← Chapters

မုန်ကျစ်ယွီ၏ ထိတ်လန့်မှု

Vol. 33 Ch. 452

မုန်ကျစ်ယွီ၏ ထိတ်လန့်မှု

Vol. 33 Ch. 452

ရဲရှင်းဟွေ့က မုန်ကျစ်ယွီ၊ ရဲဆွေ့နှင့် ပေါင်ပေါင်းတို့ကို အခန်းလွတ်တစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။

မူလက မုန်ကျစ်ယွီမှာ နယ်မြေသခင်၏ စွမ်းအားများ ဆုံးရှုံးသွားကြောင်း ကြားသိလိုက်သော ရှုရာ့ကလည်း လိုက်လာချင်သေး၏။ သို့သော်လည်း ရဲဆွေ့က သူ့ကို တားဆီးလိုက်သည်။

ယခုအခါ အားကစားဝတ်စုံဝတ်ဆင်ထားသော ရှုရာ့မှာ မုန်ကျစ်ယွီ သူ့စွမ်းအားများ ဆုံးရှုံးသွားကြောင်း သိလိုက်ရသည့်အခါ အလွန်တရာ စိတ်လှုပ်ရှားသွား၏။

ရှုရာ့ ယခင်က ပြောခဲ့သော စကားများမှာ အမှန်တရားများသာ ဖြစ်သည်။ သူက နယ်မြေသခင် ဖြစ်ချင်ခဲ့သည် မဟုတ်ချေ။

သူ နယ်မြေသခင် မဟုတ်လျှင်ပင် သူက မသေမျိုးကျင့်ကြံရေးလောကတွင် အမြင့်ဆုံး ပုဂ္ဂိုလ် ဖြစ်နေသေးသည်။

နယ်မြေသခင် ဖြစ်လာပြီးသည့်နောက်တွင်လည်း သူက အင်အားကြီး အဖွဲ့အစည်းထဲအမြင့်ဆုံး ပုဂ္ဂိုလ် ဖြစ်နေဦးမည်သာ ဖြစ်ရာ သူ နယ်မြေသခင် ဖြစ်သည်နှင့် မဖြစ်သည်က မည်သို့မျှ ကွာခြားမည် မဟုတ်ပေ။

ဘဝဆိုတာ လူတွေက ကျေနပ်ရောင့်ရဲစွာ ပျော်ရွှင်နေတတ်ဖို့ လိုအပ်သည်ဟု ရှုရာ့က ဆေးလိပ်တစ်လိပ်ကို ဖွာရှိုက်ရင်း တွေးလိုက်၏။

သူ၏ အကြီးမားဆုံး ဆန္ဒအသစ်မှာ သူ၏ မြင့်မြတ်နယ်မြေနန်းတော်ထဲမှ စိတ်မမှန်သည့် ကြွက်သားသန်မာသော လူများကို မောင်းထုတ်ပြီး သူ၏ မြင့်မြတ်နယ်မြေနန်းတော်ကို ယခင်အတိုင်း ပြန်ဖြစ်စေရန်နှင့် မြင့်မြတ်နယ်မြေနန်းတော်၏ သခင် တစ်ကြိမ်တစ်ခါ ပြန်ဖြစ်လာရန် ဖြစ်သည်။

သို့သော်လည်း မုန်ကျစ်ယွီ သူ့စွမ်းအားများ ဆုံးရှုံးသွားကြောင်း သိလိုက်ရသည့်အခါ သူက နယ်မြေသခင် ဖြစ်ချင်သည့် ဆန္ဒကို ပြန်လည်မွေးမြူလိုက်၏။

ကံမကောင်းစွာဖြင့် ရဲဆွေ့က သူ့ကို လိုက်မလာစေခဲ့ပေ။ ယခုအခါ၌ သူလုပ်နိုင်သည်မှာ သူ၏ စိတ်ထဲ၌ ဆုတောင်းနေရန်သာ ဖြစ်ပြီး မုန်ကျစ်ယွီ သူ့စွမ်းအားများ ပြန်မရလာပါစေနှင့်ဟု ဆုတောင်းနေလိုက်သည်။

