ဒဿနအငွေ့အသက်တို့ဖြင့် ကမ္ဘာကြီးကို ပြည့်စေ
Vol. 32 Ch. 435
ရဲမိသားစုအိမ်တော်သို့ ပြန်လာသော လမ်းတစ်လျှောက်တွင် ဖြစ်၏။
ရဲယင်က သူ၏ပါးစပ်ကို အုပ်ထားပြီး အလွန်မသက်မသာဖြစ်နေပုံ ပေါ်သည်။
"ငါပြောသားပဲ… ဒါက အမြင်မှားတာတစ်ခုသက်သက်ပဲ… တကယ်မဟုတ်ဘူး…"
ရဲရှင်းဟွေ့၏ စကားကြောင့် ရဲယင်မှာ ချက်ချင်းပင် ဒေါသထွက်သွား၏။
"တကယ်မဟုတ်ဘူး ဟုတ်လား… မင်းရဲ့အမြင်မှားမှုက ဘယ်လောက်တောင် ရွံစရာကောင်းလဲ မင်းမသိဘူးလား…"
ထိုသို့ပြောနေရင်း ရဲယင်မှာ နောက်တစ်ကြိမ် ထပ်အန်လိုက်သည်။
ထိုမိန်းမလျာ ကြွက်သားတုံးကြီးများ အုပ်စုလိုက် ဝိုင်းရံထားသည်ကို ပြန်တွေးမိတိုင်း ရဲယင်၏အစာအိမ်ထဲမှ ကသိကအောက် ဖြစ်လာ၏။
ရဲရှင်းဟွေ့က ရဲယင်အပေါ် အသုံးပြုခဲ့သည့် စုခုယိုမီက အလွန်အကျွံတော့ မဟုတ်ချေ။ အနည်းဆုံးတော့ သူ၏လူပျိုဘဝနှင့် ဂုဏ်သိက္ခာကိုတော့ ထိန်းသိမ်းခွင့် ပေးခဲ့သည်။
စုခုယိုမီနယ်မြေထဲ၌ သူက ထိုထူးဆန်းသောလူများနှင့် ဂိမ်းကစားခြင်း၊ အတူတူ ရေချိုးခြင်းနှင့် နပန်းလုံးခြင်းတို့ကိုသာ ပြုလုပ်ခဲ့ရ၏။
သူ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ခဲ့သော်လည်း သူက ထိုထူးဆန်းသောလူများနှင့် စုခုယိုမီနယ်မြေထဲတွင် သုံးလကြာအောင် အတူတူကစားခဲ့ရသည်။
"ဘယ်လိုလဲ… မင်း ထပ်စမ်းကြည့်ချင်သေးလား…"
ရဲရှင်းဟွေ့က ပြုံးလျက် မေးလိုက်၏။
"မစမ်းချင်တော့ဘူး…"
ရဲယင်က ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။
"တကယ်တော့… မင်းကြုံခဲ့ရတာနဲ့ မင်းဦးလေးကြုံခဲ့ရတာနဲ့ မတူဘူး…"
ရဲရှင်းဟွေ့၏ စကားကို ကြားသောအခါ ရဲယင်မှာ သွေးအန်လုနီးပါး ဖြစ်သွားသည်။
ဤကဲ့သို့ နှိပ်စက်ခံခဲ့ရသော်လည်း အဆုံး၌ ရဲထျန်းမင်က စုခုယိုမီနယ်မြေထဲတွင် မည်သည့်အရာကို ကြုံတွေ့ခဲ့ရသည်ကို သူ မသိလိုက်ရပေ။
မသေမျိုးကျင့်ကြံရေးလောကထဲ၌ ဖြစ်၏။
မြင့်မြတ်နယ်မြေနန်းတော်။
ရှုရာ့က မုန်ကျစ်ယွီ၏ရှေ့တွင် ဒူးထောက်ရင်း ယုံကြည်ချက် ကင်းမဲ့သောလေသံဖြင့် ပြောလိုက်သည်။
