အခန်း (၅၆)
Vol. 4 Ch. 56
အရေးတကြီး အခြေအနေကြောင့် ချိုင်ယွီရှင်းသည် ချက်ချင်းပင် စာတစ်စောင်ကို ရေးသားကာ လီ ၈၀၀ ကျော်ဝေးသော မြို့တော်ရှိ လင်းပိုင်ဖန်ထံ အမြန်ပို့ လိုက်သည်။
တစ်ရက်အကြာတွင် သူတို့သည် လင်းပိုင်ဖန်ထံမှ အကြောင်းပြန်စာကို လက်ခံရရှိခဲ့သည်။
ချိုင်ယွီရှင်းက စာကို အံ့အားသင့်စွာ ကိုင်ထားရင်း- "အရှင်မင်းကြီးက ဒုက္ခသည်အားလုံးကို လက်ခံဖို့ သဘောတူလိုက်ပြီ" ဟု ပြောလိုက်သည်။
အန်လုရှန်က အနည်းငယ် တုန့်ဆိုင်းနေဆဲဖြစ်ပြီး- "ဒါပေမဲ့ သူတို့ထဲမှာ သူလျှိုတွေ ရောနှောပါလာနိုင်တယ်လေ" ဟု ပြောလိုက်သည်။
ချိုင်ယွီရှင်းက စိတ်လှုပ်ရှားစွာဖြင့်- "စစ်သူကြီးအန် စိတ်ပူစရာမလိုပါဘူး၊ အရှင်မင်းကြီးက ဒီအချက်ကို ထည့်သွင်း စဉ်းစားပြီးသားဖြစ်ပြီးတော့ စာထဲမှာ ဖြေရှင်းနည်းကိုပါ ရေးထားတယ်။ စစ်သူကြီးအန် ကြည့်လိုက်ပါဦး"
စာကို ဖတ်ပြီးနောက် အန်လုရှန်က သက်ပြင်းချလိုက်ပြီး ပြုံးကာ-"ဒါက တကယ်ကို ကောင်းတဲ့ အစီအစဉ်ပဲ၊ ဒီအတိုင်းပဲ လုပ်ကြတာပေါ့" ဟု ပြောလိုက်သည်။
ခဏအကြာတွင် စစ်သားတစ်စုသည် လယ်ကွင်းအလယ်သို့ ရောက်လာကြသည်။
သူတို့သည် မြေယာရှင်းလင်းနေသော လယ်သမားများကို လှမ်းအော်ကာ- "မင်းတို့အားလုံး မို နိုင်ငံက လာခဲ့ကြတာလား" ဟု မေးလိုက်သည်။
လယ်သမားအဖွဲ့က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ သူတို့၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လာခဲ့သည်။
ရှ နိုင်ငံက ရိတ်သိမ်းပြီးတော့မှ အကုန် ပြန်တောင်းတော့မှာလား။
သက်ကြီးလယ်သမားတစ်ဦးက ရှေ့သို့ထွက်လာပြီး အရိုအသေပေးကာ- "ခွင့်လွှတ်တော်မူပါ စစ်သည်တို့ ကျွန်တော်တို့ မို ပြည်နယ်က လာတာပါ။ အိမ်မှာ စားစရာ မရှိတော့လို့ ဒီကို အသက်မွေးဝမ်းကျောင်းပြုဖို့ လာခဲ့တာပါ။ ကျွန်တော်တို့ တစ်ခုခု အပြစ်လုပ်မိပါသလား" ဟု မေးလိုက်သည်။
စစ်သားက ကျယ်လောင်စွာ ရယ်မောပြီး- "မင်းတို့ ဘာအမှားမှ မလုပ်ထားပါဘူး။ တကယ်တော့ မင်းတို့ဆီ တကယ် ကောင်းတဲ့ အခွင့်အရေးကြီးတစ်ခုက ရောက်လာတာပဲ။ မင်းတို့ကို အကူအညီတစ်ခု တောင်းချင်လို့ပဲ။ ကောင်းကောင်း လုပ်ဆောင်နိုင်ရင် ရက်ရောတဲ့ ဆုလာဘ်တွေ ပေးမယ်" ဟု ပြောလိုက်သည်။
လယ်သမားအားလုံး သက်ပြင်း ချလိုက်ကြသည်။
ဒီလိုကိုး၊ စိတ်ပူစရာ မလိုတော့ဘူးပေါ့..
