ဆယ်လံ အတွင်းအား
Vol. 4 Ch. 56
~ချီစွမ်းအင်နယ်ပယ်ကို မြူဖြူ၊ ကျောက်စိမ်းအရည်နှင့် မူလအမြုတေဟူ၍ အဆင့်သုံးဆင့် ခွဲခြားထားသေး၏။ အဆင့်တစ်ခုနှင့်တစ်ခုကြားက ကွာဟချက်မှာလည်း မိုးနှင့်မြေလိုပင် ဖြစ်လေသည်။
မူလအမြုတေအဆင့်ဆိုသည်မှာ ကောင်းကင်ဘုံ လူသားနယ်ပယ်အောက်တွင် အပြင်းထန်ဆုံးဖြစ်ပြီး၊ သူ၏ အားကောင်းလှသော ချီစွမ်းအားဖြင့် ခဏမျှ လေထဲတွင် ပျံဝဲပြေးလွှားနိုင်လေသည်။
ထိုမျှလောက် အဆင့်တွေအများကြီး ကျော်လွှားပြီးတော့ မူလအမြုတေအဆင့် ကျွမ်းကျင်သူ တစ်ယောက်ကို သွားချနိုင်မည်ဟုတော့ နင်ချီတောင်မှ မတွေးရဲသေး။ သူ အဲ့လောက်ထိတော့ မရူးသေးပါလေ။
လော့ဝမ်ထျန်း၏ မျက်နှာမှာ လေးနက်တည်ကြည်နေ၏။
“ဒီလောကကြီးမှာ ဒီလိုမျိုး တိုက်ဆိုင်မှုဆိုတာ မရှိဘူး။ ဒီကိစ္စက ခရမ်းရောင်မြစ်ဓားဂိုဏ်းနဲ့ အသေအချာ ပတ်သက်နေတယ်။”
“ဆရာ တံခါးပိတ် ကျင့်ကြံသွားကတည်းက သိုင်းလောကမှာ ကောလာဟလအမျိုးမျိုး ထွက်နေတာပဲ။ တချို့က ဆရာ ဒဏ်ရာအပြင်းအထန်ရပြီး သေခါနီးနေပြီတဲ့။ တချို့ကကျတော့ ငါတို့ အစစ်အမှန်သိုင်းဂိုဏ်းမှာ အဆင့်အမြင့်ဆုံး အမွေအနှစ်ကျမ်းတွေ ရှိတယ်ဆိုပြီးတော့လေ။ ဒီတစ်ခေါက် သံမဏိ တောင်ကြောက လူတွေ ညဘက်ကြီး အစစ်အမှန်တောင်ပေါ်ကို ခိုးတက်လာတာကလည်း ဒီကောလာဟလတွေရဲ့ လှုံ့ဆော်မှုကြောင့်ပဲ ဖြစ်ဖို့ များတယ်။”
အားလုံး တုန်လှုပ်သွားကြသည်။
တကယ်လို့သာ တခြားသူတွေက ဒီကောလာဟလတွေကို အဟုတ်မှတ်သွားလျှင် အစစ်အမှန် သိုင်းဂိုဏ်းဆိုတာက အငမ်းမရဖြစ်နေသည့် လူတွေမျက်စိထဲမှာတော့ အဆီတဝင်းဝင်းနှင့် အသားတုံးကြီးလို ဖြစ်နေတော့မည်။
သံမဏိ တောင်ကြောက လူဆိုးသုံးယောက်၏ ကိစ္စက အစမ်းသပ်ခံရတာတောင် ဖြစ်နိုင်သေးသည်လေ။
“ဒါဆို... အခု ဘယ်လိုလုပ်ကြမလဲ။”
“အခုလောလောဆယ် အစီအစဉ်ကတော့ အစစ်အမှန် တောင်ကိုပဲ သေချာစောင့်ရှောက်ထားရမှာပဲ။ လူယုတ်မာတွေ ဆရာ့ရဲ့ နေရာကို လာအနှောင့်အယှက် မပေးနိုင်အောင်ပေါ့။ ဆရာသာ တံခါးပိတ် ကျင့်ကြံရာက ထွက်လာရင် အားလုံး အလိုလို ရှင်းသွားလိမ့်မယ်။”
လော့ဝမ်ထျန်း၏ မျက်ဝန်းတွေက ထက်ရှနေသည်။
“အပြင်မှာ လေ့ကျင့်နေတဲ့ တပည့်အားလုံးကို ပြန်လာဖို့ ဆင့်ခေါ်လွှာ ထုတ်ပြန်လိုက်။”
