အခန်း (၇၉၆)
Vol. 57 Ch. 796
ယွမ်မိသားစု ခန်းမထဲ၌ ရှိနေသူများအားလုံး အစီအမံအား စိုးရိမ်တကြီးကြည့်ကာ သူတို့စိတ်ထဲမှ အချိန်ကို တိတ်တဆိတ် ရေတွက်နေကြပါ၏။
" စက္ကန့်တစ်ရာ ပြည့်သွားပြီ "
ယွမ်လောလင် အသံကျယ်ဖြင့် အော်လိုက်သည်။
အားလုံး၏ အကြည့်က ယွမ်ကျဲ့နန်ဆီ ရောက်သွား၏။
ယွမ်ကျဲ့နန်မှာကား မျက်နှာဆိုးရွားစွာ ပျက်လျက် ..
" စက္ကန့်တစ်ရာ ပြည့်သွားတာတောင် အစီအမံကို မဖျက်ဆီးလိုက်နိုင်ဘူးလား "
ယွမ်ကျဲ့နန် စိတ်ထဲမှ သက်ပြင်းကြိတ်ချလိုက်ရသည်။
ထို့နောက် သူ အံကြိတ်ကာ ပြောလိုက်၏။
" ကောင်းပြီ ၊ ဒီ အစီအမံပုံကြမ်းကို အစစ်လို့ပဲ
သဘောထားလိုက်ကြတာပေါ့ ။ အစီအမံကို ပြန်ဖွင့်လို့ရပြီ ။ ဒါပေမယ့်.. ကြိုပြောထားမယ်နော်.. အခုက ဒီအစီအမံပုံကြမ်း တစ်ခုတည်းကပဲ အစစ်ဆိုတဲ့ အဓိပ္ပါယ်ရတာ ။ အဲ့ထက် မပိုဘူး "
" တကယ်လို့သာ အစစ်ဖြစ်ကြောင်း သက်သေပြချင်ရင် သခင်ကြီးပိုင်ကို နောက်ထပ် ဆယ်ခုကျောက်လောက် ထပ်ပြီး စမ်းသပ်ခိုင်းမှရမယ် ။ ပြီးရင် ဘယ်အစီအမံပုံကြမ်းကို စမ်းမလဲဆိုတာကိုလဲ ငါပဲ ရွေးမယ် "
ယွမ်ကျဲ့နန် ထိုသို့ပြောကာ ယွမ်လောလင်အား အေးစက်စက် မျက်နှာထားဖြင့် ကြည့်လိုက်သည်။
" ရှင်ကြီး .."
ယွမ်လောလင် မည်သို့မှ မတတ်နိုင်ဘဲ အံကိုသာ ကြိတ်လိုက်ရပါ၏။
တဖက်လူက သူမတို့၏ မိသားစုခေါင်းဆောင် မဟုတ်ပါလား ...
ထို့နောက် သူမ စိတ်ပျက်လက်ပျက်ဖြင့် အစောက အဆောင်ကျောက်ပြားကို ကောက်ယူကာ မသေမျိုးစွမ်းအင်တန်းတစ်ခု လွှတ်သွင်းလိုက်သည်။
ဝီ ..
အဆောင်ကျောက်ပြား အရောင်လက်သွားပြီး ၎င်းရှေ့တွင် ရှိနေသော ထွင်းစာများက ပူဖောင်းများသဖွယ် ပေါက်ထွက်သွားကြ၏။
အစီအမံလည်း ပျောက်ကွယ်သွားသည်။
ထိုစဥ်မှာပင် ယွမ်လွင် ပြောလာသည်။
" သခင်ကြီးပိုင်.. အခုတစ်ခေါက်က အကြုံးမဝင်ဘူးဗျ ။ ပြောင်းရအောင်... ဟင်... "
ယွမ်လွင် စကားပြောနေရင်း တစ်ဝက်မှာပင် တစ်စုံတစ်ခု လွဲနေသည်ကို သတိထားမိသွားသည်။
သူ ချက်ချင်း လှည့်ကြည့်လိုက်ရာ အစီအမံပျောက်သွားပြီးနောက် ပေါ်လာသည့် သခင်ကြီးပိုင်ကို မြင်ပြီး တုန်လှုပ်သွား၏။
" သခင်ကြီးပိုင်... ဘယ်လိုတွေ ဖြစ်သွားခဲ့တာလဲ "
ထိုစဥ်တွင် သခင်ကြီးပိုင်မှာ တစ်ကိုယ်လုံး သွေးများရွှဲနေကာ လက်တစ်ဖက်နှင့် ခြေထောက်တစ်ချောင်းလည်း ကျိုးနေပါသည်။
သူ့ခန္ဓာကိုယ် တစ်ဝက်မှာလည်း မီးသွေးအဖြစ် လောင်ကျွမ်းခံထားရဟန် တူပြီး သူ့အသက်အစွမ်းသည်လည်း အလွန်ပင် အားနည်းနေတော့၏။
အားလုံးမှာလည်း သူ့ကိုကြည့်ပြီး အံ့သြမှင်သက်လျက် ...
