အခန်း (၅၂)
Vol. 4 Ch. 52
သို့သော် ပိုမို လေးနက်စွာ စဉ်းစားကြည့်လိုက်တဲ့အခါ ၎င်းသည် လုံးဝကို အဓိပ္ပာယ်ရှိနေခဲ့သည်။
ပထမဦးစွာ၊ သူတို့သည် လင်းပိုင်ဖန်၏ လက်ထဲသို့ ကျရောက်နေပြီး၊ သူတို့၏ အသက်တွေသည် သူ၏ ချုပ်ကိုင်မှု အောက်တွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခြင်း ခံနေရသည်။ သူတို့ရဲ့ အသက် ရှင်ခြင်း နှင့် သေဆုံးခြင်းသည် လင်းပိုင်ဖန်၏ ဆန္ဒအပေါ် မူတည်နေသည်။
ငါးသန်းသော ငွေတေး ရှိတဲ့နေရာကို သူ ထုတ်ဖော် ပြောသည်ဖြစ်စေ၊ မပြောသည် ဖြစ်စေ သူ၏ ဘေးကင်းရေးကို အာမခံနိုင်မည် မဟုတ်ပေ။
သို့သော် အခြေအနေကို ဤကဲ့သို့ ပြောင်းလဲလိုက်ခြင်းကတော့ မတူညီပေ။
သူက ဒီကိစ္စကို အများပြည်သူကို ချပြလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် လူထုထောက်ခံမှုကို ရရှိမည်ဖြစ်သည်။
လင်းပိုင်ဖန်သည် ဧကရာဇ်တစ်ပါး ဖြစ်သောကြောင့် သူ၏ဂုဏ်သိက္ခာကို တန်ဖိုးထားပြီး သူ့ကို အရေးယူ ဆောင်ရွက်ရာတွင် သတိထားပြီး ဆောင်ရွက်ရပေလိမ့်မည် ဖြစ်သည်။
ထို့အပြင် လင်းပိုင်ဖန်၏ နယ်မြေတွင် နေထိုင်ခြင်းဖြင့် စောင့်ကြည့်ခံရနိုင်ပြီး၊ အိမ်တွင်းအကျယ်ချုပ်ပင် ချထားခံရနိုင်ပေမဲ့လည်း မည်သည့် ခြိမ်းခြောက်မှုမှ မရှိတော့ပေ။ သတ်မလား မသတ်ဘူးလားဆိုတာက လင်းပိုင်ဖန်အတွက် အရေးမကြီးတော့ပေ။
ဤနည်းအားဖြင့် သူသည် သူ၏အသက်ကို အမှန်တကယ် ထိန်းသိမ်းနိုင်မည်ဖြစ်သည်။
သို့သော် ဤအခြေအနေသည် လင်းပိုင်ဖန်အတွက်တော့ ကောင်းကျိုးနှင့် ဆိုးကျိုးများစွာ ရှိနေသည်။
ကောင်းကျိုးမှာ- ငွေတေး ငါးသန်း ရရှိခြင်း ဖြစ်သည်။ သူ၏ နိုင်ငံငယ်လေးအတွက်တော့ ၎င်းဟာ နိုင်ငံတော်ဘဏ္ဍာငွေ၏ နှစ်နှစ်တာ ဝင်ငွေနှင့် ညီမျှနေပြီး ဖွံ့ဖြိုး တိုးတက်ရေး အတွက် အလွန်များပြားသော ပမာဏပင် ဖြစ်သည်။ ဤကြီးမားသော ပမာဏဖြင့်၊ ရှ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အရှိန်အဟုန် မြင့်လာမည်မှာ သေချာသည်။
ဆိုးကျိုးများအနေဖြင့်
အခြားတစ်ဖက်က မို နိုင်ငံ၏ ထွက်ပြေးလာတဲ့ ဘုရင်ဖြစ်သောကြောင့် အန်းနိုင်ငံ၊ ဖန်နိုင်ငံနှင့် ရှန်နိုင်ငံတို့၏ ရန်ငြိုးထားခြင်းကို ရှောင်လွှဲလို့ မရဘဲ သူ့အား ဖယ်ရှားပစ်ရန် အားလုံးက စိတ်အားထက်သန်နေကြသည်။
