သံမဏိတောင်ကြောမှ လူကြမ်းသုံးဦး
Vol. 4 Ch. 50
~နင်ချီကတော့ ဒီစကားထဲက အဓိကသော့ချက်ကို ချက်ချင်း ကောက်ခနဲ လှမ်းဖမ်းလိုက်နိုင်၏။
...'လာပြန်ပြီ... ဒီဒုက္ခတွေ'...
ခရမ်းမြစ်ဓားဂိုဏ်းအကြောင်းကို သူကြားဖူးနေသည်မှာ ကြာပြီဖြစ်သည်။ ၎င်းသည် ချင်ပြည်နယ်အတွင်းရှိ ထိပ်တန်းဂိုဏ်းများထဲမှ တစ်ခုဖြစ်ပြီး အပြင်းထန်ဆုံးပုဂ္ဂိုလ်မှာ ခရမ်းမြစ်ဓားသခင်ဖြစ်ကာ မူလအမြုတေနယ်ပယ်ထိပ်တန်းကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။
"စီနီယာအစ်ကိုကြီး... ခရမ်းမြစ်ဓားဂိုဏ်းက တစ်ခါထက်မက ရောက်လာတာလား။"
နင်ချီက မေးလိုက်သည်။
လော့ဝမ်ထျန်းက ခေါင်းညိတ်လိုက်၏။
"ဒါ ဒုတိယအကြိမ်ပဲ။ နောက်လဆိုရင် ခရမ်းမြစ်ဓားသခင်ရဲ့ နှစ် ၁၂၀ ပြည့်မွေးနေ့ပွဲတော် ကျင်းပတော့မယ်။ ပုံမှန်ဆိုရင်တော့ ဆရာကိုယ်တိုင် တက်ရောက်ရမှာပေါ့။ ဒါပေမဲ့ ဆရာက တံခါးပိတ်ကျင့်ကြံနေတုန်း သူတို့တစ်ခါ ရောက်လာပြီးပြီ။ အခုက ထပ်ပြီး ဖိတ်ကြားဖို့ လာတာဖြစ်နိုင်တယ်။"
"ဆရာ့မှာ ချင် ပြည်နယ်မှာ မျက်နှာ ရှိတယ်ကွ။ ငါပဲ သွားတွေ့လိုက်မယ်၊ ကိစ္စမရှိပါဘူး။ မင်းက မင်းအလုပ် မင်းလုပ်နေ။"
လော့ဝမ်ထျန်းက နင်ချီ၏ပခုံးကို ပုတ်လိုက်ပြီး ထွက်သွားရန် ပြင်ဆင်လိုက်သည်။
သို့သော် နင်ချီက ဝင်ပြောလိုက်သည်။
"ကျွန်တော် စီနီယာ အစ်ကိုကြီးနဲ့ လိုက်ခဲ့မယ်လေ။"
လော့ဝမ်ထျန်း တစ်ယောက် ကြောင်သွား၏။ နင်ချီက ဒီလိုမျိုး တက်တက်ကြွကြွ တောင်းဆိုတာ ရှားမှ ရှား မဟုတ်ပါလား။
"အေး... လိုက်ခဲ့လေ။ ဘာပဲဖြစ်ဖြစ် အနာဂတ်မှာ မင်းလည်း လောကကြီးကို မျက်စိဖွင့်ကြည့်ဖို့ လိုတာပဲ။"
-----
မကြာမီပင်...
