အစ်ကိုမုန်ကို ခေါ်ပါ
Vol. 33 Ch. 450
ဘာဘီကျူးဆိုင်အတွင်း၌...။
ထောင်ထျဲ့ ကစားနေသော ဖုန်းကို ကြည့်ရင်း ဆာလာပိုင်ကျီက ပြုံး၍ ပြောလိုက်၏။
“အမ်… မင်းဖုန်းကို ငါ ခဏလောက် ကစားလို့ရမလား…”
ထောင်ထျဲ့က ထိုစကားကို ကြားပြီးနောက် သူ၏ ဖုန်းကို တိုက်ရိုက် ကာကွယ်လိုက်သည်။
“မင်း ဘာလုပ်ချင်တာလဲ… ဖုန်းလိုချင်ရင် ကိုယ့်ဘာသာကိုယ် ဝယ်လေ…”
ဆာလာပိုင်ကျီ - “…”
“ငါ့မှာ ပိုက်ဆံရှိရင် မင်းဆီက ငှားစရာ လိုဦးမလား… ငါက ဒေါသဖြေဖို့ ဖုန်းတစ်ချက်လောက် ခေါ်ချင်လို့ပါ…”
ထောင်ထျဲ့မှာ ထိုစကားကို ကြားပြီးနောက်တွင်လည်း ခေါင်းခါနေဆဲ ဖြစ်၏။
ထိုအချိန်တွင် ကြယ်တာရာမြို့တော် တစ်မြို့လုံး၌ ဖုန်းများမှာ ပြတ်လပ်နေသည်။
ထောင်ထျဲ့ကလည်း ဤဖုန်းတစ်လုံးကို ရရန်အတွက် လူအများအပြားကို လိမ်ညာခဲ့ရသည်။ အကယ်၍ သူသာ ဆာလာပိုင်ကျီ၏ လိမ်လည်မှုကို ခံလိုက်ရပြီး နောက်ဖုန်းတစ်လုံး ဝယ်ရန် လိုအပ်သွားပါက မည်မျှကြာအောင် စောင့်ရမည်ကို သူ မသိချေ။
သူ့တွင် ဝယ်ရန် ပိုက်ဆံမရှိ၍ မဟုတ်ဘဲ ဝယ်ယူရန် အခွင့်အရေးပင် မရနိုင်ခြင်းကြောင့် ဖြစ်သည်။
“အာ… ဒီလိုဆိုရင်လည်း မေ့လိုက်ပါတော့…”
ထောင်ထျဲ့က သူ၏ ဖုန်းကို အလွန် တန်ဖိုးထားနေသည်ကို မြင်သောအခါ ဆာလာပိုင်ကျီမှာ လက်လျှော့လိုက်ရုံမှတစ်ပါး အခြား နည်းလမ်းမရှိတော့ချေ။
ဆာလာပိုင်ကျီက အစားအစာ ရှာရန် မီးဖိုချောင်နောက်ဘက်သို့ သွားတော့မည် ပြုစဉ်မှာပင် အလုပ်သမားဝတ်စုံနှင့် လူအချို့ ဘာဘီကျူးဆိုင်ထဲသို့ ဝင်လာသည်ကို တွေ့လိုက်ရသည်။
ဆာလာပိုင်ကျီက အလုပ်သမား အချို့ကို ကြည့်၍ မေးလိုက်၏။
“ဟမ်… ခင်ဗျားတို့ ဘာလုပ်ကြတာလဲ…”
“ဟမ်… ဪ… ကျွန်တော်တို့က အင်တာနက်လိုင်းနဲ့ ကြိုးဖုန်း လာတပ်တာပါ…”
“ကြိုးဖုန်း…”
ကြိုးဖုန်းဟူသော အသုံးအနှုန်းကို ကြားသောအခါ ဆာလာပိုင်ကျီ၏ မျက်လုံးများက အရောင်တောက်သွား၏။ မည်သို့ပင်ဖြစ်စေ သူ လိုအပ်သည်မှာ ဖုန်းခေါ်ရန်သာ ဖြစ်ပြီး လက်ကိုင်ဖုန်းဖြစ်စေ၊ ကြိုးဖုန်းဖြစ်စေ အတူတူပင် ဖြစ်သည်။