"ကြီးမြတ်တဲ့ စစ်သည်ခင်ဗျား ဒီကောင်းတဲ့ အခွင့်အရေးဆိုတာ ဘာများပါလဲ"
"ဘာတွေ ဖြစ်နေတာလဲဆိုတာ ပြောပြနိုင်မလား"
စစ်သားက လက်ကာပြလိုက်ပြီး- "ငါနဲ့ လိုက်ခဲ့၊ မကြာခင် သိလာလိမ့်မယ်။ မင်းတို့က အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့ တွေ့ရမယ်။ ပထမဆုံး၊ မင်းတို့ လက်နဲ့ ခြေထောက်တွေကို သေချာဆေးကြောပြီး အဝတ်အစားတွေကို သပ်သပ်ရပ်ရပ် ဝတ်လာခဲ့ကြ" ဟု ပြောလိုက်သည်။
"ကောင်းပါပြီ၊ ကောင်းပါပြီ၊ ချက်ချင်း အဆင်သင့်ဖြစ်အောင် လုပ်လိုက်ပါ့မယ်"
"ခဏလေး စောင့်ပါဦး"
နံ့သာတိုင်တစ်တိုင်စာမျှ ကြာပြီးနောက် လယ်သမားအဖွဲ့ကို စစ်တပ်စခန်းထဲသို့ ခေါ်ဆောင်လာပြီး ချိုင်ယွီရှင်းနှင့် တွေ့ဆုံစေခဲ့သည်။
"စစ်သူကြီးကို တွေ့ဆုံပါတယ်၊ ဘာအမိန့်ပေးစရာများ ရှိလို့ပါလဲ သိပါရစေ"
"ယဉ်ကျေးနေဖို့ မလိုပါဘူး"
ချိုင်ယွီရှင်းက ပြုံးကာ ပြောလိုက်သည်။ "မင်းတို့အားလုံးအတွက် အရေးကြီးတဲ့ မစ်ရှင်တစ်ခု ငါ့မှာ ရှိတယ်။ ကောင်းကောင်း လုပ်ဆောင်နိုင်ရင် တစ်ဦးချင်းစီကို ဝမ် ၅၀၀ စီ ဆုချမယ်"
လူအုပ်ကြီးက ဝမ်းသာအားရ ဖြစ်သွားခဲ့ကြသည်။
"ကျေးဇူးပါ… ကျေးဇူးပါ စစ်သူကြီး"
"ကျွန်တော်တို့ အလုပ်ကို ပြီးမြောက်အောင် လုပ်ပါ့မယ်"
"အမိန့်ပေးတော်မူပါ စစ်သူကြီး"
"အခြေအနေက ဒီလိုပါ"
ချိုင်ယွီရှင်းက စိတ်ပါဝင်စားစွာနဲ့- "မို နိုင်ငံက ကျဆုံးသွားပေမဲ့ သူ့ရဲ့ ပြည်သူတွေကတော့ ကျန်ရှိနေသေးတယ်။ သူတို့ကို ရှန်၊ အန်း နဲ့ ဖန် သုံးနိုငံလုံးက ဒီကို မောင်းထုတ်လိုက်တယ်။ အရှင်မင်းကြီးက ကရုဏာကြီးမားစွာနဲ့ သူတို့ကို ခိုလှုံခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ သူတို့ထဲမှာ သူလျှိုတွေ ရှိနေမှာကို စိုးရိမ်တဲ့အတွက် မင်းတို့အားလုံးကို ဒီကို ခေါ်လိုက်တာပဲ"