ထို့ကြောင့် လင်းပိုင်ဖန်က မိုဘုရင့်အား လုံးဝ ကာကွယ်စောင့်ရှောက်ရန်နှင့် ထွက်မပြေးစေရန် တားဆီးဖို့ကို သူ၏ဉာဏ်ကို ထုတ်သုံးရမည်ဖြစ်သည်။
ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆပြီးနောက် လင်းပိုင်ဖန်သည် သဘောတူရန်ကိုသာ ရွေးချယ်ခဲ့သည်။
မတတ်နိုင်ဘူးလေ၊ ကမ်းလှမ်းချက်က အရမ်းကို ရက်ရောလွန်းနေတာကိုး။
လင်းပိုင်ဖန်က လက်ခုပ်တီး၍ ရယ်မောလိုက်ပြီး- "ဧကရာဇ်တစ်ပါးကို အကောင်းဆုံး သိတဲ့သူက ဧကရာဇ်တစ်ပါး ဖြစ်ဖူးတဲ့ သူပဲဆိုတာ အမှန်ပဲကို။ ငါ မင်းကို လေးစားတယ်။ မင်းရဲ့ သဘောတူညီချက်ကို ငါလက်ခံတယ်"
မော်နိုင်ငံ၏ ဧကရာဇ်က အသံ ကျယ်ကျယ်ဖြင့်- "ကောင်းပြီ။ ယောကျာ်းကောင်း တစ်ယောက်ရဲ့ စကားက သစ္စာစကားပဲ" ဟု အော်ပြောလိုက်သည်။
ထို့နောက်တွင် လင်းပိုင်ဖန်သည် ဤကိစ္စကို အများပြည်သူသို့ ချပြလိုက်သည်။
လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။
မို နိုင်ငံမှ ထွက်ပြေးလာသော ဧကရာဇ်သည် အရူးဧကရာဇ်၏ လက်ထဲသို့ အမှန်တကယ် ကျရောက်သွားလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
ထို့အပြင်၊ နှစ်ဦးနှစ်ဖက်အကြား ငွေတေး ငါးသန်းရှိသော ကတိကဝတ်ကိုပင် ပြုလုပ်ထားခဲ့သည်။
အရူးဧကရာဇ်သည် မည်သို့သော ကံကောင်းခြင်းမျိုးနှင့် တိုက်ဆိုင်ပြီး ဤမျှကြီးမားသော အကျိုးအမြတ်ကို ရရှိလိုက်ပါသနည်း။
တကယ်ပင် မနာလိုစရာပေ!
လူတိုင်းက တီးတိုးဆွေးနွေးနေကြသည်။
ဤအချိန်၌ လင်းပိုင်ဖန်သည် မို နိုင်ငံ ဧကရာဇ်နှင့် သူ၏မိသားစုကို အိမ်တွင်း အကျယ်ချုပ် ချထားရာ တိတ်ဆိတ်သော ခြံဝင်းတစ်ခုသို့ ရောက်ရှိလာသည်။
"ဒီကိစ္စကို ငါ တိုင်းသိပြည်သိ ကြေညာပြီးပြီ။ အခု မင်းရဲ့ကတိကို အကောင်အထည်ဖော်ဖို့ အချိန်ရောက်ပြီ" ဟု လင်းပိုင်ဖန်က ပြောလိုက်သည်။
"ပြဿနာမရှိဘူး! ငါးသန်းရှိတဲ့ ငွေသားက... " မို နိုင်ငံဧကရာဇ်က ငွေထားရှိရာနေရာကို လင်းပိုင်ဖန်အား ထုတ်ဖော်ပြောကြားခဲ့ပြီး၊ လင်းပိုင်ဖန်ကလည်း မိန်းမစိုးလျှူ ကိုယ်တိုင် သွားရောက်ယူဆောင်ရန် ညွှန်ကြားလိုက်သည်။
ငါးရက်အကြာတွင် မိန်းမစိုးလျှူသည် ရွှေ၊ ငွေနှင့် ကျောက်မျက်ရတနာတန်ဖိုး ငွေတေး ငါးသန်း နှင့် ညီမျှသော ပစ္စည်းများကို အမှန်တကယ် ယူဆောင်ကာ ပြန်ရောက်လာခဲ့သည်။
