အခန်း (၄၆)
Vol. 4 Ch. 46
စည်းကမ်းတကျ ရှိလာခဲ့သော်လည်း အိမ်ဝယ်ရန် လာတဲ့သူ အရေအတွက်က ဆက်တိုက်တိုးလာနေပြီး အတန်းလိုက် အရှည်ကြီး ဖြစ်လာခဲ့သည်။ အိမ်ရောင်းချပေးရသည့် အရာရှိများက နည်းပါးပြီး အလွန်ကို အလုပ်ရှုပ်နေကြသဖြင့် ညနေရောက်တာတောင်မှ အပြီးမသတ်နိုင်ခဲ့ကြပေ။
ဟီရှန်းသည် ရွေးစရာမရှိဘဲ အိမ်ရောင်းချရာတွင် ကူညီရန် လူအချို့ကို စေလွှတ်လိုက်ရသည်။
သို့သော်လည်း နောက်ဆုံးတွင် ညနေ ရောက်လာသည့်တိုင် ဝယ်သူအရေအတွက်က လျော့နည်းမသွားဘဲ၊ နန်းတွင်း အရာရှိများကမူ မျက်လုံးထဲ ကြယ်တွေလတွေ မြင်ရသည်အထိ ပင်ပန်းနွမ်းနယ်လာကြပြီ ဖြစ်သည်။
“ဒီနေ့အတွက် ရပ်နားပါပြီ၊ မနက်ဖြန်မှ ပြန်လာပေးကြပါ!”
တန်းစီစောင့်ဆိုင်းနေသော လူအုပ်ကြီးက ချက်ချင်းဆိုသလို လှုပ်လှုပ်ရှားရှား ဖြစ်လာကြပြီး အရာရှိများကို ဝိုင်းရံကာ ထွက်ခွာခွင့်မပြုကြပေ။
“မနက်ဖြန်ထိ ဘယ်လို စောင့်နိုင်မှာလဲ? အဲဒီအချိန်ကျရင် ဈေးက ထပ်တက်သွားရင် ဘယ်လိုလုပ်မလဲ?”
“ဟုတ်တယ်၊ အရှင်မင်းကြီးက စိတ်လိုက်မာန်ပါ လုပ်လွန်းတယ်၊ တစ်ရက်ကို ငွေတစ်တေးစီ ဈေးတက်နေတာ၊ ဘယ်သူက ခံနိုင်မှာလဲ?”
“တကယ်ကို မတတ်နိုင်တော့ပါဘူးဗျာ!”
“ဒီနေ့ပဲ အပြီးသတ်ပေးရမယ်၊ မဟုတ်ရင် ကျွန်တော်တို့ မပြန်ဘူး!”
“ဒါပေမဲ့ ငါတို့လည်း တစ်နေကုန် အလုပ်များနေခဲ့ရတာ၊ အနားယူခွင့်တော့ ပေးသင့်တယ်!”
အရာရှိများမှာ အလွန်ပင် အကူအညီ မဲ့နေခဲ့ကြသည်။ သူတို့တွေ တာဝန် ထမ်းဆောင်လာခဲ့သော နှစ်ပေါင်း များစွာအတွင်းမှာ ယနေ့လောက်ထိ ပင်ပန်းနွမ်းနယ်ခြင်း မရှိခဲ့ဖူးပေ။
“ခင်ဗျားတို့ ထွက်သွားလို့ မရဘူး!” သာမန်ပြည်သူများက အပြင်းအထန် ငြင်းဆိုကြသည်။
“ဒါက...”