အစောပိုင်းလေးကတင်.. မသေမျိုးတစ်ယောက် အသွင် ရှိနေခဲ့သော သခင်ကြီးပိုင်က အဘယ့်ကြောင့် ယခုလောက် အခြေအနေဆိုးနေရပါသနည်း ။
" သခင်ကြီးပိုင် ၊ ဘယ်လိုတွေ ဖြစ်သွားတာလဲ "
ထိုစဥ် ယွမ်ကျဲ့နန် အပြေးရောက်လာပြီး တုန်လှုပ်စွာ မေး၏။
ပိုင်ဖုန့်လင်းက ခေါင်းကို ခက်ခက်ခဲခဲမော့၍ သူ့အား မုန်းတီးမှုတို့ ပြည့်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
" မင်းတို့က... ဘာဖြစ်လို့... အစီအမံကို အခုမှ... ဖွင့်လိုက်ရတာလဲ "
သူ စကားပြောရန်ပင် ခက်ခဲနေဟန် တူပါ၏။
ယွမ်ကျဲ့နန် ဘာပြန်ပြောရမည် မသိဘဲ မှင်သက်သွားရသည်။
သို့သော် ဘေးမှ ယွမ်လွင်က ဝင်ပြောလာ၏။
" သခင်ကြီးပိုင် ၊ ကျုပ်အဖေက သခင်ကြီး အစီအမံကို ဖျက်ဆီးလို့ရအောင် တမင်ကို အချိန်ဆွဲထားပေးခဲ့တာ... "
ထိုစကားကို ကြားသောအခါ ယွမ်ကျဲ့နန်မှာ သူ့သားအား အသေရိုက်သတ်ပစ်ချင်စိတ် ပေါက်သွားတော့သည်။
သူ့သားက ဘာမှသုံးစားမရသည့် ကောင်ဆိုသည်ကို သူ အဘယ့်ကြောင့် စောစောမသိခဲ့ရပါသနည်း ။
တဖက်မှ ပိုင်ဖုန့်လင်းမှာလည်း ထိုစကားကို ကြားသည်နှင့် မျက်လုံးများ ချက်ချင်းအေးစက်သွားသည်။
" မင်း... မင်းတို့... "
သူ ဒေါသထွက်လွန်း၍ ပေါက်ကွဲထွက်တော့မလိုပါပင် ..
အကယ်၍ ယွမ်ကျဲ့နန်ကသာ အချိန်မဆွဲထားခဲ့လျှင် သူ ဤမျှ ဒုက္ခရောက်စရာ အကြောင်းမရှိဘူး မဟုတ်ပါလား ...