ထိုအခါကျလျှင် သူက နယ်မြေသခင် မဖြစ်နိုင်လျှင်ပင် မြင့်မြတ်နယ်မြေနန်းတော်ကိုတော့ ပြန်လည်ရယူနိုင်ပေလိမ့်မည်။

မကြာမီ အချိန်မီ မြင့်မြတ်နယ်မြေနန်းတော်ကို ပြန်မသိမ်းနိုင်မည်ကို သူစိုးရိမ်နေမိသည်။ သူပြန်သွားသည့်အခါ သူ၏ မြင့်မြတ်နယ်မြေနန်းတော်ထဲမှ လူအားလုံးမှာ ယောက်ျားလေးများကို ကြိုက်နှစ်သက်သော စိတ်ဖောက်ပြန်သည့် ကြွက်သားသန်မာသော လူများ ဖြစ်ကုန်မည်ကို စိုးရိမ်နေမိ၏။

အခန်းထဲသို့ ဝင်ရောက်ပြီးနောက် ရဲဆွေ့က မုန်ကျစ်ယွီဘက်သို့ လှည့်၍ ပြောလိုက်သည်။

"ကဲ... ခင်ဗျား နတ်ဘုရားကို ဖုန်းခေါ်လို့ရပြီ…"

ရဲဆွေ့၏ စကားကို ကြားသောအခါ မုန်ကျစ်ယွီက သူ၏ ဖုန်းကို ထုတ်ယူလိုက်သော်လည်း ချက်ချင်း ဖုန်းနံပါတ်ကို မနှိပ်လိုက်ပေ။ ထိုအစား သူက ရဲရှင်းဟွေ့နှင့် ပေါင်ပေါင်းတို့ကို တစ်ချက် ကြည့်လိုက်၏။

ထိုသည်ကို မြင်သောအခါ ရဲဆွေ့က သူ၏ လက်များကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

"သူတို့က ကျွန်တော့်မိဘတွေလေ... ပြီးတော့ ကျွန်တော့်အမေက ပထမမျိုးဆက် နယ်မြေသခင်ပဲ... သူက ခင်ဗျားထက်တောင် နတ်ဘုရားကို စောပြီး သိသေးတယ်…"

တကယ်တော့ ရဲဆွေ့က လိမ်ညာနေခြင်းသာ ဖြစ်၏။

အတိတ်တုန်းက ပေါင်ပေါင်းမှာ နတ်ဘုရားကို အမှန်ပင် သိကျွမ်းခဲ့သော်လည်း သူမက သူမ၏ မှတ်ဉာဏ်များ ဆုံးရှုံးထားခဲ့သည်။

ရဲရှင်းဟွေ့မှာမူ သူက နတ်ဘုရားကို သိသော်ငြားလည်း ထိုနတ်ဘုရားကို သိသည် မဟုတ်ချေ။

ရဲရှင်းဟွေ့က သူတို့ နယ်မြေသခင်တို့၏ သူဌေးဖြစ်သော နတ်ဘုရားအကြောင်း ပြောဆိုနေကြသည်ကို ကြားနေခဲ့ရသော်လည်း သူက ထိုနတ်ဘုရားနှင့် သူသိသော ဟာသဉာဏ်ရွှင်သည့် အလုံးစုံမြင်နတ်ဘုရားတို့ကို ဆက်စပ်၍မရ ဖြစ်နေသည်။

မုန်ကျစ်ယွီက သေချာစဉ်းစားကြည့်လိုက်ပြီး ရဲဆွေ့၏ စကားများက မှားယွင်းခြင်း မရှိဟု ခံစားမိလိုက်ရာ သူက သူ့ဖုန်းပေါ်မှ နံပါတ်တစ်ခုကို စတင်ခေါ်ဆိုလိုက်သည်။