"နယ်မြေသခင်… ကျွန်တော်တို့ ရဲရှင်းဟွေ့ကို ရှာမတွေ့ခဲ့ဘူး…"
"ဟမ်…"
မုန်ကျစ်ယွီက မျက်မှောင်ကြုတ်၍ နားမလည်သလို မေးလိုက်၏။
"သူတို့သာ မသေမျိုးကျင့်ကြံရေးလောကထဲမှာ ရှိနေသရွေ့ လူရှာနိုင်တယ်လို့ မင်းပဲပြောခဲ့တာမဟုတ်လား… အခုကျတော့ လူတစ်ယောက်တောင် ရှာမတွေ့ဘူးလို့ ငါ့ကိုပြောနေတာလား…"
သူ့စကားဆုံးသည်နှင့် မုန်ကျစ်ယွီက ရှုရာ့ကို ပျံထွက်သွားအောင် ရိုက်ထုတ်လိုက်၏။
ရှုရာ့က သူ၏ပါးရိုက်ခံထားရသော မျက်နှာကို အုပ်ကိုင်ထားရင်း ရင်ထဲတွင် အလွန်နာကျင်နေမိသည်။
သူ တောင်ပေါ်သို့တက်လာသော ထိုလူငယ်များကို မြင်သည့်အချိန်က သတ်မပစ်ခဲ့မိသည့်အတွက် အလွန် နောင်တရနေ၏။
ယခုမူ မြင့်မြတ်နယ်မြေနန်းတော်မှာ ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရပြီး ဤလူငယ်က သူ့ကို နေ့တိုင်း အရှက်ခွဲနေသေးသည်။
နယ်မြေသခင် ရာထူး…။ ဤရာထူးက သူ့အတွက် ဖြစ်သင့်သည် မဟုတ်ပါလား။ အရာအားလုံးက အဘယ်ကြောင့် ဤသို့ ဖြစ်သွားရသနည်း။
ယောက္ခမများ၏ နှိပ်စက်မှုကို ခံနေရသော ဇနီးငယ်လေးကဲ့သို့ မြေပြင်ပေါ်တွင် ထိုင်နေသည့် ရှုရာ့ကို မြင်သောအခါ မုန်ကျစ်ယွီက လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
"ရဲရှင်းဟွေ့ကို ရှာမတွေ့ရင် သူ့အစ်မကို သွားဖမ်းခဲ့… ဘာပဲဖြစ်ဖြစ်… ရဲရှင်းဟွေ့ကို ငါ့ရဲ့စွမ်းအားတွေ မြင်အောင်ပြရမယ်… မဟုတ်ရင် ငါ့ရဲ့နယ်မြေသခင်ရာထူးက အလကားဖြစ်သွားလိမ့်မယ်…"
မုန်ကျစ်ယွီ၏ အတွေးက အလွန် ရိုးရှင်း၏။
သူက လယ်သမားများကို အောင်ပွဲခံ သီချင်းဆိုစေချင်သော်လည်း သူတို့ကို ခေါင်းပုံဖြတ်ခဲ့သည့် မြေရှင်များမရှိဘဲ သီချင်းဆိုနေလျှင် မည်သို့ အဓိပ္ပာယ်ရှိတော့မည်နည်း။
ထို့ကြောင့် သူ ရဲရှင်းဟွေ့ကို မဖြစ်မနေ ရှာရမည် ဖြစ်သည်။
ရဲရှင်းဟွေ့၏ အစ်မကို သွား၍ ဒုက္ခပေးရန် ပြောသည်ကို ကြားသောအခါ ရှုရာ့မှာ အနည်းငယ် စိတ်ရှုပ်သွား၏။