“ဒီနေ့ကစပြီး စစ်မှန်တောင်ကို ပိတ်ထားမယ်။ ဘယ်တပည့်မှ စိတ်ထင်တိုင်း ဝင်ထွက်ခွင့် မရှိဘူး။ ဆရာ တံခါးပိတ် ကျင့်ကြံရာက ထွက်လာတာကိုပဲ တိတ်တိတ်ကလေး စောင့်နေကြမယ်။”
အားလုံး တစ်ပြိုင်နက် အော်ဟစ်လိုက်ကြသည်။
“ဟုတ်ကဲ့။”
သူတို့မျက်လုံးတွေထဲမှာတော့ ချုပ်တည်းမှုတွေ အပြည့်ပင်။
အကြောင်းကတော့ အစစ်အမှန် သိုင်းဂိုဏ်းက လူတိုင်း သိထားကြသည်မှာ တာအိုဆရာလုံရှန်းဟာ ဒဏ်ရာအပြင်းအထန် ရထားတာ လုံးဝမဟုတ်ဘဲ ကောင်းကင်ဘုံ လူသားနယ်ပယ်၏ အဟန့်အတားကို ချိုးဖြတ်ဖို့ တံခါးပိတ် ကျင့်ကြံနေခြင်းသာ ဖြစ်သည်။
တာအိုဆရာလုံရှန်းသာ ကျင့်ကြံရာမှ ထွက်လာခဲ့လျှင် အစစ်အမှန် သိုင်းဂိုဏ်းမှာ ကောင်းကင်ဘုံသားနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက် ရှိလာမှာဖြစ်ပြီး မည်သည့် အခက်အခဲမျိုးမဆို အလိုလို ပြေလည်သွားမှာပဲ မဟုတ်ပါလား။
နင်ချီ့ရင်ထဲမှာတော့ အေးဆေးတည်ငြိမ်နေ၏။
‘...အင်း... ပုံမှန်
ကင်းလှည့်တာတွေကတော့ ငါနဲ့မဆိုင်ပါဘူးလေ။ တကယ်လို့ ဂိုဏ်းစွမ်းအင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ယောက်များ ကျူးကျော်ဝင်ရောက်လာခဲ့ရင်တော့ အဲ့ဒီအခါကျမှ ငါဝင်ကူလိုက်ရုံပေါ့...။’
ဒါပေမဲ့ သူတွေးမိသည်မှာ ဒီတစ်ခေါက် သံမဏိ တောင်ကြောက လူဆိုး သုံးယောက် အရှုံးနှင့် ရင်ဆိုင်လိုက်ရတာကလည်း ဟန့်တားမှုတစ်ခုတော့ ဖြစ်သွားလောက်၏။ အစစ်အမှန် သိုင်းဂိုဏ်း၏ အမွေအနှစ်တွေကို လိုချင်တပ်မက်နေသူတွေ နောက်ထပ် လှုပ်ရှားရဲကြတော့မည် မဟုတ်ဟု ထင်သည်။
အစစ်အမှန် သိုင်းဂိုဏ်းတစ်ခုလုံး လုံးဝ ပိတ်ဆို့ထားသော အခြေအနေထဲသို့ ဝင်ရောက်သွားခဲ့တော့သည်။
တပည့်အဖွဲ့တွေက နေ့စဉ် အသွားအပြန် ကင်းလှည့်နေကြပြီး အရင်ကထက် အနည်းဆုံး ဆယ်ဆလောက်တော့ လုံခြုံရေး တင်းကျပ်ထားခဲ့၏။
အပြင်စည်းတပည့်တွေကိုလည်း ပြန်လည်ဆင့်ခေါ်ထားလိုက်သည်။
အစစ်အမှန် သိုင်းဂိုဏ်း၏ အခြေခံအုတ်မြစ်တွေက စတင်ပေါ်လွင်လာခဲ့လေသည်။
တပည့်ထောင်ပေါင်းများစွာ စစ်မှန်တောင်ပေါ်မှာ စုရုံးရောက်ရှိနေကြပြီး အများမြင်ကွင်းမှာတော့ မြူဖြူနယ်ပယ် ကျွမ်းကျင်သူ ကျန်းပိုင်ရှန်း ရှိနေသေးတော့ သာမန်လူတွေကတော့ အလွယ်တကူ စွန့်စားရဲကြမည် မဟုတ်ပါ။
ဒီအချိန်အတောအတွင်းမှာ...