သူ ဖုန်းခေါ်နေစဉ်မှာပင် ရှက်စရာကောင်းသော အဖြစ်တစ်ခု ဖြစ်ပျက်သွား၏။ သူ၏ ဖုန်းမှာ ဘက်ထရီကုန်သွားသည်။

ထိုသည်ကို မြင်သောအခါ ရဲဆွေ့က သူ့အတွက် အားသွင်းကြိုး ယူပေးရန် ပြင်လိုက်စဉ်မှာပင် မုန်ကျစ်ယွီက မေးလိုက်သည်ကို ကြားလိုက်ရသည်။

"ဟို... ခင်ဗျားတို့ထဲက တစ်ယောက်ယောက် ကျွန်တော့်ကို ဖုန်း ငှားပေးလို့ရမလား…"

မုန်ကျစ်ယွီ၏ စကားကို ကြားသောအခါ ရဲဆွေ့မှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားသလို ခံစားလိုက်ရသည်။

သူက နောက်ပြန်လှည့်၍ မေးလိုက်၏။

"နတ်ဘုရားကို ခေါ်ဖို့အတွက် သီးသန့်ဖုန်း မလိုဘူးလား…"

ထိုသည်ကို ကြားသောအခါ မုန်ကျစ်ယွီက ခေါင်းခါ၍ ပြောလိုက်သည်။

"မလိုပါဘူး... တကယ်လို့ လိုခဲ့မယ်ဆိုရင် ကျွန်တော် နတ်ဘုရားကို ဆက်သွယ်ပြီး အရင်တစ်ခေါက်က နယ်မြေသခင် ဖြစ်လာနိုင်မှာ မဟုတ်ဘူး…"

ရဲဆွေ့က သူ တစ်ခါမှ မတွေ့ဖူးသေးသော သူ၏ သူဌေးမှာ အလွန်တရာ ပေါ့ပေါ့ပါးပါး နိုင်လှသည်ဟု ရုတ်တရက် ခံစားလိုက်မိ၏။

သူလည်း အစပိုင်းက အမှားလုပ်မိခဲ့ခြင်း ဖြစ်သည်။ ဖုန်းကို ချိပ်ပိတ်ထားရန် လုံးဝ မလိုအပ်ခဲ့ပေ။ မုန်ကျစ်ယွီ ပြောသည့်အတိုင်းသာဆိုလျှင် သူလုပ်ရန် လိုအပ်သည်မှာ နတ်ဘုရား၏ ဖုန်းနံပါတ်ကို မှတ်ထားရန်သာ ဖြစ်သည်။

ဤအချိန်တွင် ရဲရှင်းဟွေ့ကလည်း ရယ်မော၍ ညည်းညူလိုက်သည်။

"မင်းတို့ ပြောနေတဲ့ နတ်ဘုရားက တော်တော်လေး ပေါ့လျော့တာပဲ... ငါသိတဲ့ နတ်ဘုရားလောက်တောင် စိတ်မချရဘူး…"

"ဟင်... အဖေကလည်း နတ်ဘုရားကို သိတယ်…"

"ဟုတ်တယ်…"

ရဲရှင်းဟွေ့က ခေါင်းညိတ်၍ ပြောလိုက်သည်။

"ငါ မင်းကို မပြောခဲ့ဘူးလား... ငါ့ရဲ့ နတ်ဘုရားဇာတိကို အဲဒီလူက ဖန်တီးခဲ့တာလို့ ငါသံသယရှိတယ်…"

"နတ်ဘုရားဇာတိ" ဆိုသော စကားလုံးကို ကြားသည့်အခါ မုန်ကျစ်ယွီက ချက်ချင်း နားစွင့်လိုက်၏။