အလုပ်သမားများက အင်တာနက်လိုင်းနှင့် ကြိုးဖုန်းကို တပ်ဆင်နေစဉ်တွင် ဆာလာပိုင်ကျီမှာ မကြာမီ ရောက်လာတော့မည့် စကားလုံးများဖြင့် တိုက်ခိုက်မှုအတွက် ပြင်ဆင်ရန် မီးဖိုချောင်နောက်ဘက်သို့ သွား၍ အားရပါးရ စားသောက်လိုက်သည်။
နာရီဝက်ကျော် ကြာပြီးနောက်…။
ဘာဘီကျူးဆိုင်ပိုင်ရှင်က ဆိုင်ထဲမှ စားပွဲထိုး နှစ်ယောက်တည်းကို ခေါ်လိုက်သည်။
“အမ်… ထောင်ထျဲ့၊ ပိုင်ကျီ… အခုကစပြီး… ငါတို့ဆိုင်က အပြင်ပို့ဝန်ဆောင်မှုလည်း လက်ခံတော့မယ်…”
သူ စကားပြောနေရင်း ဆိုင်ရှင်က ကောင်တာနောက်မှ ကြိုးဖုန်းကို ညွှန်ပြ၍ ဆက်ပြောလိုက်၏။
“အခုကစပြီး ငါမရှိတဲ့အခါ ဖုန်းဖြေတာနဲ့ အပြင်ပို့တာကို မင်းတို့ တာဝန်ယူရမယ်…”
“သူဌေး… ကျွန်တော်တို့နှစ်ယောက်နဲ့ မလုံလောက်ဘူး…”
ထောင်ထျဲ့က မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။
ထောင်ထျဲ့၏ စကားကို ကြားပြီးနောက် ဆိုင်ရှင်က လက်ခါပြ၍ ပြောလိုက်၏။
“စိတ်မပူပါနဲ့… ငါ အခု အလုပ်သမားတွေ ခေါ်နေပြီ…”
ဤသို့ ပြောပြီးနောက် ဆိုင်ရှင်က ထောင်ထျဲ့ကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။
“ထောင်ထျဲ့… မင်းရဲ့ မကြာသေးခင်က စွမ်းဆောင်ရည်က သိပ်မကောင်းဘူး… အခု ကြယ်တာရာမြို့တော်မှာ အလုပ်သမား ခေါ်ရတာ ခက်တယ်… ဒီကောင်လို ငတုံးလေးတွေကို နောက်ထပ် ဘယ်နှစ်ယောက်လောက် လိမ်ခေါ်လို့ ရမလဲ ကြည့်စမ်းပါဦး…”
ဆိုင်ရှင်က ဆာလာပိုင်ကျီကို လက်ညှိုးထိုးပြသည်ကို မြင်သောအခါ ထောင်ထျဲ့မှာ အနည်းငယ် အကူအညီမဲ့သွားပြီး ပြောလိုက်သည်။
“သူဌေး… ဆာလာပိုင်ကျီလို အသုံးမကျပြီး ဆင်းရဲတဲ့လူတွေက တကယ် ရှားပါတယ်…”
ဆာလာပိုင်ကျီ - “…”
“ဟေ့… မင်းတို့ ငါ့အကြောင်း မကောင်းပြောတဲ့အခါ အနည်းဆုံးတော့ ငါ့ကို ရှောင်ပြီး ပြောလို့မရဘူးလား…”
ဆာလာပိုင်ကျီက ဆိုင်ရှင်နှင့် ထောင်ထျဲ့ကို ဒေါသတကြီး ကြည့်လိုက်သည်။
“ငါ ပြောထားမယ်… ငါ့သူဌေး ပြန်လာတဲ့အခါ မင်းတို့ကို တန်ရာတန်ကြေး ပြန်ပေးခိုင်းမယ်…”