တောင်ပေါ်ကို ခိုးကြောင်ခိုးဝှက် တက်ချင်သော သူခိုးသူဝှက်တွေလည်း ရှိခဲ့ပါသေးသည်။ ဒါပေမဲ့ အားလုံးကို အစစ်အမှန် သိုင်းဂိုဏ်းတပည့်တွေက ထောက်လှမ်းမိပြီး ဝိုင်းရံသတ်ဖြတ်ပစ်လိုက်ကြ၏။
သံမဏိ တောင်ကြောကက လူဆိုး သုံးယောက်အပြင် မြူဖြူနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်ပဲ ရှိခဲ့၏။ ထိုသူကလည်း သူ့ကိုယ်သူ တိတ်တဆိတ်ဖုံးကွယ်ပြီး လာခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတော့ ကျန်းပိုင်ရှန်း ဦးဆောင်သော တပည့်တွေက သူ့ကို ပြန်လည်တွန်းလှန်နိုင်ခဲ့သည်။
သို့ရာတွင် သူတို့ မသိလိုက်ကြသည်မှာ...
ထို မြူဖြူနယ်ပယ် ကျွမ်းကျင်သူကို နင်ချီက တိတ်တဆိတ် သတ်ဖြတ်ပစ်လိုက်သည်ကိုပင်။
‘...အင်း... ဒီတစ်ခါတော့ 'စိုးမိုးကျား အစစ်အမှန်စိတ်ဆန္ဒ ပန်းချီကား ရတနာတွေ၊ ကျမ်းစာအုပ်တွေ ရလိုက်တဲ့ ကံကောင်းမှုမျိုးတော့ မကြုံခဲ့ဘူး။ ဒီမြူဖြူနယ်ပယ် ကျွမ်းကျင်သူရဲ့ ကိုယ်ပိုင်လက်နက်တွေနဲ့ ဆေးလုံးနည်းနည်းပဲ ရလိုက်တယ်...။’
နင်ချီက ထိုအရာတွေကို မှတ်မိအောင် ကြည့်ပြီးတော့ တံတိုင်းအောက်ခြေမှာ သွားမြှုပ်ထားလိုက်တော့သည်။
အချိန်တွေက တိတ်တဆိတ် ကုန်လွန်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာ လပေါင်းများစွာ ကြာသွားခဲ့၏။
အစစ်အမှန် သိုင်းဂိုဏ်း လုံးဝပိတ်ဆို့ထားသည့် အခြေအနေထဲ ဝင်ရောက်သွားပြီးနောက်၊ အစပိုင်းက ရှုပ်ထွေးမှုတွေ၊ စမ်းသပ်မှုတွေ ကြုံခဲ့ရပြီးနောက်မှာတော့ တခြားသူတွေက အစစ်အမှန် သိုင်းဂိုဏ်းကို အလွယ်တကူ ကျူးကျော်၍ မရကြောင်း နားလည်သွားကြသည်။ အထူးသဖြင့် ကျန်းပိုင်ရှန်း တဖြည်းဖြည်း နာမည်ရလာသည်နှင့်အမျှ လာရောက် စွန့်စားရဲသူတွေ ပိုနည်းလာခဲ့သည်။
အထူးသဖြင့် လော့ဝမ်ထျန်းက တာအိုဆရာလုံရှန်းဟာ ကောင်းကင်ဘုံ လူသားနယ်ပယ်ကို တက်လှမ်းတော့မည်ဆိုသည့် သတင်းကို အပြင်လောကသို့ တက်ကြွစွာ ထုတ်လွှင့်ပေးခဲ့သောကြောင့် ချီစွမ်းအင်နယ်ပယ် ကျွမ်းကျင်သူ တစ်စုကို ပိုပြီးတော့ ဟန့်တားထားနိုင်ခဲ့လေ၏။
အစစ်အမှန် သိုင်းဂိုဏ်းတပည့်တွေ၏ သွေးနှင့်ဓားသွားတွေနှင့် ထွင်းထုခဲ့သော ဒီစကားကို လူအများစုက တဖြည်းဖြည်း ယုံကြည်လာကြပါတော့သည်။
ဒီအချိန်အတောအတွင်းမှာ...