"မင်းတို့တွေအားလုံး မို ပြည်နယ်က လာကြတာဖြစ်ပြီး မင်းတို့နိုင်ငံရဲ့ ပြည်သူတွေကို ရင်းနှီးတယ်။ မင်းတို့ရဲ့ အဓိက တာဝန်ကတော့ ဒုက္ခသည်တွေနဲ့ ဆက်ဆံပြီး သူတို့ရဲ့ လေယူလေသိမ်း၊ အမူအရာနဲ့ အသွင်အပြင်တွေကနေတစ်ဆင့် မိုနိုင်ငံရဲ့ တကယ့်နိုင်ငံသားတွေကို ခွဲခြားဖော်ထုတ်ဖို့ပဲ"
လူအုပ်က တစ်ဖန် ဝမ်းသာအားရ ဖြစ်သွားခဲ့ကြသည်။
"စစ်သူကြီး၊ ဒါက လွယ်ပါတယ်"
"ကျွန်တော်တို့ သေချာပေါက် လုပ်နိုင်ပါတယ်၊ ကောင်းကောင်း လုပ်ဆောင်ပေးပါမယ်"
"စိတ်ချလက်ချာ စောင့်နေလိုက်ပါ"
ချိုင်ယွီရှင်းက ကျေနပ်စွာ ခေါင်းညှိတ်လိုက်ပြီး၊ "ကောင်းပြီ" ဟု ပြောလိုက်သည်။
ထို့နောက် ချိုင်ယွီရှင်းသည် တဲအလုံးများစွာကို ပြင်ဆင်ပြီး မို နိုင်ငံမှ လူအနည်းငယ်စီကို တဲတစ်ခုစီတွင် ထားကာ သူတို့၏ နိုင်ငံသားများကို ရွေးချယ်ရန် စစ်ဆေးသူများအဖြစ် စီစဉ်လိုက်သည်။
ပြီးနောက် သူမသည် ဒုက္ခသည်တစ်သန်းကို ကျယ်လောင်စွာ အော်ဟစ်ပြောလိုက်သည်- "အရှင်မင်းကြီးက ဒုက္ခသည်တွေကို ကရုဏာကြီးမားစွာနဲ့ လက်ခံလိုက်ပြီ။ ဒါပေမယ့် စစ်ဆေးမှုကို အောင်မြင်တဲ့ သူတွေကိုသာ နိုင်ငံတွင်းသို့ ဝင်ခွင့်ပြုပြီး အသက်မွေးဝမ်းကျောင်းပြုဖို့နဲ့ နေထိုင်ဖို့ ခွင့်ပြုမှာ ဖြစ်တယ်။ ဒါ့ကြောင့် တဲတွေထဲသို့ တစ်ယောက်ပြီး တစ်ယောက် စည်းကမ်းတကျ တန်းစီဝင်ကြရမယ်။ စည်းကမ်းမလိုက်နာပါက ကျွန်ုပ်တို့ရဲ့ ဓားလှံတွေ မျက်စိမရှိတာကို အပြစ်မတင်ကြနဲ့"
ဒုက္ခသည်များက ထိတ်လန့်သွားသလို ဝမ်းလည်း ဝမ်းသာခဲ့ကြသည်။
" အရမ်းကောင်းတာပဲ"
"စိတ်မပူပါနဲ့! ကျွန်တော်တို့ သေချာပေါက် တန်းစီပါ့မယ်"
"ဘယ်တော့ စမှာလဲဗျ"
"အရင်ဆုံး ကျွန်တော့်ကို ဝင်ခွင့်ပြုပါ"
လူတိုင်း ဝမ်းသာအားရနှင့် စိတ်အား ထက်သန်နေခဲ့ကြသည်။
ဘာကြောင့်လဲဆိုတော့ တစ်ဖက်တွင် ဆန်ပြုတ်တွေ ချက်နေတာကို သူတို့ မြင်ခဲ့ရပြီး၊ ဆန်နံ့က လေထဲတွင် သင်းပျံ့နေလို့ပင် ဖြစ်သည်။