ထိုလူနှစ်ယောက်မှာ ဆာလာပိုင်ကျီ၏ သူဌေးဆိုသူကို လုံးဝ ဂရုမစိုက်ကြချေ။
မည်သို့ပင်ဆိုစေ နေ့တိုင်း သူ ပြောသည်ကို ကြားနေရသဖြင့် ခုခံအား ရနေပြီ ဖြစ်သည်။
ထို့အပြင် သူတို့က မုန်ကျစ်ယွီနှင့် တခြားသူများကိုလည်း ယခင်က တွေ့ဖူး၏။ သူက အမှန်တကယ် အထင်ကြီးစရာ ကောင်းပြီး အလွန် ချမ်းသာသင့်သော်လည်း သူက ဆာလာပိုင်ကျီကို မရွေးဘဲ ထားခဲ့သည်။
ဤသည်က ဤကောင်မှာ သူ၏ သူဌေးမျက်စိထဲတွင် လုံးဝ အဆင့်အတန်း မရှိကြောင်း ပြသနေသည်။
ထိုအခိုက်တွင် ထောင်ထျဲ့က ပြုံး၍ ပြောလိုက်သည်။
“ငါ ပြောမယ် ဆာလာပိုင်ကျီ… မင်း ငါ့ကို သူဌေးအဖြစ် လက်ခံလိုက်… ငါ မင်းကို ကာကွယ်ပေးမယ်…”
“…”
ဆာလာပိုင်ကျီက နှာခေါင်းရှုံ့လိုက်သည်။
“မင်းက မထိုက်တန်ဘူး…”
သူက မထိုက်တန်ဟု ဆာလာပိုင်ကျီ ပြောသည်ကို ကြားသောအခါ ထောင်ထျဲ့က ဂရုမစိုက်ချေ။
ကြယ်တာရာမြို့တော်တွင် အချိန်အတော်ကြာ နေထိုင်ပြီးနောက် ထောင်ထျဲ့၏ စိတ်နေစိတ်ထားမှာ တစ်နေ့တခြား ပို၍ ကောင်းမွန်လာသည်။
သူ အခု ခံစားနေရသည်မှာ သူ၏ တစ်သက်တာလုံး ဤနေရာတွင် နေထိုင်သွားလျှင် ကောင်းမည်ဟု ဖြစ်သည်။
သူက ပုံမှန်အားဖြင့် နေ့ဘက်တွင် ဘာဘီကျူးဆိုင်၌ အလုပ်လုပ်ပြီး အစားအသောက်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်နိုင်သည်။ ညနေဘက် အလုပ်ဆင်းပြီးနောက်တွင် သူက League of Legends ကစားရန် အင်တာနက်ကဖေးသို့ သွား၏။
အခါအားလျော်စွာ သူက မြို့တော်ကာကွယ်သူများအဖြစ် အချိန်ပိုင်းလုပ်၍ အပိုဝင်ငွေ အနည်းငယ် ရှာနိုင်သည်။
ဤမြို့ရှိ သူ့ဘဝမှာ အမှန်တကယ် အေးချမ်းပြီး ပြည့်စုံလှသည်။
ထို့ကြောင့် ဆာလာပိုင်ကျီက သူ့ကို လှောင်ပြောင်သည့်တိုင်အောင် ထောင်ထျဲ့မှာ သိပ်ပြီး ဒေါသမထွက်တော့ပေ။ သူက နောက်ပိုင်းတွင် သူ့ကို ရိုက်နှက်ရန်အတွက် အချိန်အနည်းငယ် ဖယ်ထားလိုက်ရုံသာ ဖြစ်သည်။