သူတို့အဖွဲ့သည် ခရမ်းမြစ်ဓားဂိုဏ်းမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံကြသည်။ ထိုသူတို့ကို ဦးဆောင်လာသူမှာ ခရမ်းမြစ်ဓားသခင်၏ တတိယတပည့် ဖြစ်သည်။ သူက လော့ဝမ်ထျန်းနှင့် ရွယ်တူနီးပါးရှိပုံရသော်လည်း သူ၏ကျင့်ကြံမှုအဆင့်မှာ အနည်းငယ် နိမ့်ကျပုံရ၏။
"အစ်ကိုလော့... ကျုပ်ကတော့ ဖိတ်ကြားမရှိဘဲ ရောက်လာတာမို့ အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ။ ကျုပ်တို့ဆရာသခင်က တာအိုဆရာလုံရှန်းကို အရမ်းတွေ့ချင်နေလို့ စကားလေးဘာလေး ပြောချင်လို့ပါ။ တာအိုဆရာလုံရှန်းများ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာပြီလား သိချင်လို့ပါခင်ဗျာ။"
လော့ဝမ်ထျန်းက ခေါင်းခါလိုက်သည်။
"ခရမ်းမြစ်ဓားသခင်ရဲ့ ရက်ရောတဲ့ ဖိတ်ကြားမှုကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဆရာက တံခါးပိတ်ကျင့်ကြံနေတုန်းပါပဲ။ ကျွန်တော်ပဲ ဆရာ့ကိုယ်စား တက်ရောက်ပါ့မယ်၊ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။"
ထိုတတိယတပည့်က လက်ကို ခပ်သွက်သွက် ဝှေ့ယမ်းပြလိုက်သည်။
"အစ်ကိုလော့ရယ်... အားနာစရာတွေ ပြောနေပြန်ပြီ။ နှစ်ခါတောင် ဖိတ်ရတာက တကယ်တော့ ကျုပ်တို့ဘက်က အနှောင့်အယှက်ပေးရာ ရောက်နေပါပြီ။ ကျုပ်တို့ဆရာက တာအိုဆရာလုံရှန်းများ အကူအညီတစ်ခုခု လိုအပ်နေမလားလို့ စိတ်ပူနေလို့ ကျုပ်ကို လာကြည့်ခိုင်းလိုက်တာပါ။"
လော့ဝမ်ထျန်းက မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ပြီးမှ ပြုံးလိုက်သည်။
"ခရမ်းမြစ်ဓားသခင်ကို စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပေးပါဗျာ။ ဒါပေမဲ့ ဆရာက ကောင်းကင်ဘုံလူသားနယ်ပယ်ကို ယုံကြည်မှုအပြည့်နဲ့ ချိုးဖြတ်ဖို့ တံခါးပိတ်ကျင့်ကြံနေတာပါ... အောင်မြင်ဖို့က အချိန်တစ်ခုပဲ လိုတော့တယ်။"
တတိယတပည့်၏ မျက်လုံးများတွင် လေးစားမှုအချို့ ပြသသွားသည်။
"ဒါဆို ဒီလိုကိုး။ တာအိုဆရာလုံရှန်း အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပေးပါတယ်။ ကျွန်တော်လည်း တခြားသူတွေကို ဆက်ဖိတ်ရဦးမှာမို့လို့... နောက်ထပ် အနှောင့်အယှက် မပေးတော့ပါဘူး။"
ခရမ်းမြစ်ဓားဂိုဏ်းမှ လူများ ထွက်သွားသည်ကို သူတို့ ကြည့်နေလိုက်ကြသည်။
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော နင်ချီက ဖြည်းညှင်းစွာ စကားစလာသည်။
"စီနီယာအစ်ကို... ကျွန်တော် ခံစားရတာ... ဒီခရမ်းမြစ်ဓားဂိုဏ်းကလူတွေက မွေးနေ့ပွဲဖိတ်တာထက်... ဆရာ့အခြေအနေကို လာစနည်းနာနေသလိုပဲနော်။"
