အနိုင်ကျင့်စားသောက်သော ဆာလာပိုင်ကျီ
Vol. 32 Ch. 437
စားသောက်ပြီး၍ လေချဉ်တက်ကာ ထွက်သွားရန် ပြင်လိုက်သည်။
သူ ဈေးဝယ်ထွက်ရင်း အလကား အစားအသောက် ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"တကယ်ကို စည်ပင်တဲ့မြို့တော်ပါပဲ…"
ဆာလာပိုင်ကျီ သက်ပြင်းချနေစဉ်မှာပင် ထောင်ထျဲ့က သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
"ညီလေး… စားပြီးတော့ ဘာလို့ပိုက်ဆံမရှင်းတာလဲ…"
ထောင်ထျဲ့၏ စကားကို ကြားသောအခါ ဆာလာပိုင်ကျီမှာလည်း မှင်တက်သွား၏။
"အလကားမြည်းခိုင်းတာ မဟုတ်ဘူးလား…"
ထောင်ထျဲ့က ခေါင်းညိတ်၍ စားပွဲပေါ်မှ ပန်းကန်ပုံကြီးကို ညွှန်ပြကာ ပြောလိုက်သည်။
"မင်းအရင်ကစားခဲ့တဲ့ ပန်းကန်သေးသေးလေးကတော့ အလကားဟုတ်ပါတယ်… ဒါပေမဲ့… နောက်ပိုင်းစားတာတွေက မဟုတ်ဘူး… မင်းပိုက်ဆံရှင်းရမယ်…"
ဆာလာပိုင်ကျီ : "…"
"ဟေ့… ဒါကလိမ်လည်မှုပဲ… မင်းပိုက်ဆံတောင်းတာတောင် မဟုတ်ဘူး…"
ဤသည်ကို ကြားသောအခါ ထောင်ထျဲ့က ပခုံးတွန့်၍ ပြောလိုက်သည်။
"မင်းကို ဒီဟာတွေစားလို့ရတယ်လို့ ငါမပြောခဲ့ဘူး…"
"ဒါဆို အဲဒီတုန်းက ဘာလို့ငါ့ကို မတားတာလဲ…"
"မင်းအရသာရှိရှိ စားနေတာကိုမြင်တော့ ငါလည်းမတားရက်တော့ဘူး…"
ရှင်းပြပြီးနောက် ထောင်ထျဲ့က လက်တစ်ဖက်ကို ထပ်ဆန့်ပေး၍ ပြောလိုက်သည်။
"ကဲ… ပိုက်ဆံရှင်း…"
ပိုက်ဆံတောင်းခံရသောအခါ ဆာလာပိုင်ကျီမှာ အလွန် အရှက်ရသွားသည်။
အကြောင်းမှာ သူ့တွင် ပိုက်ဆံ လုံးဝ မရှိသောကြောင့် ဖြစ်သည်။ သူ မပြောနှင့်၊ သူ့သူဌေး မုန်ကျစ်ယွီမှာပင် အိတ်ထဲတွင် ဘာမှမကျန်တော့ပေ။
သူတို့ ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်မှာ အင်အားသုံး၍ နေရာကို နှိမ်နင်းရန်ဖြစ်ပြီး ပိုက်ဆံ ယူလာရန် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ပေ။ မည်သူက တွေးမိမည်နည်း။ သူတို့ ရောက်သည်နှင့် မုန်ကျစ်ယွီက ဂိမ်းကြောင့် ဆွဲဆောင်ခံလိုက်ရပြီး လူသုံးယောက်၏ အိတ်ထဲမှ ပိုက်ဆံအားလုံးမှာ အင်တာနက်ကဖေးသို့ လှူဒါန်းလိုက်ရသည်။
သို့သော်လည်း ဤဆိုင်မှာ ဘာဘီကျူးဆိုင်တစ်ဆိုင်သာ ဖြစ်ပြီး သူဌေးနှင့် ဝန်ထမ်းများမှာ သူ့လောက် သန်မာမည် မဟုတ်ဟု တွေးမိသောအခါ ဆာလာပိုင်ကျီမှာ ရုတ်တရက် ယုံကြည်ချက်ရှိလာပြီး အနိုင်ကျင့်စားသောက်ရန် ကြံစည်လိုက်သည်။