အလွန် မပျော်မရွှင်ဖြစ်နေသော ဆာလာပိုင်ကျီက သူဌေးနှင့် ထောင်ထျဲ့တို့ မရှိသည့် အခွင့်အရေးကို အသုံးချ၍ ကြိုးဖုန်းကို ကောက်ကိုင်ကာ ထိုလျှို့ဝှက်ဆန်းကြယ်သော ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။
အမှန်တကယ်တွင် ဆာလာပိုင်ကျီက ဤဖုန်းကို ခေါ်ဆိုရခြင်းမှာ ဒေါသဖြေရန် လူတစ်ယောက် ရှာလို၍ သာမက ဖုန်း၏ တစ်ဖက်မှ လူကို သူ ဆဲဆိုခဲ့စဉ်က သူဌေး မုန်ကျစ်ယွီမှာ နယ်မြေအရှင်သခင် ဖြစ်လာသည်ကို သူ သတိရသောကြောင့် ဖြစ်သည်။
အကယ်၍ သူသာ ထိုလူကို နောက်တစ်ကြိမ် ဆဲဆိုပါက သူဌေး မုန်ကျစ်ယွီမှာ ဘုရားသခင်တစ်ပါးပင် ဖြစ်လာနိုင်၏။
ထိုအခါ သူဌေးက သူ့ကို ညီငယ်အဖြစ် မအသိအမှတ်ပြုဘဲ နေနိုင်ပါဦးမည်လား ။
အလုံးစုံမြင်နတ်ဘုရား၏ ရုံးခန်းအတွင်း…။
ထိုအချိန်တွင် အလုံးစုံမြင်နတ်ဘုရားမှာ အလွန် စိတ်လှုပ်ရှားနေ၏။
အခြားအကြောင်းရင်းမရှိဘဲ သူ မကြာမီ လွတ်မြောက်တော့မည် ဖြစ်သောကြောင့်ပင်။
သူ၏ ဂရုတစိုက် တွက်ချက်မှုများအရ မကြာမီ အချိန်အတွင်း ရဲရှင်းဟွေ့၏ ကိုယ်ထဲမှ နတ်ဘုရားအဖြစ်မှာ သူ၏ ရာထူးကို ဆက်ခံရန် လုံလောက်သွားမည်ဟု သူ ခန့်မှန်းထားသည်။
ထိုအချိန်ကျသောအခါ သူက ထိုကောင်ကို ဤနေရာတွင် ကွန်ပျူတာပရိုဂရမ်မာအဖြစ် အလုပ်လုပ်စေပြီး သူကိုယ်တိုင်မှာ နေရာအနှံ့ သွားရောက် ကစားနိုင်တော့မည် ဖြစ်သည်။
အလုံးစုံမြင်နတ်ဘုရားက သူ လွတ်မြောက်သွားသည်နှင့် မည်သည့်နေရာသို့ သွားရောက် ကစားရမည်ကို စဉ်းစားနေစဉ်မှာပင် စားပွဲဘေးတွင် ချထားသော ဖုန်းမှာ ရုတ်တရက် မြည်လာသည်။
“အိုး… ဖုန်းက ဘာလို့ ထပ်မြည်လာတာလဲ…”
သူ စကားပြောနေရင်း အလုံးစုံမြင်နတ်ဘုရားက ဖုန်းကို ကိုင်၍ ပြောလိုက်၏။
“ဟေး… ဘယ်သူလဲ…”
“ဟမ်… ဒီတစ်ခါ ဘာလို့ ဖုန်းကို တစ်ခါတည်း ကိုင်လိုက်တာလဲ…”
ဖုန်း၏ တစ်ဖက်မှ ရင်းနှီးသော အသံကို ကြားသောအခါ အလုံးစုံမြင်နတ်ဘုရားမှာ ရုတ်တရက် တက်ကြွလာသည်။
ဤအသံမှာ သူ့ကို ဆဲဆိုခဲ့သော ငတုံး၏ အသံဖြစ်ကြောင်း သူ သိ၏။
“ဟေ့… မင်း ငါ့ကို တောင်းပန်ဖို့ ဖုန်းခေါ်တာလား… တောင်းပန်ချင်တယ်ဆိုရင် မလိုတော့ဘူး… မုန်ကျစ်ယွီလို့ခေါ်တဲ့ မင်းသူငယ်ချင်းက မင်းကိုယ်စား တောင်းပန်ပြီးသွားပြီ…”