လော့ဝမ်ထျန်းက ပြောသည်။
"ဂျူနီယာညီလေး... မင်း တော်တော် ထက်မြက်တာပဲ။ အခု ချင် ပြည်နယ်မှာ ဘယ်လို ကောလာဟလတွေ ပျံ့နေလဲ မင်းသိလား။"
"ဟင့်အင်း ၊ ကျွန်တော် မသိဘူး။"
"ကောလာဟလတွေကတော့ ဆရာက မိစ္ဆာဂိုဏ်းက အင်အားကြီး တစ်ယောက် လက်ချက်မိပြီး ဒဏ်ရာအပြင်းအထန်နဲ့ တံခါးပိတ် ကုသနေရတာတဲ့။ တချို့ကဆိုရင် သေတော့မယ်လို့တောင် သတင်းလွှင့်နေကြတယ်။"
ထိုအခါ ဘေးနားမှ ကျန်းပိုင်ရှန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဒေါသသံဖြင့်
"အဲ့ဒီ သစ္စာဖောက်သာ မရှိခဲ့ရင် ဒီလို ပြသနာတွေ ပေါ်လာမှာ မဟုတ်ဘူး။"
လော့ဝမ်ထျန်းက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်၏။
"ဒါကလည်း ငါတို့ အစစ်အမှန်သိုင်းဂိုဏ်းက မကြာသေးခင်နှစ်တွေအတွင်း ထင်ပေါ် ကျော်ကြားလာလို့ မနာလိုတဲ့ မျက်လုံးတချို့က ဆွဲဆောင်မိသလို ဖြစ်သွားတာပဲ။ ဆရာက ကောင်းကင်ဘုံလူသားနယ်ပယ်ကို တံခါးပိတ် ချိုးဖြတ်နေတဲ့ ဒီအချိန်က ငါတို့အတွက်လည်း စမ်းသပ်မှုတစ်ခုပဲ။ ကံကောင်းတာက ဂျူနီယာ ညီ ငါးက ချီစွမ်းအင်နယ်ပယ်ကို တက်လှမ်းနိုင်ခဲ့ပြီ။ မင်း ရှိနေတော့ ကြီးကြီးမားမား ပြဿနာတော့ မရှိလောက်ပါဘူး။"
"စနည်းနာနေတာ ခရမ်းမြစ်ဓားဂိုဏ်း တစ်ခုတည်းတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ကို ကြောက်နေလို့မဖြစ်ဘူး။ သူတို့က ငါတို့ကို ဖိတ်မှတော့ ငါလည်း ပေါ်ပေါ်ထင်ထင် သွားရမှာပေါ့။ ဒီလိုမှမဟုတ်ရင် ငါတို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူးလို့ ထင်သွားလိမ့်မယ်။"
"ဒါဆို ငါ မွေးနေ့ပွဲကို သွားတက်လိုက်ဦးမယ်။ ဂျူနီယာညီငါး... စိတ်ဓာတ်ခိုင်ခိုင်ထားပြီး ဂျူနီယာညီနှစ်တို့နဲ့၊ တခြားသူတွေနဲ့ တိုင်တိုင်ပင်ပင် လုပ်ကြ။"
ကျန်းပိုင်ရှန်းက ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြသည်။
"စိတ်မပူပါနဲ့ စီနီယာအစ်ကို။ ကျွန်တော်တို့ ဒီမှာ ရှိနေတာပဲ။ အိမ်မှာ ဘာမှဖြစ်မှာ မဟုတ်ဘူး။ မွေးနေ့ပွဲတက်ဖို့ပဲ အာရုံစိုက်လိုက်ပါ။"
နင်ချီ၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွားသည်။
... 'အခြေအနေက ထင်သလောက် မရိုးရှင်းဘူးလို့ ငါ့စိတ်ထဲမှာ ထပ်ခါထပ်ခါ ခံစားနေရတယ်'...
နင်ချီ ဒီကာလ အတွင်း နိုးနိုးကြားကြားရှိနေရန် တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။
သူ စိုးရိမ်နေမိသည်။
... 'စီနီယာအစ်ကိုငါး... ဒီဖိအားကို တကယ်ပဲ... ခံနိုင်ပါ့မလားမသိဘူး'...
အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
လဝက်ခန့်ကြာသော် လော့ဝမ်ထျန်းသည် အတွင်းစည်းနှင့် အပြင်စည်းဂိုဏ်းများမှ ထူးချွန်သော တပည့်အချို့ကို ရွေးချယ်ပြီး ခရမ်းမြစ်ဓားသခင်၏ မွေးနေ့ပွဲသို့ တက်ရောက်ရန် တောင်အောက်သို့ ဆင်းသက်ဖို့ ပြင်ဆင်တော့သည်။
ခရီးက ရှည်လျားလှသဖြင့် သူတို့ စောစောထွက်ခွာရန် လိုအပ်လေ၏။
"ဂျူနီယာညီငါး... မင်းက အသန်မာဆုံးပဲ၊ ဒီရက်ပိုင်းတွေမှာ သတိထားနေ။ ဂျူနီယာညီနှစ်၊ ဂျူနီယာညီမသုံး... မင်းတို့လည်း နိုးနိုးကြားကြားရှိကြ။ ဘယ်လိုအခြေအနေမျိုးမှာမှ ဆရာ့ရဲ့ တံခါးပိတ်ကျင့်ကြံမှုကို ဘယ်သူမှ အနှောင့်အယှက် မပေးမိစေနဲ့ ။" လော့ဝမ်ထျန်းက သတိပေးစကား ဆိုသည်။
"စိတ်မပူပါနဲ့ စီနီယာအစ်ကို။ ကျွန်တော် ချီစွမ်းအင်နယ်ပယ်ကို ရောက်တာမကြာသေးပေမဲ့... ကျွန်တော့်ဓားကတော့
သွေးမမြည်းရသေးဘူးဗျ။"
ကျန်းပိုင်ရှန်းက သတ်ဖြတ်လိုသော လေသံဖြင့် ပြောလိုက်သည်။
အစစ်အမှန်သိုင်းဂိုဏ်းသည် ဖြောင့်မတ်မှန်ကန်သည်မှာ မှန်သော်လည်း သိုင်းသမားများဖြစ်သည့်အလျောက် မည်သူ့လက်တွင် သွေးမစွန်းဘဲ ရှိပါမည်နည်း။
"ပေါ့ဆလို့တော့ မဖြစ်ဘူးနော်။"
သတိပေးစကား ထပ်လောင်းပြောကြားပြီးနောက် လော့ဝမ်ထျန်းသည် အဖွဲ့ကို ဦးဆောင်ကာ ထွက်ခွာသွားလေသည်။
တာအိုရှာဖွေ ကျောင်းတော်အတွင်း၌ နင်ချီ သတင်းရရှိသောအခါ သူ့မျက်လုံးများ သိမ်မွေ့စွာ လှုပ်ရှားသွားသည်။
သူသည် မျောက်ဖြူလေးအား မကြာသေးမီက ဂိုဏ်း၏ လှုပ်ရှားမှုများကို အနီးကပ် အာရုံစိုက်ထားရန်နှင့် မူမမှန်မှု တစ်စုံတစ်ရာ ရှိပါက ချက်ချင်း သတင်းပို့ရန် ညွှန်ကြားထားလိုက်၏။
တာအိုဆရာလုံရှန်း ပြီးလျှင် အသက်ခြောက်နှစ်ကျော်အရွယ်သာ ရှိသေးသော ဤဂျူနီယာ ညီလေးသည်သာ အစစ်အမှန်သိုင်းဂိုဏ်းတွင် အစွမ်းထက်ဆုံးဖြစ်ကြောင်း... ဘယ်သကောင့်သားမှ မသိခဲ့ကြပါချေ။
လော့ဝမ်ထျန်း ထွက်ခွာသွားခြင်းသည် အစစ်အမှန်သိုင်းဂိုဏ်းအတွက် ကြီးမားသော ပြောင်းလဲမှုကို မဖြစ်စေခဲ့ပါ။
ကျန်းပိုင်ရှန်းသည် အစစ်အမှန်သိုင်းတောင်ပေါ်တွင် တာဝန်ယူ ကျန်နေခဲ့ရာ တပည့်များနှင့် ဂိုဏ်းသားများကို အလွန်အမင်း စိတ်သက်သာရာရစေသည်။