သို့သော်လည်း ရဲရှင်းဟွေ့က များများစားစား မပြောဘဲ သူ၏ အိတ်ကပ်ထဲမှ ဖုန်းကို မုန်ကျစ်ယွီထံသို့ ကမ်းပေး၍ ပြောလိုက်သည်။

"ဒါဆိုရင် ငါ့ဖုန်းကို သုံးလိုက်…"

မုန်ကျစ်ယွီက ခေါင်းညိတ်၍ ဖုန်းကို ယူကာ နံပါတ်များကို စတင်ခေါ်ဆိုလိုက်သည်။

နတ်ဘုရား၏ နံပါတ်မှာ အလွန်ရှည်လျား၏။ ၎င်းက ဖုန်းနံပါတ်တစ်ခုထက် ကုဒ်နံပါတ် အရှည်ကြီးတစ်ခုနှင့် ပိုတူနေသည်။

ကျင့်ကြံသူများက ပိုကောင်းသော မှတ်ဉာဏ်စွမ်းအားကို ရရှိသောကြောင့်သာ ၎င်းကို မှတ်မိနိုင်ခြင်းဖြစ်ပြီး သာမန်လူများအဖို့ မှတ်မိရန်မှာ မလွယ်ကူလှပေ။

ဖုန်းခေါ်ဆိုမှုကို လျင်မြန်စွာပင် ပြန်လည်ဖြေကြားလာသည်။

ထို့နောက် အနည်းငယ် ပျင်းရိပြီး အားမရှိသော အသံတစ်ခုက ဖုန်းထဲမှ ထွက်ပေါ်လာ၏။

"ဟဲလို... ငါမင်းကို ပြောပြီးပြီလေ... တော်လောက်ပြီ... ငါမင်းနဲ့ စကားများပြီး ဆူပူကြိမ်းမောင်းရတာ မောနေပြီ... ငါ့မှာ အလုပ်တွေ လုပ်စရာ ရှိသေးတယ်... ဒါကြောင့် ငါဖုန်းချလိုက်တော့မယ်…"

မုန်ကျစ်ယွီ စကားမပြောနိုင်မီမှာပင် နတ်ဘုရားက ဝါကျ သုံးကြောင်းကို ဆက်တိုက်ပြော၍ ဖုန်းချသွားသည်။

ဖုန်း၏ တစ်ဖက်မှ အသံကို ကြားလိုက်ရသည့်အခါ ရဲရှင်းဟွေ့က မျက်မှောင်ကြုတ်လိုက်၏။

သူက ထိုအသံမှာ အနည်းငယ် ရင်းနှီးနေသလို ခံစားလိုက်ရသည်။

"မဟုတ်သေးပါဘူး... အဲဒီနတ်ဘုရားက တကယ်ကြီး အလုံးစုံမြင်နတ်ဘုရားတော့ မဟုတ်လောက်ပါဘူးနော်…"

ရဲရှင်းဟွေ့၏ ဘေးတွင် ထိုင်နေသော ရဲဆွေ့က သူ၏ ဖခင် တီးတိုးရေရွတ်နေသည်ကို ကြား၍ အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"အဖေ... ဘာဖြစ်လို့လဲ…"

"ဘာမှမဖြစ်ပါဘူး... ငါ ဒီအသံကို နည်းနည်း ရင်းနှီးနေသလို ခံစားလိုက်ရလို့…"

"ဪ... ဟုတ်လား…"

"မင်း နတ်ဘုရားအသံကို ကြားဖူးတာ ဒါပထမဆုံးအကြိမ်လား…"

"ဟုတ်တယ်... ကျွန်တော် အရင်က ပြောခဲ့တယ် မဟုတ်လား... ကျွန်တော် အမေ့ဆီကနေ စွမ်းအားတွေ ယူပြီးမှ ဒီစွမ်းအားတွေ ရခဲ့တာလေ... ကျွန်တော် နတ်ဘုရားကို ဆက်သွယ်ချင်ပေမဲ့ ဆက်သွယ်လို့မရခဲ့ဘူး... ဒါကြောင့် ကျွန်တော် နတ်ဘုရားကို ဆက်သွယ်ဖို့ သုံးတဲ့ဖုန်းကို ချိပ်ပိတ်ပြီးတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တာ…"