"အဲဒါက… နယ်မြေသခင်… ကျွန်တော်တို့ ရဲလန်ယွဲ့ကို ရှာခဲ့ပါတယ်… ဒါပေမဲ့… သူက အရမ်းသန်မာပြီး ထူးဆန်းတဲ့စွမ်းရည်တွေလည်း ရှိတယ်… ကျွန်တော်တောင် သူ့ပြိုင်ဘက်မဟုတ်ဘူး…"
ရှုရာ့က ရဲလန်ယွဲ့ကို ယခင်က သွားရှာခဲ့ဖူးသည်။
သူ့ထက် ကံကောင်းခြင်း ပိုများသည့်လူများ ရှိနေကြောင်း သိရှိပြီးနောက် သူက ရဲလန်ယွဲ့နှင့် ရဲယင် နှစ်ယောက်စလုံးမှာ သူ သတ်ရမည့်စာရင်းထဲတွင် ရှိနေကြောင်း သတိရလိုက်၏။
မုန်ကျစ်ယွီက နယ်မြေသခင်သစ် ဖြစ်လာသော်လည်း ရှုရာ့က သူ့တွင် အခွင့်အရေး ရှိနေသေးသည်ဟု ခံစားမိသည်။
ထို့ကြောင့် အခွင့်အရေး မရောက်လာမီ သူက သူ့ထက် ကံပိုကောင်းသည့် လူအချို့ကို ဦးစွာ သတ်ပစ်ရမည် ဖြစ်သည်။
ထို့ပြင် ရှုရာ့က နာမည်ဗလာ ဖြစ်နေသူမှာ မည်သူဖြစ်မည်ကို တွေးတောနေခဲ့၏။ သူ မှန်မှန်ကန်ကန် ခန့်မှန်းရလျှင် ထိုသူမှာ မုန်ကျစ်ယွီ ဖြစ်သင့်သည်။
သို့သော် သူ ရဲလန်ယွဲ့ကို သွားရောက် ရှင်းလင်းသည့်အခါ၌ သူကိုယ်တိုင် အလဲထိုးခံလိုက်ရ၏။
"ဟမ်… အခု မသေမျိုးကျင့်ကြံရေးလောကမှာ မင်းထက်တော်တဲ့သူ ရှိသေးလို့လား…"
မုန်ကျစ်ယွီ စကားဆုံးသည်နှင့် ဆာလာပိုင်ကျီက ခန်းမအပြင်ဘက်မှ အလျင်စလို ဝင်လာသည်။
"လူချောလေး… ခင်ဗျားရဲ့ဂိုဏ်းဟောင်း ရွှမ်ထီဂိုဏ်းကလူတွေ ရောက်လာကြပြီ…"
ထိုအချိန်မှာပင် အပြင်မှ ကျယ်လောင်သော ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာ၏။
"ရှီးပေပိုင်ရှောက်… ငါ့တပည့် မုန်ကျစ်ယွီကို ထုတ်ပေးစမ်း…"
ဤရင်းနှီးနေသော အသံကို ကြားသောအခါ မုန်ကျစ်ယွီမှာလည်း မှင်တက်သွားပြီးနောက် မျက်ရည်များ ဝဲတက်လာကာ ညင်သာစွာ ဆိုလိုက်သည်။
"ဆရာ… ဆရာက ဒီလိုလုပ်လိမ့်မယ်လို့ တပည့်မထင်ခဲ့ဘူး…"
မသဲမကွဲ ပြောဆိုပြီးနောက် မုန်ကျစ်ယွီက ခန်းမထဲမှ ပြေးထွက်သွားပြီး လေထဲတွင် ရပ်နေသော ပုံရိပ်ကို ပွေ့ဖက်လိုက်သည်။
မှန်ပေသည်။ ရောက်ရှိလာသူမှာ ရွှမ်ထီဂိုဏ်းမှ မုန်ကျစ်ယွီ၏ဆရာ အကြီးအကဲယန်ပင် ဖြစ်၏။
"ကျစ်ယွီ… မင်း… မင်းအဆင်ပြေရဲ့လား…"