"ဟွန့်… ဒါကလိမ်လည်မှုပဲ… ငါပိုက်ဆံမပေးနိုင်ဘူး… မင်းတို့တကယ်တောင်းမယ်ဆိုရင်တော့ ငါ့ကိုအပြစ်မတင်နဲ့…"
ဆာလာပိုင်ကျီ စကားမဆုံးမီမှာပင် ထောင်ထျဲ့က သူ့မျက်လုံးထဲသို့ လျှပ်စစ်စွမ်းအင်တိုက်ခိုက်မှုတစ်ချက် တိုက်ရိုက် ပစ်လွှတ်လိုက်သည်။
"မင်း… ငါဘယ်သူလဲသိလား…"
ဆာလာပိုင်ကျီက ထောင်ထျဲ့ကို ညွှန်၍ ဟိန်းဟောက်လိုက်သည်။
"မင်းဘယ်သူဖြစ်ဖြစ် ငါဂရုမစိုက်ဘူး… မင်းအနိုင်ကျင့်ပြီး အလကားစားသောက်ချင်ရင် အရိုက်ခံရမယ်…"
သူ့စကားဆုံးသည်နှင့် ထောင်ထျဲ့က သူ့ထံသို့ နောက်ထပ် လျှပ်စစ်စွမ်းအင်တိုက်ခိုက်မှုတစ်ချက် ပစ်လွှတ်လိုက်သည်။
ထိုသို့ဖြင့် ဆာလာပိုင်ကျီမှာ ပန်ဒါနက်ကြီးအဖြစ် ပြောင်းလဲသွားသည်။
ဆာလာပိုင်ကျီက ပိုက်ဆံမပေးသေးသည်ကို မြင်သောအခါ ထောင်ထျဲ့က သူ၏မသေမျိုးဧကရာဇ်အဆင့် အရှိန်အဝါကို တိုက်ရိုက် ထုတ်လွှတ်လိုက်ရာ ဆာလာပိုင်ကျီမှာ တုန်လှုပ်သွားသည်။
မသေမျိုးဧကရာဇ်အဆင့်၏ အရှိန်အဝါကို ဆာလာပိုင်ကျီက ကောင်းစွာ သိ၏။ အကြောင်းမှာ မြင့်မြတ်နယ်မြေနန်းတော်ထဲတွင် မသေမျိုးဧကရာဇ်များ နေရာတိုင်း၌ ရှိနေပြီး သူတို့ထဲမှ အများအပြားမှာ သူ့အတွက် ခြေဆေးရေပင် လောင်းပေးခဲ့ရသည်။
ထိုအချိန်မှာပင် ဖြစ်၏။
ကြယ်တာရာဂိုဏ်းမှ လူများစွာမှာ ကြယ်တာရာမြို့တော်မှ ရုတ်တရက် ပျံ့လွင့်လာသော မသေမျိုးဧကရာဇ်တစ်ဦး၏ အရှိန်အဝါကို ခံစားမိလိုက်ကြသည်။
"ဟင်… ဘာအခြေအနေလဲ… မသေမျိုးဧကရာဇ်အဆင့်က အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဒုက္ခလာရှာတာလား…"
"စိတ်မပူပါနဲ့… မင်းတို့မခံစားမိဘူးလား… ဒါက ထောင်ထျဲ့ရဲ့အရှိန်အဝါပဲ… တစ်ယောက်ယောက်က သူ့ဆီမှာ ဘာဘီကျူးစားရင်း အလိမ်ခံလိုက်ရပြန်ပြီထင်တယ်…"
"အိုး… တကယ်ပဲသူကိုး… သူက မသေမျိုးဧကရာဇ်တစ်ပါးပဲ… ဘာလို့ဒီလိုကိစ္စမျိုးတွေ လုပ်နေရတာလဲ…"
"ဟဲဟဲဟဲ… မူလက မစ္စတာယီက သူ့ကိုလက်ခံချင်ခဲ့တာ… ဒါပေမဲ့ အဲဒီကောင်က သူ့လုပ်ဖော်ကိုင်ဖက်တွေက သူ့ကိုလာခေါ်မယ်လို့ ယုံကြည်တဲ့အတွက် ကြယ်တာရာမြို့တော်ကို မဝင်နိုင်ဘူးလို့ ပြောခဲ့တယ်…"