သူတို့သာ အဲ့ဒီဘက်ကို သွားနိုင်သရွေ့ ပူနွေးနေသော ဆန်ပြုတ်ကို သောက်ရပေလိမ့်မည်။
"တန်းစီပါ၊ တန်းစီပါ! မတိုးကြပါနဲ့"
ဒီလိုနဲ့ ဒုက္ခသည်တွေဟာ တစ်ယောက်ပြီး တစ်ယောက် တဲထဲကို ဝင်ရောက်ပြီး မို နိုင်ငံက သူတွေရဲ့ စစ်ဆေးမှုကို ရင်ဆိုင်ခဲ့ရသည်။
မင်းကို အသိဆုံးကတော့ မင်းရဲ့ လူမျိုးစုတွေပါပဲ။
စကားနည်းနည်းပြောရုံနဲ့ သူတို့ထဲက တစ်ယောက် ဟုတ်မဟုတ်ကို အတပ် ပြောနိုင်သည်။
မင်းက ဘယ်လို တောင်ကုန်းဒေသစွန်ဖျားက လာတာလဲဆိုတာကိုတောင် ခွဲခြားသိမြင်နိုင်တယ်။
ဒီတော့ လုပ်ငန်းစဉ်က ချောမွေ့စွာနဲ့ ရှေ့ဆက်သွားနေပြီး လူအများစုက စစ်ဆေးမှုကို အောင်မြင်ခဲ့ကြသည်။
အောင်မြင်ပြီးနောက် သူတို့ဟာ တစ်ဖက်က ဆန်ပြုတ် တစ်ပန်းကန်ကို ချက်ချင်းရလိုက်ပြီး ဝမ်းသာအားရ သောက်နေကြသည်။
ဒီမြင်ကွင်းက နောက်မှာ စောင့်ဆိုင်းနေတဲ့ လူတွေကို အကြီးအကျယ် စိတ်ဓာတ်များ တက်ကြွလာစေခဲ့တယ်။
ဟုတ်ပါတယ်၊ စိစစ်မှုကို မအောင်မြင်တဲ့ သူတွေလည်း ရှိခဲ့ပြီး အဲ့ နေရာမှာပဲ အဖမ်းခံလိုက်ရတယ်။
ဒီလိုနဲ့ တစ်ရက် ကုန်ဆုံးပြီးနောက် သံသယရှိသူ ၅၀,၀၀၀ နီးပါးကို ဖော်ထုတ်နိုင်ခဲ့တယ်။
လူတိုင်း တုန်လှုပ်သွားခဲ့ကြပေမဲ့ ဖမ်းမိတာကို သက်သာရာ ရသွားကြတယ်၊ မဟုတ်ရင် သူတို့က တစ်ခုခု ပြဿနာရှာခဲ့ရင် နောက်ဆက်တွဲကို ကြိုတင် မခန့်မှန်းနိုင်ပေ။
"ဒီလူတွေကို ဘယ်လို လုပ်သင့်လဲ" ဟု ချိုင်ယွီရှင်းက မေးလိုက်သည်။
"အားလုံးကို သတ်ပစ်လိုက်" အန်လုရှန်က ဘာမှမဟုတ်သလို အမူအရာနဲ့ ပြောလိုက်တယ်။
"သူတို့ကို သတ်လိုက်ရင် အလဟဿ ဖြစ်တာပေါ့။ သူတို့ကို မြစ်ချောင်းတွေ တူးခိုင်းပြီးတော့ ပိုက်ဆံမပေးဘဲ ငတ်မသေအောင်ပဲ ကျွေးရင်ကော" ဟု ချိုင်ယွီရှင်းက အကြံပြုလိုက်သည်။
"ဒါက ကောင်းတဲ့ အကြံပဲ၊ ဒီလိုပဲ လုပ်ကြတာပေါ့" အန်လုရှန်က ခေါင်းညှိတ်ပြီး သဘောတူလိုက်သည်။