နင်ချီကတော့ သိပ်ပြီး လှုပ်ရှားတာမျိုး မရှိခဲ့။
သူက အရိပ်ထဲကနေ ဂိုဏ်းစွမ်းအင်နယ်ပယ် ကျွမ်းကျင်သူနှစ်ယောက်ကိုပဲ ကြားဖြတ်တားဆီးခဲ့သည်။
အများမြင်ကွင်းမှာတော့ သူသိပ်ပြီး ကူညီစရာမလိုခဲ့တော့ သူ၏ ကျင့်ကြံမှုက သိပ်ပြီးထိခိုက်မှု မရှိခဲ့ပါ။ အရင်ကထက် နည်းနည်း ပိုပြီးသတိထားရုံလောက်ပဲ လိုအပ်ခဲ့သည်။
လွန်ခဲ့သော တစ်လလောက် အချိန်အတွင်းမှာတော့...
တောင်ပေါ်သို့ ဘယ်သူခိုးသူဝှက်မှ ထပ်မတက်ရဲကြတော့ပေ။
ဒီမုန်တိုင်းကတော့ ငြိမ်သက်သွားပြီ ဟူ၍တောင် မှတ်ယူ၍ ရလောက်ပါပြီ။
နင်ချီလည်း တဖြည်းဖြည်း စိတ်အေးလက်အေး ဖြစ်လာတော့သည်။
တာအိုရှာဖွေကျောင်းတော်ထဲမှာ...
သူ့ခန္ဓာကိုယ်ထဲက အတွင်းအားက သူ၏အသားအရေနှင့် တစ်ဖန်ပြန်လည် ဆက်သွယ်နေတာကို ခံစားမိပြီး နင်ချီ့မျက်ဝန်းတွေက အနည်းငယ် လင်းလက်သွားသည်။
လွန်ခဲ့သော လဝက်လောက်က သူက သတ္တမမြောက် အသေတုအဖြစ်ကို စတင်နိုင်နေပြီ။ သို့သော်ငြား အစစ်အမှန် သိုင်းဂိုဏ်းက မတည်ငြိမ်သေးသည့် အခြေအနေကြောင့် သူစိုးရိမ်နေခဲ့ခြင်းဖြစ်သည်။
နောက်ထပ် လဝက်လောက် ထပ်ကြာသွားပြီး ဘာအန္တရာယ်မှ မရှိတော့ဘူးဆိုတာ အခြေခံအားဖြင့် အတည်ပြုနိုင်ခဲ့မှ စိတ်ပိုင်းဖြတ်လိုက်တော့သည်။
“ထျန်းရှန်း... ဂိုဏ်းထဲမှာ တစ်ခုခုဖြစ်ခဲ့ရင် ငါ့ကို ချက်ချင်း ခေါ်နှိုးလိုက်။”
နင်ချီက ညွှန်ကြားလိုက်၏။
အသေတု အခြေအနေကနေ အတင်းအကျပ် နှိုး၍ မရသည်ကိုး။
မဟုတ်လျှင် ယခင်က ကြိုးစားစုဆောင်းခဲ့သမျှ အလကားဖြစ်သွားလိမ့်မည်။
သို့သော် လပေါင်း များစွာအချိန်ဖြုန်းတာနှင့်စာလျှင်တော့ သူ့အစ်ကိုကြီး၊ အစ်မကြီးတွေ၏ အခြေအနေက နင်ချီ့စိတ်ထဲမှာ ပိုပြီးတော့ အရေးကြီးတာ ထင်ရှားပါ၏။
“ဟုတ်ကဲ့ ဆရာ။”
လေးစားမှုအပြည့်နှင့် နက်ရှိုင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
ဒါ... မျောက်ဖြူ စကားပြောနေခြင်း ဖြစ်သည်။
သူ့မျက်လုံးအစွန်းတွေမှာ ရွှေရောင်အရိပ်အယောင်လေးတွေ မသိမသာ ပေါ်လာစပြုနေပြီ။ အလွန်လျှို့ဝှက်ဆန်းကြယ်သော ပုံပေါက်နေသည်။