"အော်…"

ရဲရှင်းဟွေ့က ပြောပြီးနောက် မုန်ကျစ်ယွီကို ဆက်ကြည့်နေလိုက်သည်။

ဖုန်းချခံလိုက်ရသည့်အခါ မုန်ကျစ်ယွီမှာ စကားမပြောနိုင် ဖြစ်သွားသော်လည်း သူ၏ စွမ်းအားများ မည်သည့်နေရာသို့ ရောက်သွားသည်ကို သိရှိရန်အလို့ငှာ သူက ထိုနံပါတ်ကို နောက်တစ်ကြိမ် ထပ်ခေါ်ဆိုလိုက်သည်။

ဖုန်းကို တစ်ဖန် ပြန်ကိုင်လာပြီး ဤတစ်ကြိမ်တွင် မုန်ကျစ်ယွီက တစ်ဖက်မှလူ စကားမပြောနိုင်ခင်မှာပင် ဦးစွာ စကားပြောလိုက်၏။

"အာ... အရှင်... ကျွန်... ကျွန်တော်က မုန်ကျစ်ယွီပါ…"

"အစ်ကိုမုန်... အာ... တောက်... သွားစမ်းပါ…"

ယခင်က ဆာလာပိုင်ကျီကြောင့် အလုံးစုံမြင်နတ်ဘုရားမှာ မုန်ကျစ်ယွီ၏ နာမည်ကို ကြားသည့်အခါ အလိုအလျောက်ပင် အစ်ကိုမုန်ဟု ခေါ်မိလိုက်သည်။

"အမ်... အရှင်နတ်ဘုရား... အဲဒီလောက် ယဉ်ကျေးပြစရာ မလိုပါဘူး... ကျွန်တော့်ကို မုန်လေးလို့ပဲ ခေါ်ပါ…"

အလုံးစုံမြင်နတ်ဘုရား : "..."

"မင်း ဘာလို့ ယဉ်ကျေးချင်ယောင် ဆောင်နေတာလဲ... မင်းမှာ ညီလေးကောင်း တစ်ယောက် ရှိတာကိုး... သူကငါ့ကို ဖုန်းဆက်ပြီး နှောင့်ယှက်တယ်... ပြီးတော့ ဘာမှမပြောဘဲ ငါ့ကို ဆဲဆိုတယ်... ပြီးတော့ မင်းကို အစ်ကိုမုန်လို့ ခေါ်ခိုင်းသေးတယ်... သူ့ကိုယ်သူကျတော့ အစ်ကိုဆာလာလို့ ခေါ်ခိုင်းတယ်…"

အလုံးစုံမြင်နတ်ဘုရား၏ စကားများက သူ့ကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ထိမှန်သွားသည်။

အစ်ကိုဆာလာ ဆိုသည့် နာမည်ကို ကြားသောအခါ မုန်ကျစ်ယွီက သူမည်သူ့ကို ပြောနေမှန်း ချက်ချင်း သိရှိလိုက်၏။

သူ့ကို သတ်ချင်နေသော အဆိပ်ပြင်းသည့် ညီလေး ဆာလာပိုင်ကျီမှလွဲ၍ မည်သူ ဖြစ်နိုင်ဦးမည်နည်း။

မုန်ကျစ်ယွီက လေးလံစွာဖြင့် ခေါင်းငုံ့ကာ သူ၏ ရင်ဘတ်ပေါ်မှ အားကစားတံဆိပ်ကို ကြည့်လိုက်ပြီးနောက် စကားတစ်ခွန်းမှ မပြောဘဲ သူ၏ အဝတ်အစားများကို ဆွဲဖြဲကာ စိတ်ထဲမှ ကြိတ်၍ ပြောလိုက်သည်။ 'ဘာစောက်သုံးမကျတဲ့ အဝတ်အစားတွေလဲ... ဘာအသုံးမှ မဝင်ဘူး…'

