွင့်မရှိဘူး "
ယွမ်လွင် လှောင်ပြုံး ပြုံးလိုက်သည်။
" သခင်ကြီးပိုင်ရဲ့ စကားကို မှားမယ်ထင်နေတာလားကွ ။ ဒါမှမဟုတ်... တိုင်လင်စင်မြင့်က သခင်ကြီးပိုင်
ထက် အစီအမံတွေအကြောင်း ပိုသိမယ်လို့ ထင်ထားတာလား "
သူ ထိုစကားကို ပြောလိုက်ချိန်တွင်မူ ယွမ်ချန်း နှင့် ကျန်လူများမှာ စိတ်မသက်မသာ ဖြစ်သွားကြပါသည်။
ပါရမီရှင် မသေမျိုးအစီအမံပညာရှင် တစ်ယောက်ဖြစ်သော ၊ ပိုင်ဖုန့်လင်း၏ အစွမ်းကို သူတို့ သိထားပြီးဖြစ်ပါ၏။
တဖက်မှ တိုင်လင်စင်မြင့်ကမူ ..
ယခင်က တိုင်လင်စင်မြင့်သည် အင်အားကြီးကောင်း ကြီးနိုင်ခဲ့မည် ဖြစ်သော်လည်း...
လက်ရှိ တိုင်လင်စင်မြင့်မှာမူ ဒုတိတန်းစား အစီအမံအဖွဲ့တစ်ခုသာ ဖြစ်ပါသည်။
ထိုအဖွဲ့မျိုးကို ပိုင်ဖုန့်လင်းနှင့် ယှဥ်နိုင်ပါမည်လား...
သို့သော် ယွမ်လောလင် အံကြိတ်၍ ပြန်ပြောလိုက်ပါ
သည်။
" ငါက တိုင်လင်စင်မြင့်ကို ယုံတယ် ။ ပြီးရင် သူတို့ရဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီး လောထျန်းကိုလဲ ယုံတယ် "
ယွမ်လွင်က လှောင်ပြုံးဖြင့် ထပ်ပြောလာ၏။
" မင်း ယုံတော့ရော ဘာအသုံးဝင်မှာမို့လဲ ။ စောင့်ကြည့်နေလိုက်ပါကွာ... မင်းရဲ့ အစီအမံက သုံးစက္ကန့်အတွင်းမှာ သခင်ကြီးပိုင်ရဲ့ လက်ချက်နဲ့ ပြိုကွဲသွားလိမ့်မယ် ။ တစ်.. နှစ် ...... သုံး ... "
ယွမ်လွင်က တမင်ပင် အသံကို ရှည်ရှည်ဆွဲ၍ ပြောလိုက်ပြီး သူ့နောက်မှ အစီအမံလေထု ပြိုကွဲသွားမည်ကို စောင့်နေလိုက်သည် ။
သို့သော်.... သူ သုံး ကို အချိန်ဆွဲ ေအာ်ပြီးသွားသည်အထိ သူ့နောက်မှ လေထုက တိတ်ဆိတ်လျက် ...
" ဟင်.. "
ယွမ်လွင် အံ့အားသင့်သွားကာ အစီအမံဘက်သို့
ချက်ချင်းလှည့်ကြည့်လိုက်သည်။
ထိုစဥ်တွင် အစီအမံမှ ထွင်းစာများက ပိုင်ဖုန့်လင်းအား အားလုံးနှင့် သီးသန့်ခွဲထားပေးရာ အပြင်လူများအနေဖြင့် အထဲ၌ ဘာဖြစ်နေသည်ကို လုံးဝ မမြင်နိုင်ပါ ။
သို့သော်.. ပိုင်ဖုန့်လင်း၏ အစီအမံအပေါ် နားလည်နိုင်စွမ်းဖြင့် ဆိုပါက... ယခုလောက် အချိန်အတိုင်းအတာ ပမာဏက အစီအမံအား ဖျက်ဆီးပစ်ရန် လုံလောက်သင့်ပါသည်။
ထိုစဥ် ယွမ်ကျဲ့နန်က ချောင်းဟန့်၍ ပြောလာသည်။
" အစီအမံတစ်ခု အစစ် ဟုတ် မဟုတ်ဆိုတာကို ခွဲခြားဖို့ အဲ့လောက်ကြီး ဘယ်လွယ်နိုင်မလဲကွာ ။ ငါ ထင်တာတော့ အနည်းဆုံး စက္ကန့်သုံးဆယ်လောက် ကြာနိုင်တယ် "
သူ ပြောပြီး ဘေးသို့ လှည့်ကြည့်လိုက်သည်။
ထိုတခဏတွင် သူ့ကို မှီခိုနေကြသူများလည်း သူ့အတိုင်း သံယောင်လိုက်၍ ပြောလာကြ၏။
" ဟုတ်တယ်.. အစီအမံတစ်ခုကို စစ်ဆေးကြည့်ဖို့က သေချာလုပ်မှရတာ ။ အနည်းဆုံး စက္ကန့်သုံးဆယ်လောက် ကြာတယ် "
" ဟုတ်တယ်.. စက္ကန့်သုံးဆယ်ဆိုတာ မှန်တယ် "
" ရှင်တို့တွေ "
အားလုံး၏ စကားများကြောင့် ယွမ်လောလင် မျက်နှာလေး ဖြူရော်သွားတော့သည်။
အချိိန်ပိုဆွဲလေလေ ၊ သူမအတွက် အခြေအနေပိုဆိုးလေ မဟုတ်ပါလား...