ဟီရှန်းက စောင့်ဆိုင်းနေဆဲဖြစ်သော သာမန်ပြည်သူများကို ငေးကြည့်ကာ အတွေးနယ်ချဲ့လိုက်ပြီး။ သူက “ကောင်းပြီလေ၊ သာမန်ပြည်သူတွေ အိမ်ဝယ်နိုင်ဖို့ဆိုတာ မလွယ်ကူဘူး၊ ဒါကြောင့် အပို အားစိုက်ထုတ်ကြတာပေါ့! မင်းတို့ အားလုံးလည်း အလုပ်ဆက်လုပ်နေကြပါ၊ ငါလည်း ကူညီဖို့အတွက် လူတွေ ထပ်ခေါ်လိုက်မယ်! တစ်လှည့်စီ အနားယူပြီး အလုပ်လုပ်ကြမယ်ဆိုရင် အားလုံးကို မြန်မြန်ဆန်ဆန်နဲ့ ပြီးအောင် လုပ်နိုင်လိမ့်မယ်!”
“ကျေးဇူးတင်ပါတယ်!” သာမန်ပြည်သူများက ဝမ်းသာစွာ အော်ဟစ်ပြီး ပျော်ရွှင်စွာ ခုန်ပေါက်ခဲ့ကြသည်။
ထို့နောက် လူတိုင်းက ညလုံးပေါက် မရပ်မနား အလုပ်လုပ်ကြပြီး အိမ်များကို တစ်လုံးပြီးတစ်လုံး ရောင်းချခဲ့ကြသည်။
ရောင်းချသူများလည်း ပျော်ရွှင်ကြသလို ဝယ်ယူသူများလည်း ပျော်ရွှင်ကြသည်။
တစ်ရက်တည်းအတွင်း အိမ်ပေါင်း ၂၀,၀၀၀ ကို ရောင်းချနိုင်ခဲ့ပြီး ငွေတေး ၂၀၀,၀၀၀ ကျော်ကို ရရှိခဲ့သည်။
ဒီအဖြစ်အပျက်ပြီးသွားတဲ့ နောက်တွင်မူ အိမ်ဝယ်လိုအား ပြင်းထန်သော ရူးသွပ်မှုတစ်ခုကို လုံးဝ မီးမောင်း ထိုးပေးလိုက်သလို ဖြစ်သွားခဲ့သည်။
အိမ်ဝယ်ရန် လာရောက်သူများက နေ့တိုင်း အဆုံးမရှိသလို ဖြစ်နေပြီး လာရောက်စီတန်းသူ များကလည်း မျက်စိတစ်ဆုံး ဖြစ်ပေါ်နေသည်။ တစ်မိနစ်လေး နောက်ကျသွားသည်နှင့် သူတို့၏ ဧကရာဇ်သည် အိမ်ဈေးနှုန်းကို ထပ်မံတိုးမြှင့်လိုက်မည်ကို ကြောက်ရွံ့ကြသည်။
ဈေးနှုန်း တိုးမြှင့်လိုက်တိုင်းမှာ ငွေတစ်တေးနှုန်း ဖြစ်တဲ့ အတွက်ကြောင့် ၎င်းသည် သူတို့၏ လစာ လပေါင်းများစွာနှင့် ညီမျှနေသည်။
ထို့ကြောင့် သူတို့သည် အိမ်တစ်လုံးကို အရင်ဆုံး လုံခြုံစွာ ရရှိရန်အတွက် ယခုအချိန်တွင် အခက်အခဲနှင့် ပင်ပန်းနွမ်းနယ်မှုကို ခံနေခဲ့ကြသည်။
ရလဒ်အနေဖြင့် ၅ ရက်ပင် မပြည့်လိုက်ဘဲ ပထမဆုံးအကြိမ် ရောင်းချတဲ့ အိမ်စုစုပေါင်း ၁၀၀,၀၀၀ လုံးကို ရောင်းကုန်သွားခဲ့သည်။
“အားလုံးပဲ၊ အိမ်အားလုံးကို ရောင်းကုန်သွားပါပြီ။ ကျေးဇူးပြု၍ အိမ်ပြန်ကြပြီး ဒုတိယ အကြိမ် ရောင်းချတဲ့အခါမှ ပြန်လာပေးကြပါ!”