မကြာသေးခင် ရက်ပိုင်းတွေက သူက နောက်ဆုံးမှာ အတွင်းအင်္ဂါသန့်စင်ခြင်း ပြီးပြည့်စုံမှုအဆင့်ကို ရောက်ရှိခဲ့ပြီး ဝမ်းဗိုက် စကားပြောသိုင်းနည်းစနစ်ကို သင်ယူနိုင်ခဲ့သည်။ ယခုတော့ နင်ချီနှင့် ဘာသာစကားသုံးပြီး ဆက်သွယ်နိုင်နေပြီလေ။
နင်ချီက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ကာ တံခါးကို ပိတ်လိုက်တော့၏။
သတ္တမမြောက် အသေတုအဖြစ်အတွက်တော့ သူက လုပ်ငန်းစဉ်ကို ရင်းနှီးကျွမ်းဝင်နေခဲ့ပြီ။
အခန်းထဲမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် အသက်ရှူသံကို နားစွင့်ရင်း မျောက်ဖြူကြီး၏ မျက်လုံးတွေထဲမှာ ခိုင်မာသောစိတ်ဓာတ်တွေ လင်းလက်သွားသည်။
အစစ်အမှန် သိုင်းဂိုဏ်းမှာ မကြာသေးခင်က ဖြစ်ခဲ့သော ကိစ္စတွေကို သူလည်း သဘာဝကျကျ သိထားတာပေါ့။ သူ့စိတ်ထဲမှာတော့ သူသိပ်ပြီး အကူအညီမပေးနိုင်ဘူးဟု ယုံကြည်နေပြီး အကူအညီမဲ့သလို ခံစားနေရ၏။ သူနည်းနည်းတော့ ရှုံးနိမ့်သလို ခံစားမိပါ၏။ဒါက သူ့ကို ကျင့်ကြံမှုမှာ ပိုပြီးကြိုးစားဖို့ စိတ်ဓာတ်ကို ပိုခိုင်မာစေခဲ့သည်။ မကြာခင်မှာ အစစ်အမှန် သိုင်းဂိုဏ်း၏ အားကောင်းသော အဖွဲ့ဝင် တစ်ယောက် ဖြစ်လာဖို့ မျေုက်ဖြူ ကြိုးစားနေခဲ့သည်။
မျောက်ဖြူက မျောက်ဘုရင်ခန္ဓာကျင့်စဉ်ကို လေ့ကျင့်နေခဲ့သည်။
ဒီခန္ဓာကျင့်စဉ်က သူ့လက်ထဲမှာတော့ နင်ချီ မူလက ဖန်တီးခဲ့သော ခန္ဓာကျင့်စဉ်နှင့် အနည်းငယ် ကွာခြားနေခဲ့ပြီ။ မျောက်ဖြူကြီးက သူ၏ကိုယ်ပိုင်ထူးခြားချက်တွေနှင့်အညီ ခန္ဓာကျင့်စဉ်ကို ချိန်ညှိဖို့ ကြိုးစားနေပြီး ပိုပြီးကိုက်ညီသော အဆင့်တစ်ခုသို့ ရောက်ရှိနေခဲ့၏။
သူ၏ကျင့်ကြံနှုန်းကလည်း အတူတူပဲ မြန်ဆန်လှသည်။
နင်ချီ တံခါးပိတ် ကျင့်ကြံခန်း ဝင်နေသော အချိန်အတွင်းမှာ...
ဘယ်သူမှ သူ့ကို လာမနှောင့်ယှက်ခဲ့ကြပေ
ဒီအချိန်အတောအတွင်းမှာ သူ၏ လက်ရင်းတပည့် ညီအစ်ကိုမောင်နှမတွေ အားလုံးကလည်း အလုပ်များနေကြတော့ နင်ချီ့ဆီသို့ လာလည်သူက နည်းပါးခဲ့သည်။
လတစ်ဝက် ကြာပြီးနောက်...