သို့သော် လက်ရှိတွင် အားလုံးက ယွမ်ကျဲ့နန်ဘက် ရှိနေကြသည်ဖြစ်ရာ သူမ မည်သို့မှ မတတ်နိုင်ပါချေ။
အသံတိတ်ပြီး စောင့်ကြည့်ရုံသာ ရှိပါတော့၏။
" လက်ထောက်ဂိုဏ်းချုပ်ကြီး လောထျန်းရဲ့ အစီအမံက စက္ကန့်သုံးဆယ်ထက် ပိုကြာဖို့ပဲ မျှော်လင့်ရတော့မှာပေါ့ "
သူမ စိတ်ထဲမှ တွေး၍သာ ဆုတောင်းနေလိုက်သည်။
အခြားတဖက် ၊ အစီအမံအတွင်းတွင်ကား ...
ဝုန်း ...
အသံကျယ် တစ်သံနှင့်အတူ ပိုင်ဖုန့်လင်းတစ်ယောက် ခက်ခက်ခဲခဲ ထရပ်လိုက်၏။
ထိုအချိန်တွင် သူ့လက်တစ်ဖက် ကျိုးနေပြီး ... တစ်ကိုယ်လုံးလည်း သွေးများရွှဲနေကာ အခြေအနေ အလွန်ဆိုးပုံ ရပါသည်။
" ချီးကွာ .... မသေမျိုးလက်နက် ခြောက်ခုနဲ့ အသက်ကယ်အဆောင် သုံးခုတောင် ပျက်စီးသွားခဲ့ပြီ ။ ဒီတိုင်းသာ ဆက်သွားနေရင် ငါ တကယ်ကြီး သေရတော့မှာ ။ ယွမ်ကျဲ့နန် .. ယွမ်လွင်... ဘာတွေလုပ်နေကြတာလဲ ။ အစီအမံကို မြန်မြန်ဖျက်ဆီးဖို့ ဟိုကလေးမကို ပြောလိုက်ကြလေကွာ "
ပိုင်ဖုန့်လင်း အလွန်ဒေါသထွက်နေတော့သည်။
ထိုစဥ်မှာပင် အခြား အစွမ်းတစ်ခု ထပ်စုစည်းလာ
ပြန်၏။
အစီအမံအပြင်ဘက် ၊ ယွမ်မိသားစု ခန်းမထဲ၌...
" စက္ကန့်သုံးဆယ် ပြည့်သွားပြီ "
အချိန်ကို တိတ်တဆိတ် ရေတွက်နေခဲ့သော ယွမ်လောလင် ရုတ်တရက် ပြောလိုက်သည်။
သူမ နောက်ရှိ ယွမ်ချန်းနှင့် အခြားသူများ ခေါင်းညိတ်လိုက်ကြ၏။
" ဟုတ်တယ်.. သဘောတူထားတဲ့အချိန် ပြည့်သွားပြီ "
" ဒီလောက်နဲ့ဆို အစီအမံက အစစ်ဖြစ်မှန်း သက်သေပြဖို့ လုံလောက်ပြီ မဟုတ်လား "
အားလုံး ပြောစကားများကို နားထောင်နေသော ယွမ်ကျဲ့နန်မှာကား မျက်နှာကြီး ရှုံ့မဲ့လျက် ..