ဆာလာပိုင်ကျီနှင့် ထောင်ထျဲ့တို့ဆီသို့ ပြန်သွားကြစို့။
ထောင်ထျဲ့၏ အရှိန်အဝါကြောင့် လွှမ်းမိုးခံလိုက်ရသဖြင့် ဆာလာပိုင်ကျီမှာ သူ့သူဌေး မုန်ကျစ်ယွီကို ရှာရန် ထောင်ထျဲ့ကို ခေါ်သွားရုံမှတပါး အခြားရွေးချယ်စရာ မရှိတော့ချေ။
ဆာလာပိုင်ကျီ၏ အတွေးမှာ အလွန် ရိုးရှင်း၏။ သူဌေးကို ရှာပြီး နေရာကို သိမ်းပိုက်ခိုင်းလိုက်မည်။ ဤသို့ဆိုလျှင် မည်သို့ဖြစ်စေ ပိုက်ဆံပေးရန် မလိုအပ်တော့ပေ။
အင်တာနက်ကဖေးသို့ ရောက်ပြီးနောက်…။
ဆာလာပိုင်ကျီက မုန်ကျစ်ယွီနှင့် ရှီထိုက်လုံကို မကြာမီ ရှာတွေ့လိုက်သည်။
သူ့သူဌေးကို မြင်သောအခါ မူလက အနည်းငယ် နာခံနေသော ဆာလာပိုင်ကျီမှာ ရုတ်တရက် မာကြောလာသည်။
"ဟေ့ကောင်… ဒါကငါ့သူဌေးပဲ… မင်းကိုငါပြောလိုက်မယ်… မင်းရဲ့စုတ်ပြတ်နေတဲ့ ဘာဘီကျူးဆိုင်အကြောင်း မပြောနဲ့… ဒီနေ့ကစပြီး ဒီကြယ်တာရာမြို့တော်တစ်ခုလုံးက ငါတို့ပိုင်နက်ပဲ…"
ဆာလာပိုင်ကျီ၏ သဘောထား ရုတ်ခြည်းပြောင်းလဲသွားမှုကြောင့် ထောင်ထျဲ့မှာ တစ်ခဏမျှ မှင်တက်သွားသည်။
သို့သော် မကြာမီ ထောင်ထျဲ့က သတိပြန်ဝင်လာပြီး စကားတစ်ခွန်းမျှ မပြောဘဲ ဆာလာပိုင်ကျီကို ချက်ချင်း ကောက်ချီလိုက်သည်။
"ဟေ့ကောင်… မင်းက အနိုင်ကျင့်စားသောက်ပြီးတာတောင် အကျိုးအကြောင်းဆီလျော်သေးတာလား…"
"အ့… သူဌေး… ကယ်ပါဦး…"
မူလက အရေးကြီးသော အဖွဲ့လိုက်တိုက်ပွဲတွင် ပါဝင်နေသော မုန်ကျစ်ယွီမှာ ဆာလာပိုင်ကျီ၏ အကူအညီတောင်းသံကို ကြားလိုက်ရသဖြင့် အာရုံပျံ့လွင့်သွားပြီး ပြိုင်ဘက်၏ စုစည်းပစ်ခတ်မှုကို ခံလိုက်ရသည်။
အဖြူအမည်း မျက်နှာပြင်ကို ကြည့်ရင်း မုန်ကျစ်ယွီမှာ ရုတ်တရက် ဒေါသထွက်လာပြီး နားကြပ်ကို ချွတ်ကာ ဆာလာပိုင်ကျီဘက်သို့ လှည့်ကြည့်လိုက်သည်။
မုန်ကျစ်ယွီ လှည့်ကြည့်လာသည်ကို မြင်သောအခါ ဆာလာပိုင်ကျီက ထပ်မံ အကူအညီတောင်းလိုက်သည်။
"သူဌေး… ကူညီပါ…"
ထောင်ထျဲ့ကလည်း မုန်ကျစ်ယွီကို ကြည့်၍ မေးလိုက်သည်။
"မင်းက ဒီအနိုင်ကျင့်ပြီး အလကားစားသောက်ချင်တဲ့ကောင်ရဲ့ သူဌေးလား… ဟုတ်တယ်ဆိုရင် သူ့ကိုပိုက်ဆံရှင်းပေးပါ…"
ဤသည်ကို ကြားသော် မုန်ကျစ်ယွီက ဆာလာပိုင်ကျီကို ကြည့်လိုက်သည်။
ဤသည်ကိုမြင်သော် ဆာလာပိုင်ကျီက ချက်ချင်း အော်ဟစ်လိုက်သည်။