မည်မျှ ဒေါသထွက်စရာ ကောင်းလိုက်ပါသနည်း ။
တဖက်မှ ယွမ်လောလင်မှာလည်း ထိုမြင်ကွင်းကြောင့် မှင်သက်နေသည်မှာ သိသာပါ၏။
သူမ ပိုင်ဖုန့်လင်းကိုတစ်လှည့်... လက်ထဲမှ အစီအမံပုံကြမ်းကို တစ်လှည့် ကြည့်နေရင်း... မျက်နှာထား ရုတ်တရက် ပြောင်းသွားတော့သည်။
" ဒါဆို... လက်ထောက်ဂိုဏ်းချုပ်ကြီး လောထျန်းရဲ့ အစီအမံပုံကြမ်းက.. အဲ့လောက်အစွမ်းထက်တာလား "
သူမ တွေးမိလိုက်၏။
တစ်ချိန်တည်းမှာပင် သူမ ခေါင်းမော့၍ ယွမ်ကျဲ့နန်ကိုကြည့်ကာ ပြောလိုက်သည်။
" မိသားစုခေါင်းဆောင်ကြီး ၊ ဒီ အစီအမံပုံကြမ်းက အတုလား ၊ အစစ်လား ... "
တဖက်မှ စိုးရိမ်စိတ်အပြည့် ဖြစ်နေသော ယွမ်ကျဲ့နန်မှာ ထိုမေးခွန်းကို ကြားသည်နှင့် မျက်နှာဆိုးရွားစွာ ပျက်သွားတော့၏။
" ဟမ့်.... အဲ့ဒါ အစစ် ဟုတ်ဟုတ် ၊ မဟုတ်ဟုတ်... ဒီနေ့ စမ်းသပ်ပွဲကို ယာယီ ရွှေ့ဆိုင်းထားမယ် "
သူ ပြောလိုက်သည်။
သူ့စကားဆုံးသည်နှင့် ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။
အနိုင်ရသူက မည်သူမှန်း သိသာလွန်းနေချိန်တွင်
စမ်းသပ်ပွဲကို ရွှေ့ဆိုင်းမယ်တဲ့လား ...
၎င်းမှာ တမက်သက်သက် အနိုင်ကျင့်ခြင်းပါပင် ။
ယွမ်ချန်း စိတ်မထိန်းနိုင်တော့ဘဲ ယွမ်ကျဲ့နန်ကို လက်ဆန့်တား၍ ပြောလိုက်သည်။
" ယွမ်ကျဲ့နန် .. အဲ့ဒါ ဘာအဓိပ္ပါယ်လဲ ။ ယွမ်လောလင်က စမ်းသပ်ပွဲမှာ နိုင်သွားတာ အဲ့လောက် သိသာနေတာတောင် မင်းက လှည့်စားချင်သေးတယ်ပေါ့လေ "
ယွမ်ကျဲ့နန်တစ်ယောက် နှုတ်ခမ်းမဲ့သွားပြီး အေးစက်စက် ပြန်ပြော၏။
" ငါ ခုနကလဲ ပြောပြီးသားလေ ။ သခင်ကြီးပိုင်ရဲ့ ဒဏ်ရာက ဒီအစီအမံပုံကြမ်း တစ်ခုတည်းကပဲ အစစ်ဆိုတာကို သက်သေပြနိုင်တာ ။ အဲ့ထက် ဘာမှမပိုဘူး "
ယွမ်လောလင် ဒေါသတကြီး ရယ်လိုက်သည်။
" ကောင်းပါပြီရှင် ။ တကယ်လို့ မိသားစုခေါင်းဆောင်ကြီးက ကျွန်မကို မယုံဘူးဆိုရင် တစ်ခုချင်း စမ်းကြည့်ကြတာပေါ့ ။ ဒီနေ့တစ်ရက်တည်းနဲ့
အစီအမံပုံကြမ်း သုံးထောင်ကျော်လုံးကို သုံးလိုက်လဲ အရေးမကြီးဘူး "
သူမ ပြောပြောဆိုဆိုပင် အဆောင်ကျောက်ပြားတစ်ခုကို ထုတ်ကာ ယွမ်ကျဲ့နန်အား ပြောလိုက်၏။
" ဒီတစ်ခုကို သခင်ကြီးကိုယ်တိုင် စမ်းသပ်ကြည့်ချင်လား "
သူမ ပြောကာ အစီအမံကို အသက်သွင်းမည့်ဟန် ပြင်လိုက်သည်။
" မင်း... "
ယွမ်ကျဲ့နန်တစ်ယောက် မျက်မှောင်ချက်ချင်းကြုံ့သွား၏။
သူ ဒဏ်ရာဆိုးရွားစွာ ရထားသော ပိုင်ဖုန့်လင်းကို လှည့်ကြည့်မိလိုက်သည်။
သို့သော် ထိုစဥ်မှာပင် ..