အခြေအနေက ယခုလို ဖြစ်လာမည်ဟု သူ ထင်မထားခဲ့ပါချေ။
" ဘာတွေဖြစ်နေတာလဲ.. သခင်ကြီးပိုင် ပြောတာတော့ လက်ဖျောက်တစ်ချက်တီးတာနဲ့တောင် အစီအမံကို ဖျက်ဆီးနိုင်တယ်ဆို ။ အခု ဘာလို့ အဲ့လောက်ကြာနေရတာလဲ ။ ဒီအစီအမံက တစ်ခုခု လွဲနေတာများလား ... မဖြစ်ဘူး ၊ သခင်ကြီးပိုင်အတွက် အချိန်ဆွဲထားပေးမှ ဖြစ်မယ် "
ထိုသို့တွေးကာ ယွမ်ကျဲ့နန် ပြောလိုက်သည်။
" အားလုံး... မင်းတို့က မသေမျိုးအစီအမံပညာရှင် တွေလား.. "
" အင်... "
သူ့စကားကြောင့် အားလုံး အံ့အားသင့်သွားကြသည်။
ယွမ်ကျဲ့နန် စကားဆက်၏။
" ကျုပ် သိထားသလောက်ဆိုရင် တစ်ယောက်မှ မဟုတ်ပါဘူး ။ အဲ့တော့ မင်းတို့ရော ၊ ကျုပ်ရောက ဒီအစီအမံ အစစ် ဟုတ်လား ၊ မဟုတ်လားဆိုတာကို မခွဲတတ်ဘူးလေ ။ အဲ့တော့ သခင်ကြီးပိုင်ရဲ့ စကားကို
ပဲ နားထောင်ကြရမှာ "
ယွမ်လောလင် မျက်နှာကြီး သုန်မှုန်သွားသည်။
" မိသားစုခေါင်းဆောင်ကြီး... ခုလိုတော့ အကြာကြီး စောင့်နေလို့ မဖြစ်ဘူးလေ "
ယွမ်ကျဲ့နန် စဥ်းစားပြီးမှ ပြန်ပြောလိုက်၏။
" မင်းပြောတာ မှန်ပါတယ် .. ဒါပေမယ့် စက္ကန့်သုံးဆယ်က နည်းလွန်းတယ် ။ အဲ့တော့ အနည်းဆုံး စက္ကန့်တစ်ရာလောက် အချိန်ယူရမယ်လို့ ကျုပ်ထင်တယ် "
သူ့စကားကြောင့် ယွမ်လောလင် ဒေါသထွက်သွားရတော့သည်။
" စက္ကန့်တစ်ရာ.. ဟုတ်လား ။ အဲ့စက္ကန့်တစ်ရာ ပြည့်သွားရင်လဲ နောက်ထပ် စက္ကန့်နှစ်ရာဆိုပြီး ပြောဦးမှာလေ ။ ပြီးသွားရင်လဲ နောက်ထပ် စက္ကန့်သုံးရာဆိုပြီး လာဦးမှာပဲ "
ယွမ်လောလင် ပြောလိုက်၏။.
ယွမ်ကျဲ့နန် မျက်နှာရဲသွားကာ ပြန်ပြောသည်။
" ဘယ်ဟုတ်မလဲကွ ။ စက္ကန့်တစ်ရာက နောက်ဆုံးပဲ "
ယွမ်လောလင် အံကြိတ်လိုက်၏။
" စက္ကန့်တစ်ရာ ပြည့်သွားလို့မှ အစီအမံက အကောင်းတိုင်း ရှိနေသေးရင် ကျွန်မရဲ့ အစီအမံပုံကြမ်းတွေက အစစ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်လား "
ယွမ်ကျဲ့နန် ခေါင်းယမ်းလိုက်ပြန်သည်။
" ဘယ်ဟုတ်မလဲကွ.. အဲ့ဒါက မင်းအခု လုပ်ထားတဲ့ အစီအမံပုံကြမ်း တစ်ခုတည်းကပဲ အစစ်ဖြစ်မှာ ။ မင်းက တခြား အစီအမံပုံကြမ်း အတုတွေကို ဖွက်ထားဖို့အတွက် ဒီတစ်ခုကို သေချာရွေးထုတ်ထားတာ မဟုတ်ဘူးလို့ ဘယ်သူ အာမခံပေးနိုင်လို့လဲ "
ထိုတခဏ၌ ယွမ်လောလင် ဒေါသူပုန်ထသွားပါတော့သည်။
တဖက်လူ တမင်သက်သက် ကပ်ပြောနေသည် မဟုတ်ပါလား ..
သို့သော် ထိုစဥ်တွင် ဒုတိယဘိုးဘေးက ပြောလာ၏။
" ယွမ်ကျဲ့နန်ပြောတာ မှန်တယ်လို့ ငါထင်တယ် ။ စမ်းသပ်ပွဲတိုင်းက စစ်မှန်မှု ရှိရမှာလေ "
သူတို့ဘိုးဘေးကပင် ထိုသို့ ပြောလာသည့်အတွက် ဘေးတွင် ငြင်းခုန်နေကြသူများ ပါးစပ်ပိတ်လိုက်ရပါတော့သည်။
ယွမ်လောလင်သည်ပင် ပြန်မပြောရဲတော့ပါ ။
သူမ ထိုသို့ ပါးစပ်ပိတ်သွားသည်ကို မြင်မှ ယွမ်ကျဲ့နန် စိတ်အေးသွားပါ၏။
" သခင်ကြီးပိုင် ၊ ကျုပ် ခင်ဗျားကို စက္ကန့်တစ်ရာ အချိန်ထပ်ဆွဲပေးထားတယ်နော် ။ ကျုပ်ကို စိတ်ပျက်ရအောင် မလုပ်ပါနဲ့ "
သူ့စိတ်ထဲမှ ကြိတ်ပြောလိုက်သည်။
တဖက် အစီအမံထဲတွင်ကား .
" ယွမ်ကျဲ့နန် ... မင်းကို အပိုင်းပိုင်းဖြစ်အောင် လုပ်ပစ်တော့မယ် ။ ဘာလို့ အစီအမံကို မဖယ်ရသေးတာလဲ ။ အခုချက်ချင်း ဖယ်လေကွာ "
ပိုင်ဖုန့်လင်းတစ်ယောက် မျက်ရည်များဖြင့် အော်လိုက်သည်။