မြေပြင်တခွင်လုံးကို ကြည့်လိုက်လျှင် ချီစွမ်းအင်နယ်ပယ်မှ ကျွမ်းကျင်သူ တစ်ဦးရှိသော ဂိုဏ်းများသည် များများစားစား မရှိပါ။ သူတို့သည် ထင်ရှားသော ပုဂ္ဂိုလ်များဖြစ်ကြသည်။
အထင်မမှားပါနှင့်…။
အစစ်အမှန်သိုင်းဂိုဏ်း၏ အတွင်းစွမ်းအားနယ်ပယ် တပည့်များသည် အပြင်ဘက်တွင် ထားလိုက်လျှင် ထိပ်တန်း
ကျွမ်းကျင်သူများ ဖြစ်ကြလောက်သည်။
မဟာယန်တိုင်းပြည်ကြီးကို ပြည်နယ်များနှင့် ခရိုင်များဖြင့် ပိုင်းခြားထားရာ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် ပြည့်စုံခြင်းအဆင့်သည်ပင် ဒေသတွင်း၌ စိုးမိုးနိုင်ပြီး ဒေသခံသူဌေးကြီးများ ဖြစ်လာနိုင်သည်။
သို့သော် ကျန်းပိုင်ရှန်းနှင့် အခြားသူများသည် လော့ဝမ်ထျန်း၏ အမှာစကားကို မှတ်မိနေကြပြီး ပေါ့လျော့ခြင်းမရှိဘဲ နိုးကြားနေကြသည်။
ဂိုဏ်း၏တပည့်များသည် ယခင်ကထက် ပိုမို၍ အနီးကပ် ကင်းလှည့်နေကြသည်။
—----
မျက်စိတစ်မှိတ်အတွင်းမှာပင်...
ဆယ်ရက်တောင် ကြာသွားခဲ့လေပြီ။
ညဉ့်သည် နက်ရှိုင်းစွာ ကျဆင်းလာသည်။
အစစ်အမှန်သိုင်းတောင်၏ အခြေတွင်...
အနက်ရောင်ဝတ်စုံနှင့် လူရိပ် သုံးခုသည် သစ်ပင်အကိုင်းအခက်များပေါ်တွင် ဝပ်တွားနေကြသည်။ သူတို့၏ မျက်နှာများကို မမြင်ရဘဲ ညဇီးကွက်များကဲ့သို့ ကြမ်းတမ်းသော မျက်လုံးများသာ ပေါ်လွင်နေပြီး အတော်လေး ထူးဆန်းနေသည်။
တစ်ဦးမှာ တုတ်ခိုင်ပြီး၊ တစ်ဦးမှာ အရပ် ရှည်ကာ ပိန်လှီသည်။ အလယ်မှ တစ်ဦးမှာမူ အပြင်းထန်ဆုံး အရှိန်အဝါကို ထုတ်လွှတ်နေ၏။
သူတို့နှင့် ရင်းနှီးကျွမ်းဝင်သူ တစ်ဦးဦးသာ ဤနေရာတွင် ရှိနေပါက သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို မှတ်မိနိုင်ပေလိမ့်မည်။
သံမဏိတောင်ကြောမှ လူကြမ်းသုံးဦး...။
မြစ်ကို မှောက်လှန်သောနဂါး ထျဲလုံ၊ လမ်းလျှောက်ကျား ထျဲဟူ၊ နှင့် ကောင်းကင်ပျံလင်းယုန် ထျဲယင်း တို့ပင်တည်း။
ချင် ပြည်နယ် နယ်မြေထဲတွင် သူတို့သည် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များ၊ မိသားစုလိုက် မျိုးဖြုတ်သတ်ဖြတ်မှုများအတွက် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ သူတို့၏ လှုပ်ရှားမှုများမှာ ကြိုတင်ခန့်မှန်းရခက်ပြီး သုံးဦးစလုံးမှာ မြူဖြူနယ်ပယ် (အတွင်းစွမ်းအား