တန်းစီနေဆဲဖြစ်သော သာမန်ပြည်သူများက တစ်ဖန် စိတ်ပူလာခဲ့ကြသည်။
“အိမ်တွေ အားလုံး ကုန်သွားပြီလား? ဒီလောက်မြန်မြန် ရောင်းကုန်သွားတာလားဟ?”
“ဆရာရေ ကျွန်တော်က မြေယာတွေ စတင်ဖော်ထုတ်တဲ့ နေရာကနေ မိုင်ပေါင်းတစ်ထောင် ခရီးနှင်ပြီး အိမ်ဝယ်ဖို့ ပြန်လာခဲ့ရတာပါ!”
“ကျွန်တော်ကလည်း တူးမြောင်းတွေ တူးတဲ့ နေရာကနေ လာခဲ့တာပါ၊ အိမ်ဝယ်ဖို့အတွက် အလားတူ အကြောင်းပြချက်နဲ့ အပြေး ပြန်လာခဲ့တာပါ!”
“ကျွန်တော်တို့ကလည်း နိုင်ငံတော်အတွက် အကျိုးပြုနေတာပါ၊ တချို့ကိုတော့ မျက်နှာသာပေးပြီး တချို့ကိုတော့ လျစ်လျူရှုထားလို့ မရပါဘူး။ ကျွန်တော်တို့ကို အခွင့်အရေးပေးပါဦး!”
“ဒုတိယအကြိမ် အိမ်ရာစီမံကိန်း မရှိတော့ဘူးလား? အခုပဲ ဝယ်ထားလို့ ရမလား?”
ဟီရှန်းသည် အခက်အခဲနှင့် ရင်ဆိုင်လိုက်ရသည်- “ကျွန်တော့်လို့ အရာရှိ အဆင့် အနေနဲ့ ဒီကိစ္စကို ကျွန်တော့်ဘာသာ ဆုံးဖြတ်လို့မရပါဘူး၊ အရှင်မင်းကြီးရဲ့ ခွင့်ပြုချက်ကို ခံယူရပါအုံးမယ်! အရှင်မင်းကြီး သဘောတူမယ်ဆိုရင်တော့ သဘာဝအတိုင်း ဖြစ်လာပါလိမ့်မယ်!”
“ဒါဆိုရင် ဆရာရေ၊ နန်းတော်ထဲကို ကြွပြီး အရှင်မင်းကြီးကို ဒီကိစ္စ တင်ပြပေးဖို့ လုပ်ပါအုံး! ကျွန်တော်တို့ကို ကရုဏာသက်ပြီး အခွင့်အရေး ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ တောင်းပန်ပါတယ်ခင်ဗျာ!” လူအုပ်ကြီးက စိတ်အားထက်သန်စွာဖြင့် တောင်းပန်နေကြသည်။
ထို့ကြောင့် ဟီရှန်းသည် နန်းတော်သို့ ဝင်ရောက်ကာ အခစားဝင်ခဲ့သည်။
လင်းပိုင်ဖန်၏ ခွင့်ပြုချက်ကို ရရှိပြီးနောက်တွင် သူသည် ဝမ်းသာအားရ မျက်နှာဖြင့် ထွက်လာခဲ့ပြီး- “ ပြည်သူအပေါင်းတို့၊ အရှင်မင်းကြီးက သဘောတူလိုက်ပါပြီ။ ခင်ဗျားတို့ကလည်း နိုင်ငံတော်အတွက် ထူးခြားတဲ့ အကျိုးပြုမှုတွေ လုပ်ခဲ့ကြပြီး ပင်ပင်ပန်းပန်း ကြိုးစားခဲ့ကြတယ်ဆိုတာကို ထည့်သွင်းစဉ်းစားပြီး ဒုတိယအကြိမ် အိမ်ရာတွေကို သတ်မှတ်ချိန်ထက် စောပြီး ရောင်းချပေးလို့ ရပါပြီ။ ဈေးနှုန်းကလည်း ပြောင်းလဲတော့မှာ မဟုတ်ပါဘူး၊ တစ်အိမ်ကို ငွေတေး ၂၅ တေးပါပဲ၊ အရင်လာသူ အရင်ရပါလိမ့်မယ်!”