လင်းပိုင်ဖန်သည် အလွန်ကို ဝမ်းသာ သွားခဲ့သည်။ ဤငွေ ငါးသန်းဖြင့် သူသည် အရာများစွာကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။
"မို နိုင်ငံဧကရာဇ်က သူရဲ့ ကတိကို ပြည့်စုံစေခဲ့ပြီ ဖြစ်တဲ့အတွက် ငါ့ဘက်ကလည်း ငါ့ကတိကို အကောင်အထည်ဖော်ဖို့ အချိန်တန်ပြီ"
"မို နိုင်ငံဧကရာဇ်ကို မို မြို့စားမင်း ဘွဲ့ကို ပေးသနားပြီး၊ မြို့စားတစ်ဦးအတွက် ထိုက်တန်တဲ့ အခွင့်အရေးအားလုံးကို ခံစားစေ! မို မြို့စားနှင့် သူ၏မိသားစုအား မြို့တော်နယ်နိမိတ်အတွင်း လွတ်လပ်စွာ သွားလာခွင့် ပြုပြီး၊ သူတို့ရဲ့ လုံခြုံရေးကိုလည်း လုံးဝ စီစဉ်ပေးထားလိုက်”
"အမိန့်တော်အတိုင်းပါ၊ အရှင်မင်းကြီး"
လင်းပိုင်ဖန်၏ အမိန့်တော်ကို လက်ခံရရှိသောအခါ မို နိုင်ငံဧကရာဇ်သည် သူ၏ရင်ထဲတွင် စိတ်သက်သာရာရမှု အနည်းငယ်ကို ခံစားလိုက်ရသည်။
မို မြို့စားဘွဲ့ ပေးသနားခံရခြင်းနှင့် မြို့စားတစ်ဦး၏ အခွင့်အရေးအားလုံးကို ရရှိခြင်းသည် အနည်းဆုံးတော့ ဧကရာဇ်တစ်ပါး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ခဲ့သည်။
ထို့ကြောင့် မို နိုင်ငံဧကရာဇ်နှင့် သူ၏မိသားစုသည် ရှ နိုင်ငံ၏ မြို့တော်တွင် အခြေချနေထိုင်ခဲ့ကြသည်။
ထိုအခိုက်အတန့်တွင် ယောင်ယောင်သည် စိတ်လှုပ်ရှားစွာ ပြေးလာပြီး- "အရူးဧကရာဇ်လေး၊ ရှင် ငွေတေး ငါးသန်း ရခဲ့တယ်လို့ ကြားတယ်! ကျွန်မပါရင် ရှင် ဒီပိုက်ဆံကို ရှာနိုင်မှာ မဟုတ်ဘူး၊ ကျွန်မကို ဘယ်လို ကျေးဇူးဆပ်မယ်လို့ စဉ်းစားထားလဲ"
သူမ၏ ချစ်စရာကောင်းသော မျက်လုံး အကြီးကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ရူးသွပ်စွာနဲ့ အရိပ်အမြွက်တွေကို ပေးနေခဲ့သည်။
လင်းပိုင်ဖန်က ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်ပြီး- "ငါ့မှာ ပေးစရာ ဘာမှမရှိလို့ ငါ့ခန္ဓာကိုယ်ကို ပေးမယ်! မင်း လိုချင်တဲ့အချိန်၊ လိုချင်တဲ့ ပုံစံအတိုင်း ငါ လိုက်လျောပေးမယ်"
ယောင်ယောင်၏ မျက်နှာမှာ ဒေါသဖြင့် နီရဲသွားကာ အသံကျယ်ကျယ်ဖြင့် "လူယုတ်မာ၊ အိပ်မက်မက်မနေနဲ့၊ ရှင် လိုချင်ရင်တောင် ကျွန်မသဘောမတူဘူး။ ကျွန်မ မေးနေတာက ပိုက်ဆံထဲကနေ ဝေစုခွဲမပေးသင့်ဘူးလား လို့ မေးနေတာ"
"ယောင်ယောင်၊ ဒီလို မလုပ်နဲ့၊ ပိုက်ဆံ အကြောင်း ပြောရင် ဆက်ဆံရေးတွေ ပျက်သွားလိမ့်မယ်" လင်းပိုင်ဖန်က သူမကို ဖျောင်းဖြရန် ကြိုးစားသည်။