အကြီးအကဲယန်က မုန်ကျစ်ယွီကို အမှန်တကယ် ထုတ်ပေးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
"ဆရာ…"
မုန်ကျစ်ယွီက မျက်ရည်များကို သုတ်၍ ပြောလိုက်သည်။
"စိတ်မပူပါနဲ့… တပည့်အဆင်ပြေပါတယ်…"
ဤအခိုက်တွင် မုန်ကျစ်ယွီက တောင်ခြေရင်းမှ အခြေအနေကို သတိပြုမိသွား၏။
ဤအချိန်၌ တောင်အောက်ခြေနှင့် မြင့်မြတ်နယ်မြေနန်းတော်သို့ ဦးတည်နေသော လှေကားထစ်များပေါ်တွင် အပေါ်ပိုင်းဗလာနှင့် ကြွက်သားတုံး ယောက်ျားများ ရှိနေကြသည်။
ထိုသူများအားလုံးမှာ ရွှမ်ထီဂိုဏ်းမှ သူ၏ ဂိုဏ်းတူအစ်ကိုများ ဖြစ်ကြောင်း မုန်ကျစ်ယွီ သိသည်။
"ဆရာ… တပည့်အတွက်နဲ့ တပည့်တွေကို အများကြီး ခေါ်လာမယ်လို့ မထင်ခဲ့ဘူး…"
မုန်ကျစ်ယွီ၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်သော် အကြီးအကဲယန်က ပြုံး၍ ပြောလိုက်သည်။
"မင်းက ငါတို့ရွှမ်ထီဂိုဏ်းရဲ့ အဖွဲ့ဝင်ပဲ… တခြားလူတွေ အနိုင်ကျင့်တာကို ဘယ်ခံနိုင်ပါ့မလဲ…"
"ဟုတ်ကဲ့ဆရာ… ဒီနေ့ကစပြီး ငါတို့ရွှမ်ထီဂိုဏ်းက မသေမျိုးကျင့်ကြံရေးလောကမှာ နံပါတ်တစ်ဂိုဏ်း ဖြစ်လာလိမ့်မယ်…"
စကားပြောနေရင်း မုန်ကျစ်ယွီက သူ့နောက်မှ မြင့်မြတ်နယ်မြေနန်းတော်ကို ညွှန်ပြ၍ ပြောလိုက်၏။
"ဒါက… ဒီ မြင့်မြတ်နယ်မြေနန်းတော်က ဒီနေ့ကစပြီး ငါတို့ရွှမ်ထီဂိုဏ်းရဲ့ တံခါးဝအသစ် တစ်ခုဖြစ်လာလိမ့်မယ်…"
အောက်မှ ကြည့်နေသော ရှုရာ့မှာ မုန်ကျစ်ယွီ၏ စကားကို ကြားပြီး သွေးအန်လုနီးပါး ဖြစ်သွားသည်။
"ဒါ… ဒါကငါ့ရဲ့ မြင့်မြတ်နယ်မြေနန်းတော်… ဒီလူယုတ်မာတွေကိုသာ ဝင်ခွင့်ပေးလိုက်ရင် ငါက မြင့်မြတ်နယ်မြေနန်းတော်ရဲ့ လေးစားထိုက်တဲ့အဆင့်အတန်းကို ဘယ်လိုထိန်းသိမ်းနိုင်တော့မှာလဲ…"
ရှုရာ့၏ စကားကို ကြားသောအခါ မုန်ကျစ်ယွီက လှည့်၍ သူ့ကို စိုက်ကြည့်လိုက်ရာ ရှုရာ့မှာ ချက်ချင်း ပါးစပ်ပိတ်လိုက်ရသည်။
"ကျစ်ယွီ… မင်းဘာဖြစ်နေတာလဲ…"