သာမန်ပြည်သူများက ဝမ်းသာအားရ ဖြစ်သွားခဲ့ကြပြီး-- “အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်! အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်!”
ထို့ကြောင့် သူတို့သည် ဆက်လက်ပြီး ပျော်ရွှင်စွာ တန်းစီနေခဲ့ကြပြီး လင်းပိုင်ဖန်ထံ သူတို့၏ ငွေများကို ပေးအပ်ရန် အသင့်ဖြစ်နေကြသည်။
လင်းပိုင်ဖန် အရှက်ရလာမည့်အချိန်ကို စောင့်မျှော်နေကြတဲ့ သူတွေကတော့ အံ့ဩမှင်သက်သွားခဲ့ကြသည်။
“ဘုရားရေ! ဈေးတွေ ပိုကြီးလာလေ၊ ရောင်းအားက ပိုမြန်လာလေ ဖြစ်နေပါလား!”
“ပထမအကြိမ် ရောင်းချတဲ့ အိမ်တွေ အားလုံး ရောင်းကုန်သွားပြီ၊ အခုတော့ ဒုတိယအကြိမ် အိမ်တွေကိုပါ ဆက်ရောင်းနေပြီ၊ အဲဒီ ရူးမိုက်တဲ့ ဧကရာဇ်ကို ငွေတွေပေးနေကြတာပေါ့!”
“ဒါ ဘယ်လို သဘောတရားမျိုးလဲ? ဘယ်လိုမှ နားမလည်နိုင်တော့ဘူး!”
“တကယ်ကို သရဲကို မြင်လိုက်ရသလိုပဲ! အဲဒီ ရူးမိုက်တဲ့ ဧကရာဇ်က နောက်ထပ် အခက်အခဲတစ်ခုကို ရှောင်လွှဲသွားပြန်ပြီ!”
“အဲဒီ မိုက်မဲလှတဲ့ ဧကရာဇ် ငွေတွေရတာကို မြင်ရတာက ကိုယ့်ရဲ့ ငွေတွေ ဆုံးရှုံးတာထက်တောင် ပိုနာကျင်ရတယ်!”
“ကောင်းကင်က တကယ်ပဲ မျက်ကန်းဖြစ်နေတာပဲ!”
ဤအချိန်တွင် နန်းတော်အတွင်း၌ ဟီရှန်းက ဝမ်းသာအားရ ဖြစ်နေသော မျက်နှာထားဖြင့် လင်းပိုင်ဖန်ထံ အစီရင်ခံနေသည်။
“အရှင်မင်းကြီးကို တင်ပြပါတယ်၊ ပထမတစ်ဖြတ် အိမ်ရာတွေ လုံးဝ ရောင်းချပြီးစီးသွားပါပြီ၊ ဒုတိယ တစ်ဖြတ်ရဲ့ တစ်ဝက်ကျော်ကိုလည်း ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ စုစုပေါင်း ငွေတေး ၂.၁၂ သန်း ရရှိခဲ့ပါတယ်။ ကျွန်တော်မျိုးတို့ဟာ လုပ်ခလစာ အားလုံးကို ပြန်လည်ပြီး ပေးနိုင်ရုံသာမကဘဲ ငွေတွေက ပိုလျှံစွာ ကျန်နေပါသေးတယ်!"
"ဒါ့အပြင်ကိုမှ လစဉ် ငွေတေး ၁၅၀,၀၀၀ ခွဲခန့်ကို ပြန်လည်ရရှိနိုင်မှာဖြစ်ပြီး အခွန်ငွေတေး ၂၀၀,၀၀၀ ကိုပါ ပေါင်းလိုက်မယ်ဆိုရင် ကျွန်တော်မျိုးတို့ရဲ့ ဘဏ္ဍာတိုက်က ခြောက်လစာအတွက်ကို လုံလောက်စွာ ထောက်ပံ့ပေးနိုင်မှာပါ!"