သူ၏ အဝတ်အစားများကို ဆွဲဖြဲပြီးနောက် မုန်ကျစ်ယွီက ရူးမတတ် ရှင်းပြတော့သည်။

"အရှင်နတ်ဘုရား... အဲဒီလူက ကျွန်တော့်ညီလေး မဟုတ်ဘူး... ခင်ဗျား ကျွန်တော်ရှင်းပြတာကို နားထောင်ရမယ်... သူက အရူးတစ်ယောက်ပဲ... သူ့လိုလူမျိုးနဲ့ တစ်တန်းတည်းထားပြီး ဆက်ဆံမနေပါနဲ့…"

ထိုသည်ကို ကြားသောအခါ အလုံးစုံမြင်နတ်ဘုရားက မုန်ကျစ်ယွီ၏ စကားများကို တုံ့ပြန်လိုက်၏။

"ဒါဆို... မင်းပြောချင်တာက ငါကသူနဲ့ တစ်တန်းတည်းထားပြီး ဆက်ဆံလို့ ငါက အရူးလို့ ပြောချင်တာလား…"

"မဟုတ်... မဟုတ်ပါဘူး... ကျွန်တော် အဲဒီလို မပြောပါဘူး... ကျွန်တော် ဆိုလိုချင်တာက ဆာလာပိုင်ကျီက ဦးနှောက်မရှိဘူး... ဒါကြောင့် ခင်ဗျား သူ့ကို ဂရုစိုက်စရာ မလိုဘူးလို့ ပြောချင်တာ…"

"ဟားဟား…"

အလုံးစုံမြင်နတ်ဘုရားက ရယ်မော၍ ပြောလိုက်သည်။

"ငါ သူ့လိုလူနဲ့ တစ်တန်းတည်းထားပြီး ဆက်ဆံစရာ မလိုပါဘူး…"

ထိုသည်ကို ကြားသောအခါ မုန်ကျစ်ယွီက သက်ပြင်းချလိုက်ပြီး စိတ်ထဲမှ ကြိတ်၍ ပြောလိုက်သည်။

'ငါ အမြန်ပြန်သွားပြီး ဆာလာပိုင်ကျီကို အရင်ဆုံး ထိန်းချုပ်ထားရမယ်... မဟုတ်ဘူး... ငါသူ့ကို ချိပ်ပိတ်ထားရမယ်... ဒီကောင်က တော်တော် အန္တရာယ်များတာပဲ…'

သို့သော်လည်း မုန်ကျစ်ယွီ သက်ပြင်းမချရသေးမီမှာပင် အလုံးစုံမြင်နတ်ဘုရား၏ နောက်ဆက်တွဲစကားများက သူ့ကို နေရာမှာပင် ကျောက်ရုပ်အဖြစ် တိုက်ရိုက် ပြောင်းလဲသွားစေသည်။

"ငါက အရူးတစ်ယောက်ကို ဂရုစိုက်မှာ မဟုတ်ဘူး... ဒါပေမဲ့ မင်းက သူ့သူဌေးလေ... ပြီးတော့ မင်းက အရူးမဟုတ်ဘူး... ဒါကြောင့် ငါဂရုစိုက်မှာ... အဲဒါကြောင့်ပဲ ငါမင်းရဲ့ စွမ်းအားတွေကို ပြန်ယူလိုက်တာ... မင်းဘာသာမင်း ကံကောင်းပါစေလို့ ဆုတောင်းလိုက်တော့... မင်းကံကြမ္မာက မင်းလက်ထဲမှာပဲ ရှိတယ်…"

All Chapters