အကြီးအကဲယန်မှာ မုန်ကျစ်ယွီက မသေမျိုးဧကရာဇ်အဆင့်မှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကို အကြည့်တစ်ချက်တည်းနှင့် ခြောက်လှန့်နိုင်သည်ကို မြင်၍ အနည်းငယ် နားမလည် ဖြစ်သွားသည်။
"ဟဲဟဲဟဲ…"
မုန်ကျစ်ယွီက ပြုံး၍ ပြောလိုက်သည်။
"ဆရာ… ကျွန်တော်တို့ ဆင်းသွားပြီးမှ ပြောကြတာပေါ့…"
ထိုသို့ပြောပြီးနောက် မုန်ကျစ်ယွီက အကြီးအကဲယန်ကို မြင့်မြတ်နယ်မြေနန်းတော်၏ ပင်မခန်းမဆောင်သို့ ခေါ်ဆောင်သွားသည်။
ပင်မခန်းမဆောင်ထဲတွင် မုန်ကျစ်ယွီက သူ နယ်မြေသခင် ဖြစ်လာပုံ ဇာတ်လမ်းကို ရှင်းပြလိုက်၏။
အကြီးအကဲယန်မှာလည်း သူ၏တပည့်က ဒဏ္ဍာရီလာ နယ်မြေသခင် ဖြစ်လာကြောင်း သိရှိသောအခါ မယုံနိုင်သော အမူအရာ ဖြစ်သွားသည်။
အစပိုင်း၌ မုန်ကျစ်ယွီက မြင့်မြတ်နယ်မြေနန်းတော်ကို ရွှမ်ထီဂိုဏ်း၏ ဂိုဏ်းတံခါးသစ်အဖြစ် ပြောင်းလဲမည်ဟု ပြောစဉ်က အကြီးအကဲယန်မှာ မယုံကြည်ခဲ့ပေ။
သို့သော် မုန်ကျစ်ယွီက နယ်မြေသခင် ဖြစ်လာကြောင်း သိရှိပြီးနောက် သူ လုံးဝ ယုံကြည်သွားသည်။
နယ်မြေသခင်က မည်သည့်အရာကို ကိုယ်စားပြုသနည်း။ မသေမျိုးကျင့်ကြံရေးလောက၌ အသန်မာဆုံးသော ဖြစ်တည်မှုဖြစ်ပြီး ဒဏ္ဍာရီလာ ဖြစ်တည်မှုတစ်ခုလည်း ဖြစ်သည်။
ရွှမ်ထီဂိုဏ်းက မုန်ကျစ်ယွီကြောင့် မသေမျိုးကျင့်ကြံရေးလောက၌ အသန်မာဆုံးဂိုဏ်း ဖြစ်လာတော့မည်ကို တွေးမိသောအခါ အကြီးအကဲယန်မှာ အလွန် စိတ်လှုပ်ရှားလာသည်။
ရွှမ်ထီဂိုဏ်းမှာ မသေမျိုးကျင့်ကြံရေးလောက တစ်ခုလုံး၌ လူကြိုက်အလွန်နည်း၏။ နောက်ဆုံးတွင် ရွှမ်ထီဂိုဏ်းသို့ ဝင်နိုင်သူများမှာ ဒဿနိကဗေဒဆန်သော ကြွက်သားတုံး ယောက်ျားများအုပ်စု ဖြစ်ကြသည်။
အကယ်၍ ရွှမ်ထီဂိုဏ်းက မသေမျိုးကျင့်ကြံရေးလောက၏ နံပါတ်တစ်ဂိုဏ်း ဖြစ်လာခဲ့လျှင် သူတို့က ကမ္ဘာကြီးကို ဒဿနအငွေ့အသက်တို့ဖြင့် ပြည့်စေနိုင်၏။
မုန်ကျစ်ယွီက သူ၏ဆရာနှင့် ပိုမို စကားပြောချင်နေစဉ်မှာပင် သူ့မျက်လုံးများက ရုတ်တရက် တည်ကြည်သွားသည်။
"ဟွန်း… ဒီအငွေ့အသက်… နယ်မြေသခင်လား… ငါ့အပြင်ကို တခြားနယ်မြေသခင်တစ်ယောက် ရှိနေသေးတယ်…"