သူက ယနေ့တွင် စိတ်အခြေအနေ ကောင်းနေသောကြောင့် အလုံးစုံမြင်နတ်ဘုရားမှာ ဆာလာပိုင်ကျီနှင့် စာရင်းရှင်းရန် ရည်ရွယ်ချက် မရှိချေ။
အလုံးစုံမြင်နတ်ဘုရားက ပြဿနာမရှာလိုသော်လည်း ဆာလာပိုင်ကျီမှာ သူ၏ သူဌေးက သူ့ကိုယ်စား တစ်ဖက်လူကို တောင်းပန်ခဲ့သည်ဟု ကြားသောအခါ ဒေါသထွက်သွား၏။
မည်သို့ပင်ဆိုစေကာမူ ဆာလာပိုင်ကျီမှာ တစ်စုံတစ်ယောက်၏ ဖန်ခွက်ကို သူ၏ သူဌေးဖန်ခွက်အပေါ်တွင် တင်ထားသည်ကို မြင်လျှင်ပင် ခုန်ပေါက် ဆဲဆိုမည့်သူ ဖြစ်သည်။
“မင်း ပြောတာက ငါ့သူဌေးက မင်းကို တောင်းပန်တယ် ဟုတ်လား…”
“မင်းသူဌေး… မုန်ကျစ်ယွီကို ပြောတာလား…”
အလုံးစုံမြင်နတ်ဘုရားမှာ အနည်းငယ် ရှုပ်ထွေးသွားသည်။ သူ မှတ်မိသည်မှာ ဤကောင်၏ သူဌေးမှာ ရှုရာ့ဟုခေါ်သော တစ်ယောက် ဖြစ်ပုံရသည်။ ယခုတစ်ကြိမ် ဘာကြောင့် မုန်ကျစ်ယွီ ဖြစ်သွားရသနည်း။
“ဟား ဟား ဟား… မင်းက ငါ့သူဌေးနာမည်ကို တိုက်ရိုက်ခေါ်ရဲတယ် ဟုတ်လား… သူ့ကို အစ်ကိုမုန်လို့ခေါ်စမ်း…”
အလုံးစုံမြင်နတ်ဘုရား - “…”
“ခွေးမသား… မင်းက ဘယ်ကလာတဲ့ ငတုံးလဲ… ငါ ဘယ်သူလဲဆိုတာ မင်း သိရဲ့လား… မင်းက ငါ့ကို မုန်ကျစ်ယွီကို အစ်ကိုမုန်လို့တောင် ခေါ်ခိုင်းသေးတယ်… ငါ ခေါ်ရင်တောင် သူ သဘောတူရဲလားလို့ မင်း သူ့ကို မေးကြည့်လိုက်ဦး…”
“ဟား ဟား… မင်းက အစ်ကိုမုန်လို့ မခေါ်ဘဲနဲ့ သူ သဘောမတူဘူးဆိုတာ ဘယ်လိုသိမှာလဲ…”
“ကောင်းပြီလေ…”
အလုံးစုံမြင်နတ်ဘုရားမှာလည်း ဒေါသကြောင့် ရယ်မော၍ ဖုန်းထဲသို့ တိုက်ရိုက် ပြောလိုက်သည်။
“အစ်ကိုမုန်…”
“အေး…”
ဆာလာပိုင်ကျီက ရွှင်လန်းစွာ အော်လိုက်သည်။
“ငါ သူဌေးကိုယ်စား သဘောတူလိုက်ပြီ…”
အလုံးစုံမြင်နတ်ဘုရား - “…”
အလုံးစုံမြင်နတ်ဘုရားမှာ သူ လှည့်စားခံလိုက်ရသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ ထို့အပြင် သူက ဦးနှောက်မရှိသော လူတစ်ယောက်၏ လှည့်စားမှုကို ခံလိုက်ရခြင်း ဖြစ်သည်။