" ဆက်ဆံရေးအကြောင်း ပြောရင် ပိုက်ဆံကို ထိခိုက်တယ် ဆိုတာတော့ ရှင်သိသားပဲ။ တစ်စုံတစ်ယောက်အတွက် ပိုက်ဆံအနည်းငယ် ရှာရတာ မလွယ်ဘူးလေ၊ ပြီးတော့ ကျွန်မလို ဉာဏ်ကောင်းပြီး ချစ်စရာကောင်းတဲ့ ယောင်ယောင်လေးကို ရှင် ငြင်းမှာတော့ မဟုတ်ဘူး မလား။ ကျွန်မ လောဘ မကြီးပါဘူး၊ နှစ်သန်းပဲ ပေးရင် ရပြီ" ယောင်ယောင်၏ မျက်လုံးများက ရွှေရောင် တောက်ပမှုဖြင့် လင်းလက်နေသည်။
လင်းပိုင်ဖန်က သူ၏လက်သီးကို ဆုပ်လိုက်ပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်သည်: "ကောင်းပြီ၊ ငါ မင်းကို ဝေစုခွဲပေးမယ်"
ပြောရင်းနဲ့ သူက စာကြည့်ခန်းထဲသို့ လမ်းလျှောက် ဝင်သွားပြီးနောက် သေတ္တာတစ်လုံးကို ကိုင်ကာ ပြန်ထွက်လာသည်- "ယောင်ယောင်၊ ဒါက မင်းအတွက် ပိုက်ဆံပဲ"
"ဒီထဲမှာ ဘယ်လောက်ရှိလဲ" ယောင်ယောင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
လင်းပိုင်ဖန်က "ဒီထဲမှာ ငွေ သန်းတစ်ရာ ရှိတယ်" ဟု ပြောလိုက်သည်။
ယောင်ယောင်က လှောင်ပြောင်လိုက်ကာ- "ရှင် နောက်နေတာလား၊ ဘယ်လိုလုပ် ဒီလောက်များတဲ့ ပိုက်ဆံ ရှိနိုင်မှာလဲ"
"မယုံရင် ဖွင့်ကြည့်လိုက်လေ"
ယောင်ယောင်က သေတ္တာကို ဖွင့်လိုက်သောအခါ အဖြူရောင် စက္ကူတစ်ရွက်ပေါ်တွင် အနီရောင် နှလုံးသားပုံ ဆွဲထားသည်ကိုသာ တွေ့ရသည်။
ယောင်ယောင်က အံ့အားသင့်သွားပြီးတော့- "အရူးဧကရာဇ်လေး၊ ရှင် ဘာကို ဆိုလိုတာလဲ"
"အဲ့ဒါက မင်းအတွက် ပိုက်ဆံ၊ ငွေ သန်းတစ်ရာ"
ယောင်ယောင်က အတွင်းထဲရှိ စက္ကူကို ဆွဲထုတ်လိုက်ပြီး- "နှလုံးသားပုံ ဆွဲထားတဲ့ ဒီစက္ကူတစ်ရွက်တည်းက ငွေ သန်းတစ်ရာ တန်ဖိုးရှိလို့လား"
"ဟုတ်တယ်၊ ဘာလို့လဲဆိုတော့ ဒါက ငါ့ရဲ့ လုံးဝစိတ်ရင်း ကို ကိုယ်စားပြုလို့ပဲ!" (မှတ်ချက်: တရုတ်ဘာသာတွင် "လုံးဝစိတ်ရင်း" သည် "သန်းတစ်ရာ" နှင့် အသံထွက်ဆင်တူသည်)
ယောင်ယောင်- “….”
ထိုအခိုက်အတန့်တွင် လင်းပိုင်ဖန်က ချောင်းဆိုးလိုက်ကာ- "ဟုတ်တယ်၊ မင်းက နှစ်သန်းပဲ လိုချင်တယ် လို့ ပြောခဲ့တာ။ ငါက မင်းကို သန်းတစ်ရာ ပေးလိုက်တယ်၊ ဒါကြောင့် မင်း ငါ့ကို ကိုးဆယ့်ရှစ်သန်း ပြန်ပေးဖို့ လိုတယ်။ ကျေးဇူးပဲ"
ယောင်ယောင်- “….”
ခဏအကြာတွင်….
လင်းပိုင်ဖန်- “အား... နာတယ်၊ နာတယ်...”