နင်ချီ တိတ်ဆိတ်စွာ ပြန်နိုးထလာခဲ့ပြန်၏။
သူ၏ရုပ်ခန္ဓာနှင့် တဖြည်းဖြည်း ပိုခိုင်မာလာသော အတွင်းအားက တစ်ဖန်ပြန်လည် မြှင့်တင်ခံလိုက်ရတာကို ခံစားမိပြီး သူ့မျက်လုံးတွေထဲမှာ မျှော်လင့်ထားသည့်အတိုင်း ကြည်နူးအံ့အားသင့်မှုတွေ ပေါ်လာခဲ့သည်။
“အဋ္ဌမအဆင့် နယ်ပယ်။”
“အခုဆိုရင် ငါ့အတွင်းအားက ဆယ်လံအထိ ရှည်ထွက်နိုင်နေပြီ။”
ဒါက အလွန်အမင်း အံ့အားသင့်စရာ ကောင်းလှ၏။
သိထားသင့်သည်မှာ သာမန် အတွင်းစွမ်းအင်နယ်ပယ် နဝမအဆင့် ပြီးပြည့်စုံမှု သိုင်းပညာရှင်တွေအတွက် သူတို့၏အတွင်းအားက ယေဘုယျအားဖြင့် တစ်လံလောက်ပဲ ရှည်ထွက်နိုင်ခြင်း ဖြစ်သည်။ နင်ချီ့အတွင်းအားက ဆယ်ဆတောင် ပိုသာနေပါ၏။
ဒါ့အပြင်...
သူက အခုမှ အဋ္ဌမအဆင့်နယ်ပယ်မှာပဲ ရှိသေးသည်။ နဝမအဆင့် ပြီးပြည့်စုံမှုနယ်ပယ်ကို မရောက်သေး။
သူသာ အတွင်းစွမ်းအင်နယ်ပယ် ပြီးပြည့်စုံမှုအဆင့်သို့ ရောက်သွားခဲ့ပါက ဘယ်လောက်တောင် အားကောင်းလာမည်ဆိုတာ စဉ်းစားကြည့်ဖို့တောင် ခက်လှသည်။
‘...ငါ့စွမ်းအားက နောက်တစ်ဆင့် တက်သွားပြန်ပြီ။ အခုသာ ကောင်းကင်ပျံ လင်းယုန်နဲ့ ရင်ဆိုင်ရရင် အများကြီး ပိုလွယ်သွားလောက်ပြီ။ ဆယ်လံအတွင်းအားက ခန္ဓာကိုယ်နဲ့ မကင်းကွာနိုင်ပေမဲ့ သူ့ကို မထင်မှတ်တဲ့ နေရာကနေ ချက်ချင်း အလဲထိုးဖို့တော့ လုံလောက်နေပြီ...။’ နင်ချီ အလွန်ကျေနပ်သွား၏။
ထို့အပြင် သူက အဋ္ဌမအဆင့် အတွင်းအားသို့ ရောက်ပြီးနောက်မှာ အတွင်းအားက လုံလောက်အောင် ခိုင်မာနေပြီ၊ ဒီတစ်ခေါက်မှာ မထင်မှတ်ထားသော အကျိုးအမြတ်တွေ ရနိုင်လောက်သည်ဟု ရှေ့ဖြစ်ဟောကိန်းလို ခံစားမိနေသည်။
“ထျန်းရှန်း... ငါ တံခါးပိတ်ကျင့်ကြံနေတဲ့ ဒီလဝက်အတွင်းမှာ ဘာထူးခြားတာတွေ ဖြစ်သေးလဲ။”
မျောက်ဖြူကြီးက လေးစားစွာ ရပ်နေသည်။
“ဆရာ့ကို အသိပေးပါတယ်။ ဂိုဏ်းအတွင်းမှာ အားလုံး အေးချမ်းသာယာပါတယ်။”
“ကောင်းပြီလေ။”
နင်ချီက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီးနောက် သူ့နှုတ်ခမ်းထောင့်စွန်းက အပြုံးအရိပ်အယောင်လေးတစ်ခု ကွေးတက်သွားသည်။
“ဒီတစ်ခါ ငါက နောက်တစ်ဆင့် ထပ်တိုးတက်သွားပြီ။ မင်းရဲ့အတွင်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ စုံစမ်းကြည့်လို့ ရလောက်ပြီ။ စမ်းကြည့်ကြမလား။”
မျောက်ဖြူကြီးက အစပိုင်းမှာ ကြောင်အမ်းအမ်းဖြစ်သွားပြီးနောက် သူ့အလိုလို တုန်ရီသွား၏။
ထို့နောက်...
သူက မျက်လုံးတွေကို မှိတ်ချလိုက်ပြီး ရှောင်လွှဲလို့မရသော အရာကို ရင်ဆိုင်ဖို့ အသင့်ပြင်လိုက်တော့သည်။
“ဆရာ... စမ်းကြည့်လိုက်ပါ။”