"ဒါ့အပြင် ဒုတိယအကြိမ် အိမ်ရာတွေကို ဆက်လက်ရောင်းချခြင်းနဲ့ သတ္တုတွင်းက သတ္တုတွေကို ရောင်းချတာကိုပါ ပေါင်းလိုက်ရင် ရန်ပုံငွေတွေက ဆက်လက်ရရှိနေမှာ ဖြစ်ပါတယ်။ ကျွန်တော်မျိုး အနေနဲ့ ခြောက်လအကြာမှာ ဘတ်ဂျက်တွေကို မျှတမှုရှိအောင် လုပ်ဆောင်နိုင်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်!"
"ကောင်းတယ်! အရမ်းကောင်းတယ်!" လင်းပိုင်ဖန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ယောင်ယောင်သည်လည်း အံ့အားသင့်သွားပြီး- "အရူး ဧကရာဇ်လေး၊ ရှင်တကယ်ပဲ သာမန်ပြည်သူတွေ သူတို့ရဲ့ငွေတွေကို စိတ်လိုလက်ရ ပေးအပ်လာအောင် လုပ်ပြနိုင်ခဲ့တာပဲ၊! ဒါပေမဲ့ ယောင်ယောင့် အနေနဲ့ နားမလည် နိုင်တာက ဘာလို့ အိမ်ဈေးတွေ ပိုကြီးလေ၊ အိမ်တွေက ပိုမြန်မြန်ရောင်းရလေ ဖြစ်နေလဲဆိုတာကို နားမလည်ဘူး။ ဒါက လုံးဝ အဓိပ္ပာယ်မရှိဘူး!"
လင်းပိုင်ဖန်က သက်ပြင်းချလိုက်ပြီး- " ငါ ပြောနိုင်တာကတော့ ဒါက လူ့သဘာဝပဲ! လူ့သဘာဝဆိုတာက အကျိုးအမြတ်လေးတွေကို မက်မောတတ်တယ်၊ ဆုံးရှုံးမှုကို ကြောက်တတ်တယ်၊ မျက်စိစုံမှိတ်ပြီး ယုံကြည်မှုဆိုတာ ရှိတတ်တယ်၊ ပြီးတော့ အစုလိုက်အပြုံလိုက် လိုက်လုပ်တတ်တဲ့ သဘောလည်း ရှိတယ်။ ဒါကြောင့် ဒီလို ဖြစ်ရပ်မျိုး ဖြစ်ပေါ်လာရတာပဲ!"
ယောင်ယောင်က သူမ၏ ခေါင်းကို ကုတ်လိုက်ပြီး- "ကျွန်မ နားမလည်ဘူး..."
"နားမလည်တာက ပုံမှန်ပါပဲ၊ မင်းရဲ့ ဉာဏ်ပညာနဲ့ဆိုရင်တော့ တကယ်ပဲ နားလည်ဖို့ ခက်ခဲလိမ့်မယ်။ မင်းက ၆၆၆ လို့ အော်လိုက်ရုံနဲ့ လုံလောက်ပြီ!" (စာပို: ၆၆၆ သည် အင်တာနက် ဘန်းစကားဖြစ်ပြီး အလွန်မိုက်/အလွန်ကောင်း သည်ဟု အဓိပ္ပာယ်ရသည်)
ယောင်ယောင်က ဒေါသထွက်သွားပြီး- "ရှင်က ကျွန်မကို မိုက်မဲတယ်လို့ ခေါ်နေတာလား?"
လင်းပိုင်ဖန်က စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်- "မဟုတ်ပါဘူး၊ မင်းက ဖြူစင်ပြီး ချစ်စရာကောင်းတယ်လို့ ငါက ချီးမွမ်းနေတာပါ!"
"ဟွန့်! အနည်းဆုံးတော့ ရှင်က ခေါင်းကောင်းသေးတာပဲ !" ယောင်ယောင်သည် မောက်မာစွာ ပြုံးပြီး ပြောလိုက်သည်။