နယ်ပယ်) တွင် ရှိနေကြသည်။ ထင်ရှားသော ဂိုဏ်းကြီးများပင် သူတို့ကို ဒေါသထွက်အောင် မလုပ်ဝံ့ကြချေ။
"သူဌေး... ဒီလောက် ကြာအောင် စောင့်နေရတာ... ဘယ်တော့ ဝင်သတ်မှာလဲ။"
ထျဲဟူသည် သူ၏ နှုတ်ခမ်းကို မထိန်းနိုင်ဘဲ လျှာဖြင့် သပ်လိုက်ရင်း သူ၏ မျက်လုံးများမှာ အနည်းငယ် သွေးဆာနေသည်။
"ငါတို့ ဒီလိုမျိုး မျိုးဖြုတ်သတ်ဖြတ်တဲ့
အလုပ်တွေ မလုပ်ရတာတောင် ကြာပြီ။ ချင်းပြည်နယ်က ငါတို့ရဲ့ တန်ခိုးအာဏာကို မေ့နေလောက်ပြီ။"
သူက အေးစက်စက် ရယ်မောလိုက်ရာ ကြက်သီးထဖွယ် ကောင်းလှသည်။
သို့သော် အလယ်မှ ထျဲလုံက အသံတိုးတိုးဖြင့် ကြိမ်းမောင်းလိုက်သည်။
"ထျဲဟူ... မင်း အသေခံချင်နေတာလား။ တာအိုဆရာလုံရှန်း ရှိနေသေးတာကို... မင်းက သူ့ဂိုဏ်းကို မျိုးဖြုတ်ချင်နေတာလား။"
"တာအိုဆရာလုံရှန်းက မိစ္ဆာဂိုဏ်းဆရာကြီး လက်ချက်မိပြီး နှလုံးကြောတွေပြတ်... သေဖို့ သိပ်မလိုတော့ဘူးဆို... ဟား... မသေခင် မူလအမြုတေနယ်ပယ်က
လူတစ်ယောက်လောက် သတ်လိုက်ရရင်... ဒီဘဝ တန်ပြီဗျ။" ထျဲဟူက ပယ်ချလိုက်သည်။
“ငတုံး”
ထျဲလုံက ဟိန်းဟောက်လိုက်သည်။
"မင်းက အဲ့ကောလာဟလကို အဟုတ်ထင်နေတာလား။ တာအိုဆရာလုံရှန်းက ကောင်းကင်ဘုံလူသား ဖြစ်တော့မယ်လို့လည်း ကောလာဟလ ထွက်နေတာပဲ... အဲ့ဒါကျ မင်း ဘာလို့ မယုံတာလဲ။"
ထျဲဟူ ချက်ချင်း ပါးစပ်ပိတ်သွားသည်။
ကောင်းကင်ဘုံလူသားနယ်ပယ်... သူ့ကို သတ်ခြင်းသည် ပုရွက်ဆိတ် တစ်ကောင်ကို နင်းခြေခြင်းကဲ့သို့ပင် လွယ်ကူလိမ့်မည်။
စကားမပြောသေးသော ထျဲယင်းက ရယ်မောရင်း ဆိုလာသည်။
"တော်ပါတော့ သူဌေးရာ... အငယ်ကောင်က ဦးနှောက်မပါတာ သိသားပဲ... ဒီငတုံးကို စိတ်ဆိုးမနေနဲ့တော့။"
"အဲ့ဒီ ဒဏ်ရာအပြင်းအထန်ရပြီး သေခါနီး ကောလာဟလတို့၊ ကောင်းကင်ဘုံလူသား ချိုးဖြတ်တာတို့... အမှန်ဟုတ်မဟုတ်တော့ မသိဘူး။ ဒါပေမဲ့ 'ဝမ်'ဆိုတဲ့လူ လိမ်မသွားတာ တစ်ခုပဲရှိတယ်... တာအိုဆရာလုံရှန်းက အသည်းအသန် တံခါးပိတ်ကျင့်ကြံနေတာ... ငါတို့က အရမ်းကြီး သောင်းကျန်းမနေသမျှ... သူ အသက်စွန့်ပြီးတော့ ဘယ်လိုမှ ထွက်လာမှာ မဟုတ်ဘူး။"
"တာအိုဆရာလုံရှန်း မရှိဘဲနဲ့... အစစ်အမှန်သိုင်းဂိုဏ်းမှာ ချီစွမ်းအင်နယ်ပယ်ကို အခုမှ ရောက်ခါစ ကျန်းပိုင်ရှန်း တစ်ယောက်ပဲ ရှိတာ... ကျန်တဲ့ ငချွတ်တွေက ကြောက်စရာ မလိုဘူး။”