" တော်လောက်ပြီ "
ဒုတိယဘိုးဘေးက လေသံမာမာဖြင့် ရုတ်တရက် ပြောလာ၏။
အားလုံး သူ့ဘက် လှည့်ကြည့်လိုက်ကြသည်။
ဒုတိယဘိုးဘေးက လူအုပ်အား မျက်မှောင်ကြုံ့ကြည့်ရင်း ပြော၏။
" ငါ နောက်ဆုံးတော့ နားလည်သွားပြီ ။ မင်းတို့အားလုံးက ငါ့ရဲ့ မျိုးဆက်တွေ မိသားစုရဲ့ အုပ်ချုပ်သူဖြစ်နေတာကို မကျေမနပ် ဖြစ်နေကြတာမဟုတ်လား ။ ကောင်းပြီလေ.. ဒီနေ့တော့ ယွမ်ကျဲ့နန်ရဲ့ မိသားစုခေါင်းဆောင် နေရာကို ဘယ်သူစိန်ခေါ်ရဲလဲ ကြည့်မယ် "
ထိုစကားကြောင့် သူ့ဘေးမှ ဘိုးဘေး ၄ မျက်မှောင်ကြုံ့သွားသည်။
" အကို ၂ ၊ အဲ့ဒါ ဘာသဘောလဲ ။ ဒီစမ်းသပ်ပွဲက မိသားစုကို ဘယ်သူအုပ်ချုပ်မလဲဆိုတာ အဆုံးအဖြတ် ပေးတာလေ ။ ဒါက ကျုပ်တို့တွေအားလုံး ဟိုးအရင်တည်းက သဘောတူထားခဲ့တဲ့ ကိစ္စပဲ ။ အရင်က... အကို၂ ရဲ့ မျိုးဆက်တွေ နိုင်ခဲ့တုန်းကတော့ ဘာပြဿနာမှ မရှိခဲ့ပဲနဲ့ ဒီနေ့.. တခြား
သူတွေ နိုင်သွားတော့မှ အဆင်မပြေတော့ဘူးပေါ့ "
ဒုတိယဘိုးဘေးက သူ့ဘက် ရုတ်ချည်းလှည့်လာကာ မျက်နှာထားမာမာဖြင့် ကြည့်လိုက်သည်။
" ညီလေး ၄ ၊ ဒါတွေအားလုံးကို မင်း စီစဥ်ထားခဲ့တာလား "
ထိုစဥ် ဘိုးဘေး၆ နှာခေါင်းရှုံ့လိုက်၏။
" ကျုပ် ဆက်ပြီးသည်းမခံနိုင်တော့ဘူး "
ဒုတိယဘိုးဘေးက ဘိုးဘေး ၆ ဘက်သို့ ထပ်လှည့်ကြည့်လိုက်သည်။
" ညီလေး ၆ ၊ အဲ့ဒါ ဘာသဘောလဲ "
ဘိုးဘေး ၆ က အပြုံးဖြင့် ပြန်ပြော၏။
" အကို၂ ၊ မိသားစုကိစ္စတွေကို လုပ်တဲ့အချိန်မှာ အမြဲတမ်း စည်းမျဥ်းတွေကို လိုက်နာရမယ်လေ.. ဟုတ်တယ်မလား "
ဒုတိယဘိုးဘေးက ထိုနှစ်ယောက်လုံးအား လှောင်ပြုံးဖြင့် ကြည့်လိုက်သည်။
" ကောင်းတယ်ကွာ.. ကောင်းတယ် ၊ ကြည့်ရတာ မင်းတို့နှစ်ယောက်လုံးက ငါ့ကို အကိုကြီးလို့ မ
သတ်မှတ်ကြဘူးနဲ့တူတယ် ။ အဲ့လိုဆိုမှတော့လဲ ငါ့ဘက်က ညီအကိုတွေလို့ သတ်မှတ်စရာ အကြောင်းမရှိတော့ဘူး "
သူ ပြောကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ဝုန်း ...