"သူဌေး… ကျွန်တော်က ခင်ဗျားရဲ့တပည့်လေ… ကျွန်တော် အနိုင်ကျင့်ပြီး အလကားသောက်တာ ဘာဖြစ်လို့လဲ… ပြီးတော့… သူတို့က လုံးဝလိမ်လည်နေတာ… သူဌေးသာဆန္ဒရှိရင် ဒီမြို့ကို သူဌေးပိုင်ဖြစ်အောင်လုပ်နိုင်တယ်…"
မုန်ကျစ်ယွီက ဤမြို့ကို သူ့ကိုယ်ပိုင်ဖြစ်အောင် မလုပ်ရန် မစဉ်းစားခဲ့ဖူးသည်တော့ မဟုတ်ချေ။
သို့သော် ဂိမ်းထဲမှ ကစားသမားများအားလုံးမှာ ဤမြို့၏ နေထိုင်သူများ ဖြစ်သည်ကို တွေးမိသောအခ သူ မည်သည့်ပြဿနာမျှ မဖြစ်ပွားစေချင်ပေ။
အကယ်၍ ဤမြို့၌ ကြီးမားသော အဖြစ်အပျက်တစ်ခုခု ဖြစ်ပွားခဲ့လျှင် ဂိမ်းကို ဆိုင်းငံ့ထားပြီး အချိန်တိုအတွင်း ကစား၍ မရနိုင်ဖွယ် ရှိသည်။
ဂိမ်းမကစားရသည်မှာ အချိန်အတော်ကြာပြီဖြစ်ရာ မုန်ကျစ်ယွီမှာ နောက်ထပ် ရက်အနည်းငယ် ကစားချင်နေသည်။
ထိုသို့တွေးမိသော် မုန်ကျစ်ယွီက ခေါင်းခါ၍ ပြောလိုက်သည်။
"ငါသူ့ကိုမသိဘူး… သူကအနိုင်ကျင့်ပြီး အလကားစားသောက်တာဆိုတော့ မင်းဘာသာမင်းသာ ရှင်းလိုက်တော့…"
ထိုသို့ပြောပြီးနောက် မုန်ကျစ်ယွီက ကွန်ပျူတာစားပွဲ၌ ပြန်ထိုင်လိုက်သည်။
မုန်ကျစ်ယွီ၏ စကားကို ကြားသောအခါ ဆာလာပိုင်ကျီမှာ မှင်တက်သွား၏။
"သူဌေး… ခင်ဗျားက ကျွန်တော့်သူဌေးလေ…"
ဤသည်မှာ ဆာလာပိုင်ကျီ၏ သက်တမ်းတစ်လျှောက် သူ့သူဌေးက သူ့ကို ပထမဆုံးအကြိမ် လှည့်စားခြင်း ဖြစ်သည်။
ဤသည်ကိုမြင်သော် ထောင်ထျဲ့က များများစားစား မပြောတော့ချေ။
တကယ်တော့ ဘာဘီကျူးမှာ မူလကတည်းက ဈေးမကြီးလှပေ၊ ထို့ကြောင့် ဆာလာပိုင်ကျီကို ပြန်ခေါ်သွားခြင်းမှာ ဘာဘီကျူးဆိုင်အတွက် အလကား အလုပ်သမားတစ်ယောက် ထပ်တိုးလိုက်သလိုပင် ဖြစ်သည်။
ဆာလာပိုင်ကျီ အဖမ်းခံရပြီးနောက် မုန်ကျစ်ယွီက မြင့်မြတ်နယ်မြေနန်းတော်ထဲရှိ ရှုရာ့ထံသို့ မိုင်သောင်းချီအသံလွှင့်ခြင်းကို အသုံးပြု၍ ဖြစ်ပျက်ခဲ့သည်များကို ပြောပြလိုက်သည်။
"ရှုရာ့… ဝိညာဉ်ကျောက်တုံးတွေ များများယူလာပြီး ကြယ်တာရာမြို့တော်ကို ပို့လိုက်…"
စကားပြောနေရင်း မုန်ကျစ်ယွီက ကွန်ပျူတာမျက်နှာပြင်ပေါ်မှ စကင်အချို့ကို ကြည့်လိုက်သည်။
"တတ်နိုင်သလောက် မြန်မြန်ပို့… ငါအရေးတကြီးလိုနေတယ်… ဒီစကင်တွေက ကြည့်ရတာရော ကစားရတာရော အရမ်းကောင်းတယ်…"