ချက်ချင်းမှာပင် သူ့ကိုယ်မှ အရောင်အဝါက ကောင်းကင်ယံသို့ ထိုးတက်သွား၏။
ကြောက်မက်ဖွယ် ဖိနှိပ်အားကြီးတစ်ခုလည်း အရပ်မျက်နှာစုံသို့ လွင့်ပျံ့လာသည်။
" ဟင်... ဒါက မသေမျိုးဘုရင် အဆင့်နီးပါး အရောင်အဝါပါလား "
၎င်းအရောင်အဝါကို အာရုံခံမိသည်နှင့် ဘိုးဘေး ၄ ရော ၊ ဘိုးဘေး၆ ပါ တုန်လှုပ်သွားကြ၏။
ဒုတိယဘိုးဘေးက ထိုအဆင့်သို့ ရောက်နေသည်ကို မည်သူမှ မသိကြပါချေ။
" အကို၂ ၊ အဲ့အဆင့်ကို ရောက်အောင်လို့ ပြီးခဲ့တဲ့နှစ်တွေမှာ ရှားပါးရတနာတွေ ဘယ်လောက်များများကို ဝါးမြိုထားခဲ့တာလဲ "
ဘိုးဘေး၄ က ဒုတိယဘိုးဘေးကို ကြည့်ကာ အေးစက်စက်အသံဖြင့် မေးလိုက်သည်။
ဘိုးဘေး၆ ကလည်း ခေါင်းညိတ်၍ ဝင်ပြော၏။
" ဒီနှစ်တွေထဲမှာ အကို ၂ က မိသားစုကို ဆက်တိုက်ကြီး ထိန်းချုပ်နေခဲ့တာ မဆန်းတော့ပါဘူး ။ လက်စသတ်တော့... သူ့အတွက် အကျိုးအမြတ် အကြီးကြီးတွေ ရနေလို့ကိုး... "
သူတို့ အကို၂ ၏ ကျင့်ကြံခြင်းအဆင့်သည် ရိုးရိုးသာမာန် ကျင့်ကြံခြင်းကြောင့် ရခဲ့ခြင်း မဟုတ်မှန်း သူတို့ မြင်ထားပြီးသားပင်...
၎င်းမှာ သဘာဝ ရှားပါးရတနာပေါင်းစုံဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပါ၏။
ဒုတိယဘိုးဘေးက လှောင်ပြုံးဖြင့် ပြန်ပြောလာသည်။
" အစကတော့ ငါက မင်းတို့နှစ်ယောက်ကို ရက်နည်း
နည်းလောက် အသက်ဆက်ရှင်ခွင့် ပေးထားဦးမလို့ပါပဲကွာ ။ ဒါပေမယ့်.. မင်းတို့က ခုလိုမျိုး ကိုယ့်သေကြောင်းကိုယ် ကြံလာကြတာကိုးကွ ။ ဒီလိုဆိုမှတော့လဲ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့တော့ "
ဝုန်း...
ထိုတခဏ၌ သူ့ကိုယ်မှ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ရုတ်ချည်းထွက်လာပြီး. .
ယွမ်မိသားစုဝင်များအားလုံး ကြမ်းပြင်သို့ ဒူးထောက်ကျကုန်ကြ၏။
ယွမ်လောလင် နှင့် ယွမ်ချန်းတို့မှာလည်း ကြမ်းပြင်၌ ဒူးထောက်လျက်သား ကျနေကာ မလှုပ်ရှားနိုင်ကြတော့ပေ။
ထိုအချိန်တွင် ဒုတိယဘိုးဘေး၏ မျိုးဆက်များကသာ အကောင်းတိုင်း ရှိနေပါသည်။
" ဘာတွေ ဖြစ်နေတာလဲ "
အားလုံး တုန်လှုပ်ကုန်ကြသည်။
ဘိုးဘေး ၄ နှင့် ဘိုးဘေး၆ တို့မှာလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း တုန်လှုပ်နေကြတော့၏။
အဘယ့်ကြောင့်ဆိုသော်... လက်ရှိ သူတို့ခန္ဓာကိုယ်ထဲ၌ သူတို့၏ လှုပ်ရှားမှုများအား ချုပ်နှောင်ထားသော အစွမ်းတစ်ခု ရှိနေသည်ကို သိလိုက်ရသောကြောင့်ပင် ...
ထိုစဥ် ဒုတိယဘိုးဘေးက လှောင်ပြုံးဖြင့် ပြောလာသည်။
" မင်းတို့အားလုံးက ယွမ်မိသားစုဝင်တွေပဲ ၊ အဲ့တော့ ဒီနေ့မှာ မင်းတို့အားလုံး ယွမ်မိသားစုအတွက် တစ်ခုလုပ်ပေးရမယ် ။ ဒီနေ့တော့.. ငါက မင်းတို့အားလုံးကို ယဇ်ပူဇော်ပြီး.. မင်းတို့ရဲ့ သွေးတွေနဲ့ မသေမျိုးဘုရင်တစ်ယောက် ဖြစ်လာအောင် လုပ်မယ် "